သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ- ၂၀၂၁ ခုနှစ် ဧပြီ ၄ ရက်။
ဌာနချုပ် – ရေးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အကြား။
လှုပ်ရှားဒေသ – မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်။
ခန့်မှန်းအင်အား – အတိအကျ မသိရပါ။
ခေါင်းဆောင် – ဗိုလ်ရန်နိုင် (တာဝန်ခံ)။
ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (Ye Township People’s Defense Force) ကို ၂၁၂၁ ခုနှစ် ဧပြီ ၄ ရက်တွင် ဗိုလ်ရန်နိုင်က စတင်ဖွဲ့စည်းခဲ့သည်။ ဗိုလ်ရန်နိုင်သည် စစ်အာဏာမသိမ်းမီက NLD ပါတီဝင်တဦးဖြစ်သည်။ YPDF ကို မတည်ထောင်ခင် စစ်အာဏာသိမ်းစ ကနဦးကာလတွင် ဗိုလ်ရန်နိုင်အပါအဝင် YPDF အဖွဲ့ဝင် ဖြစ်လာမည့်သူများ သည် စစ်အာဏာသိမ်းမှုကို မွန်ပြည်နယ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသူများဖြစ်သည်။ ဆန္ဒပြလူထုကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်ရာတွင်လည်း မွန်ပြည်နယ်အတွင်း သက်တမ်းရှည် မွန်တိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ ဆွေးနွေးရေးဘက်ကိုသာ ဦးတည်ခဲ့ရာ လက်နက်ဖြင့် ပြန်တိုက်ခိုက်လိုသည့် မွန်လူငယ်များက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ ခိုလှုံကာ စစ်ပညာသင်ခဲ့ကြသည်။
ယင်းလူငယ်များကို စုစည်း၍ ၂၀၂၁ ခုနှစ် ဧပြီလတွင် ဗိုလ်ရန်နိုင် ဦးဆောင်ကာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (Ye Township People’s Defense Force) ကို ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစတွင် မွန်လူမျိုးစုသရုပ်လက္ခဏာကို အခြေခံခဲ့ခြင်းမဟုတ်ဘဲ ရေးမြို့ကိုအခြေခံကာ ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရေးမြို့နယ်မြောက်ပိုင်းနှင့် သံဖြူဇရပ်မြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားခဲ့သဖြင့် ဖွဲ့စည်းစတွင် ရေးမြို့နယ်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်(YPDF-North) ဟူသည့် အမည်ကို အသုံးပြုခဲ့သည်။ ထို့်နောက် မြို့နယ်တောင်ပိုင်းရှိ ရေးမြို့နယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်(YPDF-South) နှင့် ပူးပေါင်းကာ မိုးကြိုးနက်ပူးပေါင်းတပ်ဖွဲ့ (Black Lightning Force) အမည်ဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် စစ်ရေးလှုပ်ရှားခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အောက်သို့ ဝင်ရောက်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပကဖအဖြစ် သုံးနှစ်ကျော်ရပ်တည်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ ပြန်လည်နုတ်ထွက်ကာ မွန်ပြည်ဖယ်ဒရယ်ကောင်စီ(MSFC)၏ နိုင်ငံရေး ဦးဆောင်မှုကို စတင်ခံယူခဲ့သည်။ ယခင် ပကဖစုဖွဲ့မှုဖြစ်နေသည့် တပ်ကိုလည်း ရေးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ် (YPDF) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ MSFC တွင် ကာကွယ်ရေးဌာန ဖွဲ့စည်းထားရာ YPDF သည် ထိုကာကွယ်ရေးဌာန၏ ဦးဆောင်မှုအောက်ကိုလည်း ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားလျက်ရှိသည်။ MSFC သည် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်များ တစုတစည်းပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နိုင်ရန်၊ မွန်အမျိုးသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ရန်ဟူ၍ စစ်ရေး-နိုင်ငံရေးရည်မှန်းချက် ထားရှိထားသည့် အဖွဲ့အစည်းဖြစ်သည်။
YPDF ၏ စစ်ရေး-နိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင်ရှိသည့် MSFC သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် မွန်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပေါင်းစပ်စုစည်းရန် ရည်ရွယ်ချက်ဖြင့် စပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ စဖွဲ့စည်းစဥ်က MSFC ဟူသည့် အမည်မဟုတ်ဘဲ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ဟူသည့် အမည်ဖြင့် စတင်ခဲ့သည်။ ထို့နောက်၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် MSFC ဟူ၍ ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ တော်လှန်ရေးအင်အားစုများဖြင့် စတင်ခဲ့သည့် MSICC ကို MSFC အဖြစ် ဖွဲ့စည်းပြီးနောက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကောင်စီများဖြင့် တိုးချဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးဌာနအောက်တွင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ဌာန ၁၂ ခု ပါဝင်ဖွဲ့စည်းထားသည်။
