သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်။
ဌာနချုပ် – KNU ထိန်းချုပ်ဧရိယာ။
လှုပ်ရှားဧရိယာ – ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပဲခူးတိုင်းရှိ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နှင့် မုန်းမြို့၊ မန္တလေးတိုင်းရှိ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နောင်ချိုမြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်၊ စစ်ကိုင်းတိုင်းရှိ မော်လူးမြို့နယ်၊ အင်းတော်မြို့နယ်၊ တမူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူး မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နှင့် ယောဒေသ၊ မကွေးတိုင်းရှိ ဂန့်ဂေါမြို့နယ်။
ခေါင်းဆောင် – ရဲဘော် သံခဲ (ဥက္ကဋ္ဌ)၊ ရဲဘော် လဆိုင်း (ဒုတိယဥက္ကဋ္ဌ)။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)သည် မြန်မာ့လက်နက်ကိုင် တော်လှန်ရေးသမိုင်းတွင် ကျောင်းသားကိုယ်စားပြု တပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ဖြိုခွင်းခံရပြီးနောက် ကျောင်းသား၊ အလုပ်သမား၊ လယ်သမားနှင့် လူငယ်များ စုစည်း၍ ABSDF ကို ထူထောင်ခဲ့သည်။ အဖွဲ့အစည်း တည်ထောင်ပြီးနောက် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၉၁ ခုနှစ် သြဂုတ်လတွင် တတိယအကြိမ် ညီလာခံကျင်းပရာ အဖွဲ့အစည်းတွင်း သဘောထားကွဲလွဲမှုများကြောင့် ABSDF နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလတွင် နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းရေး ညီလာခံကို ပြုလုပ်ရာ၌ ကွဲကွာနေစဉ်ကာလအတွင်း နှစ်ဖွဲ့စလုံးက လက်ခံကျင့်သုံးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှစ်ခုကို အခြေခံ၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ကာ တခုတည်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်၊ ပြုပြင်ပြောင်းလဲရေးအစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် ပါဝင်ဆွေးနွေးခဲ့ပြီး ပဏာမအပစ်ရပ်သဘောတူစာချုပ်နှစ်စောင် ချုပ်ဆိုခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းလိုက်ရာ ABSDF သည် တွေ့ဆုံဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့သည်။ ABSDF သည် မူရင်း အခြေစိုက်လှုပ်ရှားရာ ဒေသများအပြင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွင်း တပ်အင်အား ပြန်လည်တည်ဆောက်ခြင်း၊ အခြေစိုက် နယ်မြေအသစ်များ ဖြန့်ကြက်လှုပ်ရှားခြင်းများ လုပ်ဆောင်ခဲ့ပြီး ထိုဒေသများတွင် ဒေသခံကာကွယ်ရေး တပ်များနှင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း စစ်ကောင်စီက ကျင်းပခဲ့သည့် NCA ရှစ်နှစ်ပြည့် အခမ်းအနားသို့ အဖွဲ့အစည်း၏ ခွင့်မပြုဘဲ တတ်ရောက်ခဲ့သည့် ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်စောမောင်မောင်ဦးနှင့် ရဲဘော်မင်းဇော်တို့ကို ABSDF မှ ထုတ်ပယ်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ABSDF သည် နိုင်ငံရေး ရည်မှန်းချက်နှင့် ဦးတည်ချက် လေးရပ် ချမှတ်ထားပြီး အဆိုပါ အချက်များကို ထမြောက်အောင်မြင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။ ယင်းအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလုထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် ရေး၊
(ခ) ဒီမိုကရေစီနှင့် လူအခွင့်အရေးရရှိရေး၊
(ဂ) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊
(ဃ) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၏ ၁၂ ကြိမ်မြောက်ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ဗဟိုကော်မတီဝင် ၂၁ ဦးနှင့် အရံဗဟိုကောင်မတီဝင်လေးဦးတို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်။
