ပြည်ခိုင်ဖြိုးအစိုးရခေတ်

(November 7, 2010)

ပြည်ခိုင်ဖြိုးအစိုးရခေတ်

သမိုင်းအတွေ့အကြုံ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီပြောင်းဖွဲ့စည်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၅၄ နေရာတွင် ၈၈၃ နေရာအနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့သည်။

ယင်းရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ဝင်ရောက်မယှဉ်ပြိုင်ခဲ့သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)တို့ ယှဉ်ပြိုင်ခဲ့ပြီး အမတ်နေရာအချို့ အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရတွင် သမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခန့်အပ်ခံရပြီး ဥပဒေပြုရေးဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာများကိုလည်း ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သော သူရဦးရွှေမန်း၊ ဦးခင်မောင်မြင့်တို့ကို ခန့်အပ်ခဲ့သည်။၂၀၁၁ မတ် ၃၀ ရက်တွင် ပြည်ခိုင်ဖြိုးပါတီအစိုးရကို သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အများစုမှာ ယခင်နအဖအစိုးရခေတ်က တပ်မတော်အရာရှိအငြိမ်းစားများ ဖြစ်သည်။

၂၀၁၁ စက်တင်ဘာ ၃၀ ရက်၌ သမ္မတဦးသိန်းစိန်သည် မြစ်ဆုံစီမံကိန်းကို ၎င်း၏အစိုးရသက်တမ်းတွင် ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။

၂၀၁၂ ဧပြီ ၁ ရက်တွင် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး NLD ပါတီက ၄၃ နေရာ အနိုင်ရခဲ့သည်။ 

ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာန(MPC)ကို တည်ထောင်ခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။

၂၀၁၃ မတ် ၁၅ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်ခဲ့သည်။

ယင်းပြင်ဆင်ရေးဆောင်ရွက်မှုမှာလည်း ၂၀၁၅ ဇွန် ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ ကန့်ကွက်မှုကြောင့် ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် ၂၀၁၄ နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီလမ်းကြောင်းဖြောင့်ဖြူးရေးအတွက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ် တဦး ပါဝင်သည့် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုတရပ်ကို ပြည်ခိုင်ဖြိုးပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ရာ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သော်လည်း သမ္မတက ငြင်းဆန်ခဲ့သည်။

သို့ရာတွင် ၁၄ ပွင့်ဆိုင်ဆွေးနွေးမှုတစ်ရပ်ကို ၂၀၁၄ အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ၄၈ ပွင့်ဆိုင်ဆွေးနွေးမှုများကိုလည်း ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်နှင့် ဧပြီ ၈ ရက်တို့တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ နှစ်ကြိမ်  ပြုလုပ်ခဲ့သည်။ 

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်) အား ၂၀၁၄ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် (၁၃)ဦး၊ စုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးမြဝင်းက တာဝန်ယူခဲ့သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် NCA စာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင်  ပြုလုပ်မည်ဟု ၂၀၁၅ ဇူလိုင် ၈ ရက်တွင် ကြေညာခဲ့ပြီး ဇွန်၊ ဇူလိုင်လများအတွင်း နိုင်ငံတဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း ရွေးကောက်ပွဲကျင်းပမည့်ရက် မပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံရေးအလှည့်အပြောင်း

ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရပြီးနောက် NLD ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်ပေးခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အမတ်နေရာအများဆုံးအနိုင်ရခဲ့ပြီးနောက် ၂၀၁၁ မတ် ၃၀ ရက်တွင် ပြည်ခိုင်ဖြိုးပါတီအစိုးရကို သမ္မတဦးသိန်းစိန် ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်၍ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ပြည်ခိုင်ဖြိုးအစိုးရသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သည်။

၂၀၁၂ ဧပြီ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ NLD ပါတီက ၄၃ နေရာ အနိုင်ရခဲ့ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

၂၀၁၅ ဖေဖော်ဝါရီလအတွင်း ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် ‘ဝ’တပ်ဖွဲ့ထုတ် လက်နက်များကို ဖမ်းဆီး ရမိခဲ့ပြီး ‘ဝ’၊ မိုင်းလား၊ SSA (ဝမ်ဟိုင်း)၊ TNLA နှင့် AAKIA တို့ ပါဝင်ပတ်သက်နေကြောင်း တပ်မတော်က ပြောကြားခဲ့သည်။ တပ်မတော်၏ ပြောကြားမှုကို ‘ဝ’၊ မိုင်းလား၊ SSA (ဝမ်ဟိုင်း)တို့က ငြင်းဆန်ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်အား ၂၀၁၄ ဇွန် ၁၉ တွင် တာဝန်မှ ရပ်စဲခဲ့ပြီးနောက် ယုံကြည်မှု အလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့ကာ ယင်းနှစ် အောက်တိုဘာ ၁၄ ရက်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။

