သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်။
ဌာနချုပ် – ကချင်ပြည်နယ်။
လှုပ်ရှားဒေသ – ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) သည် ၂၀၂၁ ခုနှစ်ကတည်းက ဖွဲ့စည်းလှုပ်ရှားနေသည့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (TGF) ကို ပြောင်းလဲဖွဲ့စည်းလိုက်သည့် တပ်ဖြစ်သည်။ TGF သည် စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်ခြင်း၊ စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ရေးအတွက် (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာရှိများ၊ ရဲအရာရှိများ ပါဝင်ကာ ဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ TGF ၏ အဖွဲ့အစည်းအကြောင်းကို TGF (ISP Peace Desk) တွင် ဖတ်ရှုနိုင်ပါသည်။ ယခင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို လက်နက်ကိုင်နည်းဖြင့် ဖြုတ်ချပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် တိုင်းရင်းသားပြည်နယ်များ ပေါ်ထွန်းရေးကို အဓိကဦးတည် ရည်ရွယ်ခဲ့သည်။ ယခုပြန်ဖွဲ့စည်းသည့် ဗမာ့တပ်တော်သည် ယခင်အဖွဲ့အစည်းဟောင်းတွင် တည်ရှိခဲ့သည့် စစ်ရေး-နိုင်ငံရေး ရည်ရွယ်ချက်များအပြင် ဗမာလူမျိုးကို ကိုယ်စားပြုပြီး ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် အဓိကဦးတည်သည့် တပ်ဖွဲ့ ဖြစ်သည်။ ဗမာ့တပ်တော်ကို ပြန်လည်ဖွဲ့စည်းရာတွင် TGF အပြင် စစ်ကောင်စီကို ဆန့်ကျင်နေသည့် အခြားတော်လှန်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့လည်း ပူးပေါင်းပါဝင် ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုအဖွဲ့အစည်းခြောက်ဖွဲ့၏ အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။ ဗမာ့တပ်တော် တည်ထောင်ပြီးနောက်တွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွင်း တိုက်ခိုက်ရေးတပ်ရင်းများ ပြန်လည်ဖွဲ့စည်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ဗမာ့တပ်တော် (BA) တွင် နိုင်ငံရေး-စစ်ရေး ရည်မှန်းချက်များအတွက် နိုင်ငံရေးမူဝါဒ ငါးရပ်နှင့် စစ်ရေးမူဝါဒ ခြောက်ရပ်ကို ချမှတ်ထားသည်။
နိုင်ငံရေးမူဝါဒ ငါးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အာဏာရှင်နှင့် မဟာလူမျိုးကြီးဝါဒချုပ်ငြိမ်းရေး။
(၂) ပင်လုံစိတ်ဓါတ်ကိုရှေးရှု၍ အမျိုးသားတန်းတူညီမျှမှုကို လေးစားတန်ဖိုးထားရေး။
(၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ အပြည့်အဝရှိသည့် ဗမာတိုင်းရင်းသားလူမျိုးစုပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ပေါ်ထွန်းရေး။
(၄) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာ အပြည့်အဝရှိသည့် တိုင်းရင်းသားပြည်နယ်များ ပေါ်ထွန်းရေး။
(၅) ဒီမိုကရေစီနှင့် လူ့အခွင့်ရေးများကို လေးစားလိုက်နာရေး။
စစ်ရေးမူဝါဒ ခြောက်ရပ်မှာ အောက်ပါတို့ဖြစ်သည်။
(၁) အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တိုက်ထုတ်မည်။
(၂) ပြည်သူလူထု၏ အကျိုးကိုသာ ရှေးရှုရမည်။
(၃) အမျိုးသားတန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်မည်။
(၄) ဗမာတိုင်းရင်းသားလူမျိုးစုပြည်နယ် ပေါ်ထွန်းရေး ကြိုးပမ်းမည်။
(၅) မဟာမိတ်တပ်ပေါင်းစုအသွင်ဆောင်၍ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်မည်။
(၆) ဗမာပြည်နယ်အဖြစ် ဖော်ဆောင်မည့် ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီကင်းစင်ရေး ကြိုးပမ်းမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဗမာ့တပ်တော်တွင် ဗဟိုကော်မတီ နှင့် စီမံကွပ်ကဲမှု ရုံးအဖွဲ့ဟူ၍ ဖွဲ့စည်းထားသည်။ ဗဟိုကော်မတီတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရုံးအဖွဲ့ဝင်များဟူ၍ ဖွဲ့စည်းထားပြီး စီမံကွပ်ကဲမှု ရုံးအဖွဲ့အောက်တွင် တပ်ရင်း ကိုးရင်း ထားရှိသည်။ သို့သော် အဖွဲ့အစည်း ဦးဆောင်သူများ၏ အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
စုဖွဲ့မှု
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် PDF နှင့် ဒေသခံကာကွယ်ရေးတပ် စုစုပေါင်း ခြောက်ဖွဲ့ သဘောတူလက်မှတ်ထိုးကာ စုဖွဲ့ထားသည့် မကွေးတိုင်း စလင်းမြို့နယ် မြေပြင်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာဖီဆန်လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများက လက်နက်ကိုင်တော်လှန်ရန် ထူထောင်ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်လိုကာ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် အစိုးရသစ်တရပ် ပေါ်ပေါက်အောင် ဆောင်ရွက်လိုသည့် စစ်ရေး-နိုင်ငံရေးရပ်တည်ချက်ရှိသည်။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။
အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၂) စစ်ဦးစီးကွပ်ကဲရေးဒေသနှင့် အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးဒေသ ဟူ၍ ဖွဲ့စည်းထားသည်။ စစ်ဦးစီးကွပ်ကဲရေးဒေသ တခုစီ၏ အောက်တွင် တပ်ရင်းသုံးရင်းစီ ပါဝင်ဖွဲ့စည်းရန် လျာထားသည်။ စစ်ဒေသသစ်တခုအဖြစ် အမှတ် (၄) စစ်ဦးစီးကွပ်ကဲရေးဒေသကိုလည်း ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် စစ်ဒေသသုံးခုကို စစ်ဦးစီးကွပ်ကဲရေးမှူး သုံးဦးက အုပ်ချုပ်ပြီး ၎င်းတို့သည် အဖွဲ့အစည်း၏ မဟာမိတ်ဆက်ဆံရေးမှူးရာထူး များကိုလည်း ပူးတွဲ တာဝန်ယူထားသည်။
အောက်ပါ တပ်ရင်း ကိုးရင်းသည် ဗမာ့တပ်တော်က ဖွဲ့စည်းနေဆဲ တပ်ရင်းများ ဖြစ်သည်။
စဥ် | တပ်ရင်းအမည် |
၁ | တပ်ရင်း-၁၀၁ |
၂ | တပ်ရင်း-၂၀၂ |
၃ | တပ်ရင်း-၃၀၃ |
၄ | တပ်ရင်း-၄၀၄ |
၅ | တပ်ရင်း-၅၀၅ |
၆ | တပ်ရင်း-၆၀၆ |
၇ | တပ်ရင်း-၇၀၇ |
၈ | တပ်ရင်း-၈၀၈ |
၉ | တပ်ရင်း-၉၀၉ |
၁၀ | မသိရသေးပါ |
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=61571139974356