သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်။
ဌာနချုပ် – ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်။
လှုပ်ရှားဒေသ – ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူဒေသ။
ခန့်မှန်းအင်အား – ၁,၅၀၀ နှင့်အထက်။
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး စောရွှေဝ (စစ်ဦးစီးချုပ်)။
DKBA ၏ ပထမဆုံးဥက္ကဋ္ဌ ဗိုလ်ချုပ် စောလားပွယ်သည် ၁၉၉၆ ခုနှစ်တွင် KNU ကနေ ခွဲထွက်ကာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကို တည်ထောင်ခဲ့သည်။ ၎င်း DKBA သည် ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) ၏ တပ်မဟာ-၅ က ဖြစ်ပြီး KNU ထံကနေ ခွဲထွက်လာခဲ့လာပြီးနောက် စစ်တပ်နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုရယူကာ သီးခြားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်တပ်က အပစ်ရပ်ဆိုင်းထားသည့် တိုင်းရင်းသားတပ်များကို နယ်ခြားစောင့်တပ် အဖြစ်အသွင်ကူးပြောင်းခိုင်းရာ တပ်မှူးတချို့က လက်ခံခဲ့ပြီး ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) (ယခု ကရင်အမျိုးသားတပ်မတော် KNA) ဖြစ်လာသည်။
ဗိုလ်ချုပ် စောလားပွယ်ဦးဆောင်သည့် တပ်ဖွဲ့များကမူ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲမှုကို လက်မခံဘဲ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အဖြစ် ရပ်တည်ခဲ့သည်။
DKBA အနေနှင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း လက်မခံဘဲ သပိတ်မှောက်သည်ဟုဆိုကာ ယင်းနှစ် နိုဝင်ဘာလတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြဝတီမြို့ပေါ်အထိ ပျံ့နှံ့ခဲ့သည်။
ထို့နောက် သမ္မတဦးသိန်းစိန်လက်ထက်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းရာ DKBA က ပါဝင်ဆွေးနွေးပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ်နှင့် ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး စာချုပ်တို့ကို ချုပ်ဆိုနိုင်ခဲ့သည်။
ထိုကတဆင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) ကို ဆက်လက် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့် NCA ရေးထိုးစဥ်ကာလတွင် DKBA ၏ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးစောလားပွယ် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်ကြီး စောမိုရှေးက ဥက္ကဋ္ဌ ဖြစ်လာသည်။
ဗိုလ်ချုပ်ကြီး စောမိုရှေးသည်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားရာ DKBA ၏ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်က ဥက္ကဋ္ဌတာဝန်ကို ရယူခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် DKBA တပ်မှူးများ အစည်းအဝေးတွင် အဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းရာထူးများကို အပြောင်းအလဲလုပ်ခဲ့သည်။ ယခင် ဥက္ကဋ္ဌဖြစ်သူ စောစတီးလ်မှာ စစ်ဦးစီးချုပ်အဖြစ်ကနေ အနားယူသွားကာ ဗဟိုအကြံပေးအဖွဲ့၏ ဦးဆောင်နာယက ဖြစ်လာခဲ့သည်။ အဖွဲ့၏ ဥက္ကဋ္ဌနှင့် စစ်ဦးချုပ်နေရာကိုမူ ဗိုလ်ချုပ်ကြီး စောရွှေဝက ဆက်လက်တာဝန်ယူသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
DKBA ၏ သစ္စာ အဓိဋ္ဌာန် လေးရပ်
(၁) ငါတို့သည် လူမျိုးဘာသာ၊ သာသနာကို အသက်ပေး၍ ကာကွယ်ပါမည်။
(၂) ငါတို့သည် အထက်အကြီးအကဲများအပေါ် သစ္စာစောင့်သိပါမည်။
