သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်။
ဌာနချုပ် – ယာယီဌာနချုပ်အား KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဖွင့်လှစ်ထားသည်။
လှုပ်ရှားဒေသ – ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်နှင့် မြန်မာ-အိန္ဒိယနယ်စပ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း။
ခန့်မှန်းအင်အား – ၃၀,၀၀၀ နှင့်အထက်။
(မှတ်ချက်။ ။ စစ်သင်တန်းတက်ထားပြီးသူများအနက် အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးရေ ၃၀,၀၀၀ ခန့်ရှိသည်ဟု ULA/AA ထိပ်သီးခေါင်းဆောင်များက တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။ အမြဲတမ်းတပ်ဖွဲ့ဝင် ၃၀,၀၀၀ ခန့်ထဲတွင် အခြေခံစစ်သင်တန်းတက်ပြီးနောက် ပြည်သူ့စစ်အသွင် သို့မဟုတ် ရခိုင်ပြည်နယ်တွင်း ULA/AA ၏ အခြားယန္တရားများတွင် ပါဝင်လျက်ရှိသူများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။)
ခေါင်းဆောင် – ဗိုလ်ချုပ် ထွန်းမြတ်နိုင်(ULA ၏ ဥက္ကဋ္ဌ၊ AA ၏ စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်(ULA ၏ အထွေထွေအတွင်းရေးမှူး၊ AA ၏ ဒုတိယစစ်ဦးစီးချုပ်)။
AA ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံရေးလက်တံဖြစ်သည့် ULA ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ပထမညီလာခံ ကျင်းပပြီး ဗဟိုကော်မတီဝင် ၂၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
KIA နယ်မြေအတွင်း စစ်သင်တန်းတက်နေသည့် AA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း၌ KIA နှင့် ပူးတွဲလှုပ်ရှားခြင်း၊ ကိုးကန့်ဒေသအတွင်း MNDAA တပ်များနှင့် ပူးတွဲလှုပ်ရှားခြင်းများဖြင့် စစ်ရေးအတွေ့အကြုံယူကာ ၂၀၁၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ထိုစဥ်က ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်တပ်အကြား ရံဖန်ရံခါသာ တိုက်ပွဲရှိခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင်ပြုလုပ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေးဆွေးနွေးမှုများတွင် ပါဝင်ရန် AA က ကိုယ်စားလှယ်များ စေလွှတ်ခဲ့သော်လည်း အစိုးရသစ်လက်ထက်မှ ပေါ်ပေါက်လာသည့် သက်တမ်းနုနယ်သေးသော အဖွဲ့ဖြစ်သဖြင့် လက်နက်ဖြုတ်သိမ်းပြီးမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်ခွင့်ရမည်ဟု စစ်တပ်ဘက်က ဆိုခဲ့သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတခုလုံး၌ စစ်ရေးတင်းမာနေခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် AA က ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်တပ်စခန်းလေးခုကို ဝင်တိုက်ရာ စစ်ရေးအခြေအနေ ပိုတင်းမာလာခဲ့သည်။
၂၀၁၉ ခုနှစ်မှစ၍ AA နှင့် အစိုးရ၊ စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် ပြန်လည်ဆွေးနွေးခဲ့သည်။ သို့သော် တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ ၎င်း၏ မဟာမိတ်များနှင့် ပူးပေါင်းကာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် သိန္နီ စသည့် မြို့နယ်များနှင့် မြန်မာ-တရုတ် ကုန်သွယ်ရေးအတွက်အရေးပါသည့် လမ်းကြောင်းများကို ဝင်တိုက်ခိုက်ခြင်း၊ လမ်းတံတားများ ချိုးဖျက်ခြင်းတို့ကို ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သည်။ တပ်ဖွဲ့စည်းခြင်း ၁၀ နှစ်ပြည့်သည့် ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် အဖွဲ့အစည်းအမည်ကို ရက္ခိုင့်တပ်မတော်အစား ရက္ခိုင့်တပ်တော်ဟု အမည်ပြောင်းလဲခဲ့သည်။ ‘တပ်တော်’ ဆိုသည်မှာ ‘တော်သည့်တပ်’ဟူ၍ အဓိပ္ပာယ်ရသည်။
၂၀၂၀ ပြည့်နှစ် မတ်လတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် AA ကို မတရားအသင်း ကြေညာခဲ့သလို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ် ၂၃ ရက်တွင် AA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်များ သိမ်းယူလိုက်သည့် မြို့များကို AA က ထိန်းချုပ်မှု ရယူခြင်းမရှိသော်လည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းများတွင် တပ်စခန်းများဖွင့်လှစ် အခြေစိုက်ထား သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဟိုင်ဂင်သဘောတူညီချက်ရရှိပြီး စစ်ဆင်ရေး ရပ်ဆိုင်းခဲ့သည်။
ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများရပ်တန့်သွားသောလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် AA နှင့် စစ်ကောင်စီတို့အကြား ပဋိပက္ခဆက်ပြင်းထန်ခဲ့သည်။ AA က ချင်းပြည်နယ်အတွင်းရှိ ပလက်ဝနှင့် ဆမီးမြို့တို့ကို သိမ်းယူထားပြီး ကျင်ဒွေးမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်သိမ်းယူခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းတွင်လည်း ပေါက်တော၊ မင်းပြား၊ တောင်ပြို(လက်ဝဲ)၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့တို့ကိုလည်း သိမ်းယူထိန်းချုပ်ထားသည်။ AA သည် မြန်မာ-ဘဂ်လားဒေ့ရှ်နှင့် မြန်မာ-အိန္ဒိယနယ်စပ် ဒေသများဖြစ်သည့် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတခုလုံးကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များအနီးတွင် စစ်ကောင်စီနှင့် AA တို့အကြား ပဋိပက္ခများ ဆက်ဖြစ်ပွားနေဆဲဖြစ်သည်။
AA ဖွဲ့စည်းမှု ၁၅ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်တွင် တပ်ဖွဲ့အမည်ကို ‘အာရက္ခတပ်တော်’ဟု ထပ်မံပြောင်းလဲခဲ့သည်။ ‘ရက္ခိုင်’သည် လူမျိုးတမျိုးကိုသာ ကိုယ်စားပြုသဖြင့် ပြည်နယ်အတွင်းရှိ မှီတင်းနေထိုင်သည့် လူမျိုး၊ မျိုးနွယ်စုများအားလုံးကို ကိုယ်စားပြုနိုင်ရန် ‘အာရက္ခ’ဟု အမည်ပြောင်းလဲ ခြင်း ဖြစ်သည်။ ထို့အပြင် ‘အာရက္ခ’သည် ပါဠိဘာသာစကားအရ ‘စောင့်ရှောက်သူ’ သို့မဟုတ် ‘အစောင့်အရှောက်ပေးသောသူ’ဟူ၍လည်း အဓိပ္ပါယ်ရသည်။
‘၁၀၂၇ စစ်ဆင်ရေး’နောက်ပိုင်းတွင် AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်မြေအမြောက်အမြားကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး-CNF နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအမတ်များ ပူးပေါင်းဖွဲ့စည်းထားသော ချင်းပြည်ကောင်စီတို့က ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ရန်ကြိုးစားခြင်းနှင့် စစ်ရေးလှုပ်ရှားခြင်းများကို ကန့်ကွက်ကြောင်း ကြေညာထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ULA/AA ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ရခိုင်အမျိုးသားများ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်ရရှိရေး၊ ရခိုင်လူမျိုးတို့၏ သဘာဝသယံဇာတ ရပိုင်ခွင့်၊ ဆုံးရှုံးသွားသည့် ရခိုင်လူမျိုးများ၏ ကံကြမ္မာကို မိမိလက်အတွင်း ထားရှိနိုင်ရေး၊ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခွင့်အရေးနှင့် အမျိုးသားရေးဆုံးရှုံးမှုများကို ပြန်လည်ရရှိရေး တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဗိုလ်ချုပ် ထွန်းမြတ်နိုင် | ULA ၏ ဥက္ကဋ္ဌ၊ AA ၏ စစ်ဦးစီးချုပ် |
၂ | ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် | ULA ၏ အထွေထွေအတွင်းရေးမှူး၊ AA၏ ဒုတိယ စစ်ဦးစီးချုပ် |
၃ | ဗိုလ်မှူးကြီး ကျော်ဟန် | အတွင်းရေးမှူး-၁ |
၄ | ဦးခိုင်သုခ | ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ |
ULA ၏ ဖွဲ့စည်းပုံ
၁ | ဥက္ကဋ္ဌ |
၂ | အထွေထွေအတွင်းရေးမှူး |
၃ | အတွင်းရေးမှူး-၁ |
၄ | အတွင်းရေးမှူး-၂ |
၅ | အတွင်းရေးမှူး-၃ |
၆ | အထူးအကြံပေးအဖွဲ့ |
၇ | နိုင်ငံတကာဆက်ဆံရေး |
၈ | မဟာမိတ်ဆက်ဆံရေး |
၉ | တရားစီရင်ရေးကော်မတီ |
၁၀ | အဖွဲ့အစည်းနှင့်လူထုဆက်ဆံရေး |
၁၁ | စာပေရေးရာ |
၁၂ | သမိုင်းနှင့်ယဥ်ကျေးမှု |
၁၃ | အမျိုးသမီးရေးရာ |
၁၄ | အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရေးကော်မတီ |
၁၅ | ဒေသတွင်းဖွံ့ဖြိုးရေးနှင့်အလုပ်သမားရေးရာ |
၁၆ | အခြားကဏ္ဍများ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
