နဝတ/နအဖအစိုးရခေတ်

(September 18, 1988)

နဝတ/နအဖအစိုးရခေတ်

သမိုင်းအတွေ့အကြုံ

၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် သမ္မတဦးစန်းယုတို့သည် ရာထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်။ ယင်းနောက် သမ္မတနှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့်အပ်ခဲ့သည်။

၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြပွဲကြီး ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားခဲ့သည်။ အဆိုပါဆန္ဒပြမှုများကို တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ရာနှင့်ချီ သေဆုံးခဲ့သည်။

ယင်းနောက် သြဂုတ် ၁၃ ရက်၌ သမ္မတရာထူးမှ ဦးစိန်လွင် နုတ်ထွက်ကြောင်း မြန်မာ့အသံမှ ကြေညာခဲ့ပြီး  ဒေါက်တာမောင်မောင်ကို သမ္မတသစ်အဖြစ် ခန့်အပ်ခဲ့ကာ ရန်ကုန်မြို့တွင် ချထားသည့် တပ်များကိုလည်း ရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ပြည်သူလူထု၏ ဆန္ဒပြမှုမှာ ရပ်တန့်မသွားခဲ့ဘဲ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး အစိုးရ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းနေသည့်အတွက် အကြမ်းဖက်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။

စက်တင်ဘာ ၁၈ ရက်၌ တပ်မတော်က စစ်ဆင်ရေးပုံစံဖြင့် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကာ ဆန္ဒပြသူ များကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် အာဏာသိမ်းခဲ့သည်။ “ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ မကွဲစေရန် တပ်မတော်က အာဏာသိမ်းလိုက်ရခြင်းဖြစ်ကြောင်း” တပ်မတော်က ထုတ်ပြန်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ)ကို ဖွဲ့စည်းခဲ့သည်။

နဝတစစ်အစိုးရ တက်လာပြီးနောက် နိုင်ငံတဝန်းမှ ထောင်ပေါင်းများစွာသော ကျောင်းသမားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် နယ်စပ်ဒေသများသို့ ထွက်ပြေးခဲ့ကြပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) ပေါ်ပေါက်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် အစိုးရအဖွဲ့သည် ရွေးကောက်ပွဲကော်မရှင်တို့  တွေ့ဆုံ ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ၁၉၈၈ စက်တင်ဘာ ၂၉ ရက်မှ ၁၉၈၉ ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြုခဲ့ပြီး ၂၃၆ ပါတီ မှတ်ပုံတင်ခဲ့ကာ ၁၉၉၀ မေ ၂၇ ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

ယင်းရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လွှတ်တော်ကိုယ်စားလှယ် ၄၉၂ နေရာ တွင် ၃၉၂ နေရာအထိ အနိုင်ရခဲ့ပြီး တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)မှာ ၁၀ နေရာသာ အနိုင်ရခဲ့သည်။

ယင်းနောက် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုယ်စားလှယ်များသည် ၁၉၉၀ ဇူလိုင် ၂၈ ရက်တွင် ရန်ကုန်မြို့ ရှိ ဂန္ဒီခန်းမ၌  တွေ့ဆုံခဲ့ကြပြီးနောက် နဝတအစိုးရအဖွဲ့ နုတ်ထွက်ပေးရန်နှင့် ဒီမိုကရေစီနည်းကျ  ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့ထံ အာဏာလွှဲပြောင်းပေးရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်မှုကို နဝတအစိုးရ ၁/၉၀ ကြေညာချက်ထုတ်ပြန်ကာ ပယ်ချခဲ့ပြီး  ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ကျန်ရှိသည့် ခေါင်းဆောင်များကို ထပ်မံဖမ်းဆီးခဲ့သည်။

အာဏာလွှဲမပေးခဲ့သည့် နဝတအစိုးရသည် ၁၉၉၃ ၌ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံ ခေါ်ယူခဲ့ပြီး ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၁၀၀ ကျော်သာ ပါဝင်ခဲ့သည်။

၁၉၉၃ စက်တင်ဘာ ၁၅ ရက်၌ အသင်း၏ထိပ်ပိုင်းခေါင်းဆောင်နေရာများကို နဝတအစိုးရခေါင်းဆောင်ပိုင်းက နေရာယူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို နိုင်ငံတဝန်း ဖွဲ့စည်းခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အမျိုးသားညီလာခံ ရပ်ဆိုင်းသွားခဲ့ပြီး ၁၉၉၇ နိုဝင်ဘာ ၁၅ ရက်၌ နဝတ အစိုးရကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရအဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၃ တွင် နအဖအစိုးရသည် နိုင်ငံရေးလမ်းပြမြေပုံ ခုနစ်ချက်ကို ရေးဆွဲခဲ့ပြီး အမျိုးသားညီလာခံကို ပြန်လည် စတင်ကျင်းပခဲ့ကာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ အမျိုးသားညီလာခံကို အပြီးသတ်ခဲ့ပါတယ်။

၂၀၀၈ မေ ၂ ရက်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ သောင်းချီ သေဆုံးခဲ့သော်လည်း နအဖအစိုးရသည် မေ ၂၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။  ဆန္ဒမဲပေးခဲ့သူ ၉၈ ဒသမ ၅၈ ရာခိုင်နှုန်းထဲက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း နအဖအစိုးရက ထုတ်ပြန်ခဲ့ သည်။

နိုင်ငံရေးအလှည့်အပြောင်း

၁၉၈၈ စက်တင်ဘာ၌ တပ်မတော်က ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက် နဝတအစိုးရ  ဖွဲ့စည်းခဲ့ပြီးနောက် တစ်ပတ်အကြာဖြစ်သည့် စက်တင်ဘာ ၂၇ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပေါ်ပေါက်လာခဲ့သည်။

၁၉၈၉ ဧပြီလအတွင်း၌ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဝ၊ ကိုးကန့်၊ ကချင်နှင့် အခါတိုင်းရင်းသားများက အာဏာသိမ်းခဲ့ကြသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်ကို နှစ် ၅၀ ခန့်ကြာ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပျက်သုဉ်းသွားခဲ့ရပြီး ဗကပ ပါတီ ခေါင်းဆောင်ပိုင်းမှ အင်အား ၃၀၀ ခန့်နှင့် ၎င်းတို့၏ မိသားစုများသည် တရုတ်ပြည်သို့ တိမ်းရှောင်ခဲ့ ရသည်။

၁၉၈၉ ဇူလိုင် ၂၀ ရက်၌ တပ်မတော်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး NLD ပါတီအထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်ချထားခဲ့သလို ပါတီဥက္ကဋ္ဌဖြစ်သူ ကာချုပ်ဟောင်းသူရဦးတင်ဦးနှင့် ပါတီစည်းရုံးရေးမှူးများကိုလည်း ဖမ်းဆီး ထောင်ချခဲ့သည်။

၁၉၈၉ ဒီဇင်ဘာ ၂၉ ရက်၌ နဝတအစိုးရသည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

၁၉၉၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လွှတ်တော်ကိုယ်စားလှယ် ၄၉၂ နေရာတွင် ၃၉၂ နေရာအထိ အနိုင်ရခဲ့သည်။သို့ရာ တွင် ဇူလိုင် ၂၇ ရက်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ခင်ညွှန့်က ရွေးကောက်ပွဲမှာ အာဏာလွှဲပေးရန် မဟုတ်ဘဲ နဝတအစိုးရက ဖွဲ့စည်းတာဝန်ပေးထားသည့် အမျိုးသားညီလာခံက အာဏာ လွှဲပြောင်းအပ်နှင်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းအသစ် ရေးဆွဲမည်ဖြစ်ကြောင်း ပြောဆိုကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့သည်။

၁၉၉၁ ဒီဇင်ဘာတွင် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ရရှိခဲ့သည်။

၁၉၉၂ ဧပြီလအတွင်း နဝတအစိုးရအတွင်း အာဏာအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၃ ရက်တွင် နဝတအစိုးရအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင် အနားယူလိုက်ပြီဖြစ်ကြောင်း ရေဒီယိုမှ ကြေညာခဲ့ကာ ဗိုလ်ချုပ်ကြီး သန်းရွှေက ၎င်းနေရာကို ဆက်ခံခဲ့သည်။

နဝတအစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန်အတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ခေါ်ယူခဲ့သော်လည်း ၁၉၉၆ ခုနှစ်တွင် အမျိုးသား ညီလာခံကို ရပ်ဆိုင်းခဲ့သည်။

နဝတအစိုးရသည်  ဗကပပါတီပြိုကွဲပြီးနောက် ပေါ်ပေါက်လာခဲ့သည့် UWSAMNDAANDAA SSA စသည့် လက်နက်ကိုင်အဖွဲ့များနှင့် ၁၉၈၉ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်နိုင်ခဲ့ပြီး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ PSLA တို့နှင့် ၁၉၉၁ တွင်လည်း  ကောင်း၊ KIA နှင့် ၁၉၉၄ တွင်လည်းကောင်း၊ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီတို့နှင့် ၁၉၉၅ တွင်လည်းကောင်း အပစ်အခတ်ရပ်စဲနိုင်ခဲ့သည်။

ထို့ပြင် ၁၉၉၄ ဒီဇင်ဘာ၌ KNU အဖွဲ့အတွင်း ပြိုကွဲမှုဖြစ်ပေါ်ခဲ့ပြီး DKBA အဖွဲ့  ခွဲထွက်ခဲ့ကာ နဝတအစိုးရနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီးနောက် တပ်မတော်သည် KNU တို့၏ မာနယ်ပလောဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၉၆ ဇန်နဝါရီတွင် ခွန်ဆာဦးဆောင်သည့် သျှမ်းပြည်ညီညွတ်သောတော်လှန်ရေးတပ်(SURA)သည် နဝတ အစိုးရထံ တွင် လက်နက်ချခဲ့သည်။

၁၉၉၅ ဇူလိုင် ၁၀ ရက်၌ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယင်းနောက် NLD ပါတီ၏ လှုပ်ရှားမှုများကို နဝတအစိုးရက ပြင်းထန်စွာတုံ့ပြန်ခဲ့ပြီး NLD ပါတီဝင် ရာနှင့်ချီ အဖမ်းခံခဲ့ရသည်။

 ၁၉၉၇ နိုဝင်ဘာ၌ နဝတအစိုးရကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရအဖြစ် အမည်ပြောင်းလဲခဲ့သော်လည်း ခေါင်းဆောင်ပိုင်းရာထူးအပြောင်းအလဲမရှိခဲ့ပေ။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းအတွင်းသို့ စည်းရုံးရေးခရီးစဉ်ရောက်ရှိလာသည့် သူရဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ၊ ဝန်းရံသူများသည် ဒီပဲယင်း မြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ယင်းဖြစ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်(၆)နှစ် ထပ်မံချမှတ်ခဲ့သည်။

၂၀၀၁ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းတွင် နအဖအစိုးရအဖွဲ့ အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီးတင်ဦး လိုက်ပါလာသည့် ရဟတ်ယာဉ်သည် ဘားအံမြို့အနီး သံလွင်မြစ်အတွင်းသို့ ပျက်ကျခဲ့ပြီး ၎င်းနှင့်အတူ ဗိုလ်ချုပ် သီဟသူရစစ်မောင်၊ ဗိုလ်မှူးချုပ်လွန်းမောင်တို့အပါအဝင် ၁၄ ဦးခန့် သေဆုံးခဲ့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲဖြစ်သူနှင့် ဝန်ကြီး ချုပ်ဖြစ်သူ ဗိုလ်ချုပ်ခင်ညွှန့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့သည်။

၂၀၀၇ စက်တင်ဘာလအတွင်း သံဃာတော်များ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သည့်  ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့သည်။ ယင်းအရေးအခင်းသည် မြို့ကြီးအချို့ကို ပျံ့နှံ့ခဲ့ပြီးနောက် နအဖအစိုးရက အင်အားသုံးဖြိုခွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက် နအဖအစိုးရသည် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကြောင့် အပစ်အခတ်ရပ်စဲထားသည့်အဖွဲ့အချို့နှင့် ၂၀၀၉ နှောင်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၁၉၇၄ အခြေခံဥပဒေအရ ပြဌာန်းခဲ့သည့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့နှင့် ဒေသန္တရဆိုင်ရာ ပြည်သူ့ကောင်စီများ စသည့်အာဏာပိုင်အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ခေါင်းဆောင်ပိုင်းကို အဓိကခေါင်းဆောင်ငါးဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်မောင်အေး၊ အတွင်းရေးမှူး-၁ ဗိုလ်မှူးချုပ်ခင်ညွှန့်၊ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးတင်ဦးတို့ဖြစ်သည်။  ဖွဲ့ စည်းခဲ့သည့် ဝန်ကြီးဌာနအသီးသီးနှင့် ဌာနများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများက ဦးဆောင်ခဲ့ကြသည်။

စစ်ထောက်လှမ်းရေးမှာလည်း နဝတအစိုးရလက်ထက်တွင် ဆက်လက်အရေးပါခဲ့ပြီး အုပ်ချုပ်ရေးဗဟိုတွင် ရှိနေသည့်အခြားအဖွဲ့အစည်းနှစ်ခုမှာ ကုန်သွယ်ရေးကောင်စီနှင့် နိုင်ငံတော်လုံခြုံရေးကောင်စီတို့ ဖြစ်သည်။ သက်ဆိုင်ရာတိုင်းအလိုက်အမြင့်ဆုံးရာထူးအဖြစ် စစ်တိုင်းမှူးများက ချုပ်ကိုင်ထားပြီး ကျေးရွာအဆင့်မှ လွဲ၍ မြို့နယ်၊ ခရိုင်များအလိုက် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့များ၏ ထိပ်ဆုံးရာထူးများကို တပ်မတော် အရာရှိများက ရယူထားခဲ့သည်။

၁၉၉၇ နိုဝင်ဘာ၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သော်လည်း အုပ်ချုပ်မှုပုံစံအပြောင်းအလဲမရှိခဲ့ဘဲ သက်ဆိုင်ရာ တိုင်း/ပြည်နယ်နအဖကောင်စီများနှင့် မြို့နယ်၊ ခရိုင် ကောင်စီများ၏ ဥက္ကဋ္ဌရာထူးများကိုလည်း တပ်မတော်အရာရှိများက ချုပ်ကိုင်ထားခဲ့သည်။

၂၀၀၃ သြဂုတ်တွင် စတင်တာဝန်ပေးခဲ့သည့် နိုင်ငံတော်ဝန်ကြီးချုပ်နေရာကို ဗိုလ်ချုပ်ခင်ညွန့်က ရယူခဲ့ပြီး ၎င်းကို ရာထူးမှ ဖယ်ရှားခဲ့သည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ကြီးစိုးဝင်းက ၂၀၀၇ အထိနှင့် ယင်းနောက် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၂၀၁၁ မတ်လအထိ ဝန်ကြီးချုပ်ရာထူးကို အဆင့်ဆင့်ဆက်ခံခဲ့သည်။

၂၀၀၅ နိုဝင်ဘာတွင် နအဖအစိုးရသည် အစိုးရရုံးများအခြေစိုက်ရာ အုပ်ချုပ်ရေးမြို့တော်အဖြစ် ရန်ကုန်မြို့တော်မှ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။

ပထဝီနိုင်ငံရေး

၈၈၈၈ အရေးအခင်းတွင် ပြည်သူများ၏ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းကာ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာအစိုးရအပေါ် ထောက်ပံ့မှုများကို အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျာမနီနှင့် ဂျပန်တို့က ဖြတ်တောက်ခဲ့ကြသည်။

ဘဏ္ဍာရေးအကြပ်အတည်းဖြစ်နေသည့် နဝတအစိုးရ၏ အခြေအနေကို အကောင်းဆုံးအမြတ်ထုတ်နိုင်ခဲ့သည် မှာ ထိုင်းနိုင်ငံဖြစ်ပြီး ၁၉၈၈ ဒီဇင်ဘာ ၄ ရက်တွင် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ်ရောင်ချိုင်ယုသည် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့သည်။ဗိုလ်ချုပ်ကြီး ချာဗလစ်၏ တစ်ရက်တာခရီးစဉ်အတွင်း သစ်လုပ်ငန်း၊ ရေလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းဆိုင်ရာစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

၁၉၈၈ သြဂုတ် ၆ ရက်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု များဆောင်ရွက်နိုင်ရေး သဘောတူညီချက်ကို နှစ်နိုင်ငံအစိုးရတို့က သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ ပြီးနောက်  မြန်မာအစိုးရသည် တရုတ်နိုင်ငံနှင့်လည်း ဆက်ဆံရေးအဆင်ပြေရန် ဆောင်ရွက်နိုင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပပါတီ ပြိုကွဲခဲ့ပြီးနောက် မြန်မာ-တရုတ်အစိုးရနှစ်ရပ်ကြား ဆက်ဆံရေးမှာ တဖြည်းဖြည်း အားကောင်းလာခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်သို့ ကုန်စည်အမျိုးမျိုး တင်ပို့နိုင်ခဲ့သည့်အပြင် မြန်မာ့တပ်မတော်ကိုလည်း လေယာဉ်များ၊ စစ်သင်္ဘောများအပါအဝင် လက်နက်မျိုးစုံ ရောင်းချနိုင်ခဲ့သည်။

၁၉၉၁ ခုနှစ်ကုန်ပိုင်းနှင့် ၁၉၉၂ အစောပိုင်းလများတွင် ဘင်္ဂါလီဒုက္ခသည် ၂ သိန်းခန့်သည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး နယ်စပ်တလျှောက် ကော့ဘဇာရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြ သည်။ ယင်းဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး UNHCR ၏ ကြားဝင်မှုဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင် ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား သဘောတူညီချက်ကို ၁၉၉၃ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

၁၉၉၇ ဇူလိုင် ၂၃ ရက်၌ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (ASEAN)၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

၁၉၉၉ အောက်တိုဘာ ၇ ရက်တွင် ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို လက်နက်ကိုင် ငါးဦးက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး သံရုံးဝန်ထမ်း ၈၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ် တွင် လက်နက်ကိုင်များက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိပြုရန်၊ NLD ပါတီနှင့် နဝတအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု ပြန်လမ်းဖွင့်ရန်တို့ကို တောင်းဆိုခဲ့သည်။ ထိုင်းအစိုးရက ယင်းလက်နက်ကိုင်များကို ထိုင်း- မြန်မာနယ်စပ်သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဓားစာခံများလည်း အထိအခိုက်မရှိ လွတ်မြောက်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာအစိုးရက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ဗမာ့ကျောင်းသားစစ်သည်တော်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် ယခုဖြစ်ရပ်တွင် ထိုင်းအစိုးရ၏ ဆောင်ရွက်ချက်ကိုလည်း  အပြင်းအထန်ဝေဖန်ခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကို ၁၉၉၇ တွင် စတင်ကျင့်သုံးလာခဲ့ပြီး ပိတ်ဆို့မှုများကို တိုးမြှင့်သည့်အနေဖြင့် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ကာ အစိုးရ ထိပ်တန်းတာဝန်ရှိများ၏ ပြည်ဝင်ခွင့်ဗီဇာတွေကို ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများကို  ထိန်းချုပ်ခြင်းများသာမက မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်ပို့မှု အားလုံးကို တားမြစ်ခဲ့သည်။

ထို့ပြင် မြန်မာအစိုးရ၏ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေလွှဲပြောင်းမှုများကိုပါ ကန့်သတ် တားမြစ်ခဲ့ပြီး အမေရိကန်ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်များကိုလည်း ပိတ်ပင်ခဲ့သည်။

၂၀၀၁-၂၀၀၂ ခုနှစ်များအတွင်း၌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် SSA နှင့် တပ်မတော်တို့ ထိုင်း- မြန်မာနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ ထိုင်း-မြန်မာတပ်မတော်နှစ်ရပ်ကြား တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ရေပိုင်နက်နှင့် ပတ်သက်သည့် ပြဿနာမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် အငြင်းပွားနယ်မြေများတွင် မြန်မာနိုင်ငံက ဓာတ်ငွေ့ရှာဖွေနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံကြားစစ်ရေးပဋိပက္ခဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သံတမန် ရေးနည်းလမ်းဖြင့် ဖြေရှင်းခဲ့၍ တင်းမာမှုများ လျော့ပါးခဲ့သည်။

ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ပထမဆုံးကြေညာချက်ဖြစ်သည့် ကြေညာချက်အမှတ် ၁/၈၈ “တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူကြောင်း”ကြေညာချက်ကို  ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

၁၉၈၈ စက်တင်ဘာ ၁၉ ရက်တွင် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲကော်မရှင်တို့တွေ့ဆုံခဲ့ပြီးနောက်  စက်တင်ဘာ ၂၁ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ထွက်ပေါ်လာခဲ့ကာ မေ ၃၁ ရက်တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ထွက်ရှိခဲ့သည်။

၁၉၈၈ စက်တင်ဘာ ၂၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ကြေညာချက်အမှတ် ၅/၈၈ ဖြစ်သည့် ပြည်နယ်/တိုင်းနှင့် မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ခြင်းကို ကြေညာခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်  အမိန့်အမှတ် ၈/၈၈ ကို ၁၉၈၈ အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ည ၉ နာရီမှ နံနက် ၄ နာရီအထိ မည်သူမဆို အမိန့်တစုံတရာမရရှိဘဲ လမ်းများပေါ်သို့ ထွက်ရောက်သွားလာမှုမရှိစေရ ဟူ၍ ဖြစ်သည်။

ထို့ပြင် ၁၉၈၉ အောက်တိုဘာ ၁၉ ရက်တွင် ကြေညာချက်အမှတ် ၈/၈၈ ကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်၌ နိုင်ငံရေးပါတီများအနေဖြင့် တပ်မတော်ပြိုကွဲရေး ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုံ့ဆော်မှု၊ ဟောပြောမှု၊ ဝါဒဖြန့်မှု များ မပြုလုပ်ကြရန် တားမြစ်ကြောင်းနှင့် ကျူးလွန်ပါက ထိရောက်စွာအရေးယူမည်ဟု ကြေညာခဲ့သည်။

၁၉၈၉ ဇူလိုင် ၁၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ မာရှယ်လော(Martial Law) အမိန့်အမှတ် ၂/၈၉ ကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် မာရှယ်လော(Martial Law) အမိန့်အမှတ် ၁/၈၉ ကို အရ စစ်တိုင်းမှူးများအား တရားစီရင်ရေးဆိုင်ရာ အာဏာအပ်နှင်းခြင်း ဖြစ်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ကြေညာချက်အမှတ် ၁/၉၀ ကို ၁၉၉၀ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးကြောင်း ကြေညာချက်ဖြစ်သည်။

၁၉၉၀ အောက်တိုဘာ ၂၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဖြစ်သည့် အမိန့်အမှတ် ၇/၉၀ ကို ထုတ်ပြန်ခဲ့သည်။

၁၉၉၂ မေ ၂၈ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်အမှတ် ၉/၉၂ ဖြစ်သည့် အမျိုးသားညီလာခံကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ခေါ်ယူခြင်းကို ထုတ်ပြန်ခဲ့ပြီး ယင်းညှိနှိုင်းဆွေးနွေးပွဲကို ၁၉၉၃ ဇွန် ၂၃ ရက်၌ ရန်ကုန်မြို့ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဝင်းအတွင်း ကျင်းပမည်ဟု ဖော်ပြထားသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၈ မေ ၂၉ ရက်တွင် ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခြင်းကို ထုတ်ပြန်ခဲ့သည်။

 

ကိုးကား –

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဆောင်ရွက်ချက် သမိုင်းဝင်မှတ်တမ်း(၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်)
ဝင်းဇော်လတ်၊ သတင်းစာတွေ ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ
Bertil Lintner ၊ Burma in Revolt (တော်လှန်မှုများထဲက ဗမာပြည်)
ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm