တော်လှန်ရေးကောင်စီအစိုးရခေတ်

(March 2, 1962)

တော်လှန်ရေးကောင်စီအစိုးရခေတ်

သမိုင်းအတွေ့အကြုံ

အိမ်စောင့်အစိုးရ ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၁၉၆၀ ဧပြီ ရွေးကောက်ပွဲတွင် ဦးနု၏ ပြည်ထောင်စုပါတီက ဆန္ဒမဲအားလုံး၏ ၅၂ ဒသမ ၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၅၀ အနက် ၁၅၇ နေရာအထိ အနိုင်ရရှိခဲ့သည်။ တည်မြဲဖဆပလမှာ အမတ်နေရာ ၄၂ နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို ပါတီငယ် များ၊ ရှမ်းနှင့် ရခိုင်တိုင်းရင်းသားပါတီများက ရရှိခဲ့သည်။

ဦးနု ဦးဆောင်သည့် ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်နယ်များ ဖွဲ့စည်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖက်ဒရစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက် အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ဖက်ဒရယ်မူဆွေးနွေးပွဲကြီးကို မြန်မာ့အသံအသံလွှင့်ရုံခန်းမကြီးတွင် ကျင်းပခဲ့သည်။

မတ်လ ၂ ရက်နေ့တွင်တော့ ဗိုလ်ချုပ်ကြီးနေဝင်း၏ ညွှန်ကြားမှုဖြင့် တပ်မတော်မှ အာဏာသိမ်းခဲ့ပြီး သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနုတို့အပြင် အခြားဝန်ကြီး ငါးဦး၊ တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ်နှင့် ရှမ်း၊ ကရင်နီတိုင်းရင်းသားခေါင်းဆောင် ၃၀ ဦးကျော်တို့ကိုလည်း ထိန်းသိမ်းခဲ့သည်။ အာဏာသိမ်းမှုအတွင်း သမ္မတဟောင်းစဝ်ရွှေသိုက်ကို သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သမ္မတဟောင်းစဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မီမီသိုက် သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးနောက် မတ် ၂ ရက် နံနက်ပိုင်းတွင် မြန်မာ့အသံရေဒီယိုမှတစ်ဆင့် ဗိုလ်ချုပ်ကြီးနေဝင်းက မိန့်ခွန်းပြောကြားခဲ့ရာ ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်၍ဟု အကြောင်းပြ ချက်ပေးခဲ့သည်။

၁၉၆၂ ဧပြီ ၃၀ ရက်တွင် “ဗမာ့ဆိုရှယ်လစ်လမ်းစဉ်”ကို ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)ဖွဲ့စည်းပုံကို ကြေညာခဲ့သည်။

၁၉၆၂ ဇွန်လတွင် တော်လှန်ရေးကောင်စီအစိုးရက ကျောင်းဆောင်စည်းကမ်းများ တင်းကြပ်ထားသည့် ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ကျောင်းသားများက ကန့်ကွက်ခဲ့ ကြပြီးနောက် စစ်အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဇူလိုင်လဆန်းတွင် ပြုလုပ်ခဲ့သည်။

ဇူလိုင် ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း ဆန္ဒပြနေသည့် ကျောင်းသားများကို တပ်မတော်က ပစ်ခတ်နှိမ် နင်းခဲ့ပြီး အစိုးရက ကျောင်းသား ၁၇ ဦးသာ သေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း  ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ကျောင်းသားများဘက်က ပြောကြားခဲ့သည်။ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင်တော့ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

၁၉၆၇ ဇွန်နှင့် ဇူလိုင်လများတွင် တရုတ်-ဗမာအရေးအခင်းဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို ဝိုင်းထားခဲ့ ကြသလို တရုတ်လူမျိုးပိုင် ဆိုင်နှင့် အိမ်များလည်း ဖျက်ဆီးခံခဲ့ရပြီး တရုတ်ဗမာကပြားအချို့လည်း အသတ်ခံခဲ့ရသည်။

