သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်။
ဌာနချုပ် – မရှိသေးပါ။
လှုပ်ရှားဒေသ – ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ် ။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့်အထက်။
ခေါင်းဆောင် – တာဝန်ခံ/ကွပ်ကဲရေးမှူး မောင်ဆောင်းခ။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ တာဝန်ခံ/ကွပ်ကဲရေးမှူး မောင်ဆောင်းခသည် အာဏာမသိမ်းမီကာလက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)နှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားခဲ့သူတဦးဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ပြဋ္ဌာန်းလိုက်သည့် ဆက်သွယ်ရေးဥပဒေတွင်ပါဝင်သည့် ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးကော်မတီတွင် ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သည်။ အသံ (Athan) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ တဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ(GSCN)ထဲတွင် ဦးဆောင်သူ တဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်နှိမ်နင်းခြင်းများ ပြုလုပ်လာသည့် နောက်တွင် မောင်ဆောင်းခသည် လက်နက်ကိုင် တော်လှန်ရေးထဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အခြေစိုက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ (၅) နယ်မြေတွင်း၌ မောင်ဆောင်းခအပါအဝင် လူငယ် ၁၇ ဦးသည် အခြေခံစစ်ပညာသင်ကာ BPLA ကို ထူထောင်ရန် ပြင်ဆင်ခဲ့သည်။ BPLA ၏ စစ်သင်တန်းအပါတ်စဉ် (၁) ကို အခြေခံစစ်ပညာသင်ပေးသည်မှာ ရက္ခိုင့်တပ်တော် ( AA) ဖြစ်သည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် BPLA ကို စတင်ဖွဲ့စည်းပြီး တပ်ဖွဲ့သည် ဗမာပြည်သူလူထုကို အကာအကွယ်ပေးရေးနှင့် ဗမာလူမျိုးကို ကိုယ်စားပြုသည့် တပ်ဖွဲ့အဖြစ် ရပ်တည်သည်။ BPLA သည် AA ၏ အကူအညီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌လည်း အခြေစိုက်နိုင်ခဲ့သည်။ AA ထံတွင်လည်း စစ်ပညာသင်ယူကာ တော်လှန်ရေးဆိုင်ရာ အကူအညီများ ရယူပြီး AA မှတဆင့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်လည်း မဟာမိတ်ဖြစ်လာခဲ့သည်။
BPLA သည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားပြီး ၁၀၇ စစ်ဒေသ နှင့် ၂၀၃ စစ်ဒေသဟူ၍ စစ်ဒေသနှစ်ခု ဖွဲ့စည်းထားသည်။ ၎င်းအခြေစိုက်သည့် ဒေသများရှိ KNLA ၊ မြောက်ပိုင်းမဟာမိတ်တပ်များနှင့်အတူ စစ်ရေးလှုပ်ရှားခြင်း၊ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်အနေနှင့် နိုင်ငံရေးရည်မှန်းချက် ငါးချက်ရှိပြီး အောက်ပါအတိုင်း ဖြစ်သည်။
၁။ အာဏာရှင်စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
၂။ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး။
၃။ ဒီမိုကရေစီနှင့် လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး။
၄။ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ်ယူနစ် သို့မဟုတ် ဗမာပြည်/ ဗမာပြည်နယ် သတ်မှတ်ပါဝင် တည်ဆောက်ရေး။
၅။ ပြည်သူလူထုတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေး။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၏ သစ္စာအဓိဋ္ဌာန် ငါးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ငါတို့သည် အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို အမြစ်ပြတ်တိုက်ထုတ်မည်ဟု ကတိသစ္စာပြုပါသည်။
၂။ ငါတို့သည် နိုင်ငံနှင့် ပြည်သူ့အကျိုးကို အသက်နှင့်ခန္ဓာစွန့်၍ ထာဝရကာကွယ်သွားပါမည်။
၃။ ငါတို့သည် တပ်တော်မှပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
၄။ ငါတို့သည် တော်လှန်ရေးအတွက် အသက်စွန့်လွှတ်ခဲ့ကြသော အာဇာနည်တို့အပေါ် သစ္စာရှိပါမည်။
၅။ ငါတို့သည် ဘယ်သောအခါမှ လက်နက်မချပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မသိရသေးပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဖြစ်သည်။
BPLA သည် အသက်ပေးခဲ့ရသည့် ပြည်သူများစွာအတွက် တရားမျှတမှုဖော်ဆောင်ရန်၊ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ယူနစ် တည်ထောင်ရန်၊ အခြားတိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်အတူ လက်နက်ကိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ဗမာယူနစ်သတ်မှတ်ပေးရန် တောင်းဆိုထားသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
အမှတ် ၁၀၇ နှင့် ၂၀၃ ဟူသည့် စစ်ဒေသ နှစ်ခုကို တည်ဆောက်ထားသည်။ စစ်ဒေသ အမှတ် ၁၀၇ သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်မဟာ (၅) ၏ နယ်မြေတွင်း ဖြစ်ပြီး စစ်ဒေသ အမှတ် ၂၀၃ သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်သည်။ ထိုစစ်ဒေသ အမှတ် ၂၀၃ သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲလှုပ်ရှားလျက် ရှိသည်။