သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်။
ဌာနချုပ် – ရိဒ်လီစခန်း၊ ဖလမ်းမြို့နယ်။
လှုပ်ရှားဒေသ – ဖလမ်းမြို့နယ်၊ ချင်းညီနောင်လှုပ်ရှားဒေသ (တီးတိန်၊ တွန်းဇန်၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်)၊ အထက်ချင်းတွင်းဒေသ (ကလေး-ကဘော်ဒေသ)။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ဆလိုင်းဒယ်နီလ် (စစ်ဦးစီးချုပ်)။
ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း အခြေစိုက်လှုပ်ရှားနေသည့် CNDF သည် ချင်းနိုင်ငံရေးသမားများ၊ ချင်းသမဂ္ဂကျောင်းသားများ၊ CDM ဝန်ထမ်းများ၊ ချင်းအရေးတတ်ကြွလှုပ်ရှားသူများနှင့် လူငယ်များ ဦးဆောင်၍ တည်ထောင်ထားသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်သည်။ ၎င်းတို့သည် စစ်အာဏာသိမ်းပြီးနောက် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်မှု အမျိုးမျိုးရှိသည့်နောက် တပ်ဖွဲ့တဖွဲ့ ထူထောင်ရန် စုစည်းမိခဲ့ကြခြင်းဖြစ်သည်။ အာဏာသိမ်းစကာလ၌ ဖလမ်းမြို့နယ်တွင် ချင်းခုခံတော်လှန်ရေး အသီးသီး ပေါ်ပေါက်လာခဲ့သည်။ ရရာလက်နက်ကို ကိုင်စွဲ တိုက်ခိုက်ကြသော်လည်း အစုအဖွဲ့ အသေးလေးများအဖြစ် ပြန့်ကျဲနေခဲ့သည်။ ထိုသို့ ပြန့်ကျဲနေသော အစုအဖွဲ့များကို စုစည်းပြီး တပ်ဖွဲ့တဖွဲ့ ဖွဲ့စည်းနိုင်ရန် စဥ်းစားခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့တနေရာတွင် တွေ့ဆုံကြပြီး ရှိနေပြီးသား အစုအဖွဲ့အသေးများကို တစုတစည်းတည်း ဖြစ်စေရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ယခင်ရှိနှင့်ပြီးသား ဖလမ်းမြို့အခြေစိုက် ခုခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် CDF- Falam၊ ကလေး-ကဘော်တွင် အခြေစိုက်လှုပ်ရှားသည့် Kalay Civil Armed Force နှင့် Chin Battalion တို့ကို အဖွဲ့အစည်းတခုထဲအောက်တွင် လက်နက်ကိုင်တဖွဲ့တည်း ထားရှိရန် သဘောတူညီမှု ရရှိခဲ့သည်။ ထို့ကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဖွဲ့စည်းပြီး ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)ကို ဖွဲ့စည်းခဲ့သည်။ ထိုအစည်းအဝေးမှတဆင့် CNO ၏ ကော်မတီဝင် ၂၄ ဦး ရွေးချယ်ဖွဲ့စည်းပြီး ၂၀၂၁ ခုနှစ် ဧပြီ ၁၄ ရက်တွင် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်တို့ကို ထပ်မံ ရွေးချယ်ခဲ့ကြသည်။
CNDF စတင်ဖွဲ့စည်းချိန်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံတွင် စစ်ပညာ သင်ယူခဲ့ဖူးသူများ၊ ချင်းအမျိုးသားတပ်မတော် (CNA) ထံတွင် စစ်ပညာသင်ယူခဲ့ကြသည့် ချင်းကျောင်းသားများနှင့် လူငယ်များ၊ CDM စစ်သားများနှင့် ရဲတပ်ဖွဲ့များ ပါဝင်ခဲ့သည်။ CNDF သည် ချင်းပြည်နယ်အတွင်းရှိ ဖလမ်းဒေသ (Falam region)၊ ချင်း-စစ်ကိုင်းဒေသအတွင်းရှိ အထက်ချင်းတွင်းဒေသ (Upper Chindwin Region)နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ၎င်းတို့၏ အခြေပြုရာဒေသ သုံးခုအဖြစ် သတ်မှတ်ထားသည်။ CNDF ၏ ဒေသသုံးခုတွင် ဒေသတခုခြင်းစီ၏ ဒေသဆိုင်ရာ ကော်မတီများ ဖွဲ့စည်းထားသည်။ အဖွဲ့အစည်းတခုလုံး၏ ဗဟိုကော်မတီသည်လည်း ထိုဒေသဆိုင်ရာ ကော်မတီသုံးခုဖြင့် ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
