သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်။
ဌာနချုပ် – စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနေရာ။
လှုပ်ရှားဒေသ – ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင်။
ခန့်မှန်းအင်အား – ဖော်ပြခြင်းမရှိပါ။
ခေါင်းဆောင် – ဖော်ပြခြင်းမရှိပါ။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) သည် BLDF အဖြစ် အမည်မခံခင်တွင် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အဖြစ်ရပ်တည်ခဲ့သည်။ BLDF ကို အစပျိုးပေးခဲ့သော MPDF ကို ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ MPDF တွင် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ မုံရွာမြို့နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ မုံရွာဗကသများအဖွဲ့ချုပ်၊ မုံရွာတကသများကွန်ရက်၊ မုံရွာခရိုင်အတွင်းရှိ ဗကသ/ တကသ ကျောင်းသားဟောင်းများ၊ CDM အစုအဖွဲ့များ ပါဝင်ခဲ့ကာ စစ်ဦးစီးအဖွဲ့ဝင် ခုနစ်ဦးက ဦးစီးခဲ့သည်။ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ပံ့ပိုးမှုဖြင့် MPDF ၏ ရဲဘော်အင်အား ၂၀၀ ခန့်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံကနေ စစ်ပညာကို သင်ကြားခဲ့ကြသည်။ MPDF သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ယင်းမာပင်ခရိုင် ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာ၌ ပထမဦးဆုံးသော ထိတွေ့တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည်။ ထိုတိုက်ပွဲတွင် စစ်ဦးစီးအဖွဲ့ဝင်တဦးဖြစ်သည့် ရဲဘော်ထင်ရှားအပါအဝင် ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့သည်။ ထိုထိတွေ့တိုက်ပွဲကစတင်ကာ MPDF အနေနှင့် မုံရွာအနီးတဝိုက်နှင့် ယင်းမာပင်ခရိုင်တို့အတွင်း တိုက်ပွဲများတွင် မကြာခဏပါဝင်လှုပ်ရှားခဲ့သည်။
နိုင်ငံရေးအရ ထိန်းကွပ်မှုရှိပြီး စစ်ရေးအရ လှုပ်ရှားမှုသွက်နေသည့် MPDF သည် တပ်ဖွဲ့ကို ပိုမိုအားကောင်းကျစ်လစ်စေရန်၊ စစ်ရေးနယ်ပယ်ချဲ့ထွင်နိုင်ရန်နှင့် အညာဒေသရှိ ဗမာလူမျိုးတို့၏ လွတ်မြောက်ရေးအတွက် ဗမာလူမျိုးကိုယ်စားပြုအဖြစ်ရပ်တည်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ BLDF အဖွဲ့သည် ဒေသအတွင်းရှိ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်လိုက်နာသည့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများရှိသကဲ့သို့ MOD ၏ အစီအစဉ်ဖြင့် NUG အမှတ်-၁ စစ်ဒေသအတွင်းပါဝင်သော စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသများတွင် KIA အရာရှိများ၏ ကွပ်ကဲမှုအောက်ကတဆင့် အခြားသော MOD တပ်ရင်းများနှင့် ပူးပေါင်းကာ စစ်ဆင်ရေးဖော်ဆောင်မှုများလည်းရှိသည်။ ။ ထို့အပြင် MDY-PDF ၏ စစ်ရေးအမိန့်ပေးကွပ်ကဲမှုအောက်ကတဆင့် နောင်ချို၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ တမူးတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ရှိခဲ့သည်။
လက်ရှိတွင် BLDF အနေနှင့် နိုင်ငံရေးအဖွဲ့အစည်းဟူ၍ သီးခြားဖွဲ့စည်းထားခြင်းမရှိပါ။ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ဗဟိုကော်မတီကချမှတ်ပြီး တပ်ဖွဲ့၏ နိုင်ငံရေးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည်။ တပ်ဖွဲ့ပိုမိုအားကောင်းလာသည့်အချိန်ရောက်လျှင်မူ နိုင်ငံရေးအဖွဲ့အစည်းနှင့် စစ်ရေးလက်တံဟူ၍ သီးခြားခွဲထုတ်ရန် အစီအစဉ်ရှိသည်။
BLDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) အရ လိုက်နာဆောင်ရွက်မည်ဟူ၍ ၂၀၂၄ ခုနှစ် မတ်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ တဖက်တွင်လည်း BLDF သည် လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှုအားကောင်းရန် ရည်ရွယ်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
BLDF ၏ ဖွဲ့စည်းပုံတွင် အမြင့်ဆုံးမှာ ညီလာခံဖြစ်သည်။ ထိုညီလာခံက ဗဟိုကော်မတီကို တင်မြှောက်သည်။ ဗဟိုကော်မတီက တိုက်ရိုက်ကိုင်တွယ်သည့် ဌာနငါးခုရှိသည်။ ၎င်းတို့မှာ နိုင်ငံရေးဌာန၊ စစ်ရေးဌာန၊ မဟာမိတ်ဆက်ဆံရေးဌာန၊ ဘဏ္ဍာရေးဌာနနှင့် ဗဟိုကော်မတီရုံးဌာနတို့ ဖြစ်သည်။ စစ်ရေးဌာနအောက်တွင် စစ်ဦးစီးအဖွဲ့ဟူ၍ထားရှိကာ ထိုအဖွဲ့သည် စစ်ဒေသ-၁၊ စစ်ဒေသ-၂ နှင့် စစ်ဒေသ-၃ တို့ကို တိုက်ရိုက်ကွပ်ကဲသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ လုံးဝချုပ်ငြိမ်း ပပျောက်ရေး၊
(ခ) အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ရေးတို့ကို နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်အဖြစ် ခံယူသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စစ်ရေးတာဝန်ခံအပါအဝင် ဗဟိုကော်မတီဝင် ငါးဦးရှိသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
BLDF သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် သုံးရက်တာ ညီလာခံကျင်းပကာ အဖွဲ့ဝင် ၁၉ ဖွဲ့နှင့် ဖွဲ့စည်းခဲ့သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုတပ်ပေါင်းစုတွင် BLDF အပြင် အခြားသောအဖွဲ့များဖြစ်သည့် 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
BLDF ၏ နိုင်ငံရေးမူဝါဒနှစ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေး
၂။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး
BLDF ၏ စစ်ရေးရပ်တည်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
စစ်ပွဲကာလအတွင်း လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာစံချိန်စံနှုန်းများ၊ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ချက်များ၊ စစ်သည်တော်ကျင့်ဝတ်များ၊ အရပ်သားပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို တင်းတင်းကျပ်ကျပ်လိုက်နာကျင့်သုံးပြီး နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နိုင်ငံရေးမူဝါဒများ အောင်မြင်ပြီးသွားသည့်ကာလတွင် တပ်ဖွဲ့များပြန်လည်ပေါင်းစည်းစုဖွဲ့ခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း စသည့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း (SSR) လုပ်ငန်းစဉ်တွင် အသစ်ရေးဆွဲပြဋ္ဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
တပ်မဟာဟူ၍မရှိဘဲ စစ်ဒေသ-၁၊ စစ်ဒေသ-၂ နှင့် စစ်ဒေသ-၃ ဟူ၍ ဖွဲ့စည်းထားသည်။ စစ်ဒေသအလိုက်ပါဝင်သည့် မြို့နယ်များကိုမူ မသိရပါ
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100078696534906&_rdc=1&_rdr#
Signal : @bldfccoffice.16
