သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၂ ခုနှစ် ဩဂုတ် ၂၂ ရက်။
လှုပ်ရှားဒေသ – ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နောင်ချိုမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ဦးထွန်းထွန်းနိုင် (ဥက္ကဋ္ဌ)
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆန္ဒပြလူထုကို စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးခြင်းနှင့် အကြမ်းဖက်သတ်ဖြတ်ခြင်းများ ပြုလုပ်ချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်၊ နောင်ချို မြို့နယ်တို့အတွင်း နေထိုင်သည့် ဓနုလူငယ်များက လက်နက်ကိုင်နည်းဖြင့် စစ်ကောင်စီကို ပြန်တိုက်ခိုက်ရန် စုဖွဲ့ခဲ့ကြသည်။ ဓနုလူမျိုးများ နေထိုင်ရာ ဒေသများအတွင်း၌ စုဖွဲ့ထားသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ၂၀၂၁ ခုနှစ် ဧပြီမှစ၍ စုစည်းပူးပေါင်းပြီး တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံတွင် စစ်ပညာသွားသင်ယူခဲ့သည်။ ထိုစစ်ပညာသွားသင်သည့် ငါးဖွဲ့က ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းခဲ့သည်။ DPLF ကို ဦးဆောင်တည်ထောင်သူ များထဲတွင်ပါဝင်သူတဦးဖြစ်သည့် ဦးထွန်းထွန်းနိုင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပင်းတယမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုများ ရှိခဲ့သည်ဟူ၍ အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ဖျက်ခဲ့သည်။
DPLF/DPLA သည် စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတခွင်၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များအနက် ရွေးကောက်ခံကိုယ်စားလှယ်က ဦးဆောင်ဖွဲ့စည်းသည့် ပထမဆုံးတပ်ဖွဲ့ ဖြစ်သည်။ TNLA ထံမှ စစ်ပညာသင်ယူကာ တပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ပြန်အခြေမစိုက်ခင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတို့အတွင်း၌ ပြုလုပ်သည့် ‘စစ်ဆင်ရေး ၁၀၂၇’ နှင့် ‘သပြေညိုစစ်ဆင်ရေး’ တို့တွင် DPLA ပါဝင်တိုက်ခိုက်ခဲ့သည်။ ကနဦးတွင် DPLA သည် ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင်း မြို့သိမ်းစစ်ဆင်ရေးများတွင် TNLA ၏ စစ်ရေးဦးစီးမှုအောက်မှ လှုပ်ရှားခဲ့ပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ပြီးသည့်နောက်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုဒေသ နေရပ်ရင်းများသို့ ထိုးဖောက်ဝင်ရောက်အခြေစိုက်ရန် လုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့၏ ပင်မနိုင်ငံရေးရည်ရွယ်ချက်သည် ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ နောင်ချိုမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွင်း ဓနုလူမျိုးများ ဖြန့်ကြက်နေထိုင်ရာ နေရပ်ရင်းဒေသများကိုစုစည်း၍ ဓနုပြည်နယ် တည်ဆောက်လိုခြင်းဖြစ်သည်။ DPLF/DPLA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်တွင် ရပ်တည်နေခြင်းမဟုတ်ဘဲ သီးခြားရပ်တည်နေသည့် လူမျိုးအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
DPLF ၏ နိုင်ငံရေး ဦးတည်ချက်နှင့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဦးတည်ချက်
- ဓနုတမျိုးသားလုံးနှင့် ဒေသတွင်း အတူနေညီနောင်တိုင်းရင်းသားများအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် ဓနုပြည်နယ်တည်ဆောက်ရေး။
- အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။
ရည်ရွယ်ချက်
- ဓနုအမျိုးသားနယ်မြေနှင့် အတူနေညီနောင်တိုင်းရင်းသားများ အပါအဝင် ဓနုလူထုအားလုံးကို ကာကွယ်စောင့်ရှောက်ရန်။
- စစ်အာဏာရှင်အပါအဝင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန်။
- ဓနုတိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှုကိုအခြေခံ၍ လောကပါလတရား ပိုမိုထွန်းကားသော လူ့ဘောင်အသိုင်းအဝိုင်းကို တည်ဆောက်ရန်။
- ဓနုတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းဖော်ထုတ်ရန်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
DPLF/DPLA တွင် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာမူဝါဒများနှင့် ဆုံးဖြတ်ချက်များကို အဖွဲ့အစည်း၏ အမြင့်ဆုံးအာဏာရှိသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ကွပ်ကဲဆုံးဖြတ်သည်။ ထိုကော်မတီတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းဖြင့် ထည့်သွင်းဖွဲ့စည်းထားရာ ထိုအမျိုးသမီး ဦးဆောင်သူများက အဖွဲ့အစည်း၏ မူဝါဒချမှတ်ရေးများတွင် ပါဝင်လျက်ရှိသည်။ DPLF/DPLA တွင် ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်မှလွဲ၍ ကျန်ခေါင်းဆောင်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းမှုအလွန် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးနောက် တိုက်ခိုက်ရေးတပ်ကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၏ အကူအညီဖြင့် ထူထောင်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အစိတ်အပိုင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့သိမ်းစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး လက်ရှိတွင်လည်း ဓနုဒေသတွင်း အခြေစိုက်နိုင်ရေးအတွက် စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100095272417540