၂၀၁၃ မတ်လ မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်ရန် ဆောင်ရွက်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ကြိုးပမ်းမှုမှာ ၂၀၁၅ ဇွန်လတွင် ရပ်တန့်သွားခဲ့သည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီအတွင်း ပြဿနာကြောင့် ၂၀၁၅ သြဂုတ် ၁၂ ရက်တွင် ပါတီယာယီဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းနှင့် ပါတီခေါင်းဆောင်အချို့ကို ရာထူးမှ ဖယ်ရှားခဲ့သည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

၂၀၁၁ မတ် ၃၀ ရက်တွင် သမ္မတဦးသိန်းစိန် စတင်ဖွဲ့စည်းခဲ့သည့် အစိုးရတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး၊ ပြည်ထောင်စုရှေ့နေချုပ်၊ အစိုးရရုံးအတွင်းရေးမှူးတို့ ပါဝင်ခဲ့ပြီး ဝန်ကြီးဌာန ၃၄ ခုကို ဝန်ကြီး ၃၀ ဦး ဒုတိယဝန်ကြီး ၃၄ ဦးတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ စက်တင်ဘာ ၄ ရက်တွင် သမ္မတဦးသိန်းစိန်အနေဖြင့် ဝန်ကြီးဌာနများ တိုးချဲ့လာခဲ့ပြီးနောက် သမ္မတရုံးဝန်ကြီးဌာန ၆ ခုအပါအဝင် ဝန်ကြီးဌာန ၃၆ ခုအထိ ရှိလာခဲ့ပြီး ဝန်ကြီးနှင့် ဒုဝန်ကြီးအရေအတွက်မှာလည်း ၉၂ ဦးအထိ ဖြစ်လာခဲ့သည်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် မူဝါဒချမှတ်ခြင်းများကို သမ္မတဦးသိန်းစိန်အနေဖြင့် အစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သမ္မတရုံးဝန်ကြီးများ၊ MPC ၊ သမ္မတရုံးနှင့် အကြံပေးအဖွဲ့တို့ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာခဲ့ခြင်းကြောင့် လွှတ်တော်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သားများက နေရာယူထားသကဲ့သို့ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သည့်ကိစ္စများကိုလည်း တပ်မတော်တွင်သာ ဆုံးဖြတ်ချက်ခွင့်အာဏာရှိနေခြင်းဖြစ်သည်။

ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခု၏ ဝန်ကြီးများမှာ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများဖြစ်ပြီး ၎င်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) တွင်လည်း ၆ ဦးမှာ တပ်မတော်အစုအဖွဲ့မှ ဖြစ်သည်။

သို့ရာတွင် ပြည်ခိုင်ဖြိုးအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၈)ဖွဲ့ဖြင့် NCA လက်မှတ်ရေးထိုးနိုင်ခြင်း၊ သတင်းမီဒီယာများအား ထိန်းချုပ်ထားသည့် ဆင်ဆာစနစ်ကို ဖျယ်ရှားခဲ့ခြင်းအပါအဝင် အရေးကြီးသည့်မူဝါဒရလဒ်အချို့ကို ချမှတ်နိုင်ခဲ့သည်။

 ပထဝီနိုင်ငံရေး

၂၀၁၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံသို့ တရားဝင်ခရီး စဉ်သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟု ကြေညာခဲ့သည်။

၂၀၁၂ နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ယင်းသမိုင်းဝင်တစ်ရက်တာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် သမ္မတ အိုဘားမားသည် ၂၀၁၄ နိုဝင်ဘာ ၁၂ ရက်တွင်လည်း နှစ်ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့နှင့် ထပ်မံတွေ့ဆုံခဲ့သည်။

ထို့ပြင် ၂၀၁၃ ဧပြီ ၂၂ ရက်တွင်လည်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို ပယ်ဖျက်ပေးခဲ့သော်လည်း လက်နက်ရောင်းချမှုပိတ်ပင်ထားခြင်းကိုမူ ချန်လှပ်ထားခဲ့သည်။

ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

ပြည်ခိုင်ဖြိုးအစိုးရ၏ ငါးနှစ်တာ သက်တမ်းအတွင်း ဥပဒေ ၂၃၂ ခုကို အတည်ပြုနိုင်ခဲ့ပြီး ယင်းတို့အနက် ၂၀၃ ခုကို အုပ်ချုပ်ရေးပိုင်းက အဆိုပြုခဲ့ကာ လွှတ်တော်မှ ၂၉ ခုသာ အဆိုပြုခဲ့ခြင်းဖြစ်သည်။

မဘသအဖွဲ့မှ လက်မှတ် တသန်းကျော်ဖြင့် သမ္မတထံ တင်ပြတောင်းဆိုခဲ့သည့် မျိုးစောင့်ဥပဒေ ၄ ရပ် ဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနှင့် ဆိုင်သော ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးရေး ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေများကို သမ္မတဦးသိန်းစိန်က ၂၀၁၅ ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုး ပေးခဲ့ပြီးနောက် မေလနှင့် သြဂုတ်လများတွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

 

ကိုးကား –

Min Zin ၊ 2019 ၊ The Tamadaw’s Evolving Peace Process Preferences and Strategy
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm