သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်။
ဌာနချုပ် – ပန်ဆန်း(ပန်ခမ်း)မြို့။
လှုပ်ရှားဒေသ – ပန်ဆန်း(ပန်ခမ်း)၊ မိုင်းမော၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပန်နှင့် မိုင်းယောင်းမြို့နယ်များ။
ခန့်မှန်းအင်အား – ၃၀၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ဦးပေါက်ယိုချန်(ဥက္ကဋ္ဌ)၊ ဦးရှောက်မင်လျ(ဒုတိယဥက္ကဋ္ဌ)၊ ဦးကျောက်ကော်အန်း(ဒုတိယ ဥက္ကဋ္ဌ)၊ ဦးကျောက်ကျုံးတန်း(စစ်ဦးစီးချုပ်)။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်သည်။
UWSA ကို မတည်ထောင်ခင်က ဝတပ်မှူးများဖြစ်သည့် ဦးကျောက်ညီလိုင်နှင့် ဦးပေါက်ယူချန်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ လက်အောက်မှ တပ်မှူးများ ဖြစ်သည်။ ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ပန်ဆန်းရှိ ဗကပဌာနချုပ်ကို ပုန်ကန်အာဏာသိမ်းလိုက်ပြီး UWSA ကို တည်ထောင်လိုက်သည်။
UWSA ကို တည်ထောင်ပြီးနောက်တွင် ဝခေါင်းဆောင်များမှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခဲ့သည်။ စစ်အစိုးရက UWSA လှုပ်ရှားသည့် နယ်မြေကို ရှမ်းအထူးဒေသ(၂) အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဝခေါင်းဆောင်များသည် ထိုအချိန်မှစ၍ ၎င်းတို့ ဒေသတွင်း ဗဟိုအစိုးရ စွက်ဖက်မှု မရှိသည့် အုပ်ချုပ်ရေး ယန္တရားကို စတင် ထူထောင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၂)၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၏ ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် နှစ်ခုခွဲကာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ဟိုပန်၏ နယ်မြေ တစိတ်တဒေသနှင့် မက်မန်းမြို့နယ်၏ နယ်မြေတစိတ်တဒေသကိုသာ အစိုးရနှင့် စစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျန်နယ်မြေအားလုံးသည် UWSA ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ထိုဒေသများကို ဝမြောက်ပိုင်းဒေသဟု ခေါ်ဆိုပြီး UWSA က မိုင်းလင်း(ဝိန်းကောင်)ခရိုင်၊ မိုင်းမောခရိုင်၊ မိုင်းပေါက်ခရိုင် ဟူ၍ ခရိုင် သုံးခု၊ ပန်ဆန်း(ပန်ခမ်း)နှင့် နမ့်တစ်တို့ကို အထူးမြို့နယ် နှစ်ခု အဖြစ် ဖွဲ့စည်းကာ အုပ်ချုပ်လျက် ရှိသည်။ ထိုဒေသများတွင် လူဦးရေ ခန့်မှန်းခြေ ငါးသိန်းခွဲ နေထိုင်သည်။
UWSA သည် မြန်မာ-ထိုင်းနယ်စပ် ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင် ဒေသတို့အတွင်း၌လည်း မြို့နယ် ခုနစ်မြို့နယ် သတ်မှတ်ကာ နယ်မြေထိန်းချုပ်ထားပြီး ထိုဒေသများကို ဝတောင်ပိုင်းဒေသ သို့မဟုတ် ၁၇၁ စစ်ဒေသဟု ခေါ်ဆိုသည်။ ခန့်မှန်းခြေ လူဦးရေ ၁၀၀၀၀၀ နှင့်အထက် နေထိုင်သည်။
UWSA သည် မြောက်ပိုင်းဒေသတွင် မြေရှားနှင့် ခဲမဖြူ သတ္တ်များ တူးဖော်ရောင်းချပြီး ဒေသတွင်း ကာစီနိုရုံများ၊ စီးပွားရေးလုပ်ငန်းများဖြင့် ဝင်ငွေရှာဖွေပြီး ဝတောင်ပိုင်းဒေသတွင်လည်း ရာဘာစိုက်ပျိုးကာ မဲခေါင်မြစ်ကမ်းမှ တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ဝင်ငွေရှာဖွေနိုင်လျက်ရှိရာ UWSA သည် ငွေကြေး အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။