မွန်ပြည်နယ်၏ အနာဂတ်ဖယ်ဒရယ်အရေးအတွက် မွန်နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့များ စုစည်းပူးပေါင်းနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကော်မတီများဖြင့် ဖွဲ့စည်းထားသည်။ အုပ်ချုပ်ရေးကော်မတီအောက်တွင် ကာကွယ်ရေးဌာနကို ထည့်သွင်းထားရှိသည်။ MSFC ၏ ကာကွယ်ရေးဌာနအောက်တွင် YPDF အပြင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည်လည်း ဝင်ရောက် လှုပ်ရှားလျက်ရှိသည်။ MSRF အကြောင်းကိုလည်း ISP-Peace Desk တွင် လေ့လာနိုင်ပါသည်။ YPDF နှင့် MSRF သည် မွန်ပြည်နယ် ရေဖြူမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ပူးတွဲကာ စစ်ရေးလှုပ်ရှားလျက် ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ရေးပြည်သူ့ကာကွယ်ရေးတပ်သည် မွန်ပြည်ဖယ်ဒရယ်ကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင်ရှိသည်။ တပ်၏ နိုင်ငံရေးရည်မှန်းချက်များမှာ ယင်းကောင်စီ၏ နိင်ငံရေးရည်မှန်းချက်များအတိုင်းဖြစ်သည်။
နိုင်ငံရေး ရည်မှန်းချက်များ
(က) စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မျိုးမဆို တိုက်ဖျက်သွားရေး။
(ခ) မဟာလူမျိုးကြီးဝါဒ (Chauvinism) နှင့် ဒီမိုကရေစီစနစ်အရ အနိုင်ကျင့်သည့် ပါတီကြီးဝါဒ (Majority Tyranny) များ ချုပ်ငြိမ်းရေး။
(ဂ) တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး။
(ဃ) ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မွန်ပြည်ဖယ်ဒရယ်ကောင်စီ (MSFC) ၏ အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
| စဉ် | အမည် | ရာထူး/ တာဝန် |
| ၁ | နိုင်မွန်ဆိုင်း | ဥက္ကဋ္ဌ |
| ၂ | နိုင်ဒင်းပလဟံသာ | ဒုတိယဥက္ကဋ္ဌ၊ ဌာနမှူး၊ ကာကွယ်ရေးဌာန |
| ၃ | နိုင်ပညာမာန် | ဌာနမှူး၊ ပြည်ထဲရေးဌာန |
| ၄ | မိသုတဂျော် | ဌာနမှူး၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာန |
| ၅ | မိမူဘဲ့ | ဌာနမှူး၊ ပညာရေးဌာန |
| ၆ | မိမငေးသဇင်် | ဌာနမှူး၊ ကျန်းမာရေးဌာန |
| ၇ | ဒေါက်တာသီရိမွန်ချမ်း | ဌာနမှူး၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန |
| ၈ | မိသုဇာထော | ဌာနမှူး၊ လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာန |
| ၉ | နိုင်သဟမွန် | ဌာနမှူး၊ ပြင်ပဆက်ဆံရေးဌာန |
| ၁၀ | မိဇဲ့ဟန်မွန် | ဌာနမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ကောက်ခံရေးဌာန |
YPDF ကို တပ်ရင်းမှူးက ဦးစီးပြီး တပ်ဖွဲ့တခုလုံးသည် MSFC ကာကွယ်ရေးဌာန၏ စစ်ရေးဦးစီးမှုနှင့် ညွှန်ကြားမှုအောက်တွင် လှုပ်ရှားလျက်ရှိသည်။ YPDF ၏ ခေါင်းဆောင်စုဖွဲ့မှုမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁ | ဗိုလ်ရန်နိုင် | တပ်ရင်းမှူး |
| ၂ | အမည်မသိရပါ | တပ်ခွဲမှူး |
| ၃ | အမည်မသိရပါ | စစ်ဆင်ရေးမှူး |
| ၄ | အမည်မသိရပါ | စစ်ရေးမှူး |
| ၅ | အမည်မသိရပါ | တပ်ထောက်ချုပ် |
| ၆ | အမည်မသိရပါ | ပြောရေးဆိုခွင့်ရှိသူ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (Ye People’s Defense Force) သည် စတင်ဖွဲ့စည်းချိန်ကစ၍ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်ကာ ဖယ်ဒရယ်ဒီမိုကရေစီအခြေခံသော နိုင်ငံရေးစနစ်ကို ပုံဖော်ရန် ရည်ရွယ်ခဲ့သည်။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG-MOD ၏ ဦးဆောင်မှုအောက်တွင် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖြစ် ပါဝင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လတွင် MSFC ၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူခဲ့သည်။ ထို့နောက် MSFC ၏ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်များအတိုင်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
