သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်။
ဌာနချုပ် – ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိသည်။
လှုပ်ရှားဒေသ – မိုင်းရှူး၊ ကျေးသီး၊ ကျောက်မဲ၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်း၊ နမ္မတူ၊ နမ့်ခမ်း ၊ မိုးမောက် ၊ ပင်လုံနှင့် ရပ်စောက်။
ခန့်မှန်းအင်အား – ၁၀,၀၀၀ နှင့် အထက်
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး စဝ်ဆေထင် (နာယက)၊ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ (ဥက္ကဋ္ဌ) ၊ ဗိုလ်ချုပ် စဝ်ခေးတိုင်း (ဒုတိယ ဥက္ကဋ္ဌ(၁)၊ ဗိုလ်ချုပ် စဝ်ခွန်ဆိုင( ဒုတိယဥက္ကဋ္ဌ(၂)။
၁၉၆၄ ခုနှစ်၊ ဧပြီတွင် နွမ်စစ်ဟန်တပ်ဖွဲ့မှ ခွဲထွက်လာသည့် ဗိုလ်မိုးဟိန်း၏ တပ်ဖွဲ့ နှင့် ရှမ်းပြည်လွတ်လပ်ရေး တပ်မတော် (SSIA) တို့ ပူးပေါင်းကာ ရှမ်းပြည်တပ်မတော် (SSA) ကို ထူထောင်ခဲ့သည်။ နွမ်စစ်ဟန်တပ်ဖွဲ့သည် ၁၉၅၈ ခုနှစ်တွင် ကျိုင်းတုံစော်ဘွားအနွယ်တော်များ၊ ရှမ်းပြည်ကို သီးခြားခွဲထွက် လိုသည့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် တပ်ဖွဲ့ဖြစ်ပြီး SSIA သည် ၁၉၆၀ ခုနှစ်တွင် ဖွဲ့စည်း ထားသည့် ရှမ်းတော်လှန်ရေး တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
ထိုနှစ်ဖွဲ့ပေါင်း၍ SSA ကို စတင်တည်ထောင်ရာတွင် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်း ပါဝင်ခဲ့ပြီး SSPP/SSA ၏ နာယက တဦးဖြစ်လာမည့် စဝ်ဆေထင်၊ အခြား ရှမ်းလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့် ခွန်ကြာနု၊ ခွန်အုန်းဘောင်နှင့် စိုင်းလှအောင်တို့ ပါဝင်ခဲ့သည်။
နိုင်ငံရေးလက်တံဖြစ်သည့် SSPP ကို ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်တွင် SSA အဖွဲ့အစည်း၏ ပထမညီလာခံ ကျင်းပကာ တည်ထောင်ခဲ့သည်။
SSPP သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသားတပ်များကို တပ်မတော်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းခိုင်းရာ ဗိုလ်မှူးကြီးစဝ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ က ငြင်းဆန်ကာ SSPP/SSAကို ရှမ်းတော်လှန်ရေးတပ်အဖြစ်သာ ဆက်လက် ရပ်တည်ခဲ့သည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို အပစ်ရပ်ရန် ဖိတ်ခေါ်ရာတွင် SSPP/SSA ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ အပစ်ရပ်စာချုပ် နှစ်စောင် လက်မှတ်ရေးထိုးထားသော်လည်း စစ်တပ်နှင့် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များအတွင်း ဌာနချုပ်၊ ဝမ်ဟိုင်းကို စစ်တပ်က ထိုးစစ်ဆင်ရာ တိုက်ပွဲများ ကြီးကြီး မားမား ဖြစ်ပွားခဲ့သည်။
စစ်တပ်နှင့် တိုက်ခိုက်နေရချိန် ဝမ်ဟိုင်းဌာနချုပ်နှင့် ၁၀ မိုင်ကျော်သာကွာဝေးသည့် SSPP လှုပ်ရှားသည့် လွယ်ဟွန်း တောင်ကြောကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဝင်ရောက်နေရာယူခဲ့သည်။
