JMC Union ၏ လုပ်ပိုင်ခွင့်များ

ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၁။ အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ အတည်ပြုထားသော ပူးတွဲ စောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်းဆိုင်ရာ အခြေခံမူများနှင့် ကွဲလွဲခြင်းမရှိဘဲ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ [State Level Joint Ceasefire Monitoring Committee(JMC-S)] ၏ဖွဲ့စည်းပုံ၊ လုပ်ငန်းလမ်းညွှန်နှင့် အကောင်အထည်ဖော်ဆောင်မည့် နယ်နိမိတ်ကို သတ်မှတ်အတည်ပြုပေးရမည် ဖြစ်သည်။

၂။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ လိုအပ်ချက်အရ တင်ပြလာသော ဒေသဆိုင်ရာပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L)များကို စိစစ်အတည်ပြု ပေးရမည်။

၃။ လက်မှတ်ရေးထိုးထားသော နှစ်ဖက်အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)နှင့် သက်ဆိုင်သောအချက်များကို ချိုးဖောက်မှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး ပြည်နယ်အဆင့်များမှ မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ တင်ပြလာလျှင် ညှိနှိုင်းဖြေရှင်းပေးရမည်။

၄။ နှစ်ဖက် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှုမရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး /ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အစီရင်ခံစာနှင့် တင်ပြချက်များကို အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ်ပေးရမည်။

၅။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် လိုအပ်လာပါကစိစစ်အတည်ပြုရေးအဖွဲ့ကို ဖွဲ့စည်းပြီး သင့်လျော်သည့်လုပ်ငန်းလမ်းညွှန်များကို ရေဆွဲချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ်အကောင်အထည်ဖော် ဆောင်ရွက်စေရ မည်။

၆။ ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပဋိပက္ခဒါဏ်ခံစားနေရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် စပ်လျဉ်းပြီး NGO နှင့် INGOအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ပေးရမည်။

၆။ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ(IDPs) အား၎င်းတို့၏ဆန္ဒအတိုင်း မူလဒေသများသို့ ပြန်လည်နေထိုင်ခြင်းကို ဦးစားပေးဆောင်ရွက် ရန်သော်လည်းကောင်း၊ သင့်လျော်ရာနေရာတွင် ရွာသစ်ထူထောင်ပေးလိုလျှင်သော်လည်းကောင်း၊ ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့် အညီဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

၇။ ပြည်တွင်းနေရပ်စွန့်ခွာရှောင်သူများ(IDPs)နှင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည်များအား စိစစ်၍ပြန်လည်နေရာချထား ရေးလုပ်ငန်းစဉ်များကို ပူးတွဲညှိနှိုင်းဆောင်ရွက်ပေးရမည်။

၈။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်အခန်း(၄)၊ အပိုဒ်(၁၃)၊ အပိုဒ်ခွဲ(ဂ)အရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်သည် နှစ်ဖက်သဘောတူထားသည့် တပ်နေရာ ပြန်လည်နေရာချထားရေးအစီအစဉ်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရမည်။

၉။ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်မဆို ကော်မတီဝင်များ၏သဘောတူညီချက်ဖြင့် တွေ့ဆုံဆွေးနွေးအစည်းအဝေးပြုလုပ်ခွင့် ရှိစေရမည်။

၁၀။ စိစစ်အတည်ပြုရေးအဖွဲ့များ၏အကောင်ထည်ဖော်ဆောင်ရွက်မှုအတွက်မည်သည့်အဖွဲ့အစည်းဘက်ကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နှောင့်နှေးစေခြင်း၊ ကန့်သတ်ခြင်းစသည့် အပြုအမူများမရှိစေရန် ဆောင်ရွက်ပေးရမည်။

၁၁။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများမှ တင်သွင်းလာသည့် ခန့်မှန်းကုန်ကျငွေကိုစိစစ် အတည်ပြုပေးရမည်။

၁၂။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်မည့် ခန့်မှန်းကုန်ကျငွေများကို အတည်ပြုပြီး အစိုးရ၊ သက်ဆိုင်ရာ အထောက်အပံ့ပေးမည့် အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းရယူဆောင်ရွက် သွားရမည်။

၁၃။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအား နည်းပညာအထောက်အကူပြု အကြံပေးနှင့် လေ့လာသူများအဖြစ်ခေါ်ယူမည့် သူများ၏ အရည်အချင်းကို နှစ်ဘက်ညှိနှိုင်း၍ ကြိုတင်သတ်မှတ်ပြီး သင့်လျော်သော အရေအတွက်ကို လိုအပ်သလို ဖိတ်ခေါ်ဆောင်ရွက်နိုင်သည်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများမှ လိုအပ်ချက်အရ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအားနည်းပညာအထောက်အကူပြု အကြံပေးနှင့် လေ့လာသူများအဖြစ်တောင်းခံလာပါက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ စိစစ်အတည်ပြုချက်ဖြင့် စေလွှတ်နိုင်သည်။