၁၉၇၃ သြဂုတ် ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့သည်။

လူမှုစီးပွားရေးနောက်ခံအခြေအနေ

၁၉၆၃ ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ကုန်စည် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှ တင်သွင်းခြင်းတို့ကို နိုင်ငံတာ်မှ လွှဲပြောင်းရယူလိုက်သည်ဟု ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ဘဏ်အားလုံးကို ပြည်သူပိုင် သိမ်းခဲ့သည်။

ယင်းနောက် လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ရေးဥပဒေသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စီးကရက်ကုမ္ပ ဏီများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆပ်ပြာချက်လုပ်ငန်းများ၊ ထီးစက်လုပ်ငန်းစသည့် စက်မှုလုပ်ငန်းများ၊ ပုံနှိပ်စက်များ၊ ပုဂ္ဂလိကပိုင်ကျောင်းများ၊ သာသနာပြုဆေးရုံများ၊ ရုပ်ရှင်ရုံများစသည့် အားလုံးကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတစ်ဝန်းရှိ ပွဲရုံများ၊ လက်လီလက်ကားဆိုင်များ၊ သမဝါယမဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ ကိုလည်း ပြည်သူပိုင်သိမ်းခဲ့သည်။ ပြည်သူပိုင်သိမ်းရာတွင် ရေနံလုပ်ငန်းများသာမက တပ်မတော်ပိုင် BEDC နှင့် DSI လုပ်ငန်းများလည်း ပါဝင်ခဲ့သည်။

၁၉၆၄ ခုနှစ် မေ ၁၇ ရက်တွင် လက်ရှိသုံးစွဲနေသည့် ကျပ် ၅၀ တန်နှင့် ၁၀၀ တန် ငွေစက္ကူအားလုံးကို တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ၁၉၆၆ ဇန်နဝါရီ ၆ ရက်တွင်လည်း ကုန်သွယ်ရေးအမိန့်သစ်ထုတ်ပြန်ခဲ့ကာ ဖွဲနု၊ ဆန်ကွဲမှစ၍ အနိမ့်ဆုံး ဟင်းခတ်အမွှေးအကြိုင်အထိ ကုန်စည်အမျိုးအစား ၄၆၀ ကို အစိုးရကသာ သိုလှောင်၊ ရောင်းဝယ် ခွင့်ရှိသည်အထိ ချုပ်ကိုင်ခဲ့သည်။

နိုင်ငံရေးအလှည့်အပြောင်း

၁၉၆၃ ဇွန် ၁၁ ရက်တွင် တော်လှန်ရေးကောင်စီက “ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှမ်းရေးကောင်စီကမ်းလှမ်းချက်”ကို ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဇူလိုင် ၁၄ ရက်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း ရလဒ်မည်ကဲ့သို့ပင် ထွက်ပါစေ၊ လက်နက်ကိုင်အဖွဲ့များ၏ အလာခရီးနှင့် အပြန်ခရီး လွတ်လပ်လုံခြုံမှုကို အပြည့်အဝအာမခံသည်ဟု တော်လှန်ရေးကောင်စီမှ ကတိပြုခဲ့ခြင်းကြောင့် သြဂုတ်လအတွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ တို့အပြင် ကရင်၊ မွန်၊ ရှမ်း၊ ကချင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့ငယ်အသီးသီးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည်။

သို့ရာတွင် ညှိနှိုင်းမှုများ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၁၉၆၃ နိုဝင်ဘာ ၁၄ ရက်၌ ဆွေးနွေးပွဲများ ပျက်ပြား သွားခဲ့သော်လည်း ဆွေးနွေးပွဲအပြီးတွင် ကော်သူလေးအစိုးရအဖွဲ့ ဥက္ကဋ္ဌ စောဟန်တာ သာမွှေး၊ KNU အမှတ် (၅)တပ်မဟာ၏ တပ်မှူးချုပ် ဗိုလ်မှူးချုပ် လင်းထင်နှင့် အင်အား ၄၀၀ ခန့် လက်နက်ချခဲ့သည်။