၂၀၁၈ ခုနှစ်မှစ၍ SSPP သည် ၎င်း၏မဟာမိတ် TNLA နှင့် ပူးပေါင်းကာ RCSS ကို နမ္မတူမြို့နယ်အတွင်းမှ တပ်ပြန်ဆုတ်သွားရန် တိုက်ခိုက်ခဲ့ပြီး လွယ်ဟွန်းတောင်ကြောကို ပြန်ရရန်အတွက်လည်း UWSA ၏ စစ်ရေး အကူအညီရယူကာ RCSS ကို တိုက်ခိုက်ခဲ့သည်။
SSPP နှင့် ၎င်း၏ မဟာမိတ်များသည် ရပ်စောက်မြို့နယ်၊ ပင်လုံမြို့နယ်တို့အတွင်းထိ RCSS ကို လိုက်လံ တိုက်ခိုက်ခဲ့သည်။ RCSS နှင့် စစ်ရေးတင်းမာခဲ့သည့် ပင်လုံမြို့နယ်၊ ဆနင်းတောင်ကြောတွင် SSPP ၏ စစ်အင်အား ၂၀၀၀ နှင့်အထက်ထိ နေရာယူထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
အချက်အလက် မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
(၁) | ဗိုလ်ချုပ်ကြီး စဝ်ဆေထင် | နာယက |
(၂) | ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ | ဥက္ကဋ္ဌ |
(၃) | ဗိုလ်ချုပ် စဝ်ခေးတိုင်း | ဒုတိယ ဥက္ကဋ္ဌ (၁) |
(၄) | ဗိုလ်ချုပ် စဝ်ခွန်ဆိုင် | ဒုတိယ ဥက္ကဋ္ဌ (၂) |
(၅) | ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု | အတွင်းရေးမှူး |
(၆) | ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခင်မင် | စစ်ဦးစီးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
စစ်အစိုးရလက်ထက် အပစ်ရပ်စာချုပ် – ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ ၂။
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၂၈။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၂၈။
SSPP သည် NCA စာချုပ်ပေါ်ပေါက်လာစေရေး ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် NCA ကို ငြင်းပယ်ခဲ့ပြီး အပစ်ရပ်စာချုပ်သစ်တခုကို ဆွေးနွေးချုပ်ဆိုရန် တောင်းဆိုမည့် FPNCC ထဲတွင် ပါဝင်ခဲ့သည်။ ထို့နောက် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် NCA စာချုပ်အတွက် ဆက်လက်ညှိ နှိုင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစ၍ တရားဝင် တွေ့ဆုံခြင်းမှုများ ဆက်လက် ပြုလုပ်သည်ကို မတွေ့ရတော့ပါ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဗဟိုကော်မတီဝင်ကိုယ်စားလှယ် နှစ်ဦးလွှတ်၍ တက်ရောက်ခဲ့သည်။
စစ်ကောင်စီဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို လာရောက်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စများ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ SSPP သည် ဒုတိယဥက္ကဌ ဦးဆောင်၍ တက်ရောက်ခဲ့သည်။
သြဂုတ် ၄၊ ၅၊ ၆ တွင် ပထမအကြိမ်၊ စက်တင်ဘာ ၂၆၊ ၂၇၊ ၂၈ တွင် ဒုတိယအကြိမ် နေပြည်တော်သို့ သွား၍ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် လည်း ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
စုဖွဲ့မှု
SSPP သည် UWSP ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
