သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၈ ခုနှစ်၊ မတ် ၂၀ ရက်။
ဌာနချုပ် – ဗစ်တိုးရီးယားစခန်း၊ ထန်တလန်မြို့နယ်၊ ချင်းပြည်နယ်။
လှုပ်ရှားဒေသ – ထန်တလန်မြို့နယ်၊ တလန်ပိကျေးရွာအုပ်စု၊ ဒေါင်းကျေးရွာအုပ်စု၊ ဇန်တလန် ကျေးရွာအုပ်စုတို့တွင် လှုပ်ရှားလျက်ရှိသည်။
ခန့်မှန်းအင်အား – ၅၀၀၀ နှင့် အထက်။
ခေါင်းဆောင် – ပူးဇင်ကျုံး(ဥက္ကဋ္ဌ)၊ ပူးထန်နိန်ကီး(ဒုတိယဥက္ကဋ္ဌ-၁)၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း (ဒုတိယဥက္ကဋ္ဌ-၂)၊ ဒေါက်တာရွှေခါးရ်(ဒုတိယဥက္ကဋ္ဌ-၃)။
ချင်းလူမျိုးများ၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိရန်နှင့် မြန်မာနိုင်ငံတွင် လွတ်လပ်သောဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ထောင်နိုင်ရန် ချင်းအမျိုးသားတပ်ဦး(CNF)ကို ၁၉၈၈ခုနှစ် မတ်၂၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CNF ၏ စစ်ရေးလက်တံသည် ချင်းအမျိုးသားတပ်မတော် (CNA) ဖြစ်သည်။
ချင်းပြည်နယ်တွင်း ကြီးမားသည့် တိုက်ပွဲနှင့် စစ်ရေးပဋိပက္ခများ ဖော်ဆောင်ခြင်း မရှိခဲ့သော်လည်း ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် တိုက်ပွဲဝင်နေသည့် တခုတည်းသော ချင်းလူမျိုးအခြေပြု တပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။ တပါတီစနစ် စစ်အစိုးရမှ ပါတီစုံဒီမိုကရေစီ စနစ်သို့ အကူးအပြောင်းကာလ သမ္မတဦးသိန်းစိန် လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို အပစ်အခတ်ရပ်စဲ ရေးအတွက် ဖိတ်ခေါ်ရာ CNF သည်လည်း ပါဝင်ဆွေးနွေးခဲ့သည်။
ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်များ ချုပ်ဆိုပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) စာချုပ်ကို လက်မှတ်ထိုးပြီး NCA မှတဆင့် အကောင်အထည်ဖော်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ဆွေးနွေးမှုအဆင့်ဆင့်တို့တွင်လည်း တတ်တတ်ကြွကြွပါဝင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။
သို့သော် စစ်အာဏာသိမ်းချိန်တွင် CNF ခေါင်းဆောင်များက စစ်တပ်ကို ရှုတ်ချပြစ်တင်ပြီး လက်နက်ကိုင်၍ ပြန်တိုက်မည်ဟု ပြောဆိုခဲ့သည်။ တပြိုင်တည်းတွင် ဆွေးနွေးဆဲ နိုင်ငံရေးဆွေးနွေးမှုများ ကို ရပ်တန့်ပြီး စစ်ပြင်ခဲ့သည်။ အာဏာသိမ်ပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း နိုင်ငံရေးအရ မဟာမိတ်ဖွဲ့သည့်အပြင် ချင်းပြည်နယ်တွင်း မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေးတပ်တချို့နှင့်လည်း စစ်ရေးမဟာမိတ် ပြုလုပ်ကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
CNFသည် ချင်းပြည်နယ်တွင် နိုင်ငံရေးကိစ္စရပ်များ ဦးဆောင်ဦးရွက်ပြုရန် ဖွဲ့စည်းထားသော ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ထို့နောက် ချင်းခုခံတော်လှန်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ချင်းလက်နက်ကိုင် ၁၈ဖွဲ့ ပါဝင်သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)ကို ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀တွင် ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီတွင် CNFက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ ကနဦးတွင် CJDC အတွင်း ချင်းပြည်နယ်တခုလုံးမှ တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ပါဝင်ခဲ့သည်။ သို့သော် CNF ၏ ဦးဆောင်နိုင်မှု ၊ စည်းရုံးနိုင်မှု နှင့် ခဲယမ်းမီးကျောက် ရှာဖွေပံ့ပိုးနိုင်မှု အားနည်းချက်များကြောင့် CJDC မဟာမိတ်စုဖွဲ့သည် ၂၀၂၃ ခုနှစ်အတွင်း နှစ်ခြမ်းကွဲသွားစေရန် အက်ကြောင်းစဖြစ်လာခဲ့သည်။
ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ် ၊ ကန်ပက်လက် ၊ မတူပီ မြို့နယ်တို့တွင် လှုပ်ရှားသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၆ဖွဲ့က CNF နှင့် ဆက်မပူးပေါင်းပဲ သီးခြားမဟာမိတ် တပ်ဖွဲ့အဖြစ် ချင်းညီနောင်(CB) ကို တည်ထောင်ခဲ့သည်။ CB သည် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ဖြစ်လာသည်။ CNF သည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အချို့ ၊ ၎င်း၏ မိတ်ဖက် တပ်ဖွဲ့ ၁၃ ဖွဲ့ တို့နှင့် ပူးပေါင်းကာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကို ရေးဆွဲပြီး ချင်းပြည်ကောင်စီ (CC) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ တွင် ပြန်ဖွဲ့စည်းခဲ့သည်။
ထို့နောက် ချင်းပြည်ကောင်စီ (CC)က စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ၎င်း၏ အောက်တွင် ကာကွယ်ရေးဌာနတခုဖွဲ့စည်းပြီး ထိုထဲတွင် CNF နှင့် ၎င်း၏ မိတ်ဘက် တပ်ဖွဲ့ ၁၃ ဖွဲ့ ပါဝင်သည်။ CC ၏ ကာကွယ်ရေးဌာန ပေါ်ပေါက်လာပြီးနောက် ယခင် စစ်ရေးပူးပေါင်းဆောင်ရွက်သည့်ကော်မတီဖြစ်သည့် ချင်းပြည်ကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC)ကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၆တွင် ဖျက်သိမ်းခဲ့သည်။ စစ်ရေးနှင့် မဟာမိတ်စုဖွဲ့မှု သဘောထားများ ကွဲပြားပြီးနောက် CC နှင့် CB သည် စစ်ရေးအရ ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်သည်။ နိုင်ငံရေးနှင့် နယ်မြေစိုးမိုးနိုင်မှုတို့တွင်လည်း ထိုမဟာမိတ် အစုအဖွဲ့နှစ်ခုသည် အားပြိုင်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
