သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၆၇ ခုနှစ် ဧပြီ ၉ ရက်။
ဌာနချုပ် – ရခိုင်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်။
လှုပ်ရှားဒေသ – ကရင်ပြည်နယ်။
ခန့်မှန်းအင်အား – ၅၀၀ နှင့် ၇၅၀ ကြား။
ခေါင်းဆောင် – ဦးခိုင်ရဲခိုင် (ဥက္ကဌ)။
ဦးခိုင်ရဲခိုင် ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၁၉၆၇ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် မူရင်း ALP ကနေ သုံးဖွဲ့ပြိုကွဲခဲ့သည့်အနက် တဖွဲ့ ဖြစ်သည်။ မူရင်း ALP သည် ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့၌စတင်ဖွဲ့စည်းခဲ့ပြီး ဦးခိုင်ရဲခိုင်သည် ထိုစဥ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ပထမဆုံးအကြိမ် ALP တည်ထောင်ပြီးနောက်တွင် အဖွဲ့လေးဖွဲ့ခွဲကာ လှုပ်ရှားခဲ့သည်။ ၎င်းတို့မှာ စစ်အစိုးရ၏ တပ်ဖွဲ့တွင် အသွင်ယူဝင်ရောက်ကာ စစ်ပညာသင်ယူမည့် အဖွဲ့၊ KNU ထံတွင် စစ်ပညာသင်ယူမည့်အဖွဲ့၊ မဟာမိတ်တည်ဆောက်မည့် အဖွဲ့နှင့် ရန်ကုန်မြို့တွင် အခြေစိုက်ကာ လှုပ်ရှားမည့် အဖွဲ့ ဟူ၍ လေးဖွဲ့ဖြစ်သည်။ ပထမအကြိမ် ဖွဲ့စည်းသည့် ALP ၏ ဥက္ကဋ္ဌမှာ ခိုင်ပြည်သိမ်းဖြစ်ပြီး နောင်တွင် ပြန်လည်ထူထောင်မည့် ALP အဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်လာမည့် ခိုင်မိုးလင်း၊ ခိုင်ရဲခိုင်နှင့် ခိုင်စိုးနိုင်အောင်တို့ကလည်း ဦးဆောင်သူများအဖြစ် ပါဝင်ခဲ့ကြသည်။ သို့သော် ၁၉၆၈ ခုနှစ်တွင် အဖွဲ့လေးဖွဲ့၏ ဦးဆောင်သူအသီးသီးနှင့် အဖွဲ့ခေါင်းဆောင်များမှာ စစ်အစိုးရ၏ ဖမ်းဆီးထောင်ချမှုကိုခံလိုက်ရသဖြင့် ရခိုင့်တော်လှန်ရေးတပ်ဖွဲ့ကို အခိုင်အမာတည်ဆောက်ရန် ကြိုးပမ်းနေသည့် ALP/ALA ၏ လှုပ်ရှားမှုများ ရပ်တန့်ကာ ရပ်တည်မှု ပျက်သွားခဲ့သည်။ ထိုကဲ့သို့ ဖမ်းဆီးခံခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ခိုင်ရဲခိုင်လည်း အပါအဝင်ဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ခိုင်မိုးလင်း၊ ခိုင်ရဲခိုင်နှင့်အတူ အခြားသော ဗဟိုကော်မတီဝင်တချို့ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက်တွင် ခိုင်မိုးလင်းက ဥက္ကဋ္ဌအဖြစ်ဖြင့် ALP ကို ဒုတိယအကြိမ် ပြန်လည်တည်ထောင်ခဲ့သည်။ ထိုသို့ပြန်လည်တည်ထောင်ရာတွင် KNU ဥက္ကဋ္ဌ မန်းဘဇံနှင့် ကာကွယ်ရေးဌာနမှူးကြီး ဘိုမြတို့၏ အကူအညီကို ရယူခဲ့ကာ ALP ၏ စစ်ရေးလက်တံကို KNU တပ်မဟာ-၇ ကော်မူရာခေါ် ဝမ်ခဟောင်းတွင် ပြန်ဖွဲ့စည်းခဲ့သည်။ အဦးပိုင်းကာလ စစ်ရေးလှုပ်ရှားမှုများကို KNU နှင့် တွဲဖက်ဖော်ဆောင်နေသော ALP/ALA သည် ၁၉၇၆ ခုနှစ်တွင် စစ်ဦးစီးချုပ် ခိုင်မိုးလင်း၏ ဦးဆောင်မှုအောက် တပ်ဖွဲ့အင်အား ၁၂၀ ကျော်ပါ မိုးလင်းရာဇာစစ်ကြောင်းဖြင့် ရခိုင်ပြည်သို့ ဝင်ရောက်ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ခိုင်ရဲခိုင်က ထိုစစ်ကြောင်းတွင် ဗိုလ်မှူးအဆင့်၊ တပ်ရင်းမှူးတာဝန်နှင့် ဘဏ္ဍာရေးတာဝန်ခံတာဝန်ကို ပူးတွဲယူကာ ပါဝင်ခဲ့သည်။ သို့သော် စစ်အစိုးရက ‘မြရတနာ’ စစ်ဆင်ရေးဖြင့် အဆိုပါ စစ်ကြောင်းကို ချင်းတောင်တန်းတွင် ဖြိုခွင်းခဲ့သဖြင့် ALP/ALA သည် ဒုတိယအကြိမ် ပြိုကွဲခဲ့ရပြန်သည်။ အဆိုပါ တိုက်ပွဲတွင်း ဖမ်းဆီးခံလိုက်ရသည့် တပ်ဖွဲ့ဝင်များထဲမှ တပ်ကြပ်ကြီးအဆင့်နှင့်အထက် ရာထူး ရှိသူအားလုံးမှာ သေဒဏ်ချမှတ်ခံခဲ့ရပြီး တပ်ကြပ်ကြီးအဆင့်အောက်ရာထူးရှိသူများမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရသည်။
၁၉၈၀ ပြည့်နှစ်တွင် မဆလအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ALP/ALA ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုလွတ်မြောက်လာသူများထဲတွင် သေဒဏ်ချမှတ်ခံရသည့် ခိုင်ရဲခိုင်လည်းပါဝင်သည်။ ထိုကဲ့သို့ လွတ်မြောက်လာပြီးနောက် ခိုင်ရဲခိုင်က ဦးဆောင်၍ ALP/ALA ကို တတိယအကြိမ်မြောက် ထပ်မံဖွဲ့စည်းခဲ့သည်။ တတိယအကြိမ် ဖွဲ့စည်းပုံတွင် အခြေစိုက်ဒေသများကို ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်ဟူ၍ နှစ်ဖွဲ့ခွဲခဲ့သည်။ ရခိုင်ပြည်နယ်တွင် ခိုင်ရဲခိုင်၊ ကရင်ပြည်နယ်တွင် ခိုင်စိုးနိုင်အောင်က ဦးဆောင်၍ အသီးသီးလှုပ်ရှားခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် ALP သည် KNU နယ်မြေတွင် တော်လှန်ရေးကော်မတီကို ယာယီဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ခိုင်ရဲခိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်တို့က တာဝန်ယူခဲ့သည်။ ALP ၏ စစ်ရေးလက်တံ ALA သည် စစ်ဒေသနှစ်ခုတွင် တပ်ရင်း လေးရင်းထားရှိခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းတွင် အမှတ်-၉ တပ်ရင်း၊ ဓညဝတီတပ်ရင်းနှင့် အာရကန်ရိန်းဂျားတပ်ရင်းဟူ၍ တပ်ရင်း သုံးရင်း၊ ကရင်ပြည်နယ် တပ်မဟာ-၇ နယ်မြေတွင် ရမ္မဝတီတပ်ရင်း စသည်ဖြင့် အသီးသီးဖြစ်သည်။
သုံးကြိမ်သုံးခါ ပြန်လည်တည်ထောင်ခဲ့ရသည့် ALP သည် ရပ်တည်သည့် သက်တမ်းရှည်ကြာခဲ့သော်လည်း အစိုးရကို စစ်ရေးအရခြိမ်းခြောက်နိုင်သည်အထိ စစ်အင်အား မကြီးထွားခဲ့ပါ။ အသွင်ပြောင်းအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်တွင် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် ALP/ALA ကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ဥက္ကဋ္ဌ ခိုင်ရဲခိုင်သည် NCA စာချုပ်တွင် လက်မှတ်ရေးထိုးလိုခြင်းမရှိခဲ့သော်လည်း ပါတီညီလာခံ၌ လက်မှတ်ရေးထိုးရန် ဆန္ဒရှိသူအရေအတွက် ပိုများနေသဖြင့် လက်မှတ်ရေးထိုးရန် သဘောတူခဲ့ရခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်တွင် ပြည်နယ်အဆင့် ပဏာမအပစ်ရပ်သဘောတူစာချုပ်၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့သည်။ ထို့နောက် သမ္မတဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLA) ပါတီ ဦးဆောင်သည့် အစိုးရနှစ်ဆက်လုံးတွင် နိုင်ငံရေးဆွေးနွေးပွဲများ၌ ဆက်တိုက်ပါဝင်ခဲ့သည်။