NLD အစိုးရက ရွေးကောက်ပွဲတွင် မဲလိမ်ရခြင်းကြောင့် အာဏာထိန်းရခြင်းဖြစ်ကြောင်း အာဏာသိမ်းပြီး နောက်တွင် စစ်တပ်အနေနှင့် ရှင်းပြခြင်းများနှင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးရန် အတွက် လိုက်လံတွေ့ဆုံ ခြင်းများ ပြုလုပ်ရာ SSPP ၏ ဝမ်ဟိုင်းဌာနချုပ်သို့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့၊ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် အေးတို့က ၂၀၂၁ ခုနှစ်၊ ဧပြီ ၈ ရက်တွင် သွားရန် ကြိုးစားခဲ့သော်လည်း ရဟတ်ယာဥ် ဆင်းခါနီးတွင် SSPP ဘက်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် လှည့်ပြန်ခဲ့ကြရသည်။
ပစ်ခတ်မှုမှာ မှားယွင်းပစ်ခတ်မှုဖြစ်သည်ဟု SSPP က ပြောဆိုညှိနှိုင်းရာ စစ်ကောင်စီဘက်ကလည်း ကျေအေး ပေးခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် ရဟတ်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အရာရှိတဦး ထိမှန်ဒဏ်ရာ ရခဲ့သည် ဟုလည်း သိရသည်။
စစ်တပ်က အာဏာသိမ်းထားသည့် ကာလတွင် SSPP သည် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးခြင်း မရှိပါ။ စစ်တပ်နှင့် စစ်ရေးပဋိပက္ခများ ကြီးကြီးမားမား ပြန်ဖြစ်ခြင်း မရှိသော်လည်း RCSS နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ စစ်ကောင်စီကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တတ်ရောက်ခဲ့သည်။
မဟာမိတ် UWSA ၏ အကူအညီများ ရရှိထားသည့် SSPP သည် ဝမ်ဟိုင်းဌာနချုပ်၏ လုံခြုံရေးအတွက်လည်း ရှေ့တန်းစခန်းများတွင် SSPP သည် စစ်အင်အား တိုးချဲ့ ခဲ့သည်။ စစ်ကောင်စီသည် UWSA နှင့် SSPP တို့၏ မဟာမိတ်နယ်မြေများ ချိတ်ဆက်ထားသည့် နယ်မြေများကို ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီသည် မိုင်းရှူးမြို့နယ်၊ လွိုင်နိုင်းကျေးရွာနှင့် မန်ဝိန်းကျေးရွာအနီးရှိ SSPP ၏ တပ်မဟာ ၇၀၂၊ တပ်ရင်း ၄၂၄ လက်အောက်ခံ စခန်း သုံးခုကို နောက်ပြန်ဆုတ်ရန်၊ မဆုတ်ပါက တိုက်ခိုက်မည်ဟု ဆိုခဲ့သည်။ စစ်ကောင်စီနှင့် SSPP အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း SSPP သည် တပ်စခန်းများကို ဆုတ်ခွာခဲ့ခြင်း မရှိခဲ့ပါ။
ဆက်ဆံရေးရုံးများ
(၁)။ လားရှိုး။
(၂)။ တောင်ကြီး။
(၃)။ ခိုလမ်။
(၄)။ မူဆယ်(မဖွင့်နိုင်သေး)။
(၅)။ တာချီလိတ်(မသေချာသေး)။
တပ်မဟာများ
SSA ထိန်းချုပ် လှုပ်ရှားသည့် နယ်မြေများတွင် တပ်ဖြန့်လှုပ်ရှားသည့် တပ်မဟာ ရှစ်ခု ရှိပြီး တပ်ရင်း ၃၀ ကျော် ရှိသည်။ တပ်မဟာ ရှစ်ခုသည် တပ်မဟာ ၁၊ တပ်မဟာ ၂၇၊ တပ်မဟာ ၃၆၊ တပ်မဟာ ၇၂၊ တပ်မဟာ ၇၄၊ တပ်မဟာ ၁၅၃၊ တပ်မဟာ ၆၁၂၊ တပ်မဟာ ၇၀၂ တို့ ဖြစ်သည်။
ထို့ပြင် ဝမ်ဟိုင်းဌာနချုပ်တွင်လည်း သီးခြား တပ်ရင်း ငါးရင်း စုဖွဲ့ထားပြီး ထိုတပ်ရင်းများထဲတွင် အထူးတပ်ရင်းတခုလည်း ပါဝင်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : https://ssppssa.org
Facebook : https://www.facebook.com/ssppinfo/
Email : [email protected]
Phone. : ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု – 0989310113
ဗိုလ်မှူး စိုင်းဖုန်းဟန် – 09453971789