၁ | ရဲဘော်သံခဲ | ဥက္ကဋ္ဌ |
၂ | ရဲဘော်လဆိုင်း | ဒုတိယ ဥက္ကဋ္ဌ |
၃ | ရဲဘော်ဆန်နီ | အထွေထွေအတွင်းရေးမှူး |
၄ | ရဲဘော်ကျော်ကျော်လင်း | တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) |
၅ | ရဲဘော်ရဲထွတ် (ခ) လှဌေး | တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) |
၆ | ရဲဘော်မင်းဌေး | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
၇ | ရဲဘော်ယောရှု | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
၈ | ရဲဘော်လွမ်းဏီ | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
၉ | ရဲဘော်အေးလွင် | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
၁၀ | ရဲဘော်သိန်းလွင် | ဗဟိုကော်မတီ |
၁၁ | ရဲဘော်သီတာခိုင် | ဗဟိုကော်မတီ |
၁၂ | ရဲဘော်မြဝင်း | ဗဟိုကော်မတီ |
၁၃ | ရဲဘော်ညီညီဇော် | ဗဟိုကော်မတီ |
၁၄ | ရဲဘော်ချောဝေဝေလွင် | ဗဟိုကော်မတီ |
၁၅ | ရဲဘော်စုစုထွေး | ဗဟိုကော်မတီ |
၁၆ | ရဲဘော်ဇော်သန်း | ဗဟိုကော်မတီ |
၁၇ | ရဲဘော်ညီညီငယ် | ဗဟိုကော်မတီ |
၁၈ | ရဲဘော် ချစ်ဝင်း | ဗဟိုကော်မတီ |
၁၉ | ရဲဘော်တင်ဇော်ဦး | ဗဟိုကော်မတီ |
၂၀ | ရဲဘော်အာဏာဖြိုး | ဗဟိုကော်မတီ |
၂၁ | ရဲဘော်သန့်ဇင်ကျော် | ဗဟိုကော်မတီ |
၂၂ | ရဲဘော်မင်းမင်းဦး | အရံဗဟိုကော်မတီ |
၂၃ | ရဲဘော်မိုးကျော်ဦး | အရံဗဟိုကော်မတီ |
၂၄ | ရဲဘော်ပြည့်စုံဝင်း | အရံဗဟိုကော်မတီ |
၂၅ | ရဲဘော်ဇင်ကိုကို | အရံဗဟိုကော်မတီ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၃ ခုနှစ် သြဂုတ် ၅ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၃ ခုနှစ် သြဂုတ် ၁၀ ရက်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) – ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်။
NCA ကို လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် စစ်တပ်နှင့် ABSDF အကြား ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပွားခြင်းမရှိခဲ့ပါ။ သို့သော် ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်တပ်အကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA ထိန်းချုပ်နယ်မြေတွင်း တပ်စခန်းအခြေစိုက်ထားသည့် ABSDF တပ်ဖွဲ့ဝင်များက ပါဝင်လှုပ်ရှားမှုများ ရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက်တွင် ABSDF သည် KNU နှင့် KIA တို့၏ နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့အပြင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အတွင်း စစ်ဆင်ရေးများ၌ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို စစ်သင်တန်းပေးခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးလှုပ်ရှားများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိသည်။
စုဖွဲ့မှု
ABSDF သည် NCA တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(Peace Process Steering Team – PPST)တွင် ပါဝင်သည်။ သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် NCA လုပ်ငန်းစဥ်များတွင် ပါဝင်ရန် ရပ်ဆိုင်း ခဲ့ရာ PPST တွင်လည်း ဆက်လက်ပါဝင်နေခြင်း မတွေ့ရတော့ပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
NCA အရ ပြုလုပ်နေသည့် ဆွေးနွေးမှုအားလုံးကို စစ်အာဏာသိမ်းပြီးနောက်တွင် ရပ်တန့်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးမှုများ ရှိသည်။ ABSD တောင်ပိုင်းနှင့် မြောက်ပိုင်း တပ်များ အခြေစိုက်ရာ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် KNU၊ KIA တို့နှင့် ပူးတွဲ၍ စစ်ကောင်စီကို ပြန်တိုက်ခိုက်လျက် ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ထပ်မံလှုပ်ရှား၍ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။