CNF၏ ရည်မှန်းချက်ပန်းတိုင် သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အမျိုးကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်းတည်ဆောက်ရန်။
၂။ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်။
၃။ ဒီမိုကရေစီစနစ် တည်ဆောက်ရန်။
CNA၏ ရည်မှန်းချက်ပန်းတိုင် လေးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ချင်းအမျိုးသားများ၏ ပိုင်နက်နယ်မြေနှင့် အမျိုးသားရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်။
၂။ ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်။
၃။ အမျိုးသားတပ်မတော်၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသည့် တပ်မတော်တည်ဆောက်ရန်။
၄။ ချင်းအမျိုးသားတပ်ဦး၏ မူဝါဒလမ်းစဥ်များကို အကောင်အထည်ဖော်ရန်။
CNF/ CNA ၏ မဟာဗျူဟာ
ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီဖော်ဆောင်ရန်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စဥ် | အမည် | ရာထူး/တာဝန် |
(၁) | ပူးဇင်ကျုံး | ဥက္ကဋ္ဌ |
(၂) | ပူးထန်နိန်ကီး | ဒုတိယ ဥက္ကဋ္ဌ (၁) |
(၃) | ဒေါက်တာရွှေခါး | ဒုတိယ ဥက္ကဋ္ဌ (၂) |
(၄) | ပူးထန်ယဲန်း | ဒုတိယ ဥက္ကဋ္ဌ (၃) |
(၅) | ဆလိုင်းထလာဟေး | အထွေထွေအတွင်းရေးမှူး |
(၆) | ပူးရာမ်ကုလ်ကျုံး | လက်ထောက်အထွေထွေအတွင်းရေးမှူး (၁) |
(၇) | ဆလိုင်းထက်နီ | လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) |
(၈) | ပူးအိပ်ချ်စီ ရာလ်နှင်း | လက်ထောက်အထွေထွေအတွင်းရေးမှူး (၃) |
(၉) | ဗိုလ်မှူးချုပ် လှထွန်း | စစ်ဦးစီးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ မေ ၁၀ ရက်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) – ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်။
စုဖွဲ့မှု
CNF သည် NCA တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST)တွင် ပါဝင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရပ်နားကာ ယခုချိန်ထိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
ချင်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန် မြို့နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသော ချင်းတော်လှန်ရေးတပ် ၁၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေး ကော်မတီ(Chinland Joint Defense Committee – CJDC)၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အတွက် မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ပေးသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) တို့တွင်လည်း အဖွဲ့ ဝင်ဖြစ်သည်။
ယခုလက်ရှိတွင် ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန၏ အဖွဲ့ဝင်ဖြစ်ပြီး စစ်ရေးဖော်ဆောင်မှုများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် NCA အရ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အားလုံးကို ရပ်ဆိုင်းလိုက်သည်။
CNF သည် စစ်တပ်က အာဏာသိမ်းမှုကို ထင်ထင်ပေါ်ပေါ် ပထမဆုံး ကန့်ကွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ပြုလုပ်မည်ဟု ပထမဆုံး ကြေညာချက် ထုတ်ပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သလို NUG၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
CNA သည်လည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်နေသည့်အပြင် အာဏာသိမ်းမှုကြောင့် ချင်းပြည်နယ်အတွင်း၌ အသစ်ပေါ်ပေါက်လာသည့် မြို့နယ်အလိုက် ဒေသကာကွယ်ရေးတပ်များ၊ ချင်းဒေသကာကွယ်ရေးတပ်များကိုလည်း ဦးဆောင်ကာ စစ်သင်တန်းပေးခြင်းနှင့် ပူးတွဲစစ်ဆင်ရေးများ ဆင်နွှဲခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။
ဆက်ဆံရေးရုံးများ
၁။ မတူပီ ဆက်ဆံရေးရုံး – ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့
၂။ ထန်တလန် ဆက်ဆံရေးရုံး – ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့
၃။ တီးတိန် ဆက်ဆံရေးရုံး – ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့
ချင်းအမျိုးသားတပ်ဦးစီးပွားရေးဆက်ဆံရေးရုံးများ
၄။ ပလက်ဝ စီးပွားရေးရုံး – ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့
၅။ ရန်ကုန်
၆။ အိန္ဒိယ-မြန်မာနယ်စပ်
၇။ မင်းတပ် စီးပွားရေးရုံး – ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့
၈။ ဖလမ်း စီးပွားရေးရုံး – ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့
တပ်မဟာများ
မရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: www.chinland.org
Facebook: https://www.facebook.com/cnfhq/
Email: [email protected]
Phone:+91 89741215887, +95 (0) 9261395617