သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မတ် ၅ ရက်။
ဌာနချုပ် – ကန်ပက်လက်မြို့နယ်။
လှုပ်ရှားဒေသ – ချင်းပြည်နယ် ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်၊ မကွေးတိုင်း ဆော၊ ကျောက်ထုနှင့် လောင်းရှည်မြို့နယ်။
ခန့်မှန်းအင်အား – ၅၀၀ နှင့် အထက်။
ခေါင်းဆောင် – ဆလိုင်းအောင်လိန်း (စစ်ဦးစီးချုပ်)။
CDF ကန်ပက်လက်သည် စစ်အာဏာသိမ်းမှုအလွန်ကာလတွင် ပေါ်ပေါက်လာသည့် မြို့နယ်အခြေပြု တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည်။ ကန်ပက်လက်မြို့နယ်တွင်း ဒေသခံများသည် ကနဦးတွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြ၍ ဆန့်ကျင်ခဲ့ပြီး ဆန့်ကျင်မှု အရှိန်မြင့်လာချိန်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများကို အစားထိုးရန် ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှစ၍ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်တရပ်ဖြစ်သည့် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့ခဲ့သည်။ ထိုအဖွဲ့တွင် ရွေးကောက်ခံကိုယ်စားလှယ် သုံးဦး၊ မြို့မိမြို့ဖ ၁၁ ဦး၊ CDM ဝန်ထမ်းကိုယ်စားပြုသူ နှစ်ဦး နှင့် ကျောင်းသားလူငယ်ကိုယ်စားပြုသူ ခုနစ်ဦး စုစုပေါင်း ၂၃ ဦး ပါဝင်သည်။ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့မနယ်မြေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အမှတ်-၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒါးရင်ဒူးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဥူးပူးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒိုင်ရ်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဟူ၍ နယ်မြေငါးခုခွဲ၍ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ခဲ့သည်။
၂၀၂၁ ခုနှစ် မတ် ၅ ရက်တွင် ကန်ပက်လက်မြို့နယ် လုံခြုံရေးအဖွဲ့ကို ထပ်ဖွဲ့စည်းခဲ့သည်။ ထိုလုံခြုံရေးအဖွဲ့မှ လူငယ်များ ချင်းအမျိုးသားတပ်မတော်(CNA)ထံတွင် စစ်ပညာသင်ယူပြီးနောက် CDF – Kanpetlet အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၃ တွင် ချင်းပြည်နယ်တခုလုံးကို ကိုယ်စားပြုသည့် ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ပေါ်ပေါက်လာခဲ့ပြီး CDF-Kanpetlet သည်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ CDF-Kanpetlet ၏ ပထမဆုံး တိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ် မေ ၁၃ ရက်က ဖြစ်ပြီး စစ်ကောင်စီက ဆန္ဒပြနေသည့် ဒေသခံများကို အင်အားသုံးဖြိုခွင်းရာမှ ပြန်လည်ပစ်ခတ်ကြခြင်း ဖြစ်သည်။ ထိုနေ့ကို CDF-Kanpetlet ၏ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၂၁ခုနှစ် သြဂုတ် ၇ ရက် မှ ၉ ရက်အတွင်း CDF – Kanpetlet အဖွဲ့အစည်း၏ အဆင့်ဆင့် ခေါင်းဆောင်မှုရှိသူများနှင့် မြို့နယ်အတွင်းရှိ မျိုးနွယ်စု ငါးစု၏ ခေါင်းဆောင်များ ပူးပေါင်းကာ မရွှီညီလာခံတရပ် ပြုလုပ်ခဲ့သည်။ ညီလာခံ တတ်ရောက်သူဦးရေ ၆၀ ဦးနှင့် အထက်ရှိခဲ့သည်။ ထိုညီလာခံတွင် CDF Kanpetlet ၏ တပ်မဟာမှူး၊ တပ်မဟာ (၁) ၏ တပ်မဟာမှူး နှင့် တပ်မဟာ (၂)၏ တပ်မဟာမှူး တို့ကို မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ပြီး CDF Kanpetlet တပ်ရင်း ခြောက်ရင်းကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဒုတိယအကြိမ်ညီလာခံ ထပ်မံကျင်းပပြီး ဒေသတွင်းမျိုးနွယ်စု ငါးစုကို ကိုယ်စားပြုသည့် ခေါင်းဆောင်များကို အုပ်ချုပ်ရေးပိုင်း၌ ထည့်သွင်း၍ အုပ်ချုပ်ရေးပိုင်းကဏ္ဍများ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ချင်းခုခံတော်လှန်ရေးတပ်များက စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ စုစည်းပြီး ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ဖွဲ့စည်းရာ CDF-Kanpetlet ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်လာရခြင်းနှင့် ကန်ပက်လက်မြို့နယ်၏ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်ထိန်းကျောင်းရန် နိုင်ငံရေးစင်္ကြံတခု လိုအပ်လာသည့်အတွက် ဒုတိယအကြိမ် မြို့နယ်ညီလာခံခေါ်ယူကာ ကန်ပက်လက်မြို့နယ်ကောင်စီကို ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ် မြို့နယ်ညီလာခံတွင် CDF ကန်ပက်လက် တပ်မဟာ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စုငါးခုမှ ကိုယ်စားလှယ် နှစ်ဦးနှုန်းဖြင့် ၁၀ဦး၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် မြို့မိမြို့ဖများ ပါဝင်ခဲ့သည်။ မြို့နယ်ကောင်စီအောက်တွင် ကာကွယ်ရေးဌာန၊ တရားစီရင်ရေးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ CDM ရေးရာဌာန၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ သတင်းအချက်အလက်နှင့် မှတ်တမ်းဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနနှင့် ပြည်သူ့ရဲဌာန ဟူသည့် ဌာန ၁၁ ခုကို ဖွဲ့စည်းလည်ပတ်နေသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံရေးဦးဆောင်မှု အဖွဲ့ဖြစ်သည့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ထဲတွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကိုရေးဆွဲပြီး ချင်းပြည်ကောင်စီ (CC)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ရန် ချင်းပြည်ကောင်စီ(CC)က ၎င်း၏အောက်တွင် ကာကွယ်ရေးဌာန တခုဖွဲ့စည်းကာ ယခင်စစ်ရေးမဟာမိတ်စည်းနှောင်မှုဖြစ်သည့် ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
CDF-Kanpetlet သည် ICNCC နှင့်သာ နိုင်ငံရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ချင်းပြည်ကောင်စီနှင့် အသစ်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံကို လက်မခံနိုင်ကြောင်း ကြေညာထားသည်။ သို့သော် CDF-Kanpetlet၏ တပ်ရင်းခုနစ်ခုအနက် အမှတ်-၄ တပ်ရင်း (Kkei Shing)နှင့် အမှတ်-၇ တပ်ရင်း (Wolf)တို့သည် အသစ်ပေါ်ပေါက်လာသည့် ချင်းပြည်ကောင်စီ(CC)နှင့် ပူးတွဲဆောင်ရွက်မည်ဟုဆိုကာ ခွဲထွက်ခဲ့သည်။ အမှတ် – ၄ တပ်ရင်း (Kkei Shing ) သည် ဒိုင်ရ်ဒေသန္တရကောင်စီ (DRC)၏ ဦးဆောင်မှုအောက်တွင် ရှိသော CDF – Daai အဖြစ် ပူးပေါင်းရပ်တည်မည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် ဇူလိုင် ၁၇တွင် ထုတ်ပြန်ကြေညာထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ လမ်းစဥ်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစောင့်ထိန်းရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား ခိုင်ခံ့တည်မြဲစေရန် ပြည်သူ့အကျိုးကို အစဥ်အမြဲ ရှေးရှုရပ်တည်သွားမည်။
၂။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးမငဲ့ဘဲ အသက်ပေးကာကွယ် စောင့်ရှာက်သွားမည်။
၃။ သမာအာဇီဝ ပြည့်ဝရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အခြေခံပြီး ပြည်သူလူထုအား ဆွေမျိုးရင်းချာသဖွယ် ပြုစုစောင့်ရှောက်သွားမည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ အခြေခံမူ လေးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ကန်ပက်လက်မြို့နယ်အတွင်းရှိ မျိုးနွယ်စုအားလုံးသည် အခြားသောလူမျိုးနွယ်စုများနည်းတူ ကိုယ်ပိုင်ကံကြမ္မာဖန်တီးခွင့် ရရှိရမည်။
၂။ ကန်ပက်လက်မြို့နယ်၏ ကိုယ်ပိုင်အချုပ်အာဏာအရ မိမိပိုင်နက်နယ်မြေအား ကာကွယ်စောင့်ရှောက်ရမည်။
