ဖဆပလခေတ်

(January 4, 1948)

ဖဆပလခေတ်

သမိုင်းအတွေ့အကြုံ

Image by © Bettmann/CORBIS

၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်မှာ သမ္မတစဝ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနု တို့ ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်  အာဏာရဖဆပလအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအကွဲအပြဲများစွာ ကြုံတွေ့ခဲ့ရပြီး ၁၉၄၈ မတ် ၂၈ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)  တောခိုခဲ့သည်။

ဗကပပါတီ တောခိုမှုနှင့်အတူ ရဲဘော်ဖြူအဖွဲ့လည်း တောခိုခဲ့ပြီး ဖဆပလအစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်၊ ပအို့ဝ်၊ ရခိုင်တို့၏တော်လှန်မှုများသာမက ရခိုင်ပြည်နယ်တွင်လည်း မူဂျာဟစ်တို့၏ ပုန်ကန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပူးပေါင်းခဲ့သည့် တပ်မတော်မှ တပ်ရင်းများမှာ အမှတ်(၁) ကရင် သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂)ကရင် သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၁)ကချင်သေနတ်ကိုင်တပ်ရင်းတို့ ဖြစ်သည်။

ကရင်သေနတ်ကိုင်တပ်ရင်းများ တောခိုခဲ့ပြီးနောက် အမှတ်(၃)ကရင်သေနတ်ကိုင်တပ်ရင်းကို လက်နက်  ဖြုတ်သိမ်းခဲ့သလို ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်စမစ်ဒွန်း နေရာတွင် အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး နေဝင်းဖြင့် အစားထိုးခဲ့ကာ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်မှူးကြီး စမစ်ဒွန်းကို ရာထူးမှ ထုတ်ပယ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောကြာဒိုးကို အနားပေးခဲ့သည်။

၁၉၄၉ ခုနှစ် ဧပြီလအတွင်း၌ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးနု၏ ကမ်းလှမ်းမှုအရ ဝန်ကြီးချုပ် ဦးနု၊ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်နေဝင်းတို့နှင့် ကရင်ခေါင်းဆောင် စောဘဦးကြီးတို့သည် ရန်ကုန်မြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် အကြိုသဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆို နိုင်ခဲ့ကြောင်း အစိုးရမှတ်တမ်းများတွင် ဖော်ပြခဲ့သော်လည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုမရခဲ့ပါ။

၁၉၄၉ ခုနှစ် နှစ်ကုန်ခါနီးတွင် တရုတ်ဖြူ(သို့)ကူမင်တန်တပ်များသည် ရှမ်းပြည်နယ် ကျိုင်းတုံခရိုင်ထဲသို့ စတင် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ၁၉၅၀ ဇန်နဝါရီလတွင် မိုင်းယန်းမြို့ကို သိမ်းပိုက်တပ်စွဲခဲ့သည်။

၁၉၅၂ ခုနှစ်တွင်တော့ တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံအတွင်းပိုင်းရောက်အောင် တိုးချဲ့ ဝင်ရောက် တိုက်ခိုက်လာခဲ့ပြီး ၁၉၅၃ ခုနှစ် မတ်လတွင် တပ်မတော်အနေဖြင့် တရုတ်ဖြူတပ်များ အခိုင်အမာ တပ်စွဲ ထား သည့် မိုင်းတုံနှင့် မိုင်းဆတ်လွင်ပြင်ကို သိမ်းပိုက်ရန်အတွက် နဂါးနိုင်စစ်ဆင်ရေး ပြုလုပ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ ည်။