တရားဝင်လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲမှုမရှိသေးပါ။
စစ်တပ်နှင့် AA အကြား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်တိုင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့် အပစ်ရပ်စာချုပ် အပစ်ရပ်ဆိုင်းခဲ့ကြသည်။ သို့သော် စာချုပ်ချုပ်ဆိုမှု တစုံတရာမရှိခဲ့ပေ။
ပဏာမအပစ်ရပ်စာချုပ်(Bilateral) တစောင်ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သည်ကို မတွေ့ရပါ။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်း မောင်တောမြို့နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံရေးမှူး ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ခဲ့သည်။
ဇူလိုင်လမှစ၍ စစ်ရေးပြန်တင်းမာလာခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တကြော၊ ရသေ့တောင်မြို့နယ်၊ မောင်တောင်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်က စားနပ်ရိက္ခာနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ သယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် AA အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို ထပ်မံသဘောတူခဲ့ကြသည်။ ထိုအပစ်ရပ်တန့်ခြင်း သဘောတူညီမှုတွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုလည်း ပါဝင်ခဲ့သည်။
စုဖွဲ့မှု
ULA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့တွင်လည်း AA သည် မဟာမိတ်အဖွဲ့ဝင် ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် ULA/AA သည် စစ်တပ်နှင့် တိုက်ခိုက်မှုများ ပြန်မဖြစ်စေရန် ထိန်းသိမ်းခဲ့ပြီး ၎င်း၏ အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားများကို ရခိုင်ပြည်နယ်အတွင်း ပိုမိုချဲ့ထွင်ခဲ့သည်။
AA ခေါင်းဆောင်များသည် နိုင်ငံရေးလှုပ်ရှားမှုတွင် ရခိုင်တို့သည် ဗမာနိုင်ငံရေးသမားများ၏ နောက်လိုက် မဖြစ်ရေးဟူသည့် မူဝါဒအပေါ်တွင် ရပ်တည်ပြီး မိမိဒေသတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားကဏ္ဍများကို ဆက်လက်တိုးချဲ့လုပ်ကိုင်ရန်၊ ရက္ခိတလမ်းစဥ်အတိုင်း တော်လှန်ရေး ဆောင်ရွက်မှုများကိုသာ ဆက်လက်လုပ်ဆောင်ရန် ဦးတည်ခဲ့သည်။
စစ်ကောင်စီ၏ အာဏာကို ဖီဆန်သည့်အနေဖြင့် ရုံးမတတ်ရေးလှုပ်ရှားမှု(CDM)များ၊ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများဖြင့် ရခိုင်ပြည်နယ်တွင်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာအောင် မလုပ်ရန်နှင့် မိမိတို့၏ ရခိုင်အမျိုးသားရေး ရည်မှန်းချက်ကိုသာ ဆက်လုပ်ဆောင်ရန်လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၁၂ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။
ULA/AA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တရားဝင် ပူးပေါင်းဆောင်ရွက်သည်ဟု ကြေညာထားခြင်း မရှိသော်လည်း NUG ၏ ကာကွယ်ရေးဝန်းကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF)များ၊ ပြည်မမှ ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဖွဲ့စည်းသည့် ကျောင်းသားတပ်များကိုလည်း စစ်သင်တန်းပေးရာတွင် ကူညီပေးမှုများ ရှိသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် NUG ၏ ထိပ်သီးခေါင်းဆောင်များနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်ဖက်လုံးက တစုံတရာ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲက ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ခဲ့သော်လည်း ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
တပ်မဟာများကို တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါ။ ရခိုင်ပြည်နယ်တွင် အာလ်ဖာ၊ နိုဗာနှင့် ဗီတာဟူသည့် စစ်ဒေသများ ဖွဲ့စည်းထားသော်လည်း နယ်မြေပိုင်းခြား သတ်မှတ်မှုများကို အတိအကျ မသိရပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : https://www.arakanarmy.net
Email : [email protected]