သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်။
ဌာနချုပ် – ပဲခူးတိုင်း နတ်တလင်းမြို့နယ်။
လှုပ်ရှားဒေသ – ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့် မကွေးတိုင်းတောင်ခြမ်း၊ ဧရာဝတီတိုင်းအနောက်ခြမ်း။
ခန့်မှန်းအင်အား – ၁၅၀ နှင့်အထက်။
ခေါင်းဆောင် – ဗိုလ်လက်ျာ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဲခူးတိုင်း နတ်တလင်းမြို့နယ်ရှိ လူငယ်များသည် စစ်ကောင်စီကို လက်နက်ကိုင်နည်းလမ်းဖြင့် အမြစ်ဖြတ်တိုက်ခိုက်ရန် ရည်ရွယ်၍ KNU တပ်မဟာ-၃ နယ်မြေတွင် စစ်ပညာသင်ယူခဲ့ကြသည်။ ဖောက်ခွဲရေးနှင့် ဆက်စပ်ပညာရပ်များကို ၁၅ ရက်ကြာ အခြေခံသင်တန်းနှင့် ၁၀ ရက်ကြာ မွမ်းမံသင်တန်းများ တက်ရောက်ပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် ရဲဘော်အင်အား ၁၀ ဦးဖြင့် ‘မြန်မာ့တော်လှန်ရေးတပ်ဖွဲ့-နတ်တလင်း’ (MRF-Nattalin) ကို စတင်တည်ထောင်ခဲ့သည်။
နတ်တလင်းမြို့ကို ကိုယ်စားပြုပြီး စတင်ဖွဲ့စည်းခဲ့သော ထိုအချိန်ကာလသည် လက်နက်ခဲယမ်း အလွန်အမင်းရှားပါးခက်ခဲနေချိန်ဖြစ်ပြီး ရဲဘော်တိုင်းအတွက် လက်လုပ်တူမီးသေနတ်ကိုပင် တပ်ဖွဲ့ဝင်တိုင်းကို တပ်ဆင်မပေးနိုင်ခဲ့ချေ။ သို့သော် တပ်ဖွဲ့ဝင်အသစ်နှင့် ရိက္ခာများ စုဆောင်းပြီးနောက် အင်အား ၃၀ ဦးခန့် ဖြစ်လာချိန်တွင် သင်ယူထားသော ဖောက်ခွဲရေးပညာရပ်ကို အဓိကလက်နက်အဖြစ် အားပြုကာ စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် နည်းဗျူဟာများဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ခဲ့သည်။ နတ်တလင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ ကင်းတဲစခန်းများ၊ ဂိတ်စခန်းများ၊ စစ်ကောင်စီဖြတ်သန်းသွားလာသည့် လမ်းကြောင်းများကို အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းအတွင်း နွေဦးတော်လှန်ရေးမီးတောက်များ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီသည်လည်း ဂိတ်စခန်းများ တိုးချဲ့ကာ ဖိနှိပ်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် MRF-Nattalin အပါအဝင် ပဲခူးရှိ အခြားတော်လှန်ရေးတပ်များသည် မြို့ပေါ်တော်လှန်ရေးလုပ်ငန်းများကို ခေတ္တရပ်နားကာ ပဲခူးရိုးမပေါ်တွင်သာနေ၍ ခံစစ်ပုံစံဖြင့် ပြောက်ကျားတော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ စစ်အာဏာရှင်ကို တွန်းလှန်သည့် တော်လှန်ရေးကို အရှိန်တက်စေရန်နှင့် အဖွဲ့များအကြား ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်နိုင်ကြရန် ပဲခူးတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ စစ််ရေးကွပ်ကဲမှုအောက်သို့ဝင်ကာ စနစ်တကျလှုပ်ရှားလာကြသည်။ ထိုအထဲတွင် MRF-Nattalin လည်း အပါအဝင်ဖြစ်သည်။
