အိမ်စောင့်အစိုးရခေတ်
(October 28, 1958)
သမိုင်းအတွေ့အကြုံ
၁၉၅၈ အောက်တိုဘာ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပ၍ ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရတဖွဲ့လုံး ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းက အိမ်စောင့်အစိုးရအဖွဲ့ဝင် ၁၄ ဦးစာရင်းကို တင်သွင်းဖတ်ကြားခဲ့ရာ အရပ်သားအများစုကို ရွေးချယ်ခဲ့သည်။
အိမ်စောင့်အစိုးရဖွဲ့သည် လုပ်ငန်းစဉ် လေးချက် ချမှတ်ခဲ့ရာ (၁)တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး (၂)တရားဥပဒေစိုးမိုးလာပြီး နိုင်ငံရေးပါတီများကလည်း ကူညီဆောင်ရွက်မည်ဆိုလျှင် ၆လအတွင်း လွတ်လပ်၍ တရားမျှတသောပါလီမန် ရွေးကောက်ပွဲ ကျင်းပရေး၊ (၃) နေထိုင်စားသောက်မှု စရိတ်များ လျှော့ချပေးရေး (၄)နိုင်ငံအတွင်း စီးပွားရေးပျက်ပြားနေခြင်းကို ပြန်လည်ပြုပြင်ရေးတို့ ဖြစ်သည်။
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ဧပြီ ၂၉ ရက်တွင် တောင်ကြီးမြို့၌ ရှမ်းစော်ဘွားများ အာဏာစွန့်ပွဲ(သို့မဟုတ်) ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချ လက်မှတ်ထိုးပွဲကို ပြုလုပ်ခဲ့ပြီး သမ္မတမန်းဝင်းမောင်နှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ် နေဝင်းတို့ တက်ရောက်ခဲ့ကာ အာဏာစွန့်စော်ဘွား ၃၄ ဦးကို အစိုးရက တစ်လုံးတစ်ခဲတည်းပင်စင်အဖြစ် နှစ်ကုဋေခွဲကျော် ပေးအပ်ခဲ့သည်။
၁၉၅၉ နှစ်ဆန်းပိုင်းတွင် တပ်မတော်မှ အရာရှိကြီးများကိုယ်တိုင် ဦးစီး၍ နိုင်ငံတော်ကြံ့ခိုင်ရေးအသင်းများကို နိုင်ငံတဝန်း ဖွဲ့စည်းခဲ့ပြီး ၁၉၅၉ အောက်တိုဘာလတွင် ပထမအကြိမ် ပြည်လုံးကျွတ် ကြံ့ခိုင်ရေးအသင်းများ ညီလာခံကြီးကို ကျင်းပခဲ့သည်။
ယင်းနောက် ၁၉၆၀ ဧပြီ ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရ ဦးဆောင်ပြုလုပ်ပေးခဲ့ရာ ဦးနု၏ ပြည်ထောင်စုပါတီက ဆန္ဒမဲအားလုံး၏ ၅၂ ဒသမ ၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၅၀ အနက် ၁၅၇ နေရာအထိ အနိုင်ရရှိခဲ့သည်။
လူမှုစီးပွားရေးနောက်ခံအခြေအနေ
တပ်မတော်၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သည့် အိမ်စောင့်အစိုးရသည် အစိုးရဌာနများ၊ ညွှန်ကြားရေးမှူးရုံးများ၊ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ဘုတ်အဖွဲ့များနှင့် ကော်ပိုရေးရှင်းများတွင် တပ်မတော် အရာရှိများကို အထူးအရာရှိများအဖြစ် ပူးတွဲခန့်ထားခဲ့သည်။
ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တပ်မတော်သက်သာချောင်ချိရေးနှင့် စစ်ဖက်ကုန်စည် ဖြန့်ချိရေးအဖွဲ့(DSI) ကို တိုးချဲ့ခဲ့ရာ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်း၊ အင်းဝဘဏ်၊ မြဝတီစာပေလုပ်ငန်းတို့ ထူထောင်ခဲ့သည်။
