NLD အစိုးရခေတ်

(November 8, 2015)

NLD အစိုးရခေတ်

 (၁)သမိုင်းအတွေ့အကြုံ

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသက်အနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၊ SNLD ပါတီနှင့် ANP ပါတီတို့မှာလည်း အမတ်နေရာ အနည်းငယ် ရရှိခဲ့သည်။

၂၀၁၆ မတ် ၁၅  ရက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သမ္မတရွေးချယ်မှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ သမ္မတအဖြစ် ဦးထင်ကျော် ရွေးကောက်တင်မြှောက်ခံရပြီး ဒုတိယသမ္မတများအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗင်ထီးယူတို့ တင်မြှောက်ခံရသည်။

၂၀၁၆ မတ် ၃၀ ရက်တွင် NLD ပါတီအစိုးရကို စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးထင်ကျော်သည် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦး ဦးဆောင်သည့် ဝန်ကြီးဌာန ၂၁ ခုကို ဖွဲ့စည်းခဲ့ရာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန ၄ ခု၏ ဝန်ကြီးအဖြစ် ကိုင်တွယ်ခဲ့သည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်အား အာဏာအပ်နှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို လွှတ်တော်နှစ်ရပ်တွင် အတည်ပြုပြီးနောက် ဧပြီ ၆ ရက်တွင် သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုး အတည်ပြု ခဲ့သည်။

NLD ပါတီအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရန် စတင်ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်ချမ်းရေးဗဟိုဌာန(NRPC) အဖြစ် ၂၀၁၆ ဇူလိုင် ၂၅ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ်၊ ၂၀၁၇ မေလတွင် ဒုတိယအကြိမ်နှင့် ၂၀၁၈ သြဂုတ်လတွင် တတိယအကြိမ် ကျင်းပခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၃ တွင် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ KNU နှင့် RCSS တို့က တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မှု ရပ်ဆိုင်းခဲ့ ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၁၅ လကြာ ရပ်တန့်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် JICM အစည်းအဝေးကို ကျင်းပခဲ့ပြီး တရား၀င်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်းမှာပင် ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည်။

၂၀၁၆ သြဂုတ် ၂၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များကို ဖြေရှင်းရာတွင် အကြံပေးနိုင်ရန်ဟု ဆိုကာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို အစိုးရက ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၂၀၁၆ အောက်တိုဘာနှင့် ၂၀၁၇ သြဂုတ်လတို့အတွင်း အာဆာ(ARSA)အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များအတွင်းရှိ နယ်ခြားစောင့်စခန်းများနှင့် တပ် မတော်စခန်းဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနောက် အစိုးရက အာဆာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သလို တပ်မတော်ကလည်း ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်က NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်စေရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန်ဟု ဆိုကာ တိုင်းစစ် ဌာနချုပ် နယ်မြေ ငါးခုတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၄ လကြာ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီး ယင်း နောက်တွင်လည်း တစ်ကြိမ်လျှင် ၂ လစီဖြင့် ၂ ကြိမ် သက်တမ်းတိုးခဲ့သည်။

‌မြန်မာနိုင်ငံသည် လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်သည်ဟု အစ္စလာမ် မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ (OIC) များ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။  ထိုအမှုအတွက် ပထမအကြိမ် ကြားနာမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်၍ သွားရောက်ဖြေရှင်းခဲ့သည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်(လွတ်လပ်ရေးနေ့)နံနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်မြို့နယ်အ တွင်းရှိ နယ်ခြားစောင့်စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် AA အဖွဲ့အကြား ရခိုင် ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုမြင့်တက်နေသော်လည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NlD)ကပင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရခဲ့သည်။ သို့ရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ကိုးခုအပါအဝင် နိုင်ငံတဝန်း မြို့နယ် ၁၅ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

 

