JMC Local ၏ လုပ်ငန်းတာဝန်

ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ

၁။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသည် စောင့်ကြည့်ခြင်း၊ စိစစ်ခြင်းနှင့် အငြင်းပွားမှုများအား ညှိနှိုင်းဖြေရှင်းခြင်းလုပ်ငန်းများ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်ရမည်။

၂။ ဒေသအဆင့်တွင် မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသို့ အချိန်နှင့် တပြေးညီ တင်ပြရမည်။

၃။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် လစဉ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဘဏ္ဍာငွေသုံးစွဲမှုများအား တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ အစီရင်ခံစာတင်ပြရမည်။

၄။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ကော်မတီ အဆင့်ဆင့်မှ လိုအပ်ချက်အရ တောင်းဆိုသည့် အချက်အလက်များကို အစီရင်ခံတင်ပြရမည်။

၅။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ရပ်ကွက်/ ကျေးရွာများတွင် စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဘက်လက်ခံသည့် ဒေသခံများကို လွတ်လပ်စွာရွေးချယ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသို့ အတည်ပြုရေး တင်ပြရမည်။ စောင့်ကြည့်ရေးလုပ်ငန်း လုပ်ဆောင်မည့်သူ များသည် ၎င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းလမ်းညွှန်များကို လိုက်နာရမည်။

၆။ စောင့်ကြည့်သူများအနေဖြင့် အငြင်းပွားမှုဆိုင်ရာတွေ့ရှိချက်များကို ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ သို့ပေးပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးအား မိတ္တူပေးပို့ရမည်။