တရုတ်ဖြူကျူးကျော်မှုနှင့် ပတ်သက်ပြီး ၁၉၅၃ ဧပြီလတွင် မြန်မာအစိုးရက ကုလသမဂ္ဂအထွေထွေညီလာခံကို ကိုယ်စားလှယ်လွှတ် တိုင်တန်းခဲ့ရာ ကျူးကျော်သူများ ထွက်ခွာရမည်ဟု မဲခွဲ ဆုံးဖြတ်ပေးခဲ့၍ မြန်မာ-ထိုင်း- အမေရိကန်-တရုတ်ဖြူ (၄)နိုင်ငံ စစ်ဖက်ကော်မရှင်တစ်ခု ဖွဲ့စည်းဆွေးနွေးခဲ့သည်။ သို့ရာတွင် တရုတ်ဖြူ ကိုယ်စားလှယ်များက ဆုတ်ခွာရေးကို လုံးဝငြင်းပယ်ခဲ့ပြီးနောက် လေးနိုင်ငံအစည်းအဝေး မှ မြန်မာကိုယ်စားလှယ်အဖွဲ့ နုတ်ထွက်လိုက်သည်။

ယင်းနောက် မြောက်ပိုင်းတိုင်းမှူးဗိုလ်မှူးချုပ် ကျော်ဇော ဦးဆောင်မှုဖြင့် တပ်မတော်သည် ၁၉၅၄ ခုနှစ် မတ်လမှ မေလကုန်အထိ ဘုရင့်နောင်နှင့် ရန်ကြီးအောင်စစ်ဆင်ရေးများ ဆောင်ရွက်၍ တရုတ်ဖြူများကို တိုက်ထုတ်ခဲ့သည်။

လူမှုစီးပွားရေးနောက်ခံအခြေအနေ

ဖဆပလအစိုးရသည် ပြည်တွင်းစစ်ကို အာရုံစိုက်နေရသဖြင့် ဘဏ္ဍာငွေ အလွန်အကုန်အကျ များခဲ့ပြီး အစိုးရ ဘတ်ဂျက်၏ ၃၀ ရာခိုင်နှုန်းခန့်အထိ ကာကွယ်ရေးအတွက် သုံးစွဲခဲ့ရသည်။ ပြည်တွင်းစစ်ကြောင့် မြန်မာတစ်နိုင်ငံလုံးသည် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရ ပြီး အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ နို့ဆီတို့အပြင် လူသုံးကုန်ပစ္စည်းများလည်း ပြတ်လပ်ခဲ့သည်။

ပြည်တွင်းစစ်နှင့် ကူမင်တန်ကျူးကျော်မှုများကြောင့် ဖဆပလအစိုးရအဖွဲ့သည် တပ်အင်အားကို အားပြုနေခဲ့ရ၍ တပ်အရာရှိများအတွက် ကန်ထရိုက်ကုမ္ပဏီများက တစ်ဆင့်ခံဆောင်ရွက်ပေးသော အထူးဆိုင်များ ပေါ်ပေါက်လာခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့သည် တပ်မတော်သက်သာချောင်ချိရေးနှင့် စစ်ဖက်ကုန်စည်ဖြန့်ချိရေးအဖွဲ့(DSI) တည်  ထောင်ရန် မတည်ရင်းနှီးငွေကို ကာကွယ်ရေးဝန်ကြီးဌာနအား ချေးငှားပေးခဲ့သလို DSI အဖွဲ့အတွက် နိုင်ငံခြားမှ တင်သွင်းလားသော ကုန်ပစ္စည်းများကို ဆိပ်ကမ်းခွန်၊ သွင်းကုန်အခွန်သာမက ပြည်တွင်းအခွန်များပါ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။မူလက တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများအတွက် ရည်ရွယ်ခဲ့သည်ဟု ဆိုသော DSI သည် နောက်ပိုင်းတွင် အများပြည်သူနှင့် သက်ဆိုင်သော ကုန်သွယ်မှုလုပ်ငန်းများတွင်ပါ ပါဝင်လာခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရောင်းဝယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ဖဆပလအစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ပြည်တော်သာစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါစီမံကိန်းကို အမေရိကန် Knappen,Tippetts and Abbott(KTA)Engineering Company လက်အောက်ရှိ စီးပွားရေးအကြံပေးအဖွဲ့  Robert R.Nathan Associates မှ စီးပွားရေးပညာရှင်နှင့် အင်ဂျင်နီယာများက ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်းသည် ဆန်စပါးနှင့် စိုက်ပျိုးရေးပို့ကုန်ကို အခြေခံ၍ နိုင်ငံတော်တစ်ခုလုံး၏ အခြေခံအအောက်အအုံ များကို မြှင့်တင်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် စီမံကိန်းစတင်ပြီး မကြာမီမှာပင် ကိုရီးယားစစ်ပွဲ ပြီးဆုံးသွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ ကုန် စပါးဈေး လျင်မြန်စွာ ထိုးကျသွားခဲ့၍ ယင်းစီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ 

