UPDJC အတွင်းရေးမှူးအဖွဲ့နှင့် လုပ်ငန်းတာဝန်များ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အကြောင်း

၁။ UPDJC အတွင်းရေးမှူးများကို အစိုးရ၊ လွှတ်တော်များ၊တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး ပါတီများမှ(၁၅)ဦးထက်မပိုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်။ အတွင်းရေးမှူးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ကို UPDJCက ချမှတ်ပေးရမည်။

အတွင်းရေးမှူးအဖွဲ့ဝင်များ

၁။ ဦးခင်ဇော်ဦး (နိုင်ငံတော် တပ်မတော်အဖွဲ့)

၂။ ဦးလှမောင်ရွှေ (နိုင်ငံတော် အစိုးရအဖွဲ့)

၃။ ဦးဇော်ဌေး (နိုင်ငံတော် အစိုးရအဖွဲ့)

၄။ ဗိုလ်ချုပ် စိုးနိုင်ဦး (နိုင်ငံတော် တပ်မတော်အဖွဲ့)

၅။ ဦးအောင်စိုး (ပြည်သူ့လွှတ်တော်)

၆။ Dr. လျန်မုန်းဆာခေါင်း (တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့)

၇။ ဒေါ်စောမြရာဇာလင်း (တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့)

၈။ ဦးစိုင်းလ (တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့)

၉။ ဦးမျိုးဝင်း (တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့)

၁၀။ ခွန်မြင့်ထွန်း (တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့)

၁၁။ စိုင်းကျော်ညွှန့် (နိုင်ငံရေးပါတီဝင်)

၁၂။ မင်းကျော်ဇေယျာဦး (နိုင်ငံရေးပါတီဝင်)

၁၃။ ဦးနိုင်ငံလင်း (နိုင်ငံရေးပါတီဝင်)

၁၄။ ဦးတာလှဖေ (နိုင်ငံရေးပါတီဝင်)

၁၅။ ဦးမြင့်စိုး (နိုင်ငံရေးပါတီဝင်)

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ လုပ်ငန်းလမ်းညွှန်

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၂။ UPDJC အတွင်းရေးမှူးများသည် UPDJCအစည်းအဝေးကိစ္စရပ်များ၊ ဆုံးဖြတ်ချက်များ ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေး ကိစ္စရပ်များနှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်။

၃။ အတွင်းရေးမှူးအဖွဲ့ဝင်(၁၅)ဦးအနက်မှ အစိုးရ၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ အနိုင်ရ နိူင်ငံရေးပါတီများ၏ အတွင်းရေး မှူးအဖွဲ့ဝင်(၃)ဦးတို့သည် သက်ဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခုစီကို ကြီးကြပ်ရန် တာဝန်ရှိသည်။

၄။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီအစည်းအဝေးများတွင် UPDJCမှ ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များကို ရှင်းလင်းတင်ပြရမည်။

၅။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ(တိုင်းဒေသကြီးများ၊ ပြည်နယ်များ နှင့် နေပြည်တော်ကောင်စီနယ်မြေ)များ၊ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် ရုံးအဖွဲ့တို့၏ လုပ်ငန်းရပ်များကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက် ရန် တာဝန်ရှိသည်။

၆။ အတွင်းရေးမှူးများသည် UPDJC သို့ပေးပို့လာသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှသော် လည်းကောင်း၊ အစုအဖွဲ့ အသီးသီးမှသော် လည်းကောင်း၊ တစ်ဖွဲ့ချင်းစီမှသော် လည်းကောင်း တင်ပြလာသော စာတမ်းများနှင့်ပတ်သတ်၍ အခြေခံမူ၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်း ကိစ္စရပ်များဟူ၍ ခွဲခြားခြင်း ကဏ္ဍအလိုက်သတ်မှတ်ခြင်း (Identification, Categorizations)တို့ကို UPDJC ၏ လမ်းညွှန်ချက်နှင့် အညီ ပြုလုပ်ပြီး UPDJCသို့ ပြန်လည် ပေးပို့ ရမည်။ (EAOမှ အဆိုပြုချက်)

၇။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီများမှ ပေးပို့လာသည့် ကဏ္ဍအလိုက်ဆွေးနွေးမှုရလဒ်များကို လက်ခံစုစည်း၍ UPDJCသို့ အကျေအလည် ဆွေးနွေး ဆုံးဖြတ်နိုင်ရန် တင်သွင်းရမည်။ (EAOမှ အဆိုပြုချက်)

၈။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီမှ ပေးပို့လာသော မူဝါဒအဆိုပြုလွှာများ၊ အကြံပြုချက်မျာူကို လက်ခံစုစည်း၍ ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး UPDJCမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံတွင် ဆွေးနွေးဆုံးဖြတ်အတည်ပြုပေးနိုင်ရေး အတွက် တင်သွင်းရမည်။

၉။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီများ တစ်ခုနှင့် တစ်ခုအကြားညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ လိုအပ်ပါက လုပ်ငန်းကော်မတီ အစုအဖွဲ့တွင် ပါဝင်သည့် ကိုယ်စားလှယ်များအကြား အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်နိုင်ရန် စီမံဆောင်ရွက်ပေးရမည်။

၁၀။ အတွင်းရေးမှူးများသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီအစည်းအဝေးများအတွက် အကျိုးဆောင်များ၊ ရုံးအဖွဲ့များ ပါဝင်ဆောင်ရွက် စီမံဆောင်ရွက်ပေးရမည်။

၁၁။ အတွင်းရေးမှူးများသည် သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီများ ၊ အကျိုးဆောင်များနှင့် ရုံးအဖွဲ့များအတွက်စနစ်တကျ ဆောင်ရွက်နိုင် ရန် စီစဉ်ပေးရမည်။

၁၂။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီအစည်းအဝေးများ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံအစည်းအဝေးများ မကျင်းပမီ အကျေအလည်ဆွေးနွေးနိုင်ရန်အတွက် ကြိုတင်ခေါ်ယူ ကျင်းပပေးရမည်။

၁၃။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီများအတွက် အကျေအလည် ဆွေးနွေးညှိနှိုင်းရန် လုံလောက်သော အချိန်၊ အစီအစဉ်များကို စီစဉ် ဆောင်ရွက်ပေးရမည်။

၁၄။ အတွင်းရေးမှူးများသည် လုပ်ငန်းကော်မတီအစည်းအဝေးများတွင် အထောက်အကူပြုနိုင်ရေးအတွက် နည်းပညာအထောက်အကူများနှင့် အကြံဉာဏ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ရယူနိုင်ရန် စီမံဆောင်ရွက်ပေးရမည်။

၁၅။ အတွင်းရေးမှူးများသည်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ နည်းပညာ အထောက်အကူပြုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍရေး စီမံခန့်ခွဲမှုများကို UPDJC၏ တာဝန်ပေးအပ်ချက်အရ ကြီးကြပ်ရန် တာဝန်ရှိသည်။

၁၆။ အတွင်းရေးမှူးများသည်ရံပုံငွေနှင့် ဘဏ္ဍရေးသတ်မှတ်ချက်များဆိုင်ရာ ကိစ္စရပ်များအား UPDJC၏ အတည်ပြုချက်ရယူနိုင်ရန် တင်ပြရမည်။

၁၇။ အတွင်းရေးမှူးများသည် လုပ်ငန်းဆောင်ရွက်ချက်များကို UPDJCသို့ ပုံမှန်အစီရင်ခံ တင်ပြရမည်။

အစည်းအဝေးကျင်းပခြင်း

၁၈။ (က) UPDJC အတွင်းရေးမှူးများ စုံညီအစည်းအဝေးကို ၁ လတစ်ကြိမ် ကျင်းပသွားရမည်။

(ခ) လိုအပ်ပါက ကြားကာလတွင်လည်း အစည်းအဝေး ကျင်းပရန် ညှိနှိုင်းဆောင်ရွက်နိုင်သည်။