UWSA ထိန်းချုပ်သည့် မြောက်ပိုင်းနယ်မြေတကြောသည် တရုတ်နိုင်ငံ နယ်နိမိတ်နှင့် ဆက်စပ်နေရာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း(BRI)အတွက် ဝဒေသသည်လည်း အရေးပါသည့် အစိတ်အပိုင်း ဖြစ်သည်။ UWSA ၏ နမ့်တစ်အထူးမြို့နယ်သည် တရုတ်၏ စီးပွားရေးဇုန်တခု ဆောက်ရန် လျာထားချက်ထဲတွင် ပါဝင်သည့် နေရာဖြစ်သည်။
UWSA သည် ၎င်း၏ အုပ်ချုပ်ပိုင်ခွင့်ကို ပြည်နယ်အဆင့် တရားဝင် တိုးမြှင့် သတ်မှတ်ပေးရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က လားရှိုးမြို့၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ)နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် စတင်တောင်းဆိုဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရလက်ထက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ၎င်းတို့ကို ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။
NLD အစိုးရလက်ထက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ အစည်းအဝေး များကို UWSA ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဖက်ဒရယ်ထက် သာလွန်သည့် နိုင်ငံရေးစာတမ်း တစောင်ကို တင်သွင်းကာ ထိုအချက်များကို ဆွေးနွေးပေးရန်လည်း တောင်းဆိုထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
အချက်အလက်များ မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
UWSP
(၁) | ဦးပေါက်ယိုချန် | အထွေထွေအတွင်းရေးမှူး (အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင်) |
(၂) | ဦးရှောက်မင်လျံ | ဒုတိယအထွေထွေအတွင်းရေးမှူး (အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင်) |
(၃) | ဦးပေါက်အိုက်ခမ်း | အတွင်းရေးမှူး (အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီဝင်) |
(၃) | ဦးကျောက်ကျုံးတန်း | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
(၅) | ဦးကျောက်ကော်အန်း | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
(၆) | ဦးပေါက်ယိုလျံ | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
ဝပြည်နယ် ပြည်သူ့အစိုးရ
(၁) | ဦးပေါက်ယိုချန် | ဥက္ကဋ္ဌ |
(၂) | ဦးရှောက်မင်လျံ | ဒုတိယဥက္ကဋ္ဌ |
(၃) | ဦးပေါက်ယိုလျံ | ဒုတိယဥက္ကဋ္ဌ |
(၄) | ဦးကျောက်ကော်အန်း | ဒုတိယဥက္ကဋ္ဌ |
UWSA
(၁) | ဦးပေါက်ယိုချန် | တပ်မှူးချုပ် |
(၂) | ဦးကျောက်ကျုံးတန်း | ဒုတိယတပ်မှူးချုပ်၊ စစ်ဦးစီးချုပ် |
(၃) | ဦးပေါက်အိုက်ချန် | ဒုတိယတပ်မှူးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
စစ်အစိုးရခေတ် အပစ်အခတ်ရပ်စဲရေး – ၁၉၈၉ ခုနှစ်၊ မေ ၁၈ ရက်။
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၆ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်။
စုဖွဲ့မှု
UWSP သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(Federal Political Negotiation and Consultative Committee – FPNCC)၏ ဥက္ကဋ္ဌ ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