 (၂)လူမှုစီးပွားရေးနောက်ခံအခြေအနေ

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့နေခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရေရှည်ဝင်ငွေရပေါက်ရလမ်း ရှိသော လုပ်ငန်းများကို လုပ်ကိုင် လာကြသည်။ ဝ၊ မိုင်းလား၊ ကိုးကန့်စသည့် တရုတ်နယ်စပ်တွင် ကာစီနိုလုပ်ငန်းများ ပေါ်ပေါက်လာပြီး တရုတ်နယ်စပ်မဟုတ်သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများပါဝင်ပြီး နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ နယ်မြေ ဖြစ်သော ရွှေကုက္ကိုမြို့သစ်မှာ ကာစီနိုလုပ်ငန်းနှင့် ပတ်သက်၍ လူပြောအများဆုံး စီမံကိန်းတခု ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် ကမ္ဘာတွင် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံ ဖြစ်နေသေးသည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများလာပြီး မက်သာဖက်တမင်း (Methamphetamine) နှင့် အိုက်စ်(ICE) များ အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ တိုးလာသည်ဟု နိုင်ငံတကာသုတေသန စာတမ်းများက ဆိုသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ ဧပြီလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆက်တိုက်ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသော ပစ္စည်းများ ဖမ်းဆီးရမှုသည့် အရှေ့တောင်အာရှ ဒေသတွင်းသာမက အရှေ့အာရှ ဒေသတွင်း အများဆုံးအနေဖြင့် စံချိန်တင်ခဲ့ပါသည်။ ပို၍ အဆင့်မြင့်လာသော မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ဘိန်းစိုက်ခင်းများမှ ရရှိသော ကုန်ကြမ်းများကို အမြောက်အမြား အသုံးပြုရန် လိုအပ်ခြင်းမရှိဘဲ သက်ဆိုင်ရာ ဓာတုပစ္စည်းများကို ကျွမ်းကျင်သူက ပေါင်းစပ်ထုတ်လုပ်ပေးခြင်း ဖြစ်သည်။ ကုန်ကြမ်းနှင့် ကျွမ်းကျင်သူများသည် တရုတ်နိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်တလျှောက် အပစ်ရပ်စဲထားသော အဖွဲ့များသာမက အပစ်ရပ်စဲထားခြင်း မရှိသောအဖွဲ့များနှင့် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ ဟူသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ရာဒေသများတွင် ထုတ်လုပ်လျက်ရှိသည်။

အဆိုပါ ဒေသများရှိ မူးယစ်ဆေးဝါး၊ ကာစီနို စသည့်လုပ်ငန်းများသည် အခွန်အခအရရော အချုပ်အခြာ အာဏာအရပါ မြန်မာအစိုးရ၏ ထိန်းချုပ်နိုင်စွမ်း ပြင်ပသို့ ရောက်ရှိနေသော ပြဿနာများဖြစ်သည်။ ဝင်ငွေကောင်းသော လုပ်ငန်းများဖြစ်ခြင်းကြောင့် လက်နက်တပ်ဆင်မှု ပိုမိုများပြားလာပြီး လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများကို ပိုမိုပြင်းထန်စေနိုင်သည့်အပြင် ပဋိပက္ခအတွင်းမှ တဦးတဖွဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေသောကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ရေးကို ခြိမ်းခြောက်လျက်ရှိသည်။

 

(၃) နိုင်ငံရေးအလှည့်အပြောင်း

NLD အစိုးရလက်ထက်တွင်မူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ပြောင်းလဲမှုများဖြင့် စတင်ခဲ့ပြီး ယခင်အစိုးရ လက်ထက်က ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် အဓိက မောင်းနှင်အားတခု ဖြစ်ခဲ့သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)ကို အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်ချမ်းရေး ဗဟိုဌာန(NRPC) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ကိုလည်း  “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ အစည်းအဝေး” ဟူ၍ ပြောင်းလဲ ကျင်းပခဲ့သည်။ ထို့အတူ ငြိမ်းချမ်းရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ ပထမ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး သဘော တူညီချက်များ မရှိခဲ့ဘဲ အစိုးရသစ်လက်ထက် စတင်ပြုလုပ်သည့် အဖွင့်ညီလာခံတခုအဖြစ်သာ မှတ်တမ်း ဝင်ခဲ့သည်။

