သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်။
ဌာနချုပ် – မတူပီမြို့နယ်။
လှုပ်ရှားဒေသ – မတူပီမြို့နယ်၊ ချင်းညီနောင်လှုပ်ရှားဒေသ (တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်)။
ခန့်မှန်းအင်အား – ၅၀၀ နှင့်အထက်။
ခေါင်းဆောင် – ဆလိုင်းထန်ကစ်လျန် (ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်)။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအလွန်တွင် ချင်းပြည်နယ်အတွင်း အသစ်စုဖွဲ့တည်ထောင်ကြသည့် တော်လှန်ရေးတပ်ဖွဲ့များထဲတွင် မျိုးနွယ်စုအခြေပြုခြင်း၊ မျိုးနွယ်စု၏ဒေသကို အခြေပြုခြင်းနှင့် မြို့နယ်ကို အခြေပြုခြင်းဟူ၍ စုဖွဲ့မှု ပုံသဏ္ဌာန် အသီးသီးဖြင့် တပ်ဖွဲ့များ တည်ထောင်ခဲ့ကြသည်။ ထိုအထဲတွင် CDF-Matupi သည် မြို့နယ်ကို အခြေပြုကာ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းစတွင် မတူပီမြို့နယ်အတွင်း၌ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း များ ဖွဲ့စည်းပေါ်ပေါက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြနေသည့်လူထု၏ လုံခြုံရေးကို ကာကွယ်ရန်ဟူ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြို့ခံလူငယ်များ စုစည်းကာ မတူပီလုံခြုံရေးအဖွဲ့ (Matupi Security Team-MST) ကို ဖွဲ့စည်းခဲ့သည်။ မတူပီမြို့ပေါ် ရပ်ကွက်လေးခုက ရပ်ကွက်တခုလျှင် ကိုယ်စားလှယ်နှစ်ဦးစီ အချိုးကျဖြင့် စုစုပေါင်း ရှစ်ဦးပါဝင်ကာ MST ကို ဦးဆောင်ခဲ့သည်။ MST ထဲတွင် အဖွဲ့ဝင်များအဖြစ် သပိတ်ခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ CDM ဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခဲ့သည်။
ဖေဖော်ဝါရီနှောင်းပိုင်းတွင် စစ်ကောင်စီက ဆန္ဒပြလူထုကို အကြမ်းဖက်ဖြိုခွင်းခြင်းများ စတင်ပြုလုပ်လာရာ မြို့ပေါ်ဆန္ဒပြသပိတ်များလည်း ပြိုကွဲပြီး MST အဖွဲ့ဝင်များက လက်နက်ကိုင်၍ ပြန်တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် MST ကို Matupi Revolutionary Force (MRF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။ စဖွဲ့စည်းချိန်တွင် MRF ၌ ဒေသတွင်း အမဲလိုက်ရာတွင် သုံးသည့် တူမီးနှင့် လေးခွတို့သာ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်တွင် MRF ကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) အဖြစ် ထပ်မံပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ CDF-Matupi ပြန်လည်ဖွဲ့စည်းပြီးနောက် အပတ်စဥ်-၁ နှင့် ၂ ၏ အခြေခံစစ်ပညာကို ချင်းအမျိုးသားတပ်မတော် (CNF/CNA) ထံတွင် သင်ယူခဲ့သည်။ ထိုသို့ဖြင့် အဖွဲ့အစည်းတခုအဖြစ် ထူထူထောင်ထောင်ဖြစ်လာခဲ့ပြီး ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် အဖွဲ့အစည်းမူဝါဒများ ချမှတ်နိုင်ရေးအတွက် ကျင်းပသည့် CDF-Matupi ၏ ပထမအကြိမ် ညီလာခံကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ နှင့် ၂၅ ရက်တို့တွင် ကျင်းပခဲ့သည်။
ထို့ပြင် CDF-Matupi သည် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ နိုင်ငံရေး ဦးဆောင်မှုကို လိုက်နာမည်ဟူ၍လည်း လက်ခံထားသည်။ ICNCC သည် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ချိတ်ဆက်ထားသည့် အဖွဲ့ဖြစ်သည်။ စစ်ရေးဘက်တွင်လည်း ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ စုပေါင်းကာ စစ်ရေးမဟာမိတ်ဖြစ်သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။ CJDC ထဲတွင် CDF-Matupi လည်း ပါဝင်ခဲ့ပြီး ထိုစစ်ရေးမဟာမိတ်သည် စစ်ကောင်စီကို ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
ကနဦးကာလတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် ICNCC ၏ နိုင်ငံရေးဦးဆောင်မှုနောက်ကို လိုက်မည်ဟု လက်ခံထားကြသော်လည်း ၂၀၂၃ ခုနှစ်တွင် အခြေအနေများ ပြောင်းလဲလာခဲ့သည်။ ICNCC ထဲက ချင်းအမျိုးသားတပ်ဦး (CNF)နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တခုရေးဆွဲပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချင်းပြည်ကောင်စီ (CC) ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုအခြေခံဥပဒေ ပုဒ်မ-၉၆ အရ CC သည် ICNCC ၏ လုပ်ငန်းတာဝန်များကို လွဲပြောင်းယူသည်ဟူ၍လည်း ရေးသားထားသည်။ ချင်းပြည်ကောင်စီ (CC) သည် ယင်း၏အောက်တွင် စစ်ရေးလှုပ်ရှားရန် ကာကွယ်ရေးဌာနတခုထားရှိပြီး ယခင်စစ်ရေးမဟာမိတ် စည်းနှောင်မှုဖြစ်သည့် CJDC ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။ မူရင်း CJDC စုဖွဲ့မှု ၁၈ ဖွဲ့ အနက် ၁၃ ဖွဲ့က CC စုဖွဲ့မှုနောက်သို့ လိုက်ခဲ့သည်။ CJDC ထဲတွင် မပါဝင်ခဲ့သည့် နှစ်ဖွဲ့ကလည်း CC ထဲ ပါဝင်လာခဲ့သည်။ ယခင် CJDC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် CDF-Matupi အပါအဝင် ကျန်ငါးဖွဲ့က CC စုဖွဲ့မှုနောက်သို့ မလိုက်ပါခဲ့ပေ။
ထိုအချိန်တွင် CDF-Matupi ၌ CC ၏ ကာကွယ်ရေးဌာနကို လက်ခံသည့် အစုအဖွဲ့နှင့် လက်မခံသည့် အစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားသည်။ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အဖွဲ့အစည်းအတွင်း၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ကနေ ၂၅ ရက်အထိ တတိယအကြိမ် ညီလာခံခေါ်ယူပြီး CDF-Matupi ကို ယခင် တပ်ရင်းများဖြင့် ဖွဲ့စည်းထားရာကနေ တပ်မဟာ-၁ နှင့် ၂ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ တပ်မဟာ-၁ သည် သီးသန့်ရပ်တည်ပြီး တပ်မဟာ-၂ သည် CC ၏ ဦးဆောင်မှုနောက်သို့ လိုက်ခဲ့သည်။ ထို့နောက် တပ်မဟာ-၁ သည် စစ်ရေးမဟာမိတ်အသစ်ဖြစ်သည့် ချင်းညီနောင် (CB) ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ထိုသို့ နှစ်ဖွဲ့ကွဲသွားသည့် တပ်မဟာ-၁ နှင့် ၂ သည် CDF-Matupi ဟူသည့် အမည်တခုတည်းကို ဆက်အသုံးပြုခဲ့သော်လည်း စစ်ရေး-နိုင်ငံရေးများတွင် ပူးပေါင်းခြင်း မရှိတော့ဘဲ သီးခြားစီအနေဖြင့် ရပ်တည်လိုက်ကြခြင်း ဖြစ်သည်။ ကွဲသွားသည့် CDF-Matupi အဖွဲ့နှစ်ခုအကြား အပြန်အလှန် ပစ်ခတ်မှုများနှင့် စစ်ရေးပဋိပက္ခများလည်း ရှိခဲ့သည်။
CDF-Matupi တပ်မဟာ (၁) သည် မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းကြီးများဖြစ်သည့် ခလရ-၁၄၀၊ ခမရ-၃၀၄ နှင့် မတူပီအခြေစိုက်ဗျူဟာတို့ကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်တွင် မတူပီမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင် မတူပီမြို့၏ အုပ်ချုပ်ရေးကို ၎င်းတို့က တာဝန်ယူထားသည်။ CDF-Matupi တပ်မဟာ-၁ သည် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်ကနေ ၃ ရက်အတွင်း စတုတ္ထအကြိမ် ညီလာခံကျင်းပခဲ့ပြီး ထိုညီလာခံတွင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ ( CDF- Matupi) တပ်မဟာ-၁ ကို ချင်းပြည်နှင့် ချင်းလူမျိုး နှစ်ရပ်လုံးကို ကိုယ်စားပြုသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF- Matupi) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
CDF-Matupi ၏ စစ်ရေးဦးဆောင်မှုစနစ်ကိုလည်း တပ်မဟာမှူးဦးဆောင်သောစနစ်မှ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးများဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့ပြင် မတူပီမြို့နယ်အတွင်း ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများကို စုစည်းပြီး နိုင်ငံရေးဦးဆောင်ဦးရွက်ပြုရန် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO) ကို ထပ်မံဖွဲ့စည်းခဲ့သည်။ MRO ကို ဘဏ္ဍာရေး၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ ပြည်သူ့ဆက်ဆံရေးမှူး၊ ကုန်သွယ်ရေး၊ မြို့နယ်ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ရေးဌာန ဟူ၍ ဌာန ရှစ်ခုဖြင့် ဖွဲ့စည်းထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
မတူပီတော်လှန်ရေးအဖွဲ့ချုပ်၏ ရည်ရွယ်ချက် လေးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေး။
၂။ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေး။
၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး။
၄။ ချင်းလဲန်းအတွင်း ဖွဲ့စည်းမည့် ကာကွယ်ရေးနှင့် လုံခြုံရေး အခန်းကဏ္ဍတွင် ပါဝင်နိုင်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဆလိုင်းထန်ကစ်လျန် | ဥက္ကဋ္ဌ |
၂ | ဆလိုင်းအားရွန် | ဒုတိယဥက္ကဋ္ဌ |
၃ | ဆလိုင်းဘွေအုပ် | အထွေထွေအတွင်းရေးမှူး |
၄ | ဆလိုင်းဟောရှေ | တွဲဖက်အထွေထွေအတွင်းရေးမှူး |
၅ | ဆလိုင်းကျုံးထန် | ဘဏ္ဍာရေးမှူး |
၆ | ဆလိုင်းအပိန် | ပြည်သူ့လုံခြုံရေးမှူး (ရဲအုပ်) |
၇ | ဆလိုင်းရန်လင်းဖြိုး | မဟာမိတ်ဆက်ဆံရေးမှူး |
၈ | ဆလိုင်းယိုဟစ် | ပြည်သူ့ဆက်ဆံရေးမှူး |
၉ | ဆလိုင်းဂျွန်ဝီစလီ | ကုန်သွယ်ရေးမှူး |
၁၀ | ဒေါက်တာရီချက် | မြို့နယ်ကျန်းမာရေးတာဝန်ခံ |
၁၁ | ဆလိုင်းကိုစီ | လူသားချင်းစာနာထောက်ရေးတာဝန်ခံ |
ချင်းကာကွယ်ရေးတပ်မတူပီ (CDF-Matupi)
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဆလိုင်းထန်ကစ်လျန် | စစ်ဦးစီးချုပ် |
၂ | ဆလိုင်းအားရွန် | ဒုတိယစစ်ဦးစီးချုပ် |
၃ | ဆလိုင်းစတီဗင်ဗတူး | စစ်ဒေသမှူး |
၄ | ဆလိုင်းပါဘိတ် | ဗျူဟာမှူး |
MRO/ CDF-Matupi ကို ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် သို့မဟုတ် အရာရှိကောင်စီဝင်များ၊ အလုပ်မှုဆောင်ကော်မတီ (EC) နှင့် ဗဟိုကော်မတီဟူသည့် အစုအဖွဲ့ သုံးခုဖြင့် လည်ပတ်သည်။ ညီလာခံကို တနှစ်တကြိမ်ကျင်းပပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် သို့မဟုတ် အရာရှိကောင်စီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်သည်။ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တွင် ဥက္ကဋ္ဌ/စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌ/ ဒုတိယစစ်ဦးစီးချုပ်၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စစ်ဒေသမှူး၊ ဗျူဟာမှူး တို့ပါဝင်သည်။ အလုပ်မှုဆောင်ကော်မတီ(EC)က အမြင့်ဆုံးအာဏာရှိပြီး ဥက္ကဋ္ဌကနေ ဌာနမှူးများ၊ တပ်ရင်းမှူးများထိ ပါဝင်သည်။ ဗဟိုကော်မတီသည် မူဝါဒရေးဆွဲရာတွင်လည်းကောင်း အကြံပေးရာတွင်လည်းကောင်း ပါဝင်ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ်ရှိသည်။
စုဖွဲ့မှု
CDF-Matupi သည် စစ်ရေးမဟာမိတ်ဖြစ်သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
လက်ရှိတွင် စစ်ရေးမဟာမိတ်တခုဖြစ်သည့် ချင်းညီနောင် (CB) ၏ အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။ CB တွင် CDF-Matupi အပြင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (MRLC/CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) နှင့် ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် (CDF-Kanpetlet) တို့ ပါဝင်ဖွဲ့စည်းထားပြီး ထိုမဟာမိတ်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF-Matupi သည် ၂၀၂၄ ခုနှစ် မတ် ၆ ရက်တွင် CB ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
‘ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေး’ သည် CDF-Matupi ၏ စစ်ရေးရပ်တည်ချက်ဖြစ်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးသည် နိုင်ငံရေးရပ်တည်ချက်ဖြစ်သည်။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။ CDF-Matupiကို တပ်ရင်းများဖြင့် ဖွဲ့စည်းထားပြီး တပ်ရင်းများကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=61556777472635