၃။ ကန်ပက်လက်မြို့နယ်ပြည်သူလူထု၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ရမည်။
၄။ ကန်ပက်လက်မြို့နယ်အတွင်း လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်နှင့် လိင်စိတ်ကွဲပြားမှုအပေါ် မည်သည့် ခွဲခြားဆက်ဆံမှုမျိုးမျှ မရှိစေရေး ဆောင်ရွက်ရမည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ နိုင်ငံရေးပန်းတိုင် နှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ချင်းတမျိုးသားလုံး၏ မွေးရာပါရပိုင်ခွင့်၊ အခွင့်အရေးနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်များ အပြည့်အဝရရှိရန်။
၂။ တရားမျှတသော ပြည်ထောင်စုနိုင်ငံတော်တရပ် ပေါ်ပေါက်လာရေးအတွက် ညီနောင်မဟာမိတ်များနှင့်အတူ အေးအတူပူအမျှ ပူးပေါင်းဆောင်သွားရန်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ သစ္စာငါးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ငါတို့သည် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးထိပ်ထား ဆောင်ရွက်ပါမည်။
၂။ ငါတို့သည် အာဇာနည်သူရဲကောင်းများအပေါ် သစ္စာစောင့်တည်ပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်သွားပါမည်။
၄။ ငါတို့သည် CDF-Kanpetlet မှ ပေးအပ်လာသော အမိန့်နှင့် တာဝန်များအား ကျေပွန်စွာထမ်းဆောင်ပါမည်။
၅။ ငါတို့သည် CDF – Kanpetlet ၏ နိုင်ငံရေးပန်းတိုင်အား အကောင်အထည်ဖော်ဆောင်ရန် အသက်ကိုပဓာနမထားဘဲ အရိုးကြေကြေအရေခန်းခန်း တိုက်ပွဲဝင်သွားပါမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF-Kanpetlet ၏ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဥ် | အမည် | ရာထူး/တာဝန် |
၁။ | ဆလိုင်းအောင်လိန်း | စစ်ဦးစီးချုပ် |
၂။ | ဆလိုင်းမနားနိုင်း | ဒုတိယစစ်ဦးစီးချုပ် |
၃။ | မသိရပါ။ | အမှတ်-၁ ဗျူဟာမှူး |
၄။ | မသိရပါ။ | အမှတ်-၂ ဗျူဟာမှူး |
၅။ | ဆလိုင်းဟာတမ် | အမှတ်-၁၊ Victoria တပ်ရင်းမှူး |
၆။ | ဆလိုင်းဘူမောင်း | အမှတ်-၂၊ Vakok ဒုတပ်ရင်းမှူး |
၇။ | ဦးလိန်းကီး | အမှတ်-၃၊ Tumee တပ်ရင်းမှူး |
၈။ | မသိရပါ။ | အမှတ်-၄၊ Kkei Shing တပ်ရင်းမှူး |
၉။ | ဦးလိန်းကွီး | အမှတ်-၅၊ Khonu တပ်ရင်းမှူး |
၁၀။ | ဆလိုင်းရွှေဟန်ထွန်း | အမှတ်-၆၊ Mahuya တပ်ရင်းမှူး |
စုဖွဲ့မှု
ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။ ချင်းညီနောင်တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်(မင်းတပ်)(CNC/CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) (CDF-Kanpetlet)နှင့် ချင်းပြည်ကာကွယ်ရေးတပ် (မတူပီ) (CDF-Kanpetlet) တပ်မဟာ-၁ တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းသည်။
CDF-Kanpetlet သည် ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) သည် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ချင်းခုခံတော်လှန်ရေးတပ်ဖြစ်ပြီး အာဏာသိမ်းကာလ နိုင်ငံရေးရပ်တည်ချက်မှာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။
အာဏာသိမ်းကာလ စစ်ရေးရပ်တည်ချက်မှာ တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပန်းတိုင်အောင်မြင်သည်အထိ တိုက်ပွဲဝင်ရေးဖြစ်သည်။
တပ်မဟာများ
CDF – Kanpetlet တွင် အမှတ်-၁ နှင့် အမှတ်-၂ ဗျူဟာဟူ၍ ဗျူဟာနှစ်ခု ရှိပြီး ထိုဗျူဟာနှစ်ခု၏အောက်တွင် တပ်ရင်းခြောက်ခု ဖွဲ့စည်းထားသည်။
ထိုတပ်ရင်းများသည် အမှတ်-၁ တပ်ရင်း (Victoria)၊ အမှတ်-၂ တပ်ရင်း (Vakok)၊ အမှတ်-၃ တပ်ရင်း (Tumee)၊ အမှတ်-၄ တပ်ရင်း (Kkei Shing)၊ အမှတ်-၅ တပ်ရင်း (Khonu)နှင့် အမှတ်-၆ တပ်ရင်း (Mahuya) တို့ ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/chinDefenceforce