အိမ်စောင့်အစိုးရလက်ထက်တွင် အင်္ဂလိပ်ကိုလိုနီခေတ်မှ ကျန်ရစ်ခဲ့သည့် စတီးလ်ဘရားသားစ်ကုမ္ပဏီကဲ့သို့ ကုမ္ပဏီများကို အပြီးသတ်လက်စသပ်ရန် ဖိအားပေးခဲ့ပြီး ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကိုလည်း ပထမဆုံးအကြိမ် စတင် ပြုလုပ်ခဲ့သည်။
အိမ်စောင့်အစိုးရခေတ်တွင် တိုင်းပြည်စီးပွားရေးတိုးတက်အောင်မြင်လာသည့်အပြင် လူနေမှုကုန်ကျစရိတ်များ လျော့ကျလာခြင်း၊ စစ်ပြီးခေတ်နောက်ပိုင်း ငွေကြေးဖောင်းပွမှု အနိမ့်ဆုံးဖြစ်လာခြင်းနှင့် ပြည်ပပို့ကုန် တင်ပို့ မှုများ တိုးမြင့် လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
အိမ်စောင့်အစိုးရလက်ထက်၌ ပထမဆုံးထုတ်ပြန်ခဲ့သည့်အမိန့်မှာ အစိုးရ၏ အမြဲတမ်းတပ်မတော်၊ တပ်ဖွဲဝင်မဟုတ်သူများအား အထွေထွေလက်နက်ဖြုတ်သိမ်းခွင့်မိန့်ကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
အိမ်စောင့်အစိုးရလက်ထက်၌ လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့သည့် ဥပဒေမှာ ၁၉၅၉-၆၀ ဘတ်ဂျက် ဥပဒေနှင့် အသစ်တင်သွင်းပြဌာန်းပြီး အတည်ပြုနိုင်ခဲ့သည့် ဥပဒေနှစ်ခုသာ ရှိခဲ့ရာ ယင်းတို့မှာ စစ်မှုမထမ်းမနေရ အက်ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာ အက်ဥပဒေတို့ ဖြစ်သည်။
ထို့အပြင် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရန် ပျက်ကွက်ပါက အစိုးရမှ အပြစ်ပေးအရေးယူနိုင်သည့် ပြ ဋ္ဌာန်းချက်များ ပါဝင်သည့် ပုံနှိပ်ဥထုတ်ဝေသူများ မှတ်ပုံတင်ရေး အက်ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သလို ပုံနှိပ်ထုတ်ဝေနေသည့် စာအုပ်စာတမ်းများအား ဂရုတစိုက် ဆင်ဆာဖြတ်တောက်ရန် အမိန့်ကိုလည်း အိမ်စောင့်အစိုးရလက်ထက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးအလှည့်အပြောင်း
အိမ်စောင့်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းသည် ၁၉၅၉ ခုနှစ် ဧပြီလမကုန်ခင် လွတ်လပ်၍ တရားမျှ တသော ရွေးကောက်ပွဲကျင်းပပေးမည့် တာဝန်ယူမှုဖြင့် အာဏာကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်အခြေခံဥပဒေ ပုဒ်မ ၁၁၆ အရလည်း ရွေးချယ်ခံလွှတ်တော်အမတ်မဟုတ်သူသည် အစိုးရအဖွဲ့ တွင် ခြောက်လသာ ရာထူးခန့်ထား၍ ရခြင်းဖြစ်သည်။
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ်ဗိုလ်ချုပ်နေဝင်းက လုံခြုံရေးအခြေအနေကြောင့် ၆ လအတွင်း ရွေးကောက်ပွဲ လုပ်မပေးနိုင်ကြောင်းနှင့် အိမ်စောင့်အစိုးရအာဏာ ကို လွှတ်တော်သို့ ပြန်အပ်ကြောင်း တင်ပြခဲ့သည်။
ယင်းအချိန်တွင် တည်မြဲဖဆပလ ဒုဥက္ကဋ္ဌဦးကျော်ငြိမ်းမှ ပုဒ်မ ၁၁၆ ယာယီပြင်ဆင်ရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး သန့်ရှင်းဖဆပလမှလည်း ထောက်ခံခဲ့၍ အိမ်စောင့်အစိုးရသည် ၁၉၆၀ ဧပြီလ တွင် ရွေးကောက်ပွဲကျင်းပရန်အထိ အုပ်ချုပ်ခွင့်ရခဲ့သည်။