နိုင်ငံရေးအလှည့်အပြောင်း

ဖဆပလ ခေတ်တွင် အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်(၁၉၅၁-၅၂ နှင့် ၁၉၅၆)တို့ ကျင်းပခဲ့ပြီး ဖဆပလအဖွဲ့ချုပ် ကပင် နှစ်ကြိမ်စလုံးတွင် အပြတ်အသတ်အနိုင်ရခဲ့သည်။

ပြည်တွင်းစစ်ကြောင့် ၁၉၅၁ ဇွန်မှ ၁၉၅၂ ဧပြီလအထိ ရှည်ကြာစွာကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဖဆပလအ ဖွဲ့ချုပ်က လွှတ်တော်အမတ် ၂၅၀ နေရာတွင် ၁၉၉ နေရာအထိ အနိုင်ရခဲ့သည်။ သမ္မတအဖြစ် ဦးဘဦးရွေးချယ်ခံရပြီး ဝန်ကြီးချုပ်အဖြစ် ဦးနု ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ဖလပလအဖွဲ့ချုပ်ကပင် လွှတ်တော် အမတ် ၂၄၀ နေရာအနက် ၁၄၄ နေရာအထိ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေး တပ်ပေါင်းစု-ပမညတ(NUF)က အမတ်နေရာ ၄၇ နေရာ အနိုင်ရရှိခဲ့သည်။

သမ္မတအဖြစ် ဦးဝင်းမောင် ရွေးချယ်ခံရပြီး ဦးနုကပင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲတွင် အနိုင်ရပြီး ၁၉၅၆ ဇွန်လ ၁၂ ရက်တွင် ဝန်ကြီးချုပ် ဦးနုသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဦးဗဆွေက ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။

သို့ရာတွင် ၁၉၅၇ မတ်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်နေရာကို ဦးနု တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပြီးနောက်  ဦးဗဆွေ-ဦးကျော်ငြိမ်းတို့၏ တည်မြဲဖဆပလနှင့် ဦးနု-သခင်တင်တို့၏ သန့်ရှင်းဖဆပလ ဟူ၍ နှစ်ခြမ်း ကွဲခဲ့ပြီး တည်မြဲဘက်တော်သားအစိုးရအဖွဲ့ဝင်များကို အစိုးရအဖွဲ့မှ ထုတ်ပယ်ခဲ့ကာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့သည်။

၁၉၅၈ ခု ဇွန်လအတွင်း တည်မြဲဖဆပလက ဦးနု၏ အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်၌ တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်မှုတွင် ၁၂၇ မဲ၊ ၁၁၅ မဲဖြင့် အစိုးရက အနိုင်ရခဲ့သည်။

တပ်မှ အာဏာသိမ်းရန် အခြေအနေများပေါ်ထွက်လာခြင်းကြောင့် ၁၉၅၈ စက်တင်ဘာလ ၂၆ ရက်တွင် ဦးနုက တိုင်းပြည်သို့ ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြော ကြားခဲ့ရာ တပ်မတော်ကို အစိုးရအာဏာလွှဲပြောင်းယူရန် ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပ၍ ဝန်ကြီးချုပ်ဦးနုအပါအဝင် အစိုးရအဖွဲ့တစ်ခုလုံး ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်၍ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပြီး အာဏာ လွှဲပြောင်းရယူခဲ့သည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး ပထမ ၁၀ နှစ်တာကာလဖြစ်သည့် ဖဆပလခေတ်အတွင်း ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အောက်လွှတ်တော်၊ တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်ထားသည့် အထက် လွှတ်တော်၊ အဆိုပါလွှတ်တော် နှစ်ရပ်ကို ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ရှိသည်။

လွှတ်တော်သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး သမ္မတသည် ငါးနှစ်သက်တမ်းဖြင့် အများဆုံးနှစ်ကြိမ် တာဝန်ထမ်း ဆောင်ခွင့်ရှိသည်။ သို့ရာတွင် သမ္မတ၏ အခွင့်အာဏာမှာ ဂုဏ်ထူးဆောင်ပုံစံသာ ရှိပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကသာ အရေးကြီးဆုံးကဏ္ဍတွင် ရှိသည်။

ဖဆပလခေတ်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ၃၀အထိရှိခဲ့ပြီး ဝန်ကြီးဌာနအသီးသီးတွင် အတွင်းဝန်များ ရှိကာ ယင်းတို့အနေဖြင့် အပြောင်းအရွှေများ ရှိသော်လည်း ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနများမှ အတွင်းဝန်များကို အမြဲတမ်း အတွင်းဝန်များအဖြစ် သတ်မှတ်ထား သည်။ အတွင်းဝန်ချုပ်အဖြစ် ပြည်ထဲရေးအတွင်းဝန်က တာဝန်ယူထားသည်။

ကိုလိုနီခေတ်လွန် ဖဆပလခေတ်တွင် အစိုးရအဖွဲ့အနေဖြင့် ဖဆပလအကွဲအပြဲများဖြစ်ပေါ်ခြင်း၊ ဗကပပါတီ တောခိုခြင်းအပြင် တိုင်းရင်းသားများ၏ တော်လှန်မှုများ ကြုံတွေ့ရခြင်း၊ ကူမင်တန်တို့၏ ကျူးကျော်မှုကို ရင်ဆိုင်ရခြင်းတို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ငြိမ်အောင်မထိန်းနိုင်ခဲ့ဘဲ တပ်မတော်၏ အင်အားကို အလွန်အကျွံအားပြုနေခဲ့ရသည်။

ပထဝီနိုင်ငံရေး

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ကြားနေမူဝါဒကို ကျင့်သုံးခဲ့ကာ တရုတ်နှင့် အစ္စရေးနိုင်ငံတို့၏ ဖြစ်တည်မှုကိုလည်း ထောက်ခံပေးခဲ့သည်။

ဖဆပလအစိုးရအနေဖြင့် အိန္ဒိယ၊ အစ္စရေးတို့အပြင် အင်္ဂလန်အပါအဝင် ဥရောပနိုင်ငံများနှင့် ဆက်ဆံမှု အဆင်ပြေခဲ့သည်။ တပ်မတော် အတွက် လိုအပ်နေသည့်လက်နက်များကို အိန္ဒိယ၊ အင်္ဂလန်၊ ဂျာမနီ၊ ဆွီဒင်နှင့် ယူဂိုစလားဗီယားတို့ထံမှ ရရှိခဲ့သလို အစ္စရေးအစိုးရကလည်း မြန်မာနိုင်ငံကို အသုံးပြုပြီးသား စပစ်ဖိုင်းယား တိုက်လေယာဉ်များ ရောင်းချပေးခဲ့သည်။

ဖဆပလအစိုးရလက်ထက်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်လည်း ဆက်ဆံရေး အဆင်ပြေခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဆဌမသံဃာယနာသို့ ထိုင်းဘုရင် ဘူမိဘောလ်မှ သဝဏ်လွှာပေးပို့ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနုနှင့် အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ အဆိုပါချစ်ကြည်ရေးခရီးမှာ အတိတ်က ကျူးကျော်ခဲ့မှုများအတွက် မြန်မာများ၏ ကိုယ်စားဝန်ကြီးချုပ် ဦးနုက တောင်းပန် စကားပြောကြားခဲ့သည်။ ထို့ပြင် အယုဒ္ဓယမြို့ကိုလည်း သွားရောက်ခဲ့ပြီး ဘုရားပုထိုး ပျက်ဆီးမှုများ ပြင်ဆင်ရန်အတွက် ငွေတသိန်း လှူဒါန်းခဲ့သည်။

ယင်းကာလအတွင်း ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့အကြား တရားဝင်စစ်ပြေငြိမ်း  ရေးစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်အရ ဂျပန်အစိုးရက စစ်လျော်ကြေး ဒေါ်လာသန်း ၂၀၀ ပေးအပ်မည့် အပြင် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့အဖြစ် တစ်နှစ်လျှင် ဒေါ်လာ ငါးသန်းနှုန်းဖြင့် ၁၉၆၄ ခုနှစ်အထိ ပေး အပ်ရန်လည်း ပါဝင်ခဲ့သည်။

ဖဆပလအစိုးရသည် အမေရိကန်အစိုးရထံမှ အီးစီအေ သဘောတူညီချက်များအရ ရရှိသည့်အကူအညီများဖြင့် ပြည်တော်သာစီမံကိန်း အပါအဝင်  စီးပွားရေးပြန်လည်ထူထောင်မှုများကို လုပ်ဆောင်ခဲ့သည်။

သို့ရာတွင် ကူမင်တန်အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့၏  ဆောင်ရွက်မှု ကျေနပ်စရာမရှိခဲ့ပြီးနောက်ဝန်ကြီးချုပ် ဦးနုသည် အမေရိကန်အစိုးရ၏ အကူအညီများ ရယူမှုကို ရပ်တန့်ခဲ့သည်။

ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

၁၉၄၈ ဇန်နဝါရီ ၂၃ ရက်တွင် ၁၉၄၈ ခုနှစ် တိုင်းပြည်ပြုလွှတ်တော်(ရွေးကောက်ပွဲ) အက်ဥပဒေကို နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက် လက်မှတ်ရေးထိုးမှုဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၄၈ ခုနှစ် တချက်လွှတ်ဥပဒေ အမှတ် ၅ ဖြစ်သည့် ၁၉၄၈ ခုနှစ် စစ်ဥပဒေထုတ်ပြန်ကြေညာမှုဆိုင်ရာ တချက်လွှတ်ဥပဒေကို ၁၉၄၈ သြဂုတ် ၁၉ ရက်တွင် ထုတ် ပြန်ခဲ့ပြီး ယင်းဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသများတွင် ထကြွသောင်းကျန်းမှုများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်မည့်အလွန်အရေးကြီးသည့်အခြေအနေကို ရောက်ရှိနေသည်တကြောင်း၊ ချက်ခြင်းအရေးယူရန် လိုအပ် သည်ဟု နိုင်ငံတော်သမတက သဘောကျနေသည်လည်း တကြောင်း ထိုအကြောင်းများကြောင့် ဤတချက် လွှတ်ဥပဒေပြဌာန်းလိုက်သည်ဟု ဖော်ပြထားသည်။

၁၉၄၈ ခုနှစ် အမှတ် ၁ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ကို ကရင်နီပြည်နယ်အတွင်း အတည်ဖြစ်စေရန်၊ ၁၉၄၈ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် လည်းကောင်း၊ ၁၉၄၈ ခုနှစ် အမှတ် ၄ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ကို ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်များအတွင်း ၃ လ အတည်ဖြစ်စေရန် ၁၉၄၈ စက်တင်ဘာ ၁၅ ရက်တွင်လည်းကောင်း၊ ၁၉၄၈ ခုနှစ် အမှတ် ၅ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ကို ရမည်းသင်းခရိုင်အတွင်းရှိ၊ ပျဉ်းမနားဆပ်ဒီဝီဇံ၊ မြင်းခြံခရိုင်အတွင်းရှိ (၂) မြင်းခြံဆပ်ဒီဝီဇံနှင့်၊ (၃) ပုဂံဆပ်ဒီဝီဇံများအတွင်း အတည်ဖြစ်စေရန် ၁၉၄၈ နိုဝင်ဘာ ၆ ရက်တွင်လည်းကောင်း၊ ၁၉၄၈ ခုနှစ် အမှတ် ၆ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ကို ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်များအတွင်း ၃ လ ထပ်တိုးအတည်ဖြစ်စေရန် ၁၉၄၈ ဒီဇင်ဘာ ၉ ရက်တွင်လည်းကောင်း၊ ၁၉၄၈ ခုနှစ် အမှတ် ၈ စစ်ဥပဒေထုတ်ပြန်ကျေညာချက်ကို ပြည်ခရိုင်၊ သရက်ခရိုင်၊ မင်းဘူးခရိုင်၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များတွင် ၃ လ ထပ်တိုးအတည်ဖြစ်စေရန် ၁၉၄၈ ဒီဇင်ဘာ ၉ ရက်တွင်လည်းကောင်း အသီးသီးပြဌာန်းခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံတော် ဘဏ္ဍာတော်အက်ဥပဒေများကိုလည်း ၁၉၄၈ မှ ၁၉၅၇ အထိ နှစ်စဉ် ပြဌာန်းခဲ့သည်။၁၉၄၈ နိုဝင်ဘာ ၁၃ ရက်တွင် ၁၉၄၈ ခုနှစ် အက်ဥပဒေအမှတ် ၆၉ ဖြစ်သည့် ၁၉၄၈ ခုနှစ် လျှပ်စစ်ဓာတ်အားပေးရေးအက်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေအရ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တခုကိုလည်း ဖွဲ့စည်းရန် ထုတ်ပြန်ခဲ့သည်။

၁၉၄၉ ဇူလိုင် ၁ ရက်တွင် ၁၉၄၉ ခုနှစ် အက်ဥပဒေအမှတ် ၄၁ ဖြစ်သည့် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေကို ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၅၁ စက်တင်ဘာ ၁၄ ရက်တွင် ၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ် ၃၁ ဖြစ်သည့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရုတ်တရက်အသုံးစရိတ် ရံပုံငွေအက်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေအရ အခွန်တော်ငွေများ မှ ကျပ်သုံးကုဋေကို ရံပုံငွေသို့ ထည့်သွင်းခဲ့သည်။

ထို့ပြင်  မြန်မာနိုင်ငံအတွင်း အသက်အာမခံအလုပ်များကို လုပ်ကိုင်လျက်ရှိသော လီမီတက်ကုမ္ပဏီများနှင့် အထွေထွေအာမခံလုပ်ငန်းများကို လုပ်ကိုင်နေသောကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်သည့် ၁၉၅၁ ခုနှစ်၊ အာမခံကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်ခြင်း အက်ဥပဒေကို ၁၉၅၁ ခုနှစ်၊ အာမအက်ဥပဒေအမှတ် ၃၁ အဖြစ် ၁၉၅၁ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၅၅ ဧပြီ ၁ ရက်တွင် ၁၉၅၅ ခုနှစ်၊ ဂျပန်စစ်ပြေငြိမ်းရေးစာချုပ် အက်ဥပဒေကို ပြဌာန်းခဲ့ပြီး စစ်လျော်ကြေးများ ၁၀ နှစ်အထိ နှစ်စဉ်ပေးချေရန် ပါဝင်ခဲ့သည်။

 

 

ကိုးကား –

ဦးနု ၊ တာတေစနေသား
ဒေါက်တာမောင်မောင်ကြီး၊ ပြည်တော်သာခေတ်ဟောင်းက ပြည်မြန်မာ
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့
ပါမောက္ခဒေါက်တာစန်းစန်းမြင့် ၊ ဖဆပလခေတ် မြန်မာ့နိုင်ငံရေးသမိုင်း
Bertil Lintner ၊ Burma in Revolt (တော်လှန်မှုများထဲက ဗမာပြည်)
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂)
(၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် မတိုင်မီကာလများ)
ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm