သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မတ် ၅ ရက်။
ဌာနချုပ် – ကန်ပက်လက်မြို့နယ်။
လှုပ်ရှားဒေသ – ချင်းပြည်နယ် ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်၊ မကွေးတိုင်း ဆော၊ ကျောက်ထုနှင့် လောင်းရှည်မြို့နယ်။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့် အထက်။
ခေါင်းဆောင် – ဆလိုင်းထွန်းလိန်းထန်း (တပ်မဟာမှူး)။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကို ကန်ပက်လက်မြို့နယ်ပြည်သူလူထုက အာဏာသိမ်းမှုကိုလက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ စစ်အာဏာသိမ်းမှုဖီဆန်ရေးတွင် တစုတစည်းတည်းဖြစ်စေရန် ကန်ပက်လက်မြို့နယ် သပိတ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်အာဏာသိမ်းမှုဖီဆန်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဥ်တရပ်ဖြစ်သည့် ကန်ပက်လက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုအုပ်ချုပ်ရေးအဖွဲ့တွင် ကန်ပက်လက်မြို့နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ မြို့မိမြို့ဖ ၁၁ ဦး၊ CDM ဝန်ထမ်းကိုယ်စားပြုသူ နှစ်ဦးနှင့် ကျောင်းသားလူငယ်ကိုယ်စားပြုသူ ခုနစ်ဦး စုစုပေါင်း ၂၃ ဦး ပါဝင်သည်။ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့မနယ်မြေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အမှတ်-၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒါးရင်ဒူးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဥူးပူးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒိုင်ရ်ဒေသ အုပ်ချုပ်ရေးအဖွဲ့ဟူ၍ နယ်မြေငါးခုခွဲ၍ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်သည်။
ဆန္ဒပြနေသည့်လူထုကို လုံခြုံရေးပေးရန် သပိတ်ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ၊ ကျောင်းသား လူငယ်များ၊ မြို့မိမြို့ဖများစုပေါင်း၍ ကန်ပက်လက်မြို့နယ်လုံခြုံရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မတ် ၅ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ထိုလုံခြုံရေးအဖွဲ့မှ လူငယ်များသည် ချင်းအမျိုးသားတပ်မတော်(CNA)ထံတွင် စစ်ပညာသင်ယူကာ CDF – Kanpetlet အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီ ၁၃ တွင် ချင်းပြည်နယ်တခုလုံးကို ကိုယ်စားပြုသည့် ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ပေါ်ပေါက်လာခဲ့သည်။ ICNCC တွင် CDF-Kanpetlet သည်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မေ ၁၃ ရက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကန်ပက်လက်ဒေသခံများကို စစ်ကောင်စီဘက်က အင်အားသုံးဖြိုခွင်းခဲ့ရာ CDF-Kanpetletသည် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့သည်။ ထိုနေ့ကို CDF-Kanpetlet ၏ တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
၂၀၂၁ခုနှစ် သြဂုတ် ၇ ရက် မှ ၉ ရက်အတွင်း CDF – Kanpetlet အဖွဲ့အစည်း၏ အဆင့်ဆင့် ခေါင်းဆောင်မှုရှိသူများနှင့် မြို့နယ်အတွင်းရှိ မျိုးနွယ်စု ငါးစု၏ ခေါင်းဆောင်များ ပူးပေါင်းကာ မရွှီညီလာခံတရပ် ပြုလုပ်ခဲ့သည်။ ညီလာခံ တတ်ရောက်သူဦးရေ ၆၀ ဦးနှင့် အထက်ရှိခဲ့သည်။ ထိုညီလာခံတွင် CDF Kanpetlet ၏ တပ်မဟာမှူး၊ တပ်မဟာ (၁) ၏ တပ်မဟာမှူး နှင့် တပ်မဟာ (၂)၏ တပ်မဟာမှူး တို့ကို မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ပြီး CDF Kanpetlet တပ်ရင်း ခြောက်ရင်းကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဒုတိယအကြိမ်ညီလာခံ ထပ်မံကျင်းပပြီး မတ်လကတည်းက ဖွဲ့စည်းထားသည့် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ယခင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့သဖြင့် မျိုးနွယ်စုငါးစု ခေါင်းဆောင်များ ကိုယ်စားပြုမှု မပါဝင်ခဲ့ခြင်းဟူသည့် အချက်ကို အကြောင်းပြု၍ ပြန်လည် ဖွဲ့စည်းခြင်းဖြစ်သည်။ ပြန်ဖွဲ့စည်းသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် မျိုးနွယ်စု ငါးစုမှ ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့နယ်၏ အုပ်ချုပ်ရေးမှူးကိုပါ အသစ်ရွေးချယ်ခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ချင်းခုခံတော်လှန်ရေးတပ်များက စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ စုစည်းပြီး ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ဖွဲ့စည်းရာ CDF-Kanpetlet ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်လာရခြင်းနှင့် ကန်ပက်လက်မြို့နယ်၏ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည်ထိန်းကျောင်းရန် နိုင်ငံရေးစင်္ကြံတခု လိုအပ်လာသည့်အတွက် မြို့နယ်ညီလာခံခေါ်ယူကာ ကန်ပက်လက်မြို့နယ်ကောင်စီကို ၂၀၂၃ ခုနှစ် မတ် ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ မြို့နယ်ညီလာခံတွင် CDF ကန်ပက်လက် တပ်မဟာ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စုငါးခုမှ ကိုယ်စားလှယ် နှစ်ဦးနှုန်းဖြင့် ၁၀ဦး၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် မြို့မိမြို့ဖများ ပါဝင်ခဲ့သည်။ မြို့နယ်ကောင်စီအောက်တွင် ကာကွယ်ရေးဌာန၊ တရားစီရင်ရေးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ CDM ရေးရာဌာန၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ သတင်းအချက်အလက်နှင့်မှတ်တမ်းဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနနှင့် ပြည်သူ့ရဲဌာန ဟူသည့် ဌာန ၁၁ ခုကို ဖွဲ့စည်းလည်ပတ်နေသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံရေးဦးဆောင်မှု အဖွဲ့ဖြစ်သည့် ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ထဲတွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတခုကိုရေးဆွဲပြီး ချင်းပြည်ကောင်စီ (CC)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ရန် ချင်းပြည်ကောင်စီ(CC)က ၎င်း၏အောက်တွင် ကာကွယ်ရေးဌာန တခုဖွဲ့စည်းကာ ယခင်စစ်ရေးမဟာမိတ်စည်းနှောင်မှုဖြစ်သည့် ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
CDF-Kanpetlet သည် ICNCC နှင့်သာ နိုင်ငံရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ချင်းပြည်ကောင်စီနှင့် အသစ်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံကို လက်မခံနိုင်ကြောင်း ကြေညာထားသည်။ သို့သော် CDF-Kanpetlet၏ တပ်ရင်းခုနစ်ခုအနက် အမှတ်-၄ တပ်ရင်း (Kkei Shing)နှင့် အမှတ်-၇ တပ်ရင်း (Wolf)တို့သည် အသစ်ပေါ်ပေါက်လာသည့် ချင်းပြည်ကောင်စီ(CC)နှင့် ပူးတွဲဆောင်ရွက်မည်ဟုဆိုကာ ခွဲထွက်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ချင်းတမျိုးသားလုံး၏ မွေးရာပါရပိုင်ခွင့်၊ အခွင့်အရေးနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တရားစီရင်ပိုင်ခွင့်များ အပြည့်အဝရရှိရေးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ နိုင်ငံရေးပန်းတိုင်ဖြစ်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ လမ်းစဥ်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ တည်ငြိမ်အေးချမ်းခြင်း၊ တရားမျှတခြင်းစသည့် ပြည်သူ့အကျိုးကိုသာ အစဥ်ရှေးရှုသည့် ချင်းကာကွယ်ရေးတပ်ဦးအဖြစ် ချင်းပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်။
၂။ ကိုယ်ကျိုးမငဲ့ဘဲ ချင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အသက်ပေးကာကွယ် စောင့်ရှာက်သွားမည်။
၃။ ပါတီနိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိဘဲ စစ်အာဏာရှင်အကြမ်းဖက်စစ်အုပ်စု ကျရှုံးရေးအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်၍ဆောင်ရွက်သွားမည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ အခြေခံမူ ခုနစ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၂။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်၏ အရပ်သားအစိုးရမှ ပေးအပ်လာသောအမိန့်တာဝန်များကို ထမ်းဆောင်ရန်။
၃။ ချင်းပြည်နယ်အတွင်းရှိ ပြည်သူလူထုအားလုံးအား ကာကွယ်စောင့်ရှောက်မှုပေးရန်။
၄။ ချင်းလူထု၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ရန်။
၅။ နိုင်ငံရေးပါတီ သို့မဟုတ် အစုအဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်တဦးဦး၏ သြဇာခံဖြစ်ခြင်းမှ ကင်းလွတ်ရန်။
၆။ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားများ၏ ကိုယ်ကျင့်တရားကောင်းမွန်ရေးကို အခြေခံသော စံတန်ဖိုးထားမှုများနှင့် ကျင့်ဝတ်များအား တိကျစွာလိုက်နာကျင့်သုံးရန်။
၇။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်နှင့် လိင်စိတ်ကွဲပြားမှုအပေါ် မည်သည့် ခွဲခြားဆက်ဆံမှုမျိုးမဆို ဆန့်ကျင့်ရန်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၏ သစ္စာငါးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ငါတို့သည် ပြည်နယ်နှင့် ပြည်နယ်သူ/ပြည်နယ်သားတို့အပေါ် သစ္စာစောင့်သိပါမည်။
၂။ ငါတို့သည် အထက်မှပေးအပ်လာသော အမိန့်နှင့် တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ပါမည်။
၃။ ငါတို့သည် ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားတို့အား အသက်ပေးကာကွယ် စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် တပ်ဦး၏ နိုင်ငံရေးပန်းတိုင်အား အသက်ကို ပဓာနမထားဘဲ အကောင်အထည်ဖော် ဆောင်ရွက်ပါမည်။
၅။ ငါတို့သည် အကြမ်းဖက်စစ်အုပ်စုကျရှုံးပြီး တပ်ဦး၏ နိုင်ငံရေးပန်းတိုင် အောင်မြင်သည်အထိ အရိုးကျေကျေ အရေခမ်းခမ်း တိုက်ပွဲဝင်သွားပါမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF-Kanpetlet ၏ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဥ် | အမည် | ရာထူး/တာဝန် |
၁။ | ဆလိုင်းထွန်းလိန်းထန်း | တပ်မဟာမှူး |
၂။ | မသိရပါ။ | အမှတ်-၁ ဗျူဟာမှူး |
၃။ | မသိရပါ။ | အမှတ်-၂ ဗျူဟာမှူး |
၄။ | ဆလိုင်းဟာတမ် | အမှတ်-၁၊ Victoria တပ်ရင်းမှူး |
၅။ | ဆလိုင်းနိုင်းထင် | အမှတ်-၂၊ Vakok တပ်ရင်းမှူး |
၆။ | ဦးလိန်းကီး | အမှတ်-၃၊ Tumee တပ်ရင်းမှူး |
၇။ | ဦးထန်းပိုင်း | အမှတ်-၄၊ Kkei Shing တပ်ရင်းမှူး |
၈။ | ဦးလိန်းကွီး | အမှတ်-၅၊ Khonu တပ်ရင်းမှူး |
၉။ | ဆလိုင်းရွှေဟန်ထွန်း | အမှတ်-၆၊ Mahuya တပ်ရင်းမှူး |
၁၀။ | ဆလိုင်းလိန်းအွမ် | အမှတ်-၇၊ Wolf တပ်ရင်းမှူး |
ဗဟိုညီလာခံကို တနှစ်လျှင်တကြိမ်ကျင်းပပြီး ဗဟိုကာကွယ်ရေးကော်မတီကို ရွေးကောက်တင်မြှောက်သည်။ ယခုလက်ရှိတွင် ဗဟိုကာကွယ်ရေးကော်မတီကို ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။ တနှစ်မပြည့်မီအချိန်တွင်း အကြောင်းတစုံတရာကြောင့် လစ်လပ်သွားသည့်နေရာများကို အလျဥ်းသင့်သလို အစားထိုးခန့်အပ်လေ့ရှိသည်။
စုဖွဲ့မှု
ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။ ချင်းညီနောင်တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFu/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်(မင်းတပ်)(CNC/CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) (CDF-Kanpetlet)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်မဟာ-၁ တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းသည်။
CDF-Kanpetlet သည် ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) သည် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ချင်းခုခံတော်လှန်ရေးတပ်ဖြစ်ပြီး အာဏာသိမ်းကာလ နိုင်ငံရေးရပ်တည်ချက်မှာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။
အာဏာသိမ်းကာလ စစ်ရေးရပ်တည်ချက်မှာ တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပန်းတိုင်အောင်မြင်သည်အထိ တိုက်ပွဲဝင်ရေးဖြစ်သည်။
တပ်မဟာများ
တပ်မဟာ တခုဖွဲ့ထားရှိပြီး ထိုတပ်မဟာအောက်တွင် အမှတ်-၁ နှင့် အမှတ်-၂ ဗျူဟာဟူ၍ ဗျူဟာနှစ်ခု ရှိသည်။ ထိုဗျူဟာနှစ်ခု၏အောက်တွင် တပ်ရင်းခုနစ်ခု ဖွဲ့စည်းထားသည်။
ထိုတပ်ရင်းများသည် အမှတ်-၁ တပ်ရင်း (Victoria)၊ အမှတ်-၂ တပ်ရင်း (Vakok)၊ အမှတ်-၃ တပ်ရင်း (Tumee)၊ အမှတ်-၄ တပ်ရင်း (Kkei Shing)၊ အမှတ်-၅ တပ်ရင်း (Khonu)၊ အမှတ်-၆ တပ်ရင်း (Mahuya) နှင့် အမှတ်-၇ တပ်ရင်း (Wolf)တို့ ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/chinDefenceforce