သမိုင်းအကျဉ်း
တည်ထောင်သည့်နေ့စွဲ – ၂၀၁၀။
ဌာနချုပ် – KNU တပ်မဟာ(၅)၊ ဖာပွန်ခရိုင်၊ ကရင်ပြည်နယ်။
လှုပ်ရှားဒေသ – ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ မြဝတီခရိုင်။
ခန့်မှန်းအင်အား – ၁၀၀ နှင့်အထက်။
ခေါင်းဆောင် – ဗိုလ်မှူးကြီးမင်းထွန်း(ခ)မင်းဇံဝေ(ANC ၏ ဥက္ကဋ္ဌ၊ AA ၏ စစ်ဦးစီးချုပ်)။
ရခိုင်ပြည်အမျိုးသားကောင်စီ Arakan National Council (ANC)ကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Arakan Army(Karen)မှာ ၎င်း၏ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ AA(Karen) ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress – AASYC)၊ ရခိုင်အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု(National United Front of Arakan- NUFA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Army – ALA)တို့မှ ထူထောင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှစတင်၍ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။
ANC သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် UNFC ပြိုကွဲသွားရာ ANC သည် တဖွဲ့တည်းကျန်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် KNU တပ်မဟာ (၅)နှင့် ပူးတွဲ၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
(၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး။
(၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။
(၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို မြှင့်တင်ရေး။
(၄) မြန်မာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး။
(၅) လူသားမျိုးနွယ်စုတခုလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး။
နိုင်ငံရေးလမ်းညွန်ချက်
(၁) ရခိုင်ပြည်သူတရပ်လုံး သွေးစည်းညီညွတ်ရေး။
(၂) စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး။
(၃) ပြည်ထောင်တိုင်း နိုင်ငံရေးအရ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။
(၄) ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး။
(၅) စည်းလုံးခိုင်မာသော ရခိုင်ပြည် တည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
(၁) | ဗိုလ်မှူးကြီး မင်းထွန်း | ANC ၏ ဥက္ကဋ္ဌ AA ၏ စစ်ဦးစီးချုပ် |
(၂) | ဦးထွန်းဇော် | အထွေအထွေအတွင်းရေးမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ANC သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ တဆင့် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ကာ NCA တွင် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခဲ့သည်။ သို့သော် လက်နက်အင်အား၊ လူအင်အား သေးငယ်သည့် တပ်ဖွဲ့ဖြစ်သည်ဟုဆိုကာ အစိုးရနှင့် စစ်တပ်မှ ခွဲခြားဆက်ဆံခဲ့ခြင်းကြောင့် အပစ်ရပ်လက်မှတ် ထိုးနိုင်ခြင်းမရှိဘဲ ချန်လှပ်ခံခဲ့ရသည့် အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစ၍ ဆွေးနွေးခြင်းများ မရှိတော့ပါ။
စုဖွဲ့မှု
ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (ANPCC) တွင် အဖွဲ့ဝင်ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ANC သည် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ၂၀၂၁ ခုနှစ်၊ မေလမှစ၍ ၎င်း အခြေစိုက်လှုပ်ရှားရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း KNLA ဘက်မှ စစ်ကောင်စီအား စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲရာတွင် ပါဝင်ခဲ့သည်။ ယင်းလထဲတွင် မြန်မာ-ထိုင်းနယ်စပ်၊ သံလွင်မြစ်ကမ်း အနီးရှိ စစ်ကောင်စီ၏ အူးသူထာစခန်းကို သိမ်းပိုက်ရာတွင် KNLA တပ်မဟာ ၅ နှင့်အတူ ANC ၏ လှုပ်ရှားစစ်ကြောင်း တကြောင်းပါဝင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါလအတွင်း မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအနီး တိုက်ပွဲများ၊ လေးကေ့ကော် မြို့တွင်း တိုက်ပွဲများတွင် ANC သည် KNLA၊ PDF တပ်များနှင့် ပူးပေါင်းကာ စစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့ကို တိုက်ခိုက်ခဲ့သည်။
ဆက်ဆံရေးရုံးများ
မရှိပါ
တပ်မဟာများ
မရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Email: [email protected]
facebook: https://www.facebook.com/anc.arakannationalcouncil/
Twitter: https://twitter.com/ArakanANC
Phone : ဦးထွန်းဇော်(အထွေထွေအတွင်းရေးမှူး) – +66 816808934