ပြန်လွတ်မြောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးကျော်ငြိမ်းတို့နှင့် အခြားဝါရင့် နိုင်ငံရေးသမားများ ပါဝင်သည့် “ပြည်တွင်း ညီညွှတ်ရေးအကြံပေးအဖွဲ့”ကို တော်လှန်ရေးကောင်စီက ၁၉၆၈ ခုနှစ် နိုဝင်ဘာ၌ ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့မှ ၆ လကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သည့်အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် အကြံပြုခဲ့ရာ  တော်လှန်ရေးအစိုးရက ပယ်ချခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ပြည်ပသို့ ထွက်ခွာသွားခဲ့ပြီးနောက် ၁၉၆၉ ခုနှစ် သြဂုတ်လ ၂၉ ရက်၌ ပါလီမန်ဒီမိုကရေစီပါတီ(PDP)ကို ဖွဲ့စည်း၍ ထိုင်းနယ်စပ်၌ ပြည်ချစ်တပ်မတော်ကို တည်ထောင်ခဲ့သည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

 အာဏာသိမ်းသည့်နေ့တွင်ပင် ဗိုလ်ချုပ်ကြီးနေဝင်းက ဥက္ကဋ္ဌနေရာယူ၍ တပ်မတော်အရာရှိ ၁၆ ဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် မြန်မာနိုင်ငံတော်လှန်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းခဲ့သည်။

ဝန်ကြီး ၉ ဦးပါအုပ်ချုပ်ရေးအစိုးရအဖွဲ့တွင်လည်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူးများအပြင် အခြားဝန်ကြီးဌာနနှစ်ခုကိုလည်း ရယူခဲ့ပြီး အခြားဝန်ကြီးဌာနအများစု၏ ဝန်ကြီးများ အဖြစ် တပ်မတော်အရာရှိကြီးများကို ခန့်အပ်ခဲ့ကာ ယင်းအစိုးရအဖွဲ့တွင် အရပ်သားတစ်ဦးသာ ပါဝင်ခဲ့သည်။

အရပ်သားအစိုးရလက်ထက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို အကန့်အသတ်ဖြင့် ရရှိထားသည့် ပြည်နယ်ကောင်စီများနေရာတွင် ပြည်နယ်ဦးစီးအဖွဲ့ ငါးခုဖြင့် အစားထိုးခဲ့ပြီး ယင်းအဖွဲ့တိုင်းတွင် တပ်မတော်အရာရှိကြီးတစ်ဦးစီ ပါဝင်ခဲ့သည်။

ဒေသန္တရအုပ်ချုပ်ရေးအတွက်လည်း တပ်မတော်အရာရှိများ ဦးစီးထားသည့် လုံခြုံရေးနှင့် အုပ်ချုပ်မှု  ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီများအထက်တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၏ တိုက်ရိုက်လက်အောက်ခံဖြစ်သည့် ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်းထားသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ ထောက်လှမ်းရေးနှင့် လုံခြုံရေးအဖွဲ့ လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်ရန် အမျိုးသားထောက်လှမ်းရေးဗျူရိုကိုလည်း တော်လှန်ရေးကောင်စီက ထပ်မံဖွဲ့စည်းခဲ့သည်။

၁၉၇၂ မတ်လတွင် တော်လှန်ရေးကောင်စီသည် အတွင်းဝန်ရုံးကို ဖျက်သိမ်းခဲ့ပြီး အမြဲတမ်းအတွင်းဝန်ရာထူးကို ဖျက်သိမ်းခဲ့ကာ ဝန်ကြီးများက တိုက်ရိုက်ထိန်းချုပ်မှုကို အသုံးပြုခဲ့သည်။

ပြည်စောင့်ရဲတပ်ဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့အင်အားကို တပ်မတော်အောက် ပြောင်းလဲခဲ့ကာ ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပထဝီနိုင်ငံရေး

၁၉၆၇ ခုနှစ်၌ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကြောင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အသိုင်းအဝိုင်းများနှင့် တရုတ်ဗမာကပြားလူငယ်အချို့သည် မော်စီတုန်းအမှတ်တံဆိပ်များကို ဝတ်ဆင်ခဲ့ကြသည်။ ယင်းကဲ့သို့ ဝတ်ဆင်ခြင်းကို အာဏာပိုင်များက ဖြုတ်ခိုင်းရာမှ အစပြု၍ ဇွန်နှင့် ဇူလိုင်လများအတွင်း တရုတ်-ဗမာအရေး အခင်းဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီကို ညီနောင်ပါတီအဖြစ် သတ်မှတ်ပြီး လူသူလက်နက် အင်အား ထောက်ပံ့ပေးခဲ့သည်။

သို့ရာတွင် မြန်မာအစိုးရသည် အမေရိကန်နိုင်ငံနှင့်မူ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခဲ့သည်။ အမေရိကန်အစိုးရသည် အာဏာသိမ်းတော်လှန်ရေးကောင်စီကို ရှုတ်ချခြင်း မပြုခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါ တီနှင့် တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော်ကိုလည်း  အရှေ့တောင်အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားစေအောင် တန်ပြန်ရန် ရည်ရွယ်၍ ထောက်ပံ့မှုများ ပေးခဲ့သည်။ ၁၉၆၆ စက်တင်ဘာတွင် အမေရိကန် နိုင်ငံသို့ အလည်အ ပတ်ရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီးနေဝင်းကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သလို သမ္မတ ဂျွန်ဆင်က အိမ်ဖြူတော်၌ နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

၁၉၆၂ မတ် ၂ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်တော်လှန်ရေးကောင်စီ၏ ပထမဆုံးကျေညာချက်ဖြစ်သည့်  ကျေ ညာချက် အမှတ် ၁ “ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီဖွဲ့စည်းခြင်း”ကို ထုတ်ပြန်ခဲ့ သည်။ ယင်းနောက် နိုင်ငံတော် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအား ဥပဒေပြုမှု၊ အုပ်ချုပ်မှု၊ တရားစီရင်မှုအာဏာ အားလုံး အပ်နှင်းလိုက်ကြောင်းနှင့် “ပြည်ထောင်စုမြန်မာနိုင်ငံတော်  တော်လှန်ရေးကောင်စီ အုပ်ချုပ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း” ကျေညာချက်အမှတ် ၂ ကို မတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မတ် ၂ ရက်တွင် အချက် လေးချက်ပါဝင်သည့် နိုင်ငံတော်တော်လှန်ရေးကောင်စီ၏ ကျေညာချက် အမှတ် ၃ ဖြစ်သည့် “နိုင်ငံခြားရေးဝါဒ” ကို ထုတ်ပြန်ခဲ့ပြီး မတ် ၃ ရက်တွင် နိုင်ငံတော် တော်လှန်ရေးကောင်စီ  ကျေညာချက် အမှတ် ၄ ဖြစ်သည့် “ပါလီမန်ဖျက်သိမ်းခြင်း”ကို ထုတ်ပြန်ခဲ့သည်။

၁၉၆၂ မတ် ၃ ရက်တွင် နိုင်ငံတော် တော်လှန်ရေးကောင်စီ ကျေညာချက် အမှတ် ၅ အဖြစ် တော်လှန်ရေး  ကောင်စီဥက္ကဋ္ဌက ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မဟာဒေဝီထံ သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ် လွှာ၌ အာဏာသိမ်းမှုအတွင်း စပ်ရွှေသိုက်သားဖြစ်သူ စပ်မြိမြိ သေဆုံးခဲ့ခြင်းအတွက် ဝမ်းနည်းကြေကွဲမိ ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် “နိုင်ငံတော်သမတ”ဆိုသည့် စကားရပ်အစား၊ “တော်လှန်ရေးကောင်စီဥက္ကဋ္ဌ”ဆိုသည့် စကားရပ်ကို ထည့်သွင်း ထားဘိသကဲ့သို့ မှတ်ယူရန် ကြေညာချက်ကို ၁၉၆၂ မတ် ၁၂ ရက်တွင် နိုင်ငံတော်တော်လှန်ရေး   ကောင်စီ ကျေညာချက်အမှတ် ၂၂ အဖြစ် ထုတ်ပြန်ခဲ့သည်။