၁၉၅၉ ခုနှစ်ပြုလုပ်ခဲ့သည့် နောက်ဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွင် ၁၉၆၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အတိအကျနှင့် အသေးစိတ်အစီအစဉ်များကို ကြေညာခဲ့သည်။
နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး
အိမ်စောင့်အစိုးရအဖွဲ့တွင် ဝန်ကြီး အရေအတွက် ၁၀ ဦးသာ ရှိပြီး အဆိုပါဝန်ကြီးများသည် ဝန်ကြီးဌာန ၂ ခုမှ သုံးခုအထိ ပူးတွဲကိုင်တွယ်ခဲ့ကြသည်။
အိမ်စောင့်အစိုးရသည် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး တပ်မတော်အရာရှိများကို ဦးဆောင်စေကာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို လုပ်ကိုင် စေခဲ့သည်။ ယင်းကော်မတီများကို တပ်မတော်အရာရှိများက ဦးဆောင်ပြီး တိုင်းမင်းကြီး၊ ခရိုင်ဝန်နှင့် မြို့ပိုင်တို့ က အဖွဲ့ဝင်များဖြစ်သည်။
အိမ်စောင့်အစိုးရသည် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး အစိုးရ၏ အမြဲတမ်းတပ်မတော်၊ တပ်ဖွဲဝင်မဟုတ်သူများအား အထွေထွေလက်နက်ဖြုတ်သိမ်းခဲ့ပြီး နိုင်ငံရေးသမားများ၏ ခါးပိုက်ဆောင်တပ်များအပြင် ပျူစောထီးတပ်ကဲ့သို့ ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့များကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအတွက် ကျူးကျော်များကို ရှင်းလင်းခဲ့ပြီး ကျူးကျော်များကို သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့သစ်များကို မြေကွက်ဂရံများ ထုတ်ပေး၍ အတင်းအကြပ်ရွှေ့ပြောင်းစေခဲ့သည်။
ပထဝီနိုင်ငံရေး
ဗိုလ်ချုပ်နေဝင်းသည် အာဏာလွှဲပြောင်းရယူမှု မပြုလုပ်မီ ဝန်ကြီးချုပ် ဦးနုထံ ပေးပို့ခဲ့သည့် စာ၌ ဖော်ပြခဲ့သည့် အတိုင်း မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးမူဝါဒဖြစ်သည့် ကြာနေရေးဝါဒကို မည်သည့်နည်းနှင့်မျှ စွန့်လွှတ်မည် မဟုတ်ကြောင်းကို ကျင့်သုံးခဲ့သည်။
အိမ်စောင့်အစိုးရလက်ထက်တွင် ဒေသတွင်းနိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေသည့်နိုင်ငံများအပြင် ဥရောပနိုင်ငံများ၊ ကမ္ဘာ့အင်အားကြီးအမေရိကန်၊ ဆိုဗီယက်တို့နှင့်လည်း ဆက်ဆံရေး အဆင်ပြေခဲ့သည်။
အထူးသဖြင့် အစ္စရေးနိုင်ငံမှ လယ်ယာစနစ်များ၊ တပ်မတော်တည်ဆောက်ပုံများ အတုယူခွင့်ရခဲ့သလို DSI မှ တိုးချဲ့ခဲ့သည့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်း၊ အင်းဝဘဏ်တို့ ထူထောင်ရာတွင်လည်း အကူအညီများ ရရှိခဲ့သည်။
တရုတ်နိုင်ငံနှင့် ကာလရှည်ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာအတွက် ၁၉၅၉ ခုနှစ်အတွင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းမှ လချီကြာမြင့်ခဲ့သည့် တရုတ်ပြည်ခရီးစဉ်အတွင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ၁၉၆၀ ဇန်နဝါရီ ၂၈ ရက်တွင် မြန်မာ-တရုတ် နယ်နမိတ်ပြဿနာနှင့် ပတ်သက်သည့် သဘောတူစာချုပ်၂ ရပ်ဖြစ်သည့် တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်” နှင့် ” နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် မကျူးကျော်ရေး သဘောတူစာချုပ်”များ ထွက်ပေါ်လာခဲ့သည်။
အမေရိကန်နှင့်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ပြီး တပ်မတော်အတွက် လိုအပ်သည့် ရဟတ်ယာဉ်များ ထောက်ပံ့ပေးခဲ့ရုံသာမက ထောက်လှမ်းရေးသင်တန်းများအတွက်လည်း CIA မှ သင်တန်းများ လာရောက်ဖွင့်လှစ်ခဲ့သည်။
၁၉၆၀ မတ်လတွင် ထိုင်းဘုရင် ဘူမီဘောနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းနှင့် သမ္မတ မန်းဝင်းမောင်တို့က နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
ဥပဒေ/စည်းမျဉ်းစည်းကမ်းများ
အိမ်စောင့်အစိုးရသည် ၁၉၅၉ မတ် ၁၁ ရက်တွင် “ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပြီး စစ်ကြောင့် ဖြစ်စေ၊ နိုင်ငံတွင်း ဆူပူမှုကြောင့်ဖြစ်စေ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ်ဖြစ်စေ ပြည်ထောင်စုနိုင်ငံသားတိုင်းကို စစ်မှုထမ်းနိုင်ရန် ဆင့်ခေါ်နိုင်ကြောင်းနှင့် စစ်မှုထမ်းခေါ်ခံရသူသည် ယောကျ်ားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ မိန်းမဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အကြား သတ်မှတ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
ထို့ပြင် ၁၉၅၉ ခုနှစ် ဘဏ္ဍာတော်အက်ဥပဒေကို ၁၉၅၉ အောက်တိုဘာ ၁ ရက်တွင်လည်းကောင်း၊ ၁၉၆၀ ခုနှစ် ဘဏ္ဍာတော်အက်ဥပဒေကို ၁၉၆၀ အောက်တိုဘာ ၁ ရက်တွင်လည်းကောင်း အသီးသီး ပြဋ္ဌာန်းခဲ့သည်။ တပ်မတော်အက်ဥပဒေကိုလည်း ၁၉၅၉ စက်တင်ဘာ ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို လိုက်နာရမည့် သူများ၊ ခံစားခွင့်များ၊ ပြစ်မှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။ ၁၉၅၉ စက်တင်ဘာ ၂၉ ရက်တွင် ၁၉၅၉ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ်များပါ ထည့်သွင်းခဲ့သည်။
၁၉၆၀ ဧပြီ ၁ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်ခြားဒေသများသတ်မှတ်ခြင်းအဖြစ် နယ်ခြားဒေသများကို (၁) အရှေ့မြောက် နယ်ခြားတိုင်း (North-East Frontier Region)။ (၂) အနောက်မြောက် နယ်ခြားတိုင်း (North-West Frontier Region)။ (၃) အရှေ့တောင် နယ်ခြားတိုင်း (South-East Frontier Region)အဖြစ် သတ်မှတ်ခဲ့သည်။
ကိုးကား –
ဦးနု ၊ တာတေစနေသား
ဗိုလ်မှူးချုပ်ဟောင်း မောင်မောင် ၊ အိမ်စောင့်အစိုးရ
Bertil Lintner ၊ Burma in Revolt (တော်လှန်မှုများထဲက ဗမာပြည်)
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂)
(၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် မတိုင်မီကာလများ)
ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm