ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်

(January 3, 1974)

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်

သမိုင်းအတွေ့အကြုံ

တော်လှန်ရေးကောင်စီအစိုးရသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့သည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဖွဲ့ဝင် ၂၈ ဦးပါဝင်သည့် နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် နိုင်ငံတော်ကောင်စီဝင် ၁၄ ဦးကိုလည်း ခန့်အပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ် ၄၅၁ ဦးကို ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရွေးချယ်ခဲ့ပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် တပ်မတော်အရာရှိကြီးအချို့ သည် တပ်မတော်မှ အနားယူခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်က အစိုးရဝန်ကြီးအဖွဲ့ကို ရွေးကောက်တင်မြှောက်ခဲ့ရာ အငြိမ်းစားဗိုလ်ချုပ်ကြီး နေဝင်းကို သမ္မတအဖြစ်နှင့် ဗိုလ်မှူးချုပ်စိန်ဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်တွင် ကျောင်းသားဆန္ဒပြမှု၊ အလုပ်သမားဆန္ဒပြမှုများ တောက်လျှောက် ဖြစ်ပေါ်ခဲ့ပြီး ၁၉၇၄ တွင် ဦးသန့်အရေးအခင်း၊ ၁၉၇၅ တွင် အလုပ်သမားနှစ်ပတ်လည် အရေးအခင်း၊ ၁၉၇၆ တွင် မှိုင်းရာပြည့်အရေးအခင်းနှင့် ၁၉၈၇ တွင် ဖုန်းမော်အရေးအခင်းတို့ ဖြစ်ပွားခဲ့သည်။

၁၉၈၀ ၌ မဆလပါတီအစိုးရသည် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ပြီး KIA၊ ဗကပတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြလုပ်ခဲ့သည်။ ၁၉၈၀ မေလအတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစိုးရအနေဖြင့် နိုင်ငံရေးဆိုင်ရာ အလျှော့ပေးစေ့စပ် ဆွေးနွေးမှုများ မပြုလုပ်ခဲ့ခြင်းကြောင့် ပျက်ပြယ်သွားခဲ့ရပြီး အစိုးရနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့၏ လားရှိုးတွင် ဆွေးနွေးမှုမှာလည်း တစ်ရက်သာ ကြာမြင့်ခဲ့သည်။

ထို့ပြင် ၁၉၈၃ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများကို ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် ဗုံးခွဲလုပ်ကြံမှုပေါ်ပေါက်ခဲ့ပြီး ကိုရီးယားဝန်ကြီးအချို့အပါအဝင် လူ ၁၉ ဦး သေဆုံးကာ ၄၆ ဦး ဒဏ်ရာရခဲ့သည်။

၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ဗမာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံကို ကျိုက္ကဆံကွင်းဘေးရှိ ဆရာစံခန်းမတွင် ခေါ်ယူခဲ့ပြီး ဦးနေဝင်းက ပါတီဥက္ကဋ္ဌအဖြစ်မှနှင့် ဦးစန်းယုသည် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။ ယင်းနောက် သမ္မတနှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့်အပ်ခဲ့သည်။

မဆလပါတီအစိုးရလက်ထက်တွင် ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်အများအပြားကို ထုတ်ပြန်ကြေ ညာခဲ့ပြီး ၁၉၈၅ နိုဝင်ဘာနှင့် ၁၉၈၇ စက်တင်ဘာတို့တွင် ကြေညာခဲ့သည့် ငွေစက္ကူများကို နိုင်ငံအတွင်း တရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအဖြစ်မှ ရပ်စဲလိုက်မှုမှာလည်း အပါအဝင်ဖြစ်သည်။

လူမှုစီးပွားရေးနောက်ခံအခြေအနေ

မဆလပါတီအစိုးရလက်ထက်တွင် ဆိုးရွားသည့် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ ကြုံတွေ့ ခဲ့ရပြီး ကျောင်းသားဆန္ဒပြမှု၊ အလုပ်သမားဆန္ဒပြမှုများ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည်။ တိုင်းပြည်၏ စီးပွားရေးအခြေအနေကျဆင်းမှုကြောင့် အစိုးရက ဗဟိုချုပ်ကိုင်မှုအချို့ကို ဖြေလျှော့ပေးရန် စီစဉ်ခဲ့သော် လည်း အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

၁၉၈၄ သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းတို့တွင် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ခံရသည့် ဧရာဝတီတိုင်းတွင် ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရသည်။

၁၉၈၅ နိုဝင်ဘာ ၇ ရက်တွင် ကျပ်တစ်ရာတန်ငွေစက္ကူ၊ ကျပ်ငါးဆယ်တန်ငွေစက္ကူနှင့် ကျပ်နှစ်ဆယ်တန်  ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပေဒကို ပြဋ္ဌာန်းခဲ့သည်။

ယင်းနောက် ၁၉၈၇ စက်တင်ဘာ ၅ ရက်၌ မြန်မာအစိုးရသည် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်  ငွေစက္ကူများကို နိုင်ငံအတွင်း တရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအဖြစ်မှ ရပ်စဲလိုက်သည်ဟု ကြေညာခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်နောက်ပိုင်း ငြိမ်သက်သွားခဲ့သည့် ဆန္ဒပြမှုများ ပြန်လည်ပေါ်ပေါက်လာ ခဲ့သည်။

ယင်းနောက် ၁၉၈၇ ဒီဇင်ဘာ၌ မြန်မာနိုင်ငံသည် ကုသလမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ (LDC) စာရင်းတွင် ပါဝင်သွားခဲ့သည်။

နိုင်ငံရေးအလှည့်အပြောင်း

ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်တွင် ကျောင်းသားဆန္ဒပြမှု၊ အလုပ်သမားဆန္ဒပြမှုများ တောက်လျှောက် ဖြစ်ပေါ်ခဲ့သလို မဆလပါတီခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှုတစ်ခုလည်း ပေါ်ပေါက်ခဲ့သည်။

၁၉၇၆ မတ်လ ၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးကို တာဝန်မှ အနားပေးခဲ့ပြီးနောက် ရက်ပိုင်းအနည်းငယ်အတွင်း၌ မဆလပါတီခေါင်းဆောင်ပိုင်းကို လုပ်ကြံရန် ကြံစည်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ယင်းကြံစည်မှုကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီး အုန်းကျော်မြင့်က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး မအောင်မြင်ခဲ့ဘဲ ဗိုလ်ကြီးအုန်းကျော်မြင့် သေဒဏ်အပေးခံခဲ့ရသလို သူရဦးတင်ဦးကိုလည်း သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သည်။ ယင်းနောက် သမ္မတဦးနေဝင်းသည် မဆလပါတီတွင်း၌ အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၀ ကျော်နှင့် ပါတီဝင် ငါးသောင်းကျော်ကို ထုတ်ပယ်ခဲ့သည်။ 

၁၉၈၁ နိုဝင်ဘာ၌ ဦးနေဝင်းသည် သမ္မတရာထူးမှ နုတ်ထွက်ခဲ့သော်လည်း မဆလပါတီဥက္ကဋ္ဌရာထူးတွင် ဆက်လက်တာဝန်ယူခဲ့ပြီး သမ္မတအဖြစ် ဦးစန်းယုကို ခန့်အပ်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင်လည်း တပ်မတော်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် တင်ဦးနှင့် ၎င်း၏ အုပ်စုကို ဖယ်ရှားခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားပြုမှုနှင့် အဂတိလိုက်စားမှုများကြောင့် ရာထူးမှ ဖယ်ရှားသည်ဟု အကြောင်းပြချက်ပေးခဲ့သည်။

၁၉၈၀ ၌ မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများနှင့် လက်နက်ကိုင်ပုန်ကန်သူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ပြီး ၁၄၀၀ ကျော်လက်နက်ချခဲ့သည်ဟု တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ယင်းကြေညာမှုအရ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ပြန်လည်လွတ်မြောက်လာခဲ့သလို ဝန်ကြီးချုပ်ဟောင်း ဦးနုလည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

၁၉၈၈ ဇူလိုင်လ၌ ပါတီဥက္ကဋ္ဌရာထူးမှ ဦးနေဝင်း နုတ်ထွက်ခဲ့ပြီး ဦးစိန်လွင်ကို သမ္မတနှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ခန့်အပ်ခဲ့ပြီးနောက် သြဂုတ် ၈ ရက်တွင်တော့ ၈၈၈၈ အရေးအခင်း ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံတော်၏ အုပ်ချုပ်မှုအရည်အသွေး

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကောင်စီ၊ အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်တို့ ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်တို့အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကိုလည်း တွဲဖက်ဖွဲ့စည်းခဲ့သည်။

ပြည်သူလွှတ်တော်သည် ပြည်သူ့လွှတ်တော်ခန်းမ၌ တစ်နှစ်လျှင် အစည်းအဝေး သုံးကြိမ် ပြုလုပ်၍ ဥပဒေများကို ပြဋ္ဌာန်းကြသည်။

သို့ရာတွင် အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံနှင့် သဘောသဘာဝအရ ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း၏ သြဇာအာဏာက သာ အုပ်ချုပ်ရေးသာမက အရာရာတိုင်းကို ချုပ်ကိုင်ထားသည်။ ၎င်းအနေဖြင့် သမ္မတတာဝန်မှ အနားယူခဲ့  သော်လည်း ပါတီ၏ လမ်းညွှန်မှုအတိုင်း အစိုးရအဖွဲ့က လိုက်နာနေရသည့်စနစ်ကြောင့် သမ္မတဦးစန်းယု၏ လုပ်ပိုင်ခွင့်နှင့် အာဏာမှာ ပါတီဥက္ကဋ္ဌ ဦးနေဝင်း၏ အောက်မှာသာ ရှိနေခဲ့သည်။

ထို့အပြင် မဆလပါတီအစိုးရ လမ်းညွှန်ခဲ့သည့် တပြည်ထောင်စနစ်ကြောင့်လည်း နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အုံကြွမှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ပထဝီနိုင်ငံရေး

၁၉၆၇ တရုတ်-ဗမာအရေးအခင်းနောက်ပိုင်း အေးစက်သွားခဲ့သည့် တရုတ်-မြန်မာဆက်ဆံရေးသည် ၁၉၇၈ ဇန်နဝါရီ ၂၆ ရက်၌ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် မြန်မာနိုင်ငံသို့ ၆ ရက်ကြာ အလည်အပတ်ခရီးစဉ်  ရောက်ရှိလာခဲ့ပြီးနောက် တိုးတက်မှုများ ပြန်လည်ရရှိလာခဲ့သည်။

မဆလပါတီအစိုးရအနေဖြင့် အမေရိကန်အစိုးရနှင့်လည်း ဆက်ဆံရေးအဆင်ပြေခဲ့ပြီး ၁၉၇၄ ဇွန် ၁၉ ရက်၌ မြန်မာအစိုးရနှင့် အမေရိကန်အစိုးရတို့အကြား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်း  ဆောင်ရွက်သွားမည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီမှုအရ အမေရိကန်သည် မြန်မာနိုင်ငံကို ဘဲလ်ရဟတ်ယာဉ်များနှင့် အပိုပစ္စည်းများအပြင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ပံ့ပိုးပေးခဲ့သည်။

နော်ဝေအစိုးရကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးအစီအစဉ်အတွက် ဒေါ်လာ ငါးသန်းတန်ကြေးရှိ စီမံကိန်းတစ်ရပ်ဖြင့် မြန်မာနိုင်ငံကို ကူညီခဲ့သည်။