CNDF သည် စစ်ကောင်စီကို တဖွဲ့ချင်းအနေဖြင့် တိုက်ခိုက်နေသည့်အပြင် ချင်းပြည်နယ်တွင်း ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ၏ စစ်ဆင်ရေးများ၊ ချင်းညီနောင် (CB) ၏ စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့သည်။ လက်ရှိတွင် CNDF က ဖလမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် ဖလမ်းမြို့နှင့် ဝေဘူလမြို့တို့ကို စစ်ကောင်စီထံက သိမ်းယူ ထိန်းချုပ်ထားသည်။ ထို့ပြင် ဖလမ်းမြို့နယ်အတွင်းရှိ ဗားရ်စခန်းနှင့် သီဘွားလ်စခန်းတို့ကိုလည်း သိမ်းယူခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ချင်းအမျိုးသားအဖွဲ့ချုပ်၏ ရည်မှန်းချက် ခြောက်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ပြီး ပြည်နယ်နှင့် လူမျိုးတိုင်း တန်းတူအခွင့်ရေးရရှိရန်။
၂။ ချင်းပြည် နယ်နိမိတ် ပြန်လည်စိစစ်ပြီး ချင်းပြည်နှင့်ချင်းအမျိုးသား ကာကွယ်ရန်။
၃။ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် ရရှိရေးအတွက် နိုင်ငံရေးနှင့် စစ်ရေးအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်။
၄။ ကမ္ဘာတဝန်းလုံးရှိ ချင်းအမျိုးသားအားလုံးနှင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရန်။
၅။ လက်နက်အားကိုးပြီး မတရားသောနည်းလမ်းဖြင့် အာဏာသိမ်းယူထားသော စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ဖြတ်ချေမှုန်းရန်။
၆။ ချင်းပြည်နှင့် ချင်းအမျိုးသား အကျိုးစီးပွားဖျက်စီးသူမှန်သမျှကို တွန်းလှန်ရန်။
ချင်းအမျိုးသားကာကွယ်ရေးတပ်၏ အဓိဋ္ဌာန် ငါးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ငါတို့သည် တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးဆောင်ရွက်ပါမည်။
၂။ ငါတို့သည် အထက်မှ ပေးအပ်လာသော အမိန့်အားလုံးကို နာခံဆောင်ရွက်ပါမည်။
၃။ ငါတို့သည် စစ်ရေးလျှို့ဝှက်ချက်ကို အစဥ်အမြဲ စောင့်ထိန်းပါမည်။
၄။ ငါတို့သည် မည်သည့်အခြေအနေတွင်မဆို အဖွဲ့ချုပ်နှင့် တပ်ဖွဲ့အပေါ် သစ္စာစောင့်သိရိုသေပါမည်။
၅။ ငါတို့သည် တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးတာဝန်ကို မည်သူ့ကြောင့်မှ မထိခိုက်စေရန် သစ္စာကတိပြုအပ်ပါသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ပူးဂျွန်ဒေးဗစ် | ဥက္ကဋ္ဌ |
၂ | ဆလိုင်းပီတာထန်း | ဒုတိယဥက္ကဋ္ဌ-၁ |
၃ | ဆလိုင်းဘဏ်ကာ | ဒုတိယဥက္ကဋ္ဌ-၂ |
၄ | ဆလိုင်းမိုးဇက်လျံ | ဒုတိဥက္ကဋ္ဌ-၃ |
၅ | ဆလိုင်းဝီလျံချင်း | အထွေထွေအတွင်းရေးမှူး |
၆ | ဆလိုင်းတီမီထွဋ် | လက်ထောက်အထွေထွေအတွင်းရေးမှူး-၁ |
၇ | ပီးဆွီးလျွန်ထွေး | လက်ထောက်အထွေထွေအတွင်းရေးမှူး-၂ |
၈ | ဆလိုင်းထောင်းလိန် | လက်ထောက်အထွေထွေအတွင်းရေးမှူး-၃ |
၉ | ဆလိုင်းဂျေဆန်လျံ(Helen Pa) | ဘဏ္ဍာရေးဌာနအတွင်းရေးမှူး |
၁၀ | မိုင်အိုလီဗီယာထောင်းလွယ် | ကာကွယ်ရေးဌာနအတွင်းရေးမှူး |
၁၁ | ဆလိုင်းမားပွီး | ပြည်ထဲရေးဌာနအတွင်းရေးမှူး |
၁၂ | ဆလိုင်းဖရန့်ဆစ် | ပြင်ပဆက်ဆံရေးဌာနအတွင်းရေးမှူး |
၁၃ | မိုင်လိုင်လာမေရီ | ပညာရေးဌာနအတွင်းရေးမှူး |
၁၄ | မိုင်ဟယ်လင် | ကျန်းမာရေးဌာနအတွင်းရေးမှူး |
၁၅ | မိုင်အဲလစ်ကျဲရ် | ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနအတွင်းရေးမှူး |
၁၆ | ဆလိုင်းကျုံးငိုင် | လူသားချင်းစာနာထောက်ထားရေးဌာနအတွင်းရေးမှူး |
