သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မတ် ၁၂ ရက်။
ဌာနချုပ် – မင်းတပ်မြို့နယ်။
လှုပ်ရှားဒေသ – ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မကွေးတိုင်း ထီးလင်းမြို့နယ်။
ခန့်မှန်းအင်အား –
ခေါင်းဆောင် – ဆလိုင်းထန်းချွန်းဖေ (စစ်ဦးစီးချုပ်)။
စစ်တပ်က အာဏာစသိမ်းချိန်တွင် မင်းတပ်မြို့နယ်မှ ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒေသတွင်း လူငယ်များ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ တွင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပင် မဖွဲ့စည်းသေးသည့် ကာလဖြစ်သည်။ မင်းတပ်မြို့နယ်တွင်း စစ်ကောင်စီတပ်များကို လက်နက်ကိုင်တော်လှန်ခြင်းနည်းဖြင့် တိုက်ထုတ်ရန် ဆုံးဖြတ်ထားသည့် လူငယ်များသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF-Mindatကို ၂၀၂၁ ခုနှစ် မတ် ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။ CDF-Mindat ကို ၂၉ ဦးပါဝင်ဖွဲ့စည်းထားသည့် ကော်မတီက ဦးဆောင်ပြီး အဖွဲ့စဖွဲ့ချိန်တွင် CDM ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များနှင့် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ စသဖြင့် အင်အား ၃,၀၀၀ ကျော်ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် မင်းတပ်မြို့နယ် အပါအဝင် ချင်းပြည်နယ်တခုလုံးကို ကိုယ်စားပြုသည့် ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ပေါ်ပေါက်လာခဲ့သည်။ ICNCC ၏ နိုင်ငံရေးမူဝါဒများကို CDF-Mindat က လက်ခံပြီး နိုင်ငံရေးဦးဆောင်မှု ကောင်စီအဖြစ် လက်ခံခဲ့သည်။ မင်းတပ်လူငယ်များ CDF-Mindat ကို ဖွဲ့စည်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံတွင် စစ်ပညာသင်ဖူးသူများနှင့် CDM ရဲဝန်ထမ်းများက ၁၀ ရက်တာ အခြေခံစစ်သင်တန်းကို အဖွဲ့အစည်းတွင်း ပို့ချပြီး မြေအောက်လှုပ်ရှားမှုများကို စတင်ခဲ့ကြသည်။ ထို့နောက် ရက္ခိုင့်တပ်တော် (AA) ထံသို့ သွားရောက်ပြီး စစ်ပညာကို ထပ်မံသင်ယူခဲ့ကာ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးစတင်ရာတွင် တိုက်ပွဲဝင် ချေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူတပ်ဆင်နိုင်ခြင်း မရှိသဖြင့် ချင်းလူမျိုးများ တောတွင်းအမဲလိုက်ရာတွင် အသုံးပြုသည့် တူမီးများဖြင့်ပင် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။ ၂၀၂၁ခုနှစ် ဧပြီ ၂၄ရက်တွင် စစ်အာဏာသိမ်းမှုကို မင်းတပ်မြို့တွင်း ဆန့်ကျင်ဆန္ဒပြနေသည့် လူငယ်(၇)ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သဖြင့် ထိုနေ့ ညဦးပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြို့အရှေ့ဂိတ်၊ မြို့အနောက်ဘက်နှင့် ကန်ပက်လက်လမ်းခွဲစသည့် နေရာလေးခုတွင် စစ်ကောင်စီတပ်များကို CDF – Mindat က စတင်ပစ်ခတ်ခဲ့သည်။ သေနတ်စပေါက်သည့် ထိုနေ့ကို CDF- Mindatမှ ၎င်းတို့၏ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတွင် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နိုင်ရန်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ စုစည်း၍ ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ဖွဲ့စည်းရာ CDF-Mindat သည်လည်း ပါဝင်ခဲ့သည်။ နှစ်နှစ်တာကာလအတွင်း CDF-Mindat သည် မင်းတပ်မြို့နယ်တွင်း၌ နယ်မြေစိုးမိုး-ထိန်းချုပ်နိုင်မှု ကျယ်ပြန့် လာခဲ့ပြီး ဒေသတွင်း နိုင်ငံရေးလက်တံဖြစ်သည့် ချင်းအမျိုးသားကောင်စီ-မင်းတပ် (Chin National Council)ကို ၂၀၂၃ ခုနှစ် သြဂုတ် ၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည်နယ်၏ နိုင်ငံရေးပိုင်း၌ ဦးဆောင်ကောင်စီဖြစ်သည့် ICNCC ထဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့်အစုအဖွဲ့က ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို ရေးဆွဲပြီး ထိုဥပဒေမှတဆင့် အစိုးရတရပ်အဖြစ် ချင်းပြည်ကောင်စီ (Chinland Council) ကို ဖွဲ့စည်း ခဲ့သည်။ ထို့ပြင် ချင်းပြည်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၄င်း၏ အောက်တွင် စစ်ရေးလက်တံ တခုတည်းထားရန်အတွက် ရှိရင်းစွဲ မဟာမိတ်စည်းနှောင်မှုဖြစ်သည့် CJDC ကို ဖျက်သိမ်းခဲ့သည်။
CDF-Mindat အနေနှင့် ICNCC အောက်တွင်သာ ဆက်လက်ရပ်တည်မည်ဖြစ်ပြီး ချင်းပြည်ကောင်စီနှင့် အသစ်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံကို လက်မခံနိုင်ကြောင်း ကြေညာထားသည်။ CDF-Mindat ၏ အုပ်ချုပ်ရေးယန္တရားထူထောင်ထားသည့် တိုက်နယ်ကိုးခုအနက် တိုက်နယ်နှစ်ခုဖြစ်သည့် အမှတ် (၄) နှင့် (၁၁) သည် အသစ်ပေါ်ပေါက်လာသည့် ချင်းပြည်ကောင်စီအောက်တွင် ရပ်တည်မည်ဟု ကြေညာခဲ့သည်။ ထို့ပြင် တိုက်နယ် အမှတ် (၄)၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခွဲမထွက်ပဲ CDF-Mindat နှင့်သာ ဆက်ရပ်တည်မည်ဟုလည်း ပြန်တုံ့ပြန်ထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ နိုင်ငံရေးရည်မှန်းချက် ခြောက်ရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ အာဏာရှင်စနစ်အမြစ်ပြတ် ပျက်သုဥ်းရေး။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။
၃။ ချင်းတမျိုးသားလုံး၏ မွေးရာပါရပိုင်ခွင့်အခွင့်အရေးများ အပြည့်အဝရှိရေး။
၄။ ချင်းတမျိုးသားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်တရားစီရင်ခွင့် အပြည့်အဝ ရရှိရေး။
၅။ အမျိုးသားတန်းတူညီမျှမှု တည်ဆောက်ရေး။
၆။ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ လမ်းစဥ် သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်ဆောင်ရွက်သွားမည်။
၂။ ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးမငဲ့ အသက်ကို ပဓာနမထားဘဲ ကာကွယ်စောင့်ရှောက်သွားမည်။
၃။ တည်ငြိမ်အေးချမ်းခြင်း၊ တရားမျှတခြင်း စသည့် ပြည်သူ့အကျိုးကိုသာ အစဥ်ရှေးရှုသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)အဖြစ် ချင်းပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ အခြေခံမူ ခုနစ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးကို အစဥ်ရှေးရှုသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားအားလုံး၏ မွေးရာပါရပိုင်ခွင့် အခွင့်အရေးများကို အစဥ်လေးစား တန်ဖိုးထားသည်။
၃။ အာဏာရှင်စနစ်အား တော်လှန်သည့် မည်သည့်အဖွဲ့မျိုးနှင့်မဆို လက်တွဲပူးပေါင်း ဆောင်ရွက်မည်။
၄။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်မည်။
၅။ ချင်းတမျိုးသားလုံး၏ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝရရှိရေးဆောင်ရွက်မည်။
၆။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းရာတွင် ချင်းတမျိုးသားလုံး ပါဝင်ရေး ရှေးရှု ဆောင်ရွက်မည်။
၇။ ဖက်ဒရယ်ဒီမိုကရေစီအစိုးရ၏ ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်လာသည်အထိ လက်နက်ကိုင်လမ်းစဥ်ကို ကျင့်သုံးသွားမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF – Mindat
စဥ် | အမည် | ရာထူး/ တာဝန် |
၁။ | ဆလိုင်းထန်းချွန်ဖေ | စစ်ဦးစီးချုပ် |
၂။ | မသိရပါ။ | ဒုတိယစစ်ဦးစီးချုပ် |
၃။ | မသိရပါ။ | စစ်ဒေသမှူး |
၄။ | မသိရပါ။ | အမှတ်-၁ ဗျူဟာမှူး |
၅။ | မသိရပါ။ | အမှတ်-၂ ဗျူဟာမှူး |
၆။ | မသိရပါ။ | အမှတ်-၃ ဗျူဟာမှူး |
၇။ | မသိရပါ။ | အမှတ်-၄ ဗျူဟာမှူး |
၈။ | မသိရပါ။ | အမှတ်-၅ ဗျူဟာမှူး |
၉။ | မသိရပါ။ | အမှတ်-၆ ဗျူဟာမှူး |
ဗဟိုညီလာခံကို တနှစ်လျှင်တကြိမ်ကျင်းပပြီး ဗဟိုကာကွယ်ရေးကော်မတီကို ရွေးကောက်တင်မြှောက်သည်။ ယခုလက်ရှိတွင် ဗဟိုကာကွယ်ရေးကော်မတီကို ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ပမှ ကော်မတီဝင် နှစ်ဦးပါဝင်သည်။ စစ်ဦးစီးချုပ်သည် ဗဟိုကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် ရာထူးမှလွဲ၍ ကျန်ဗဟိုကော်မတီဝင်များမှာ တနှစ်တကြိမ် အပြောင်းအလဲရှိသည်။
စုဖွဲ့မှု
‘ချင်းညီနောင်’ အဖွဲ့ဝင်ဖြစ်သည်။ ချင်းညီနောင်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ချင်းကာကွယ်ရေးတပ်(မင်းတပ်)(CDF-Mindat)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFu/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)တို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
CDF-Mindat သည် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့၏ စစ်ရေးပူးပေါင်းကော်မတီဖြစ်သည့် ချင်းဒေသပူးပေါင်း ကာကွယ်ရေးကော်မတီ (CJDC) တွင်လည်း ပါဝင်ခဲ့သည်။ ထိုကော်မတီမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ချင်းကာကွယ်ရေးတပ်(မင်းတပ်)သည် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ချင်းခုခံတော်လှန်ရေးတပ်ဖြစ်ပြီး အာဏာသိမ်းကာလ နိုင်ငံရေးရပ်တည်ချက်မှာ တိုင်းရင်းသားအားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိပြီး အမျိုးသားတန်းတူခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးဖြစ်သည်။
အာဏာသိမ်းကာလ စစ်ရေးရပ်တည်ချက်မှာ ပြည်ထောင်စုတဝန်းလုံးတွင် အာဏာရှင်စနစ် လုံးဝပျက်သုဥ်းသည်အထိ လက်နက်ကိုင်စွဲ တော်လှန်ရေးဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။ တပ်ရင်းခြောက်ရင်းရှိပြီး ထိုတပ်ရင်းများသည် ဗျူဟာနှစ်ခု အောက်တွင် ဖြန့်ကြက်လှုပ်ရှားလျက် ရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/chinDefenceforce