(၃) ငါတို့သည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါမည်။
(၄) ငါတို့သည် ကိုယ့်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါမည်။
ရည်ရွယ်ချက်
(၁) မိမိယုံကြည်ကိုးကွယ်ရာကို ဦးထိပ်ထား။
(၂) အမျိုးသားရေးကို အခြေခံ။
(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဝိုင်းဝန်းတည်ဆောက်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ခေါင်းဆောင်များ
| စဉ် | အမည် | တာဝန် |
| ၁ | ဗိုလ်ချုပ်ကြီး စောရွှေဝ | ဥက္ကဋ္ဌ/စစ်ဦးစီးချုပ် |
| ၂ | ဒုတိယဗိုလ်ချုပ်ကြီး စောဘငြိမ်းအောင် | ဒုတိယ စစ်ဦးစီးချုပ် |
| ၃ | ဗိုလ်ချုပ် စောဆန်းအောင် | စစ်ဦးစီးအရာရှိချုပ် |
| ၄ | ဗိုလ်မှူးကြီး စောစိန်ဝင်း | စစ်ရေးချုပ် |
| ၅ | လစ်လပ် | အမှတ်-၁ စစ်ကွပ်ကဲရေးမှူး |
| ၆ | ဗိုလ်မှူးချုပ် စောအေဝမ်း | အမှတ်-၂ စစ်ကွပ်ကဲရေးမှူး |
| ၇ | ဗိုလ်ချုပ် စိုင်းကျော်လှ | ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ |
| ၈ | ဗိုလ်မှူးကြီး စောကျော်သန်းဌေး | ဌာနချုပ်/ဌာနကြီးမှူး |
ဗဟိုကော်မတီအဖွဲ့ဝင်များ
| စဉ် | အမည် | တာဝန် |
| ၁ | ဗိုလ်ချုပ်ကြီး စောစတီး | ဗဟိုအကြံပေးအဖွဲ့ ဦးဆောင်နာယက |
| ၂ | ဗိုလ်ချုပ်ကြီး စောတာ့ခူး | ဗဟိုအကြံပေးအဖွဲ့ နာယက |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) – ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်။
စုဖွဲ့မှု
DKBA သည် NCA တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်က အာဏာသိမ်းခြင်းနှင့်ပတ်သက်၍ တစုံတရာ သဘောထားထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ စစ်ကောင်စီနှင့် တိုက်ပွဲများ မဖြစ်ပွားလိုဘဲ NCA လမ်းကြောင်းအတိုင်းသာ ရှေ့ဆက်ဆွေးနွေးသွားရန် လိုလားမှု ရှိသည်။
၂၀၂၁ ခုနှစ် ဧပြီ ၂၆ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
စစ်ကောင်စီတွေ့ဆုံခဲ့သည့် အခြားအဖွဲ့အစည်းများနည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား-၁၊ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ဇယား-၂၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၁၊ ၂ နှင့် ၃ တို့ကို ပြင်ဆင်နိုင်ရေး ဆွေးနွေးလျက်ရှိသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပရာ DKBA ကိုယ်စားလှယ်များ တတ်ရောက်ခဲ့သည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ-၆ နှင့် စစ်ကောင်စီတို့အကြား မြဝတီခရိုင်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် DKBA သည် စစ်ကောင်စီတပ်များ၊ BGFတပ်များ(ယခု ကရင်အမျိုးသားတပ်မတော်-KNA)နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။
ဆက်ဆံရေးရုံးများ
၁။ ဘားအံ (၂၀၁၁ ခုနှစ် နိုဝင်ဘာလ)။
၂။ မြဝတီ (၂၀၁၁ ခုနှစ် နိုဝင်ဘာလ)။
၃။ ကြာအင်းဆိပ်ကြီး။
၄။ ကျိုက်ထို။
၅။ ဘုရားသုံးဆူ။
၆။ မြိုင်ကြီးငူ(ဆိုင်းငံ့ထား)။
တပ်မဟာများ
DKBA ၏ လက်အောက်တွင် ကလို့ထူးဘော ဗဟိုစစ်ကွပ်ကဲရေး၊ အမှတ်-၁ စစ်ကွပ်ကဲရေးနှင့် အမှတ်-၂ စစ်ကွပ်ကဲရေးဟူ၍ စစ်ကွပ်ကဲရေး သုံးခု ရှိသည်။ စစ်ကွပ်ကဲရေး တခုစီ၏ လက်အောက်တွင် အနည်းဆုံး တပ်ရင်း သုံးရင်းစီဖြင့် ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/pg/klohhtoobor
Email : [email protected]
Phone : 0993873180