၁၉၇၈ ခုနှစ် မေလအတွင်း မဆလပါတီအစိုးရသည် ရခိုင်ပြည်နယ်တွင် လူမျိုးခြားပြဿနာကို ဖြေရှင်းရန်အ တွက် နဂါးမင်းစစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဘင်္ဂါလီ သိန်းနှင့်ချီ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂသို့ တင်ပြခဲ့ရာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ဖိအားကြောင့် နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် ယင်းနှစ် သြဂုတ်လမှ စတင်၍ ဘင်္ဂါလီများကို ဟင်္သာစီမံချက်ဖြင့် ပြန်လည် စိစစ်လက်ခံခဲ့ရသည်။ (*) 

ဥပဒေ/စည်းမျဉ်းစည်းကမ်းများ

ပြည်သူ့လွှတ်တော်သည် ၁၉၇၈ မတ် ၂၉ ရက်တွင် ပြန်တမ်းအမှတ် ၃ ဖြစ်သည့် ကြေငြာခြင်းအမှတ် ၁-၁/၇၈။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတဖြစ်ကြောင်း ကြေငြာခြင်းကို ထုတ်ပြန်ခဲ့သည်။

၁၉၈၂ အောက်တိုဘာ ၁၅ ရက်တွင် “မြန်မာနိုင်ငံသားဥပဒေ”ကို ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄ အဖြစ် ပြဋ္ဌာန်းခဲ့ပြီး အခန်း ၈ ခန်း ပါဝင်သည်။

၁၉၈၄ စက်တင်ဘာ ၁၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၇/၈၄ ကို ထုတ်ပြန်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ပေါ်ပေါက်ခဲ့သော ဆန်ပြတ်လပ်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း ဖြစ်သည်။

၁၉၈၅ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၄ အဖြစ် ၁၉၈၅ နိုဝင်ဘာ ၇ ရက်တွင် ကျပ်တစ်ရာတန်ငွေစက္ကူ၊ ကျပ်ငါးဆယ်တန်ငွေစက္ကူနှင့် ကျပ်နှစ်ဆယ်တန်ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ထို့ပြင် ၁၉၈၇ အောက်တိုဘာ ၁၇ ရက်တွင်လည်း နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမှတ် ၄/၈၇ ဖြစ်သည့် နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန်ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန်ငွေစက္ကူများကို တရား ဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁ ကို အတည်ပြုခြင်းကို ထုတ်ပြန်ခဲ့သည်။

 

ကိုးကား –

(*) အဆိုပါ စာပိုဒ်သည် ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော “ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို” အား ကိုးကားဖော်ပြထားခြင်းဖြစ်ပြီး၊ စာပိုဒ်ပါ အသုံးအနှုန်းများသည် စာတမ်းတိုတွင် ပါရှိသည့်အတိုင်းသာ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုစာပိုဒ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မူရင်းအချက်အလက် မရရှိသေးသဖြင့် လွှတ်တော်မှ တရားဝင် ဖော်ပြထားသည့် အချက်အလက်ကိုသာ ကိုးကားထားရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်က သုံးစွဲခဲ့သော အသုံးအနှုန်းများနှင့် ကွဲလွဲမှု ရှိနိုင်ပါသည်။ ရိုဟင်ဂျာ ဝေါဟာရနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။ 

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့
Bertil Lintner ၊ Burma in Revolt (တော်လှန်မှုများထဲက ဗမာပြည်)
ကြေးမုံဦးသောင်း၊ ဘီလူးတို့ရွာ
ရဲဘော်သစ်မောင်၊ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃)
(လွတ်လပ်ရေးမရမီကာလမှ ၁၉၇၅ ခုနှစ်အထိ)
ပြည်သူ့လွှတ်တော်၊ ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို ၂၀၁၈
ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
ဆုမွန်သဇင်အောင်၊ မက်သရူးအာနိုး၊ ၂၀၁၈၊ အပြောင်းအလဲကို စီမံခန့်ခွဲခြင်း မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့်လုပ်ငန်းစဉ်
မြန်မာဥပဒေသတင်းအချက်အလက်စနစ် https://www.mlis.gov.mm