၁၉၆၃ ဖေဖော်ဝါရီ ၂၃ ရက်တွင် “၁၉၆၃ ခုနှစ် ဘဏ်လုပ်ငန်းနိုင်ငံပိုင်ပြုလုပ်ရေးတချက်လွှတ်ဥပဒေ”ကို ထုတ်ပြန်ခဲ့ပြီး ဘဏ် ၂၄ ခုကို နိုင်ငံပိုင်သိမ်းခဲ့သည်။

၁၉၆၃ မတ် ၁၅ ရက်တွင် တော်လှန်ရေးကောင်စီသည် “၁၉၆၃ ခုနှစ် တရားဥပဒေများ အာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ”ကို ထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးကောင်စီသည် အဏာသိမ်းပြီးနောက် ၁၉၆၃ ဧပြီ ၁ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ကျေညာခဲ့သည်။

၁၉၆၃ အောက်တိုဘာ ၁၉ ရက်တွင် “လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ရေးဥပဒေ”ကို ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေ ကို ဆန့်ကျင်နှောင့်ယှက်သူများကို ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည်ဟုလည်း ထည့်သွင်းပြဋ္ဌာန်းထား သည်။ ဆက်လက်ပြီး အောက်တိုဘာ ၂၀ ရက်တွင် “၁၉၆၃ ခုနှစ် လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်း ဥပဒေ ၃ အရ ပြည်သူပိုင်ပြုလုပ်ခြင်း ကျေညာချက်”ဖြစ်သည့် အမိန့်ကြော်ငြာစာအမှတ် ၁၂၅ ကို ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီ များ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းများကို ၁၉၆၃ စက်တင်ဘာ ၂၈ ရက်မှစပြီး ပြည်သူပိုင်ပြုလုပ်ပြီး ဖြစ်ကြောင်း   ကျေညာခဲ့သည်။

၁၉၆၄ မေ ၁၇ ရက်တွင် ကျပ်တရာတန်နှင့် ငါးဆယ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် “၁၉၆၄ ခုနှစ်၊ ကျပ်တရာတန်ငွေစက္ကူနှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ဥပဒေ” ကို တော်လှန်ရေးကောင်စီက ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီမှစ၍ အဆိုပါငွေစက္ကူများကို အသုံးမပြုရဟု ထည့်သွင်းကြေညာခဲ့သည်။

၁၉၇၃ သြဂုတ် ၁၄ ရက်တွင် “၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုင်ရာဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့သည်။

၁၉၆၄ မတ် ၂၈ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ပြီး ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (BBSP)မှ လွဲ၍ နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းခဲ့သည်။

တော်လှန်ရေးကောင်စီသည် ၁၉၇၂ မတ် ၁၅ ရက်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်ခြင်း” ကြေညာချက်အမှတ်(၉၇)ကို ထုတ်ပြန်ခဲ့ပြီး အတွင်းဝန်ရုံးကို ရုပ်သိမ်း၍ အတွင်းဝန်ရုံးက စွဲကိုင်ကျင့်သုံးနေသည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို သက်ဆိုင်ရာဝန်ကြီးများအား လွှဲပြောင်းစေခဲ့သည်။

 

ကိုးကား –

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့
Bertil Lintner ၊ Burma in Revolt (တော်လှန်မှုများထဲက ဗမာပြည်)
ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ
ရဲဘော်သစ်မောင်၊ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃)
(လွတ်လပ်ရေးမရမီကာလမှ ၁၉၇၅ ခုနှစ်အထိ)
ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm