သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်
ဌာနချုပ် – ဟွာလ်းငိုးရမ်းဒေသ၊ ချင်းပြည်နယ်။
လှုပ်ရှားဒေသ – ဟွာလ်းငိုးရမ်းဒေသ၊ ချင်းပြည်နယ်တွင်သာမက ချင်းပြည်နယ်ဒေသအနှံ့တွင် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်သည်။
ခန့်မှန်းအင်အား – ၁၅၀ နှင့်အထက်
ခေါင်းဆောင် – Laltanpuia (ကာကွယ်ရေးဒါရိုက်တာ)။
CDF-Hualngoram သည် မျိုးနွယ်စုတစုတည်းကို အခြေပြုဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဟွာလ်းငိုးရမ်းဒေသ (Hualngoram) ဟု သတ်မှတ်ထားသည့် တီးတိန်၊ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၅၈ ရွာတွင် မှီတင်းနေထိုင်ကြသည့် မျိုးနွယ်စုအားလုံးကို အခြေပြုပေါ်ပေါက်လာသည့် ဒေသအခြေပြုတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစ၍ ဟွာလ်းငိုးရမ်းဒေသသည် သီးခြားဒေသအဖြစ် ရပ်တည်လာခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဥ်အပြီး၌ မြန်မာတနိုင်ငံလုံး စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတွင် ပါဝင်ကြသည့် နွေဦးတော်လှန်ရေးတွင် ဟွားလ်းငိုးရမ်းဒေသသည်လည်း တထောင့်တနေရာကနေ ပါဝင်လိုသည့် ဆန္ဒပြင်းပြခဲ့သည်။ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပေါ်လာရန်အတွက် ကြိုးပမ်းသည့် လမ်းစဥ်တွင် ဟွာလ်းငိုးရမ်းဒေသ၏လုံခြုံရေးနှင့် ထိုနယ်မြေဒေသအတွင်း နေထိုင်ကြသော မျိုးနွယ်စုပေါင်းစုံ၊ ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ ရှိသင့်သည်ဟူ၍ ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်ချက်ကို အကောင်အထည်ဖော်ရန် ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်တွင် CDF-Hualgnoram ကို စတင်ဖွဲ့စည်းခဲ့သည်။ ‘ဟွာလ်းငိုး’သည် မျိုးနွယ်စုအမည်ဖြစ်ပြီး မီဇိုးချင်းဘာသာစကားအရ ‘ရမ်း’ (Ram) သည် “ဒေသ” ဟု အဓိပ္ပာယ်ရရှိပါသည်။ တပ်ဖွဲ့စတင်ထူထောင်ချိန်၌ ဟွာလ်းငိုးလူငယ်များသာမက ဒေသအတွင်းရှိ အခြားသောမျိုးနွယ်စုဝင်လူငယ်များ ပါဝင်ခဲ့ကြသည်။ ကနဦးတွင် ရဲဘော် ၉၇ ဦးဖြင့် စတင်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံကနေ စစ်ပညာများကို သင်ယူခဲ့သည်။ ထို့နောက် CNA က CDF-Hualngoram ဌာနချုပ်အထိ လာရောက်၍ စစ်သင်တန်းများ ပို့ချပေးခြင်းမှသည် နောက်ပိုင်းတွင် ကိုယ်တိုင်ဆင့်ပွားသင်တန်းများ ပြုလုပ်ကာ တပ်ဖွဲ့ကို ခိုင်မာအောင် တည်ဆောက်ခဲ့သည်။
CDF-Hualngoram သည် နိုင်ငံရေးဘက်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ ဦးဆောင်မှုနောက်သို့ လိုက်မည်ဟူသည့်မူ ရှိခဲ့သည်။ ICNCC ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိတ်အပိုင်းတွင် ပါဝင်ရန် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ စစ်ရေးမဟာမိတ်အစုအဖွဲ့အဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) တွင် CDF-Hualngoram သည် အခြားချင်းညီနောင်တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့အနေဖြင့် ပါဝင်ခဲ့သည်။ သို့သော်လည်း လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှု အားနည်းခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက် တည်ဆောက်နိုင်မှုအခက်အခဲများကြောင့် CJDC သည် ၂၀၂၃ ခုနှစ်တွင် ပြိုကွဲခဲ့ရသည်။ ထိုသို့ ပြိုကွဲပြီးနောက် ချင်းတော်လှန်ရေး အင်အားစုများအကြား ချင်းလဲန်းကောင်စီ (Chinland Council-CC) နှင့် ချင်းညီနောင် (Chin Brothers – CB) ဟူ၍ စစ်ရေးမဟာမိတ် အစုအဖွဲ့နှစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ CDF-Hualngoram သည် ချင်းလဲန်းကောင်စီ (Chinland Council – CC) ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်လှုပ်ရှားလျက်ရှိသည်။
စစ်ရေးအောင်မြင်မှုမှတ်တိုင်တခုအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram၊ PDA-Tidem၊ CDF-Thantlang နှင့် CDF-Zanngiatram တို့ ပူးပေါင်းစစ်ဆင်ရေးဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ မဟာဗျူဟာကျသည့် ရိခေါဒါရ်မြို့ (Rikhawdar) ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်ပွဲသည် နွေဦးတော်လှန်ရေးတွင် ချင်းပြည်၏ ပထမဆုံးသော လွတ်မြောက်နယ်မြေကို ဖော်ဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် CDF-Hualngoram သည် လက်နက်ကိုင်တော်လှန်ရေး သက်သက်သာမဟုတ်ဘဲ မိမိတို့ ရည်မှန်းထားသည့်အတိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကိုပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဟွာလ်းငိုးရမ်းဒေသရှိ ကျေးရွာပေါင်း ၅၈ ရွာအနက် ၄၀ တွင် နယ်မြေစိုးမိုးမှု ရယူထားနိုင်ပြီး အဆိုပါဒေသများတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ပေးလျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
CDF-Hualgnoram ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန်။
၂။ ဟွာလ်းငိုးရမ်းဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ရန်။
၃။ ပြည်သူလူထု၏ အသက်အိုးအိမ်၊ လုံခြုံမှုနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ရန်။
နိုင်ငံရေးရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဖြစ်သည်။ ချင်းအမျိုးသားရေးမူဝါဒနှင့် ဖက်ဒရယ်ဒီမိုကရေစီ လမ်းစဉ်များကို အပြည့်အဝလက်ခံကျင့်သုံးလျက် ဟွာလ်းငိုးရမ်းဒေသအတွင်း မှီတင်းနေထိုင်ကြသော မျိုးနွယ်စုပေါင်းစုံ၊ ပြည်သူလူထုတရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို အလေးထား တည်ဆောက်သွားလိုသည့် ရေရှည်ရည်မှန်းချက်လည်းရှိသည်။ ထို့ပြင် စစ်ရေးလှုပ်ရှားမှုများကို ဟွားလ်းငိုးရမ်းဒေသတွင်သာမက မြန်မာတနိုင်ငံလုံးရှိ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်သွားလိုသည့် စစ်ရေးရည်မှန်းချက်ရှိသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF- Hualngoram ၏ နိုင်ငံရေးလက်တံဖြစ်သည့် HPO ကို ဦးဆောင်နေသူများ၏ ဖွဲ့စည်းစုဖွဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁ | C. Lianzova | ဥက္ကဋ္ဌ |
| ၂ | မသိရပါ | အကြီးတန်းဒုတိယဥက္ကဋ္ဌ |
| ၃ | မသိရပါ | ဒုတိယဥက္ကဋ္ဌ – ၁ |
| ၄ | မသိရပါ | ဒုတိယဥက္ကဋ္ဌ – ၂ |
| ၅ | မသိရပါ | ဒုတိယဥက္ကဋ္ဌ – ၃ |
| ၆ | Laltanpuia | ကာကွယ်ရေးညွှန်ကြားရေးမှူး |
| ၇ | Lalkhawpuimawia | အထွေထွေအတွင်းရေးမှူးချုပ် |
| ၈ | မသိရပါ | လက်ထောက်အထွေထွေအတွင်းရေးမှူး – ၁ |
| ၉ | မသိရပါ | လက်ထောက်အထွေထွေအတွင်းရေးမှူး – ၂ |
| ၁၀ | မသိရပါ | အတွင်းရေးမှူး/ကျန်းမာရေး |
| ၁၁ | မသိရပါ | အတွင်းရေးမှူး/ဘဏ္ဋာရေး |
| ၁၂ | မသိရပါ | အတွင်းရေးမှူး/ဆောက်လုပ်ရေး |
| ၁၃ | မသိရပါ | အတွင်းရေးမှူး/ပညာရေး |
HPO အဖွဲ့အစည်း၏ ခေါင်းဆောင်များကို နှစ်နှစ်တခါညီလာခံကျင်းပ၍ ရွေးချယ်တင်မြှောက်သည်။ HPO ၌ ဌာနပေါင်း ၁၁ ခု ရှိပြီး ၎င်းတို့ကို သက်ဆိုင်ရာ အတွင်းရေးမှူးများက ဦးဆောင်ကာ လုပ်ငန်းဆောင်တာအားလုံးကို ဆောင်ရွက်သည်။ အဖွဲ့အစည်း၏ မူဝါဒချမှတ်မှုနှင့် အဓိက ဆုံးဖြတ်ချက်များအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) သည် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်သည်။ ဤကော်မတီတွင် HPO မှ ခေါင်းဆောင်များအပြင် နိုင်ငံတကာ အထောက်အပံ့ပေးရေးအဖွဲ့ (International Support Group) များက အဓိကပါဝင်သည်။ CEC အစည်းအဝေးများကို နှစ်လတကြိမ် ပုံမှန်ပြုလုပ်လေ့ရှိသော်လည်း အရေးကြီးသည့် ကိစ္စရပ်များပေါ်ပေါက်ပါက အချိန်မရွေး ခေါ်ယူကျင်းပနိုင်သည်။ ထို့အပြင် ဌာနများ၏ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကိုလည်း အတည်ပြုချက်ရယူရန် CEC သို့ တင်ပြရသည်။
CDF_ Hualngoram တွင် အမြင့်ဆုံးရာထူးမှာ ကာကွယ်ရေးညွှန်ကြားရေးမှူး(Defence Director) ဖြစ်သည်။ ကာကွယ်ရေး ညွှန်ကြားရေးမှူး၏ ညွှန်ကြားမှုအောက်တွင် စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ CDF-Hualngoram ၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁ | Laltanpuia | ကာကွယ်ရေးညွှန်ကြားရေးမှူး |
| ၂ | မသိရပါ | လက်ထောက်ညွှန်ကြားရေးမှူး |
| ၃ | မသိရပါ | စစ်ရေးအရာရှိ – ၁ |
| ၄ | မသိရပါ | စစ်ရေးအရာရှိ – ၂ |
| ၅ | မသိရပါ | စစ်ရေးအရာရှိ – ၃ |
| ၆ | မသိရပါ | စစ်ရေးအရာရှိ – ၄ |
| ၇ | မသိရပါ | စစ်ရေးအရာရှိ – ၅ |
| ၈ | မသိရပါ | စစ်ရေးအရာရှိ – ၆ |
CDF-Hualngoram တွင် လက်နက်ခဲယမ်းဝယ်ယူမှုများနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ အထွေထွေစီမံမှုများ လုပ်ဆောင်ရန်အတွက် စစ်ရုံး (War Office) တခုကိုလည်း ဖွဲ့စည်းထားသည်။ ထိုစစ်ရုံးကို HPO ၏ ဥက္ကဌနှင့် ငွေကြေးဆိုင်ရာတာဝန်ရှိသူများက အဓိကတာဝန်ယူထားသည်။
စစ်ရေးဆောင်ရွက်မှုလုပ်ငန်းများကို CDF-Hualngoram က အဓိကတာဝန်ယူ၍ စစ်ရေးအဓိကအတွက် လေ့ကျင့်ပြီးသား ရဲဘော်များဖြင့် ဖွဲ့စည်းထားသည်။ ဤအဓိကတပ်အပြင် ဟွာလ်းငိုးရမ်းအရန်တပ်(HRF) ကိုလည်း ကျေးရွာများတွင် ဖွဲ့စည်းထားသည်။ HRF အဖွဲ့ဝင်များကို CDF-Hualgnoram က နှစ်ပတ်ကြာ လေ့ကျင့်ပေးထားပြီး HRF သည် ရပ်ရွာတွင်းလုံခြုံရေးကို အဓိကပံ့ပိုးပေးသည်။ တရားဥပေဒစိုးမိုးရေးလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန်အတွက် HPO ၏ ကာကွယ်ရေးဌာနအောက်တွင် ပြည်သူ့ရဲများကို ခန့်အပ်ထားပြီး HRF နှင့် ပြည်သူ့ရဲများသည် ပူးပေါင်း၍ ရပ်ရွာပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ ထို HRF နှင့် ပြည်သူ့ရဲများသည် CDF-Hualngoram ၏ စစ်ရေးလုပ်ငန်းများအတွက်လည်း လိုအပ်လျှင် ပါဝင်နိုင်ရန်အတွက် ရှိနေသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
CDF- Hualngoram သည် ချင်းလဲန်းကောင်စီ (CC) ၏ အဖွဲ့ဝင် ဖြစ်သည်။ CC သည် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ဖြင့် စုဖွဲ့ထားသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်သည်။ လက်ရှိတွင် CDF- Matupi သည် ထို ၁၈ ဖွဲ့နှင့်အတူ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနေသည်။ CC ၏ ဦးဆောင်မှုအောက်တွင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ချင်းဒေသတွင်သာမက မြန်မာတနိုင်ငံလုံးတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်သွားရန် ရည်ရွယ်ထားသည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
CDF-Hualngoram သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို တထောင့်တနေရာကနေ ပါဝင်နိုင်ရန် ဦးတည်ထားသည်။ တော်လှန်ရေးအဆုံးသတ်ချိန်အထိ ‘မည်သည့်တော်လှန်ရေး အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) သို့မဟုတ် အရပ်ဘက် အဖွဲ့အစည်းများနှင့်မဆို ဘုံရန်သူကို ပူးပေါင်းတိုက်ထုတ်မည်’ ဟူသည့် စစ်ရေးရပ်တည်ချက်ရှိသည်။ နိုင်ငံရေးရပ်တည်ချက်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
တပ်မဟာဟူ၍ ဖွဲ့စည်းထားခြင်းမရှိဘဲ တပ်စုခြောက်စု ဖွဲ့စည်း၍ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/cdfhualngoram