UWSP/UWSA သည် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်အပေါ် တစုံတရာ ဝေဖန်ခြင်းနှင့် ရပ်တည်ချက် တစုံတရာကို ထုတ်ဖော်ပြခြင်းမရှိပါ။ သို့သော် NLD အစိုးရလက်ထက်တွင် ညှိနှိုင်းနေဆဲ ဖြစ်သည့် အပစ်ရပ်စာချုပ်ဆိုင်ရာကိစ္စနှင့် နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ တရားဝင်ဆွေးနွေးမှုများကို ရပ်ဆိုင်းထားသည်။
အာဏာသိမ်းပြီးနောက် စစ်တပ်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီနှင့် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်အေးတို့နှင့် နှစ်ဖက် ထိန်းချုပ်နယ်စပ်ဖြစ်သည့် မက်မန်းဆိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဧပြီ ၇ ရက်တွင် တွေ့ဆုံခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီက နေပြည်တော်တွင် ပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုယ်စားလှယ်လွှတ်၍ တက်ရောက်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း UWSA သည် ၎င်း၏ မြောက်ပိုင်းမဟာမိတ်တပ်များကို စစ်ရေးအရ အကူအညီပေးကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဆုတ်သွားရန် တိုက်ခိုက်ရာတွင် ပါဝင်ထောက်ကူမှုရှိခဲ့သည်။
UWSA နှင့် SSPP ကြား ဆက်သွယ်ထားသည့် မဟာမိတ်နယ်မြေများကို လုံခြုံရေးပိုတောင့်တင်းစေရန် ဆောင်ရွက်ခဲ့သည်။ မိုင်းရှုးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို နောက်ဆုတ်ရန် စစ်ကောင်စီက ပြောဆိုခဲ့ရာတွင်လည်း UWSA သည် SSPP နှင့်အတူ ရှေ့တန်းတပ်စခန်းများကို အသင့်အနေအထား ပြင်ဆင်ခဲ့သည် ။
တဖက်တွင် စစ်ရေးအရ ပွတ်တိုက်မှုများရှိသော်လည်း UWSA သည် စစ်ကောင်စီ၏ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုများကို လက်ခံကာ နေပြည်တော်၌ သွားရောက်တွေ့ဆုံခြင်းများ ရှိခဲ့သည်။ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ထိုဆွေးနွေးပွဲများတွင် တောင်းဆိုခဲ့သည်။ စစ်ကောင်စီကလည်း ရွေးကောက်ပွဲတရပ် ကျင်းပပြီး၍ လွှတ်တော်ပေါ်လာချိန်တွင် ဆက်လက်ဆွေးနွေးသည့်အခါ ၎င်းတို့က ဝဘက်မှ ထောက်ခံရပ်တည် ပေးပါမည်ဟု သဘောတူခဲ့ကြသည်။
ဆက်ဆံရေးရုံးများ
ရှမ်းပြည်နယ်အတွင်း လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ် ၊ တောင်ကြီး၊ ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်း တို့အတွင်လည်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသည်။
တပ်မဟာများ
ဗဟိုဌာနချုပ် အခြေစိုက်သည့် မြန်မာ-တရုတ်နယ်စပ်၊ ဝမြောက်ပိုင်းဒေသတွင် တပ်မဟာ ၃၁၈၊ တပ်မဟာ ၄၁၈၊ တပ်မဟာ ၄၆၈ နှင့် တပ်မဟာ ၆၁၈ ဟူ၍တပ်မဟာ လေးခု ဖွဲ့စည်းထားသည်။
မြန်မာ- ထိုင်းနယ်စပ်ရှိ ဝတောင်ပိုင်းဒေသ၊ ၁၇၁ စစ်ဒေသတွင် တပ်မဟာ ၂၄၈၊ တပ်မဟာ ၅၁၈၊ တပ်မဟာ ၇၇၁၊ တပ်မဟာ ၇၇၅ နှင့် တပ်မဟာ ၇၇၈ ဟူ၍တပ်မဟာ ငါးခု ရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : https://www.facebook.com/WaStateTV2011318/
Phone : ဦးညီရန်း (လားရှိုးမြို့ ဆက်ဆံရေးရုံး၏ တာဝန်ခံ) – 09402710399 (viber)
Wechat ID -n015433