အာဏာသိမ်းကာလအတွင်း ကျင်းပသည့် ၁၂ ကြိမ်မြောက် ညီလာခံအပြီးတွင် နိုင်ငံရေးရည်မှန်းချက်၊ ရပ်တည်ချက်များကို ချမှတ်ခဲ့ကြသည်။ ယင်းအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) နိုင်ငံရေး ရည်မှန်းချက်
၁။ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊
၂။ စစ်တပ်အား ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ခံအရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝ ထားရှိရန်၊
၃။ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းရန်၊
၄။ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးလုပ်ငန်းစဥ် ဖော်ဆောင်ရန်၊
၅။ လုပ်ငန်းစဥ် အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် နိုင်ငံတကာ၏ကြားဝင်ညှိနှိုင်းမှု၊ နည်းပညာပံ့ပိုးမှု၊ လေ့လာစောင့်ကြည့်မှုနှင့် ဘဏ္ဍာရေးကူညီထောက်ပံ့မှု စသည်တို့ ပါဝင်ရေး သဘောတူထားရန်။
(ခ) ရပ်တည်ချက်
၁။ စစ်ကောင်စီသည် ဖော်ပြပါ နိုင်ငံရေးရည်မှန်းချက်များကိုလက်မခံဘဲ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေပါက မည်သည့် ဆွေးနွေးပွဲမျှ ပြုလုပ်ရန်မရှိ။
၂။ စနစ်အပြောင်းအလဲ(System Change)ကို လိုလားသည်သာမက အာဏာရှင်စနစ်မှ နောက်ပုံစံတခုသို့ ပြောင်းလဲခြင်း သို့မဟုတ် အာဏာရှင်အရပ်သားအစိုးရပုံစံဖြင့် ပြောင်းလဲခြင်းကိုပင် လက်ခံနိုင်ဖွယ်မရှိ။
၃။ နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်မခံ။
၄။ မြန်မာနိုင်ငံအကျပ်အတည်းဖြေရှင်းမှုတွင် အမျိုးသားစည်းလုံးညီညွတ်မှုပုံစံကို အခြေခံ၍ အနာဂတ် မြန်မာနိုင်ငံ၏အစိုးရများကို ဖန်တီးပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ်တရပ် လိုအပ်မည် ဖြစ်ပါသည်။
၅။ စစ်ကောင်စီသည် အသွင်ကူးပြောင်းရေး အာဏာပိုင်မဟုတ်၊ အသွင်ကူးပြောင်းရေးကာလတွင် အားလုံးသဘောတူညီထားသည့် စစ်မှန်သော အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင် (Transitional Authority) တရပ်လိုအပ်သည်။
၆။ အထက်ပါအဆင့်များအားလုံး အကောင်အထည်ဖော်ပြီးမှသာ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အသစ်ကို ကျင်းပနိုင်မည်။
ဆက်ဆံရေးရုံးများ
၁။ မြဝတီ မြို့၊ ကရင်ပြည်နယ်။
တပ်မဟာများ
တပ်မဟာများ | တပ်ရင်း | လှုပ်ရှားရာဒေသ |
ABSDF(မြောက်ပိုင်းဒေသ) | ABSDF စစ်ကြောင်း-၁၊ ABSDF စစ်ကြောင်း-၂။ | ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့နယ်၊ မော်လူးမြို့နယ်။ |
ABSDF(စစ်ကြောင်း-၃) | ABSDF အမှတ်-၁၂ ယောဒေသ၊ ABSDF အမှတ်-၁၄ ချင်းတွင်းဒေသ၊ ABSDF တပ်ရင်း-၅။ | မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ပုလဲမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ယောဒေသ။ |
ABSDF(တောင်ပိုင်းစစ်ဒေသ) | ABSDF သထုံခရိုင်အလုပ်အဖွဲ့၊ ABSDF သထုံခရိုင် ထောက်ပို့။ ABSDF တပ်ရင်း-၁။ | ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊တနင်္သာရီမြို့နယ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့။ |
ABSDF(ရှမ်းမြောက်ဒေသ) | မန္တလေးတိုင်း နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊မိုးမိတ်မြို့နယ်။ |
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : https://absdf.org/
Email :[email protected] , [email protected]
Phone : ရဲဘော် ကျော်ကျော်လင်း – +66 625241362
ရဲဘော် အေးလွင် – +66 979255885