ထိုကဲ့သို့ ခေတ်အဆက်ဆက်ရပ်တည်လာခဲ့သော ALP/ALA သည် စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့နှစ်ခြမ်းကွဲသွားခဲ့သည်။ အကြောင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ရေး၊ မတိုက်ရေးကိစ္စနှင့်ပတ်သက်၍ သဘောထားကွဲလွဲကြခြင်းဖြစ်သည်။ ဥက္ကဌဖြစ်သူ ခိုင်ရဲခိုင်က လက်နက်ကိုင်တော်လှန်ရေးဖြင့် ရခိုင်ပြည်နယ်ကို ပြန်လည်ရယူလိုသည့် သဘောထားရှိကာ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က လက်နက်လည်းမချသလို စစ်အစိုးရနှင့်လည်း နိုင်ငံရေးဆွေးနွေးမည်ဟူသည့် သဘောထားရှိခဲ့သည်။ ထိုသို့ဖြင့် ခိုင်ရဲခိုင်ခေါင်းဆောင်သည့် ALP/ALA နှင့် ခိုင်စိုးနိုင်အောင် ခေါင်းဆောင်သည့် ALP/ALA ဟူ၍ နှစ်ဖွဲ့ကွဲသွားခဲ့သည်။
ခိုင်ရဲခိုင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ဦးဆောင်သည့်အဖွဲ့တွင် ဒေါ်စောမြရာဇာလင်းက ဒုတိယဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူသည်။ ၎င်းတို့ ALP/ALA အဖွဲ့သည် NCA လုပ်ငန်းစဉ်များတွင် ပါဝင်ခြင်း မပြုတော့ဘဲ လက်နက်ကိုင်လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခဲ့ရာ တပ်ဖွဲ့က တာဝန်မပေးဘဲ တတ်သည်ဟူ၍ အငြင်းပွားမှုများ ဖြစ်ခဲ့သည်။ ထိုဖြစ်စဉ်သည် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအကြား သဘောထားကွဲလွဲမှုကို ဖြစ်စေခဲ့ပြီးနောက် ထပ်မံ၍ အဖွဲ့နှစ်ခြမ်းကွဲခဲ့သည်။ ၂၀၂၂ ခုနှစ် မတ် ၅ ရက်တွင် ဒေါ်စောမြရာဇာလင်းက ဥက္ကဋ္ဌ ခိုင်ရဲခိုင်ထံကနေ ထပ်မံခွဲထွက်ပြီး အဖွဲ့အသစ် ALP/ALPR ကို တည်ထောင်ခဲ့သည်။ (ဒေါ်စောမြရာဇာလင်း ဦးဆောင်နေသည့် ALP/ALPR အဖွဲ့အကြောင်းကို ယခုလင့် (ISP Peace Desk) တွင် ဖတ်ရှုနိုင်သည်)
ဥက္ကဋ္ဌ ခိုင်ရဲခိုင် လက်ရှိဦးဆောင်နေသည့် ALP/ALA ၏ စစ်ရေးလှုပ်ရှားမှုနယ်မြေအဖြစ် ကရင်ပြည်နယ်မှအပ အခြားသောနယ်မြေများကို ထုတ်ဖော်ပြောကြားခြင်းမရှိပါ။ တပ်ဖွဲ့၏ ဌာနခွဲယူနစ်များကို ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားတို့တွင် ထားရှိကာ ပါတီစည်းရုံးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။ ဥက္ကဋ္ဌ ခိုင်ရဲခိုင်၏ ALP/ALA သည် ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သည့် ALP/ALA အပေါ်တွင် သဘောထားပျော့ပျောင်းမှုရှိကာ တပ်ဖွဲ့နှစ်ခု ပြန်လည်ပေါင်းစည်းရန်အတွက်လည်း