သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်။
ဌာနချုပ် – ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
လှုပ်ရှားဒေသ – မတူပီ-ဟားခါးလမ်းနှင့် ပလက်ဝ-လိုင်လင်းပီလမ်း။
ခန့်မှန်းအင်အား – ၅၀၀ နှင့် အထက်။
ခေါင်းဆောင် – ကိုနိုင်ဂျွန်ကိန်း။
CDF-Matupi သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် သည့် မတူပီမြို့နယ်ဒေသခံများစုစည်းကာ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မတူပီမြို့နယ်ရှိ ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန်အတွက် သပိတ်စစ်ကြောင်းများ စတင်ဖွဲ့စည်းခဲ့သည်။ လူထုဆန္ဒပြပွဲများ အရှိန်မြင့်လာပြီး တဖက်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များက တားမြစ်မှုများ ဖြစ်လာချိန်တွင် ဆန္ဒပြ လူထု၏ လုံခြုံရေးအတွက်ဟူ၍ မြို့ခံလူငယ်များက အဖွဲ့တခု တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ဖေဖော်ဝါရီ ၁၆ ရက်တွင် ‘မတူပီလုံခြုံရေးအဖွဲ့ (Matupi Security Team – MST’ ကို တည်ထောင်ခဲ့သည်။
MST တွင် ဦးဆောင်မှုအဖွဲ့နှင့် အဖွဲ့ဝင်များဟူ၍ အလွှာနှစ်ရပ်ဖြင့် စုဖွဲ့ခဲ့သည်။ ဦးဆောင်မှုအဖွဲ့၌ မတူပီမြို့ပေါ် ရပ်ကွက်လေးခုက ကိုယ်စားလှယ် နှစ်ဦးစီ အချိုးကျဖြင့် စုစုပေါင်း ရှစ်ဦးပါဝင်ကာ အဖွဲ့ဝင် များထဲတွင် သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဝန်ထမ်းများ ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စစ်ကောင်စီ၏ ရဲနှင့် တပ်တို့က နိုင်ငံတဝန်းရှိ သပိတ်စစ်ကြောင်းများကို စတင်ရိုက်နှက်ဖြိုခွဲရာ မတူပီတွင်လည်း ဆန္ဒပြမှုများ တဖြည်းဖြည်းပြိုကွဲလျော့နည်း သွားခဲ့သည်။ ထို့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ ဦးဆောင်သူများကို နေအိမ်များ၌ လိုက်လံဖမ်းဆီးရာ MST က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့်နည်းမှာ အလုပ်မဖြစ်တော့ကြောင်း ယူဆကာ ဆန့်ကျင်မှုကို တဆင့်မြှင့်သည့်အနေဖြင့် လက်နက်ကိုင်၍ ပြန်တိုက်ခိုက်ရန် ထပ်မံဆုံးဖြတ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် MST ကို ‘မတူပီတော်လှန်ရေးတပ်ဖွဲ့ (Matupi Revolutionary Force – MRF)’ ဟူ၍ အမည်အသစ် ပေးကာ ပြန်ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီက ဖမ်းဆီးမှုများ ပြင်းထန်လာချိန်တွင် MRF အဖွဲ့ဝင်များသည် တောခိုပြီး ချင်းအမျိုးသား တပ်မတော် (CNA) ထံတွင် စစ်သင်တန်းတတ်ရောက်ကာ စစ်ပညာသင်ယူခဲ့ကြသည်။ အခြေခံစစ်ပညာ သင်ယူချိန်တွင် ဦးရေ ၆၀ ဦးခန့်ဖြင့် စုပေါင်းသင်တန်းတတ်ခဲ့ပြီး သင်တန်းပြီးချိန် ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) ဟူသည့် အမည်ဖြင့် တပ်ဖွဲ့သစ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ ထိုစဥ်က CDF-Matupi ၏ အဓိက စစ်ရေးရည်ရွယ်ချက်သည် မတူပီမြို့နယ်၏ အရေးပါသည့် လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေး ဖြစ်သည်။ မတူပီ-မင်းတပ်လမ်းပိုင်း၊ မတူပီ-ဟားခါးလမ်းပိုင်း၊ မတူပီ-ပလက်ဝလမ်းပိုင်းနှင့် မတူပီ-ကန်တောင်လမ်း စသည့် လမ်းကြောများကို သိမ်းယူထိန်းချုပ်ထားနိုင်ရေးကို အဓိကထား ဦးတည်၍ လမ်းပိုင်းတည်ရှိသည့် နယ်မြေများအလိုက် လှုပ်ရှားရန် တပ်ရင်း လေးရင်းကို စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် CDF-Matupi ၌ တပ်ရင်း ခြောက်ရင်းအထိ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့သည်။
CDF-Matupi သည် နိုင်ငံရေးဘက်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ ဦးဆောင်မှုနောက်ကို လိုက်မည်ဟူသည့် မူရှိခဲ့သည်။ ICNCC သည် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဖွဲ့စည်း ခဲ့သည့် အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အစိတ်အပိုင်းတွင် ပါဝင်ရန် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ ICNCC တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) နှင့် ချင်းပြည်နယ်တွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားနေသည့် CDM ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် CDF-Matupi သည် စစ်ရေး၌လည်း ချင်း တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ စုပေါင်းထားသည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC) တွင် မဟာမိတ်တပ်ဖွဲ့အနေဖြင့် ပါဝင်ခဲ့သည်။ CJDC သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် စစ်ရေးမဟာမိတ်အစုအဖွဲ့ ဖြစ်သည်။
သို့သော် လက်နက်ကိုင်တော်လှန်ရေးအတွက် ရေရှည်ဖြည့်တင်းနိုင်ရေး လိုအပ်သည့် လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှုနှင့် နိုင်ငံရေးဘုံသဘောတူညီချက် တည်ဆောက်နိုင်မှု အားနည်းခြင်းတို့အပေါ် မူတည်ကာ CJDC အတွင်း အက်ကြောင်းများ ဖြစ်လာပြီး ထိုစုဖွဲ့မှုသည် ၂၀၂၃ ခုနှစ်တွင် ပြိုကွဲခဲ့သည်။ ICNCC အတွင်းမှ CNF နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲ အတည်ပြုကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချင်းလဲန်းကောင်စီ (Chinland Council – CC) ကို ဖွဲ့စည်းခဲ့သည်။ CC ၏ အောက်တွင် စစ်ရေးဌာနတခု ဖွဲ့စည်းထားပြီး ယခင် CJDC ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် တရားဝင် ဖျက်သိမ်းခဲ့သည်။ CJDC ၏ မူရင်းအဖွဲ့ဝင် ၁၈ ဖွဲ့အနက် ၁၃ ဖွဲ့က CC ၏ ဦးဆောင်မှုနောက်သို့ လိုက်ခဲ့သည်။ CDF-Matupi ထဲ၌ အစုအဖွဲ့တစုက CC နောက် လိုက်ပါလိုသော်လည်း ကျန်အစုအဖွဲ့က CC နောက် မလိုက်လိုပေ။
ထိုသို့ဖြင့် CDF-Matupi နှစ်ခြမ်း ကွဲသွားခဲ့သည်။ မူရင်းတပ်ရှိ တပ်ရင်း ခြောက်ရင်းအနက် လေးရင်းက CC ၏ ဦးဆောင်မှုနောက် ဆက်လိုက်ပြီး ကျန် နှစ်ရင်းက သီးခြားရပ်တည်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ထိုနှစ်ခြမ်းကွဲသည့် အထဲတွင် CC ဦးဆောင်မှုနောက် မလိုက်သည့် မတူပီ တပ်ရင်းနှစ်ရင်းက CDF-Matupi (တပ်မဟာ-၁) ဟူသည့် အမည်ဖြင့် ရပ်တည်ပြီး CC နောက် ဆက်လိုက်မည့် တပ်ရင်း လေးရင်းက CDF- Matupi (တပ်မဟာ-၂) ဟူသည့် အမည်ဖြင့် သီးခြား ရပ်တည်ခဲ့သည်။ ယခု CDF- Matupi သည် တပ်မဟာ -၂ အဖြစ် စုဖွဲ့ခဲ့သည့် အစုအဖွဲ့ဖြစ်ပြီး CC ၏ ဦးဆောင်မှုနောက်ကို လိုက်လာသည့် တပ်ဖွဲ့ဖြစ်သည်။ တပ်မဟာ-၁ အစုအဖွဲ့ ဖြစ်သည့် CDF-Matupi က ICNCC ၏ နိုင်ငံရေး ဦးဆောင်မှုကို ဆက်လက်ခံထားပြီး ချင်းညီနောင် (CB)ထဲတွင် စစ်ရေးမဟာမိတ်အဖြစ် ပါဝင်လျက် ရှိသည်။ (ထိုအဖွဲ့၏ အကြောင်းကို ယခုလင့် တွင် လေ့လာနိုင်ပါသည်)
ထိုသို့ နှစ်ဖွဲ့ကွဲပြီးနောက် CDF-Matupi ဟူသည့် အမည်ကို နှစ်ဖွဲ့လုံးက ဆက်လက်သုံးစွဲနေသော်လည်း နိုင်ငံရေးနှင့် စစ်ရေး နှစ်ရပ်လုံးတွင် ဆက်ပူးပေါင်းခြင်း မရှိတော့ပေ။ တပ်ဖွဲ့ နှစ်ဖွဲ့အကြား နယ်မြေအပေါ် မူတည်၍ ပဋိပက္ခများပင် ဖြစ်ပွားမှု ရှိခဲ့သည်။ အဖွဲ့ စကွဲချိန်တွင် မြို့သိမ်းစစ်ဆင်ရေးများ၌ ပူးပေါင်းရန် ဆွေးနွေးမှုရှိခဲ့သော်လည်း မပြေလည်ခဲ့ပေ။ ၂၀၂၄ ခုနှစ် မေ ၂၆ ရက်တွင် မတူပီမြို့သိမ်းတိုက်ပွဲအတွက် CDF-Matupi နှစ်ဖွဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း ယခု CC ဦးဆောင်မှုအောက်ရှိသည့် CDF-Matupi က CB အဖွဲ့ဝင် CDF-Matupi ၏ အာရက္ခတပ်တော် (AA) နှင့် စစ်ရေးပူးတွဲလှုပ်ရှားမှုကို လက်မခံနိုင်သဖြင့် မြေပြင်၌ ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် မြေပြင်၌ နယ်မြေစိုးမိုးမှု အားပြိုင်မှုနှင့် အပြန်အလှန် ပစ်ခတ်မှုများပင် ရှိခဲ့ပြီး တင်းမာမှု ပိုကြီးထွားခဲ့သည်။
ယခု CC ၏ ဦးဆောင်မှုနောက် လိုက်နေသည့် CDF-Matupi (ယခင် CDF-Matupi တပ်မဟာ-၂)ထဲက ဒိုင်ရ်တပ်ရင်း တရင်းသည်လည်း ၂၀၂၄ ခုနှစ်တွင် ထပ်မံခွဲထွက်၍ CDF-Dai ထံတွင် ပူးပေါင်းသွားခဲ့သည်။ အဖွဲ့စကွဲချိန်၌ CDF-Matupi (တပ်မဟာ-၂) ဟူ၍ ရပ်တည်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် မေ ၃၁ ရက်တွင် CDF-Matupi ဟူ၍သာ နာမည်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ အောက်တွင် အိုင်ဒါခ်တပ်ရင်း၊ အောက်ချင်းတပ်ရင်းနှင့် ကိုင်ဆီးတပ်ရင်းဟူ၍ တပ်ရင်းသုံးရင်းဖြင့် ဆက်လည်ပတ်လျက် ရှိသည်။
CDF-Matupi သည် စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင် မတူပီမြို့နယ်၏ အုပ်ချုပ်ရေးနှင့် ဒေသတွင်းရှိ လူထုဝန်ဆောင်မှု အခန်းကဏ္ဍများ၌ တာဝန်ယူလုပ်ဆောင်ရန်အတွက်လည်း မတူပီကောင်စီထဲတွင် ဒုတိယဥက္ကဋ္ဌအနေဖြင့် ပါဝင်လျက်ရှိသည်။ မတူပီကောင်စီသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကြားကာလတော်လှန်ရေးတွင် မတူပီမြို့နယ်၏ အရေးကြီးကိစ္စများ ဆုံးဖြတ်ရန်နှင့် စုပေါင်းအုပ်ချုပ်ရန် ရည်ရွယ်ခဲ့သည်။ လက်ရှိ မတူပီကောင်စီကို အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ဌာနလေးခုဖြင့် ဖွဲ့စည်းထားသည်။ မတူပီကောင်စီသည် ချင်းလဲန်းကောင်စီ (CC) နှင့်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် မတူပီမြို့နယ်၏ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတွင် ချိတ်ဆက်ဆောင်ရွက်နေသည်။ CDF-Matupi သည် မတူပီမြို့နယ်အတွင်း တော်လှန်ရေးအင်အားမြှင့်တင်ရန်၊ တရားဥပဒေကို စောင့်ရှောက်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးရွာများတွင် တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်၍ မတူပီကောင်စီ၏ ယန္တရားတွင် တပ်ဘက်ဆိုင်ရာကဏ္ဍကနေ ပါဝင်နေခြင်း ဖြစ်သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ရန်။
၂။ ပြည်သူလူထု၏ အသက်အိုးအိမ်၊ လုံခြုံမှုနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ရန်။
၃။ မတူပီဒေသအတွင်း တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများကို ချုပ်ငြိမ်းစေပြီး ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ရန်။
CDF-Matupi ၏ နိုင်ငံရေးရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဖြစ်သည်။ ယင်းအတွက် လက်ရှိ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ လိုအပ်သလို ပြုပြင်ထပ်မံတိုးတက်အောင် လုပ်ဆောင်လိုသည်။ ထို့ပြင် ချင်းဒေသအတွင်းရှိ ချင်းလူမျိုးများအားလုံး ညီညွတ်စွာစည်းလုံးစေလိုသည့် ရည်ရွယ်ချက်ကို အဓိကထားသည်။ ချင်းလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် ညီညွတ်မှုကို တည်ဆောက်နိုင်မှသာ စစ်တပ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး လှုပ်ရှားမှုအောင်မြင်နိုင်မည်ဟု ယုံကြည်သည်။ ထိုသို့ ဖြစ်ပေါ်လာရန်အတွက် မတူပီဒေသအတွင်း တော်လှန်အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဦးတည်၍ ဘုံရန်သူကို တိုက်ထုတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်၍ ချင်းလူမျိုးများအကြား ညီညွှတ်မှုတရပ် ပေါ်ပေါက်လာရန် ရည်မှန်းသည်။
CDF-Matupi သည် တပ်ဖွဲ့တဖွဲ့အနေနှင့် စစ်ရေးအင်အားတိုးမြှင့်နိုင်ရန်သာမက နိုင်ငံရေးအဆင့်တွင်လည်း စည်းလုံးညီညွတ်မှုကို အဓိကထားသည်။ ယင်းအတွက် ချင်းလဲန်းကောင်စီ (Chinland Council) နှင့် အတူပူးပေါင်းဆောင်ရွက်သည့်အပြင် ချင်းညီနောင်အဖွဲ့ဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းညီညွတ်မှု တည်ဆောက်ရန် ရည်မှန်ထားသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF-Matupi တွင် တပ်မှူးကောင်စီသည် အာဏာအမြင့်ဆုံးဖြစ်သည်။ တပ်မှူးကောင်စီ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁။ | နိုင်ဂျွန်ကိန်း | စစ်ဦးစီးချုပ် |
| ၂။ | မသိရပါ | ဒုတိယစစ်ဦးစီးချူပ် |
| ၃။ | မသိရပါ | ဗျူဟာမှူး |
| ၄။ | မသိရပါ | တပ်ရင်းမှူး |
| ၅။ | မသိရပါ | ဒုတိယတပ်ရင်းမှူး |
တပ်ရင်း သုံးခုတွင် တပ်ရင်း တခုချင်းစီအလိုက် သက်ဆိုင်ရာ တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူးတို့က ဦးစီးဦးဆောင် ပြုလုပ်သည်။ တပ်ရင်း တရင်းစီတိုင်းတွင် စစ်ရေးလုပ်ငန်းများအတွက် ‘ဦး-ရေး-ထောက်’ စနစ်ဖြင့် တပ်ကိုဖွဲ့စည်းထားသည်။ စစ်ဆင်ရေးဌာန (ဦး) သည် စစ်ဆင်ရေးများနှင့် တိုက်ခိုက်မှုအစီအစဉ်များကို ဦးစီးဆောင်ရွက်ပြီး အုပ်ချုပ်ရေးဌာန (ရေး) သည် တပ်သားများနှင့်သက်ဆိုင်သော နေ့စဉ်စီမံခန့်ခွဲမှုများကို တာဝန်ယူသည်။ ထောက်ပံ့ရေးဌာန (ထောက်) သည် စစ်ဆင်ရေးအတွက် လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် ရိက္ခာများကို ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်သည်။ တပ်ရင်း သုံးရင်းတွင် ဖြစ်ပေါ်လာသည့် တပ်တွင်းကိစ္စရပ်များကို တပ်ရင်း တခုချင်းစီက တပ်မှူးကောင်စီထံသို့ ပြန်လည်တင်ပြရသည်။
နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် တပ်ဘက်ဆိုင်ရာ အကြီးအကဲများပါဝင်သည့် ဦးဆောင်ကောင်မတီတခုကို ဖွဲ့စည်းထားသည်။ ထိုကော်မတီ၏ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁။ | နိုင်ဂျွန်ကိန်း | စစ်ဦးစီးချုပ် |
| ၂။ | မသိရပါ | ဒုတိယစစ်ဦးစီးချူပ် |
| ၃။ | မသိရပါ | ဗျူဟာမှူး |
CDF-Matupi သည် လက်နက်ခဲယမ်း တပ်ဆင်နိုင်ရန်အတွက် ပြည်သူတို၏ ထောက်ပံ့မှုကို အဓိက အားပြုနေသည့် အဖွဲ့အစည်းဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုများအပြင် လိုအပ်သည့် ရန်ပုံငွေကို ရှာဖွေနိုင်ရန်အတွက် နိုင်ငံခြားရောက် ချင်းလူမျိုးများ ပါဝင်သည့် ထောက်ပံ့ရေးကော်မတီတခုကိုလည်း ဖွဲ့စည်းထားသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
CDF- Matupi သည် ချင်းလဲန်းကောင်စီ (CC) ၏ အဖွဲ့ဝင် ဖြစ်သည်။ CC သည် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ဖြင့် စုဖွဲ့ထားသည့် စစ်ရေးမဟာမိတ်အဖွဲ့ သည်။ လက်ရှိတွင် CDF- Matupi သည် ထို ၁၈ ဖွဲ့နှင့်အတူ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေသည်။ CC ၏ ဦးဆောင်မှုအောက်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ချင်းဒေသတွင်သာမက မြန်မာပြည်တနိုင်ငံလုံးတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်သွားရန် ရည်ရွယ်ထားသည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
CDF-Matupi သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို စစ်ရေးဦးတည်ချက်အဖြစ် ထားရှိသည်။ နိုင်ငံရေးရပ်တည်ချက်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
CDF – Matupi ကို လက်ရှိတွင် တပ်ရင်း သုံးရင်းဖြင့် ဖွဲ့စည်းထားပြီး အိုင်ဒါခ်တပ်ရင်းသည် တပ်ရင်း-၁၊ အောက်ချင်းတပ်ရင်းသည် တပ်ရင်း-၂၊ ကိုင်ဆီးတပ်ရင်းသည် တပ်ရင်း-၃ အဖြစ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်။ တပ်ရင်း-၁ နှင့် ၂ သည် မတူပီ-ဟားခါးလမ်းပိုင်းကို တာဝန်ယူ၍ တပ်ရင်း-၃ သည် ပလက်ဝ-လိုင်လင်းပီ လမ်းမကို တာဝန်ယူ လှုပ်ရှားလျက်ရှိသည်။