သို့ရာတွင် ၂၀၁၇ မေလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင်မူ အချက် (၃၇) ချက် ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် တပ်မတော်ဘက်က တင်သွင်းခဲ့သည့် “ခွဲမထွက်ရ” နှင့် “တစ်ခုတည်းသော တပ်မတော်” ဟူသည့် အကြောင်းအရာများကြောင့် ရသင့်သည့် အရေးကြီးသော သဘောတူညီချက်များ မရရှိခဲ့ပေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကို ၂၀၁၈ ဩဂုတ်တွင် ကျင်းပခဲ့ရာ အချက် ၁၄ ချက် ထပ်မံရရှိခဲ့၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂)ကို ချုပ်ဆို နိုင်ခဲ့သည်။

ထိုအချိန်နောက်ပိုင်း ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးကဏ္ဍများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ရသည်။ ယင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အစိုးရက  NCA ပြင်ပ လမ်းသစ်ထွင်ခြင်းအဖြစ် ၂၀၁၈ အောက်တိုဘာလအတွင်း နေပြည်တော်တွင် ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။  ယင်းဆွေးနွေးပွဲအပြီးတွင် KNU နှင့်  RCSS/SSA  အဖွဲ့များက ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းခဲ့၍ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ တနှစ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့ရသည်။

ထို့ကြောင့် NRPC အနေဖြင့် KNU နှင့် RCSS/SSA တို့ တရားဝင် ငြိမ်းချမ်းရေးအစည်းအဝေးများတွင် ပြန်လည် ပါဝင်လာရန် အလွတ်သဘောတွေ့ဆုံမှုများကို အကြိမ်များစွာ ပြုလုပ်ခဲ့ရသည်။

၂၀၂၀ ဇန်နဝါ ရီတွင် JICM အစည်းအဝေး ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက် ကျင်းပမည့်အချိန် သတ်မှတ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဩဂုတ်မှသာ ကျင်းပနိုင်ခဲ့သည်။ သို့ရာတွင် AA အဖွဲ့ကို မဖိတ်ကြားခဲ့သကဲ့သို့ FPNCC အဖွဲ့ဝင်များနှင့် KNPP တို့ကလည်း မတက်ရန် ဆုံးဖြတ်ခဲ့ကြ၍ အပစ်ရပ် လက်မှတ်မထိုးထားသည့်အဖွဲ့အားလုံး မပါဝင်သည့် ပထမဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖြစ်ခဲ့သည်။

အစည်းအဝေးနောက်ဆုံးနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) အဖြစ် သဘောတူညီချက် အချက် ၂၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်အလိုက် အကောင်အထည်ဖော်မှုများကို သဘောတူညီမှု ရရှိခဲ့သည်။ သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စု၏အခြေခံ အကျဆုံးအချက်အဖြစ် တိုင်းရင်းသားများက ရှုမြင်ထားသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့် အချက်ကို အသုံးအနှုန်း သဘောတူညီချက် မရရှိ၍ မချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ထောက်ပြစရာ ဖြစ်ခဲ့သည်။

တဆက်တည်းမှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  NRPC ၏ လုပ်ဆောင်မှုများနှင့် UEC ၏ လုပ်ဆောင်မှုများ အပေါ် ဝေဖန်ပြောကြားမှုများက စစ်ဘက် -အရပ်ဘက် ဆက်ဆံရေးအပေါ်  အာရုံစိုက်စရာဖြစ်ခဲ့ပါသည်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့နှင့် တပ်မတော်အကြား တင်းမာမှုများရှိနေရာမှ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ နှစ်ဖက်စလုံးက အပြုသဘောဆောင်သည့် ကြေညာ ချက်များ အပြန်အလှန်ထုတ်ပြန်ခဲ့သကဲ့သို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုလည်း ၂၀၂၀ ပြည်နှစ် အောက်တိုဘာလကုန်မှစ၍ ရပ်တန့်သွားခဲ့သည်။

 