MRF-Nattalin သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် NUG လက်အောက်သို့ဝင်ရောက်ခဲ့သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဒေသ ပဲခူးတိုင်းစစ်ဒေသခွဲသည် တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်ဟူသည့် ခရိုင်လေးခုတွင် တပ်ရင်းများဖွဲ့၍ စစ်ရေးလှုပ်ရှားကြသည်။ သာယာဝတီခရိုင်တွင် တပ်ရင်း-၃၈၀၁ နှင့် ၃၈၀၂ ဟူ၍ရှိကာ MRF-Nattalin သည် တပ်ရင်း-၃၈၀၁ ၏ တပ်ခွဲ-၄ ဖြစ်သည်။ ထိုတပ်ရင်းများ၏ စစ်ရေးကွပ်ကဲမှုကိုမူ ပဲခူးတိုင်း စစ်ဒေသ-၂၊ ဗျူဟာ-၂၂ ရှိ ဗျူဟာမှူးက လုပ်ဆောင်သည်။
သာယာဝတီခရိုင် တပ်ရင်း-၃၈၀၁ လက်အောက်တွင် တပ်ခွဲ ခုနစ်ခုရှိကာ ကြို့ပင်ကောက်နှင့် နတ်တလင်း မြို့နယ်နှစ်ခုတွင် အခြေစိုက်သည်။ ကြို့ပင်ကောက်မြို့နယ်တွင် တပ်ခွဲ-၁ (GBK) နှင့် တပ်ခွဲ-၅ (Gold Brothers)၊ နတ်တလင်းမြို့နယ်တွင် တပ်ခွဲ-၂ (Phoenix DF)၊ တပ်ခွဲ-၃ (နတ်စစ်သည်)၊ တပ်ခွဲ-၄ (BRA)၊ တပ်ခွဲ-၆ (ဧရာညီနောင်)နှင့် တပ်ခွဲ-၇ (Gold Brother) တို့ ဖြန့်ကြက်လှုပ်ရှားသည်။ ကနဦးကာလ၌ ထိုတပ်ခွဲများသည် စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအားနည်းချက်များကို ပြုပြင်ကာ ပိုမိုထိရောက်သော တိုက်ပွဲများ ဖော်ဆောင်လာနိုင်ခဲ့သည်။ အထူးသဖြင့် တပ်ခွဲ ခုနစ်ခုအနက် နတ်တလင်းမြို့နယ်အတွင်း အခြေစိုက်သည့် တပ်ခွဲငါးခုမှာ ပထဝီဝင်အနေအထားအရ ဆက်စပ်မှုအားကောင်းခြင်းကြောင့် စစ်ရေးလှုပ်ရှားမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်ဖွဲ့၏ အမည်ကို MRF-Nattalin မှ ‘ဗမာ့တော်လှန်ရေးတပ်တော်’ (Burma Revolutionary Army – BRA) အဖြစ် ပြောင်းလဲခဲ့သည်။
BRA သည် ကျန်သောတပ်ခွဲ-၆ ခုနှင့်အတူ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ဆင်ရေးများ အဓိကဖော်ဆောင်လျက်ရှိသည်။ ထိုမျှသာမက တပ်ရင်း-၃၈၀၂ အောက်ရှိ တပ်ခွဲများ၏ အခြေစိုက်နယ်မြေများဖြစ်သည့် ကြို့ပင်ကောက်ရှိ မင်းလှနှင့် အုတ်ဖို ခရိုင်တို့အထိ စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပဲခူးတိုင်း ဗျူဟာ-၂၁ ကွပ်ကဲမှုအောက်ရှိ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ နှင့် ၃၆၀၂ တို့ အခြေစိုက်လှုပ်ရှားသည့် ပေါင်းတည်နယ်မြေတွင်လည်း ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ဗမာ့တော်လှန်ရေးတပ်တော် (BRA) တွင် အောက်ပါ ရည်ရွယ်ချက်များကို ချမှတ်ထားသည်။
၁။ စစ်ကောင်စီထံက နတ်တလင်းမြို့နယ်ကို ပြန်လည်သိမ်းယူနိုင်ပြီး နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန်
၂။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်
၃။ အာဏာရှင်စနစ်ကို အမြစ်ဖြတ်သုတ်သင်ရန်
၄။ စံပြစစ်သည်တော်များ တည်ဆောက်ရန်
၅။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အနာဂတ်တည်ဆောက်ရေးတို့ ဖြစ်သည်။
ဗမာ့တော်လှန်ရေးတပ်တော် (BRA) ၏ ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို မိမိတို့ စစ်ရေးလှုပ်ရှားရာ နတ်တလင်းမြို့နယ်မှသည် ပဲခူးတိုင်းဒေသကြီးအဆင့်၊ ထိုမှသည် တနိုင်ငံလုံးအတိုင်းအတာထိ အမြစ်ဖြတ် သုတ်သင်ရှင်းလင်းသွားရန် ဖြစ်သည်။ တော်လှန်ရေးအောင်မြင်ရေးအတွက် ဘုံရန်သူဖြစ်သော စစ်အာဏာရှင် ပြုတ်ကျရေးတွင် မည်သည့်တော်လှန်ရေး အင်အားစုနှင့်မဆို ညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်လည်း ရည်မှန်းထားသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
BRA ၏ ဖွဲ့စည်းပုံမှာအောက်ပါအတိုင်းဖြစ်သည်။ BRA တွင် တပ်ခွဲရုံးနှင့် ဒုတိယတပ်ခွဲရုံးဟူ၍ အဓိက နှစ်ခုရှိပြီး တပ်ခွဲမှူးနှင့် ဒုတိယတပ်ခွဲမှူးတို့က ဦးဆောင်သည်။
| စဥ် | အမည် | ရာထူး/တာဝန် |
| ၁ | ကိုလက်ျာ | တပ်ခွဲမှူး |
| ၂ | အမည်မသိရပါ | ဒုတိယတပ်ခွဲမှူး |
| ၃ | အမည်မသိရပါ | တပ်စုမှူး-၁ |
| ၄ | အမည်မသိရပါ | တပ်စုမှူး-၂ |
| ၅ | အမည်မသိရပါ | တပ်စုမှူး-၃ |
| ၆ | အမည်မသိရပါ | တပ်စိတ်မှူး-၁ |
| ၇ | အမည်မသိရပါ | တပ်စိတ်မှူး-၂ |
| ၈ | အမည်မသိရပါ | တပ်စိတ်မှူး-၃ |
| ၉ | အမည်မသိရပါ | ဆေးတာဝန်ခံ |
| ၁၀ | အမည်မသိရပါ | တပ်ရေးတပ်ကြပ်ကြီး |
| ၁၁ | အမည်မသိရပါ | ဆက်သွယ်ရေးတပ်ကြပ်ကြီး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
BRA ၏ နိုင်ငံရေးရပ်တည်ချက်မှာ လွတ်လပ်၍ တရားမျှတသော အစိုးရတရပ် ပေါ်ပေါက်လာရေးနှင့် ပြည်သူကိုယ်တိုင် မိမိအနာဂတ်ကို ပုံဖော်နိုင်ခွင့်ရှိရေးဖြစ်သည်။ နတ်တလင်းမြို့နယ်အတွင်း စစ်ကောင်စီယန္တရားများကို စစ်ရေးအရ ဖယ်ရှားကာ နယ်မြေပြန်လည်စိုးမိုးရန်နှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာရှင်စနစ်ကို အမြစ်ဖြတ်သုတ်သင်ရန် ဖြစ်သည်။ အာဏာရှင်ပြုတ်ကျရေးအတွက် မည်သည့်တော်လှန်ရေးတပ်ဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည့် စစ်ရေးရပ်တည်ချက်ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
BRA တွင် တပ်မဟာဟူ၍ သီးသန့်ဖွဲ့စည်းထားခြင်းမရှိပါ။ စစ်ရေးလှုပ်ရှားရာတွင် အဓိကတိုက်ခိုက်ရေး အစုသုံးစုဖြင့် လှုပ်ရှားသည်။ ထိုသုံးစုအောက်တွင် တပ်စုသုံးစုနှင့် တပ်စိတ်သုံးခု ထပ်မံထားရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=61556485951802
Last updated in December 2025.