စဉ်းစားချက်နှင့် ဆွေးနွေးမှုများရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးမှု ကျယ်ပြန့်စွာရှိ၍ အခိုင်အမာ ခြေကုတ်ယူထားနိုင်သည့် အာရက္ခတပ်တော်နှင့်လည်း ဆွေးနွေးကာ ရခိုင်ပြည်အတွက် အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ရည်မှန်းချက်။ ။ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလတွင် ဗမာပဒေသရာဇ်(ဗမာဘုရင်)၏ မတရားကျူးကျော် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ဆုံးရှုံးသွားခဲ့ရသော အဖရခိုင်ပြည်၏ အချုပ်အခြာအာဏာကို ပြန်လည်ရရှိရန် ဖြစ်သည်။
ရည်ရွယ်ချက်။ ။ ရခိုင်ပြည်တွင် မှီတင်းနေထိုင်လျက်ရှိနေကြသော လူထုလူတန်းစားအားလုံးတို့သည် သက်ဆိုင်ရာ လူထုလူတန်းစားအလိုက် တိုင်းရင်းသားအခွင့်အရေး (Collected Rights)၊ နိုင်ငံသားအခွင့်အရေး (Citizen Rights)၊ လူမျိုးနွယ်စု အခွင့်အရေး(Ethnic Rights) နှင့် လူနည်းစု အခွင့်အရေး (Minority Rights) စသည့် အခွင့်အရေးများကို အာမခံနိုင်သော ရခိုင့်ပြည်သူ့သမ္မတနိုင်ငံ တည်ဆောက်ရန် ဖြစ်သည်။ ၎င်းရခိုင်ပြည်သူ့သမ္မတနိုင်ငံတွင် သွေးစုပ်ခြယ်လှယ်မှု လုံးဝကင်းစင်ပြီး လူ့အခွင့်အရေး အပြည့်အဝရှိသော၊ ဖွံ့ဖြိုးတိုးတက်မှု ရှိပြီး အေးချမ်းသာယာသော၊ စစ်မှန်သော ဒီမိုကရေစီစနစ် အပြည့်အဝရှိသော ဘဝသစ်ထူထောင်ရန် ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်တွင် ALP/ALA ကနေ တပ်ဖွဲ့နှစ်ဖွဲ့ ခွဲထွက်ပြီးနောက်ပိုင်း ကျန်ရှိနေခဲ့သည့် ခေါင်းဆောင်များမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် လေးဦးနှင့် ဗဟိုကော်မတီဝင် ၂၀ ဦးခန့် ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁။ | ခိုင်ရဲခိုင် | ဥက္ကဋ္ဌ |
| ၂။ | ခိုင်ကျော်ခိုင် | အထွေထွေအတွင်းရေးမှူး |
| ၃။ | ဗိုလ်မှူးချုပ် ခိုင်မင်းစိုး | စစ်ဦးစီးချုပ် |
| ၄။ | ခိုင်ထင်လင်းအောင် | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စာချုပ်ကို ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
စုဖွဲ့မှု
ALP သည် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းကာလတွင် ALP/ALA သည် နိုင်ငံရေး/စစ်ရေး ခံယူချက်အသီးသီးဖြင့် အဖွဲ့များကွဲသွားခဲ့သော်လည်း ဥက္ကဋ္ဌ ခိုင်ရဲခိုင်ဦးဆောင်သည့် ALP/ALA သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးမဆွေးနွေးဘဲ လက်နက်ကိုင်ကာ ရခိုင့်ကံကြမ္မာကို ရခိုင်ကိုယ်တိုင် နှောင်ကြိုးမဲ့ လွတ်လပ်စွာ ဖန်တီးနိုင်ရေး တိုက်ပွဲဝင်ရန်ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
ဖော်ပြခြင်းမရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Email : [email protected]
