JMC Union ၏ လုပ်ငန်းတာဝန်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-Union) ၏ လုပ်ငန်းတာဝန်
၁။ ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ဖော်ပြထားသည့် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များကို ပူးတွဲညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရန် တာဝန်ရှိသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် ဖော်ပြထားသော သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် သက်ဆိုင်သောအချက်များဖြစ်သည်။ ယင်းအချက်များကို အကောင်အထည် ဖော်မှုနှင့် ချိုးဖောက်မှု များကို စောင့်ကြည့်စိစစ်ရန်အတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ၌ အဓိက တာဝန်ရှိသည်။

၂။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ် များကို တာဝန်ခံဆောင်ရွက်ရန်နှင့် လိုအပ်ပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တင်ပြရမည်။

၃။ လူလုပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs)နှင့် ပဋိပက္ခဒါဏ်ခံစားရသူများအား လူသားချင်းစာနာသည့် အခြေခံအထောက်အပံ့များပေးအပ်မှုကို ညှိနှိုင်းဆောင်ရွက်ရမည်။

၄။ နှစ်ဖက်သဘောတူထားသည့် တပ်နေရာ ပြန်လည်ချထားရေးအစီအစဉ် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်မှုကို စောင့်ကြည့် လေ့လာရမည်။

၅။ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးအခြေအနေ၊ ဤသဘောတူ စာချုပ်၏ တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ စည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပက်သက်၍ စောင့်ကြည့်လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ရမည်။

၆။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)မှ လိုအပ်ချက်အရအချက်အလက်များ တောင်းဆိုလာလျှင် ပြန်လည် ဖြေကြားပေးရမည်။

၇။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ယန္တရားတစ်ခုလုံးကိုစီမံခန့်ခွဲရန် အတွက်လိုအပ်သောဘဏ္ဍငွေသုံးစွဲမှု နှင့် လုပ်ငန်းဆောင်ရွက်ချက်များကို (၆)လတစ်ကြိမ် အစီရင်ခံစာ ပြုစုပြီး အနီးစပ်ဆုံးပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)သို့ အစီရင်ခံ တင်ပြသွားရန်နှင့် အကောင်အထည် ဖော်မှုဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုအား ပြည်သူလူထု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် နိုင်ငံတကာသို့ ထုတ်ပြန်အသိပေး သွားရမည်။

၈။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ ဖြေရှင်းခြင်း မရှိသော ကိစ္စရပ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့တင်ပြရမည်။

၉။ အလွန်အမင်းစိုးရိမ်ရသည့် ချိုးဖောက်မှုဖြစ်ပေါ်လာပါက ပြည်ထောင်စုအဆင့် ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ စိစစ်အတည်ပြုရေးကို ဆောင်ရွက်ရမည်။ စုံစမ်းတွေ့ရှိချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းထံသို့ ပေးပို့၍ ၎င်းတို့၏သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်ရမည်။