သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ခုနှစ်၊ ဇွန် ၃၀ ရက်။
ဌာနချုပ် – မိုင်းလားမြို့ ။
ထိန်းချုပ်ဒေသ – ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားဒေသ၊ ဆီလူး ဒေသ၊ နမ့်ပန်းဒေသ။
ခန့်မှန်းအင်အား – ၅၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ဦးစိုင်းလင်း(ဥက္ကဋ္ဌ၊ ဦးစံပေ့(ဒုတိယ ဥက္ကဋ္ဌ)၊ ဦးဆမ်လူ(ဒုတိယဥက္ကဋ္ဌ)၊ ဦးထိန်လင်(ဒုတိယ ဥက္ကဋ္ဌ)၊ ဦးကြည်မြင့် (အတွင်းရေးမှူး)။
NDAA ၏ ခေါင်းဆောင်များထဲတွင် ဦးစိုင်းလင်း အပါအဝင်အခြားခေါင်းဆောင်များသည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ခေတ် ကတည်းက လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်ခဲ့ကြသည့် တပ်မှူးများဖြစ်ပြီး ထိုအထဲမှ ဒုတိယဥက္ကဋ္ဌတဦး ဖြစ်သည့် ဦးထိန်လင်းသည် ဦးစိုင်းလင်း၏ သားဖြစ်သည်။
NDAA ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ဗကပ ၈၁၅ စစ်ဒေသ၏ တပ်မှူးတဦးဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်တွင် ဗကပမှ ခွဲထွက်ကာ NDAAကို တည်ထောင်ခဲ့သည်။
NDAA သည် ၁၉၈၉ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ) နှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး ယခင်က ၈၁၅ စစ်ဒေသဟု ခေါ်ဆိုသည့် နမ့်ပန်းဒေသ၊ ဆီလူးဒေသနှင့် မိုင်းလားဒေသတို့ကို ရာနှုန်းပြည့် အုပ်ချုပ်ပိုင်ခွင့် ရရှိခဲ့သည်။ NDAA ၏ လက်အောက်ရှိ ယင်းဒေသသုံးခုကို စစ်အစိုးရက ရှမ်းပြည်နယ် အထူးဒေသ(၄) အဖြစ်လည်းသတ်မှတ်ပေးခဲ့ သည်။
အထူးဒေသ (၄) သည် မြန်မာ-တရုတ် နယ်စပ်တွင် တည်ရှိကာ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ၊ ကျိုင်းဟုန်မြို့နှင့် ၁၂၀ ဒသမ ၅ ကီလိုမီတာ၊ မိုင်းဟိုင်းခရိုင်နှင့် ၂၈ ကီလိုမီတာ၊ ဖူးအဲ့တိုင်း၊ လျန်ချန်းခရိုင်နှင့် ၅၄ ကီလိုမီတာ နယ်နိမိတ် ထိစပ်နေသည်။
အထူးဒေသ (၄) သည် မဲခေါင်မြစ်ကို မျက်နှာမူကာ တည်ရှိနေပြီး ၆၂ မိုင်ခန့် ရှည်လျားသည့် မြစ်ကမ်းကို ပိုင်ဆိုင် ထားသည်။ နမ့်ပန်းဒေသထဲတွင် ဆွတ်လွေဟု အမည်ရှိသည့် ဆိပ်ကမ်းတခုကို တည်ဆောက်ထားပြီး ထိုဆိပ်ကမ်းတွင် တန် ၅၀၀ အထိ တင်ဆောင်နိုင်သည့် ကုန်သင်္ဘောများ ဆိပ်ကမ်းကပ်နိုင်သည့် အခြေအနေရှိသည်။ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်းရှိ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနား ပြည်နယ်အတွင်းရှိ ဆိပ်ကမ်းများသို့ ကုန်သင်္ဘောများ ဖြတ်သန်းရာ အချို့သည် ဆွတ်လွေတွင် တထောက်နားသဖြင့် NDAA က ဖြတ်သန်းသွားလာခွင့်နှင့် ကုန်အတင်အချပြုလုပ်ခြင်းများအတွက် အခွန်ရရှိသည်။ အုပ်ချုပ်သည့် နယ်မြေအတွင်း ရာဘာနှင့် ဓာတ်သတ္တု ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။
NDAA ၏ နယ်မြေသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ ချိတ်ဆက်ရေး အတွက်လည်း အချက်အချာကျသည့် နယ်မြေတခု ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တရားဝင်သဘောတူညီချက်များ၏ အချက်အလက် များတွင်မူ ယင်းနယ်မြေမှာ ပါဝင်ခြင်းမရှိပါ။ UWSA ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ ဆက်သွယ် သွားလာရာ တွင်လည်း NDAA ၏ နယ်မြေသည် အချက်အခြာကျသည့် ကြားခံ နယ်မြေတခုဖြစ်သည်။
NDAA သည် ၎င်းတို့၏ ဒေသကို ကိုယ်ပိုင်အပြည့်အဝ ထိန်းချုပ်ခွင့် ရထားသော်လည်း ဗဟိုအစိုးရက ၎င်းတို့ကို ဥပဒေအရ တရားဝင် နယ်မြေသတ်မှတ် ပေးထားခြင်း မရှိပါ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းတွင် မိုင်းလားဒေသကို ကျိုင်းတုံခရိုင်၊ နမ့်ပန်းဒေသကို မိုင်းယောင်းမြို့နယ်၊ ဆီလူးဒေသကို မိုင်းယန်းမြို့နယ်တို့ အတွင်း ထည့်သွင်း သတ်မှတ်ထားသည်။ ထို့ကြောင့် NDAA သည် ၎င်းတို့ကို ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ သို့မဟုတ် တိုင်းအဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် တရားဝင်သတ်မှတ် ပေးရန် တောင်းဆိုလျက်ရှိသည်။
NDAA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့လည်း တဖွဲ့ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
အချက်အလက်များ မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
(၁) | ဦးစိုင်းလင်း | ဥက္ကဋ္ဌ |
(၂) | ဦးစံပေ့ | ဒုတိယ ဥက္ကဋ္ဌ |
(၃) | ဦးဆမ်လူ | ဒုတိယ ဥက္ကဋ္ဌ |
(၄) | ဦးထိန်လင်း | ဒုတိယ ဥက္ကဋ္ဌ |
(၅) | ဦးကြည်မြင့် | အတွင်းရေးမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပထမဆုံး ငြိမ်းချမ်းရေးစာချုပ် – ၁၉၈၉ ခုနှစ်၊ ဇွန် ၃၀ ရက်။
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်။
စုဖွဲ့မှု
NDAA သည် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(Federal Political Negotiation and Consultative Committee – FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။
ဆက်ဆံရေးရုံးများ
ရန်ကုန်၊တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့်မန္တလေး
တပ်မဟာများ
NDAA ၏ လက်အောက်တွင် တပ်မဟာ လေးခုရှိပြီး ဌာနချုပ် တည်ရှိရာ မိုင်းလားမြို့တွင် ဌာနချုပ်တပ်မဟာ၊ မိုင်းလားဒေသတခုလုံးတွင် တပ်မဟာ ၉၈၆၊ ဆီလူးဒေသတခုလုံးတွင် တပ်မဟာ ၃၆၉ နှင့် နမ့်ပန်းဒေသတခုလုံးတွင် တပ်မဟာ ၉၁၁ တို့ ဖြန့်ကြက်လှုပ်ရှားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : www.4tzx.com
Facebook : https://www.facebook.com/monglanewscna1976