၁၇ | ဆလိုင်းဗန်ဆွီးဆန် | တရားရေးဌာနအတွင်းရေးမှူး |
ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဆလိုင်းဒယ်နီလ် | စစ်ဦးစီးချုပ် |
၂ | ဆလိုင်းယောရှု | ဒုတိယစစ်ဦးစီးချုပ် |
၃ | ဆလိုင်းဝီလျံနော် | အရာရှိချုပ် |
၄ | ဆလိုင်းကာလက် | ဒုအရာရှိချုပ် |
၅ | ဆလိုင်းရောဘတ် | အမှတ်-၁ တပ်မဟာမှူး |
၆ | ဆလိုင်းမန်လှေးရ် | အမှတ် -၂ တပ်မဟာမှူး |
၇ | ဆလိုင်းလျံနိုး | အမှတ်-၃ တပ်မဟာမှူး |
၈ | ဆလိုင်းကေစီ | အမှတ်-၄ တပ်မဟာမှူး |
ညီလာခံက အမြင့်ဆုံးအာဏာရှိပြီး ဗဟိုအဆင့်ကောင်စီကို ဖွဲ့စည်းရန်အတွက် အထွေထွေညီလာခံကို နှစ်နှစ်တကြိမ် ကျင်းပသည်။ ထိုမှတဆင့် ဗဟိုကောင်စီအဖွဲ့ဝင်များကို ရွေးချယ်သည်။ ဗဟိုကောင်စီအဖွဲ့ဝင်တွင် ညီလာခံက ရွေးချယ်ပေးထားသော ဗဟိုကော်မတီ ၁၅ ဦး၊ နိုင်ငံရေးပဲ့ကိုင်အဖွဲ့ဝင်များ၊ ဒေသအလိုက် အလုပ်မှုဆောင်ကော်မတီဝင်များ၊ ဖလမ်းမြို့နယ်ထဲရှိ မျိုးနွယ် ၁၃ စုက စေလွှတ်လာသည့် ကိုယ်စားလှယ် ၁၃ ဦးနှင့် ပြည်ပမှ ကိုယ်စားလှယ်တို့ ပါဝင်သည်။ ဗဟိုကောင်စီအဖွဲ့ဝင် ၁၂၀ နီးပါးအထိ ရှိသည်။ ဖွဲ့စည်းပုံအခြခံဥပဒေအသစ် ရေးဆွဲပြင်ဆင်ရေးမှလွဲ၍ ညီလာခံတခုနှင့် တခုအကြား ညီလာခံ၏လုပ်ပိုင်ခွင့်များကို ဗဟိုကောင်စီက ညီလာခံကိုယ်စား ဆက်လက်လုပ်ဆောင်သည်။ ဗဟိုကောင်စီက သုံးလတကြိမ် အစည်းအဝေးခေါ်လေ့ရှိပြီး အစည်းအဝေးမှ ချမှတ်လိုက်သည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများကို ဗဟိုအလုပ်မှုဆောင် ကော်မတီက အကောင်အထည်ဖော်သည်။ ဗဟိုအလုပ်မှုဆောင်ကော်မတီဥက္ကဋ္ဌသည် အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပြီး စစ်တပ်၏ စစ်သေနာပတိချုပ်လည်း ဖြစ်သည်။ ဗဟိုအလုပ်မှုဆောင်ကော်မတီကို အထွေထွေအတွင်းရေးမှူးအဖွဲ့က အဓိက ဦးဆောင်လှုပ်ရှားသည်။ CNO တွင် ဌာန ကိုးခုရှိပြီး ဌာနများကို အတွင်းရေးမှူးများက လည်ပတ်ပြီး ဥက္ကဋ္ဌအဖွဲ့ကို တာဝန်ခံရသည်။
စုဖွဲ့မှု
CNDF သည် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
ချင်းညီနောင် (CB)၏ အဖွဲ့ဝင်ဖြစ်ပြီး CB စတင်ဖွဲ့စည်းချိန်တွင် ပါဝင်ခဲ့သော အဖွဲ့သုံးဖွဲ့မှ တဖွဲ့ဖြစ်သည်။ ယခုလက်ရှိ ချင်းညီနောင်တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ် – မင်းတပ် (MRLC/CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် (CDF-Kanpetlet) နှင့် ချင်းပြည်ကာကွယ်ရေးတပ်- မတူပီ (MRO/CDF-Matupi) တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းသည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ချင်းအမျိုးသား အကျိုးစီးပွားအတွက် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးသည် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၏ နိုင်ငံရေးရပ်တည်ချက်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အမြစ်ပြတ်ချေမှုန်းရေးသည် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)၏ စစ်ရေး ရပ်တည်ချက်ဖြစ်သည်။
တပ်မဟာများ
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကို တပ်မဟာ လေးခုဖြင့် ဖွဲ့စည်းထားပြီး ထိုတပ်မဟာ လေးခုအောက်တွင် တပ်ရင်း ၁၂ ခုရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/cndfofficialpage
Website : https://www.cnocndf.org/
Email : [email protected]