 (၄)နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

၂၀၁၆ မတ် ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့်  NLD ပါတီအစိုးရတွင် သမ္မတဦးထင်ကျော်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ၁၈ ဦး ဦးဆောင်သည့် ဝန်ကြီးဌာန ၂၁ ခုကို ဖွဲ့စည်းခဲ့ရာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန ၄ ခု၏ ဝန်ကြီးအဖြစ် ပူးတွဲကိုင်တွယ်ခဲ့သည်။

ယင်းနောက် ဧပြီ ၆ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးအသစ် ခန့်အပ်ခဲ့ပြီး ၎င်းတာဝန်ယူထားသည့် ဝန်ကြီးဌာန ၂ ခုကို ဝန်ကြီးအသစ်များ ခန့်အပ်ခဲ့သလို နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာနကိုလည်း တည်ထောင်ခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း  ဆာင်ရွက်ရေးဝန်ကြီးဌာန ၂ ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်တို့ကို ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သစ်ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့် အမှတ် (၃၀/၂၀၁၇)ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၈ မတ် ၂၁ ရက်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော် ရာထူးမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံတော်သမ္မတသစ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦး ဝင်းမြင့် ရွေးချယ်ခံရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ နုတ်ထွက်မှုအဖြစ် ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ရက်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီ ၉ ရက်တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ရာထူးမှ နုတ်ထွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ၂၀၁၉ မတ် ၁၀ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုခဲ့သည်။

၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(PBP)ကို မှတ်ပုံတင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် သူရ ဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အား သက်တမ်းမတိုးရန် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။

၂၀၁၈ နိုဝင်ဘာ ၁၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ထပ်မံတိုးချဲ့ဖွဲ့ စည်းခဲ့ပြီး ဝန်ကြီးအဖြစ် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့ကာ ၎င်း၏ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ဦးမင်းသူကို အစားထိုးခန့်အပ်ခဲ့သည်။ သို့ဖြစ်၍ NLD အစိုးရအဖွဲ့ စတင်ဖွဲ့စည်းချိန်တွင် ဝန်ကြီးဌာန ၂၁ ခု ဖြင့် စတင်ဖွဲ့စည်းခဲ့ရာမှ ဝန်ကြီးဌာန ၂၅ ခု၊ ဝန်ကြီး ၂၅ ဦး၊ ဒုဝန်ကြီး ၂၀ ဦးဖြင့် အစိုးရယန္တရားများကို လည်ပတ်နေသည်။

 

(၅)ပထဝီနိုင်ငံရေး

ပထဝီနိုင်ငံရေးအရ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိနေပြီး အကျိုးစီးပွားအရ ပူးပေါင်းဆက်ဆံမှုများကို NLD အစိုးရလက်ထက်တွင် တွေ့မြင်ခဲ့ရ သည်။

မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်ထိစပ်မှု မိုင် ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ အနေဖြင့် ယခင်မြန်မာ အစိုးရများ လက်ထက်တွင် အကျိုးစီးပွားများစွာ ဖော်ဆောင်နိုင်ခဲ့သကဲ့သို့ NLD အစိုးရလက်ထက်တွင် လည်း ၎င်းတို့၏ အကျိုးစီးပွားကို ဆက်လက်ရယူနိုင်ခဲ့သည်။ တရုတ်-မြန်မာစီး ပွားရေး စင်္ကြံ (CMEC) ကို အကောင်အထည်ဖော် ရန် နှစ်နိုင်ငံသဘောတူညီမှု ရခဲ့သည်။ ကားလမ်း၊ ရထားလမ်းများကို တရုတ်- မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနှင့်အပြိုင် မူဆယ်မှ စ၍ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းရှိ ကျောက်ဖြူအထိ စီမံကိန်းများ ရေးဆွဲထားပြီး ဖြစ်ပါသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကြီး(BRI) နှင့်လည်း ချိတ်ဆက်လျက် ရှိသည့်အပြင် သမုဒ္ဒရာနှစ်စင်းမဟာ ဗျူဟာ(Two Oceans Strategy)နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာသည် ယခုကဲ့သို့ တရုတ်၏ အကျိုးစီးပွားများစွာကို ဖော်ဆောင်နိုင်မည့် စင်္ကြံလမ်းတလျှောက်တွင် တည်ရှိလျက်ရှိ ပါသည်။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံအတွက် ပို၍ အလေးထားစရာ ဖြစ်လာပါသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိနေသည့် တရုတ်နိုင်ငံအနေဖြင့် အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာဆွန်းကော်ရှန်ကို ၂၀၁၅ ခုနှစ်တွက် စတင်ခန့်အပ်ခဲ့ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြား၀င်စေ့စပ်ပေးလျက်ရှိပါသည်။ NLD အစိုးရ တာဝန်ယူပြီးချိန်မှစ၍ မစ္စတာဆွန်းကော်ရှန်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ၁၁ ကြိမ်ထက်မနည်း တွေ့ဆုံ ခဲ့သကဲ့သို့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။

ယခု အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု-ပင်လုံ) အစည်းအဝေးကို သုံးကြိမ် ကျင်းပခဲ့ရာ မစ္စတာ ဆွန်းကော်ရှန် အနေဖြင့် နှစ်ကြိမ်တက်ရောက်ခဲ့ပြီး မူလက တက်ရောက်ရန် ငြင်းဆန် ထားသော မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တရုတ်အစိုးရ‌ လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် လုံခြုံရေးတာဝန်ယူ ခေါ်ဆောင်ပြီး ပင်လုံအစည်းအဝေး တက်ရောက်စေခဲ့ ပါသည်။ အဆိုပါဖြစ်စဉ်များကို ထောက်ရှုလျှင် တရုတ်၏ ရပ်တည်ချက်မှာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် သက်ရောက်မှုကြီးကြီးမားမား ဖြစ်စေနိုင်ခြင်းကို တွေ့ရသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမေရိကန်ဒေါ်လာ သုံးသန်းအထိ အကူအညီ ပေးရန် ကတိပြုထားသည့် တရုတ်အစိုးရအနေဖြင့် NRPC သို့ ငွေကြေးအပြင် မော်တော်ယာဉ်များလည်း ထောက်ပံ့ပေး ခဲ့သည်။

အလားတူ အိန္ဒိယနိုင်ငံဘက်ကလည်း ၎င်းတို့၏ အဓိကနိုင်ငံခြားရေး မူဝါဒ နှစ်ရပ်ဖြစ်သည့် “ အရှေ့ တွင် လှုပ်ရှားရေး (Act East)” and “အိမ်နီးချင်းက ပထမ (Neighborhood First)” တို့၏ ဆုံချက်ရှိ ဗျူဟာမြောက် ပထဝီနိုင်ငံရေးအနေအထားတွင် ရှိနေသည့် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးတိုးမြှင့်လာ ခဲ့သည်။

၎င်းတို့၏ ဒေသတွင်း အဓိကပြိုင်ဘက်ဖြစ်သည့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စီမံကိန်းများ နှင့်အပြိုင် အိန္ဒိယကလည်း အရှေ့ပိုင်းဆိပ်ကမ်း ကူလ်ကတ္တားနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ချင်းပြည်နယ်ရှိ ပလက်ဝနှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်တို့ကို ဆက်သွယ်ပေးမည့် ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းမှတဆင့် ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိရေးကို ကြိုးပမ်းနေသည်။

ထိုပြင် စစ်ဘက်ဆက်ဆံရေးအားကောင်းရန်လည်း ကြိုးစားလာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မြန်မာ့ တပ်မတော် အရာရှိများကို လေ့ကျင့်သင်တန်းပေးရုံသာမက ရေငုပ်သင်္ဘောတစီး လွှဲပြောင်းပေးခဲ့ပြီး တော်ပီဒိုအပါအဝင် ခေတ်မီလက်နက်များလည်း ရောင်းချပေးခဲ့သည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၌ ဆက်စပ်အခြေအနေတခုဖြစ်သော ပထဝီနိုင်ငံရေး အခင်း အကျင်းတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုက ပို၍ ကြီးမားလာသည်ကို ငြင်းပယ်ရန် ခက်ခဲပါ သည်။ ဥပမာအား ဖြင့် USDP အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွင် ကုလသမဂ္ဂ (UN) နှင့် အမေရိကန် အစရှိသော အနောက်အုပ်စုများ၏ ပါဝင်ပတ်သက်မှုကို ထင်ရှားစွာ မြင်တွေ့ရသည့်တိုင် NLD အစိုးရလက်ထက်တွင် မြောက်ပိုင်းမဟာမိတ်များ (FPNCC) ကိစ္စမှသည် ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံအထိ သက်ရောက်မှုတွင် တရုတ်၏ ပါဝင်သက်မှုက ပို၍ ကြီးမားလာခဲ့ပါသည်။

သို့ရာတွင် ရွေးကောက်ပွဲအပြီ ဖြစ်ပေါ်လာသည့် တပ်မတော်နှင့် AA တို့အကြား ထူးခြားသည့်အရွေ့ကို ကြားဝင် ညှိနှိုင်းပေးခဲ့သူမှာ ဂျပန်အစိုးရ၏ အထူးကိုယ် စားလှယ်ဖြစ်ခဲ့ခြင်းက  ၂၀၂၀ အလွန် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍမှာ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်ပြီး ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sasakawa သည် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုကာလမှာပင် တပ်မတော်နှင့် AA အကြား ထုတ်ပြန်ချက်များ ထွက်ပေါ်လာရန် ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငွေအား၊ လူအား၊ နည်းပညာအားပါ ကူညီနေသည့် ဂျပန်နိုင်ငံသည် အပစ်ရပ် လက်မှတ်ထိုးလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးကောင်းမွန်ပြီး တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ခဲ့သည်။ သို့ရာတွင် AA အဖွဲ့အပါအဝင် NCA လမ်းကြောင်းပြင်ပမှ လက်နက်ကိုင်အဖွဲ့များနှင့် ထူးခြားသည့် ဆက်ဆံရေး မရှိခဲ့ပေ။ ပုံမှန်အားဖြင့် AA အပါအဝင် မဟာမိတ်ညီနောင် အဖွဲ့သုံးဖွဲ့သည် တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်သည်ဟူသော အမြင်များ ရှိနေချိန်တွင် ရခိုင်ပြည်နယ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှု ရှိလာခြင်းက စိတ်ဝင်စားဖွယ် ဖြစ်လာသည်။

 

(၆)နိုင်ငံရေးဓလေ့

 

(၇)ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို မတ် ၃၁ ရက်၌ လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ဧပြီ ၁ ရက်နှင့် ၅ ရက်တို့တွင် လွှတ်တော် နှစ်ရပ်၌ အတည်ပြုခဲ့ပြီးနောက် ဧပြီ ၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။

အရေးပေါ်စီမံမှုအက်ဥပဒေနှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေတို့ကို ဖျက်သိမ်းခဲ့သည်။ ထို့အပြင် ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေများကို ပယ်ဖျက်ရန် လွှတ်တော်နှစ်ရပ်စလုံးက ၂၀၁၆ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာတို့တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။

ယင်း နောက် ၂၀၁၇ ခုနှစ် မတ်လတွင် ပြည်သူများအပေါ်  ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်က နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ နေအိမ်တွင်းသို့ ဥပဒေမဲ့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်းနှင့် ဖုန်းဆက်သွယ်မှုများအား ကြားဖြတ် နားထောင်/မှတ်တမ်းတင်ခြင်းများ မပြုလုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကိုလည်း NLD အစိုးရလက်ထက်တွင် ၂၀၁၆ နှင့် ၂၀၁၈ တို့တွင် နှစ်ကြိမ် ပြင်ဆင်ခဲ့သည်။

ဝေဖန်မှုများ ရှိခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ဇူလိုင် ၂၃ ရက်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေနှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

 

 

ကိုးကား –

 

Min Zin ၊ 2019 ၊ The Tamadaw’s Evolving Peace Process Preferences and Strategy

ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်

မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်မှုများ https://www.uec.gov.mm/

တပ်မတော်၏ သတင်းထုတ်ပြန်မှုများ https://cincds.gov.mm/Tatmadaw%20True%20News

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန http://www.nrpc.gov.mm/jicm