သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၆၇ ခုနှစ် ဧပြီ ၉ ရက်။
ဌာနချုပ် – ရခိုင်ပြည်နယ်။
လှုပ်ရှားဒေသ – ရခိုင်ပြည်နယ်။
ခန့်မှန်းအင်အား – ၁၀၀ နှင့် အထက် ။
ခေါင်းဆောင် – ဒေါ်စောမြရာဇာလင်း (ဥက္ကဋ္ဌ) ။
ALP/ALPR သည် ရခိုင်တော်လှန်ရေးတွင် သက်တမ်းအရှည်ဆုံးလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ထံမှ ခွဲထွက်လာသည့် တပ်ဖွဲ့သည်။ ALP သည် ၁၉၆၇ ခုနှစ်ကတည်းက အစပြုဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးခိုင်ပြည်သိမ်း ဖြစ်သည်။ ALP ဖွဲ့စည်းပြီးနောက် တောခိုနိုင်ရေးအတွက် ပြင်ဆင်ရာတွင် အဖွဲ့လေးဖွဲ့၍ လှုပ်ရှားခဲ့သည်။ အဖွဲ့-၁ ကို စစ်အစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်မတော်အတွင်း ဝင်ရောက်စေကာ စစ်ပညာကို သင်ယူစေခဲ့သည်။ အဖွဲ့-၂ ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထံ စေလွှတ်ပြီး စစ်ပညာသင်ယူစေခဲ့သည်။ အဖွဲ့-၃ ကမူ မဟာမိတ်ရှာဖွေရေးအတွက် လှုပ်ရှားခဲ့ပြီး အဖွဲ့-၄ ကမူ ရန်ကုန်မြို့တွင် အခြေစိုက်ကာ ပါတီစည်းရုံးရေးအတွက် ဆောက်ရွက်ခဲ့သည်။ အဖွဲ့-၁ ကို တာဝန်ယူထားသည့် ဗဟိုကော်မတီဝင် ဦးခိုင်ရဲခိုင်နှင့် ပါတီဝင် ကိုးဦးတို့မှာ ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စစ်တွေမြို့၌လည်းကောင်း၊ အဖွဲ့-၁ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခိုင်စိုးနိုင်မှာ ဒီဇင်ဘာ ၂၀ တွင် ရသေ့တောင်မြို့၌လည်းကောင်း အစိုးရ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ အဖွဲ့-၂ ခေါင်းဆောင်လည်းဖြစ်၊ ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ခိုင်မိုးလင်းနှင့် အဖွဲ့ဝင် ကိုးဦးသည်လည်း ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။ ဥက္ကဋ္ဌ ဦးခိုင်ပြည်သိမ်းနှင့် ဗဟိုကော်မတီဝင် ဦးခိုင်စိုးနိုင်အောင်တို့နှစ်ဦးသာ လွတ်မြောက်ခဲ့ပြီး ALP ကို ဦးဆောင်နေသူ အားလုံးနီးပါး ဖမ်းဆီးခံခဲ့ရသဖြင့် အဖွဲ့အစည်းမှာ ပြိုပျက်လုနီးနီးဖြစ်ကာ လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။
ဖမ်းဆီးခံရသည့် ဗဟိုကော်မတီဝင်တချို့ ၁၉၇၄ ခုနှစ်တွင် ပြန်လွတ်လာရာ ထိုအထဲမှ ဦးခိုင်မိုးလင်းက ALP ကို ဒုတိယအကြိမ်ပြန်ထူထောင်ခဲ့သည်။ KNU ဥက္ကဋ္ဌ မန်းဘဇံနှင့် ကာကွယ်ရေးဌာနကြီးမှူး ဘိုမြတို့က ALP ပြန်ထူထောင်နိုင်ရန်အတွက် အကူအညီပေးခဲ့သည်။ ALP ၏ စစ်ရေးလက်တံအဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ကို ၁၉၇၄ ခုနှစ် ဇွန် ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ခိုင်မိုးလင်းက ALP/ALA ၏ ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။ ဦးခိုင်ရဲခိုင်နှင့် ဦးခိုင်စိုးနိုင်အောင်တို့က ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၇၆ ခုနှစ် ဇွန်လတွင် ALP ၏ ‘မိုးလင်းရာဇာ’ဟု အမည်ပေးထားသည့် စစ်ကြောင်းသည် ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ထိုးဖောက်အခြေစိုက်ရန် စတင်ခဲ့သည်။ စစ်ကြောင်းကို ခိုင်မိုးလင်းက ဦးဆောင်ခဲ့ပြီး အင်အား ၁၀၀ ကျော်ပါဝင်ခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ကရင်ပြည်နယ်မှတဆင့် ရှမ်းပြည်နယ်၊ ထိုမှတဆင့် စစ်ကိုင်းတိုင်း၊ ယင်းနောက် အိန္ဒိယတို့ကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည်။ လမ်းတလျှောက်၌လည်း KNU အပြင် ရှမ်း၊ ပအိုဝ့်နှင့် ကချင်တော်လှန်ရေးတပ်ဖွဲ့များက အကူအညီပေးခဲ့သည်။ သို့သော် စစ်အစိုးရဘက်က အဆိုပါစစ်ကြောင်းဖြတ်သန်းရာ လမ်းတလျောက်ကို ဖြတ်လေးဖြတ်ပြုလုပ်ပြီး အင်အား ၆,၀၀၀ ကျော်ပါဝင်သည့် ‘မြရတနာစစ်ဆင်ရေး’ဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ခေါင်းဆောင် ခိုင်မိုးလင်း ကျဆုံးခဲ့သည်။ အခြား ALP ခေါင်းဆောင်များလည်း ဖမ်းဆီးခံခဲ့ရကာ သေဒဏ်ချခံခဲ့ရပြီး အကျဥ်းချခံခဲ့ရသည်။ ထိုသို့ဖြင့် ဒုတိယအကြိမ်တည်ထောင်သည့် ALP/ALA သည်လည်း ပြိုပျက်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အစိုးရလက်ထက်၊ ၁၉၈၀ ပြည့်နှစ်တွင် သေဒဏ်ကျ ALP ခေါင်းဆောင်များ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာရာ ALP/ALA ကို တတိယအကြိမ် ပြန်ထူထောင်ခဲ့သည်။ တတိယအကြိမ် ဖွဲ့စည်းသည့် ALP ကို KNU နယ်မြေတွင်း၌ပင် ပြန်ဖွဲ့ခဲ့သည်။ ဦးခိုင်ရဲခိုင်က ဥက္ကဋ္ဌ၊ ဦးခိုင်စိုးနိုင်အောင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ လက်ရှိ ALP/ALPR၏ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသည် ALP/ALA ထံသို့ ပါတီဗဟိုကေဒါအဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ ၎င်းသည် ALP/ALA အတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များ ရရှိနိုင်ရေးတို့တွင် အဓိက တာဝန်ယူခဲ့သည်။ ၎င်းမှာ ၂၀၀၀ ပြည့်နှစ်၌ ကျင်းပသည့် ALP ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ ထိုအချိန်မှစ၍ ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း အသွင်ကူးပြောင်းရေးကာလဖြစ်သည့် သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန်နှင့် နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ALP/ALA သည်လည်း ပြည်နယ်အဆင့်ပဏာမ အပစ်ရပ်စာချုပ်ကို ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် ALP/ALA ခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်လာပြီး ဗဟိုကော်မတီ နှစ်ဖွဲ့ကွဲသွားခဲ့သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် မူဝါဒဆိုင်ရာ သဘောထားကွဲလွဲမှုများဖြစ်ပြီး ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင် ဦးဆောင်သည့်အဖွဲ့နှင့် ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သည့် အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားသည်။ နှစ်ဖွဲ့စလုံးသည် ဗဟိုကော်မတီ ၃၀ ကျော်စီဖြင့် အသီးသီး ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။ ဦးခိုင်ရဲခိုင် ဦးဆောင်သည့်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာလင်းက တာဝန်ယူသည်။ ၎င်းတို့ ဦးဆောင်သည့် ဗဟိုကော်မတီက NCA လုပ်ငန်းစဥ်များတွင် ဆက်လက်ပါဝင်ခြင်း မပြုတော့ဘဲ ရခိုင်အမျိုးသားရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရပ်တည်ခဲ့သည်။ တဖက်တွင် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့က NCA ထိုးထားသည့် အခြားအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ ယင်းနောက် ၂၀၂၂ ခုနှစ်တွင် ဦးခိုင်ရဲခိုင် ဦးဆောင်သည့် ALP အဖွဲ့မှ ဒေါ်စောမြရာဇာလင်းက ထပ်မံခွဲထွက်ခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဒေါ်စောမြရာဇာလင်း တတ်ရောက်ခဲ့သည်။ အဆိုပါတက်ရောက်မှုသည် ALP က တာဝန်ပေးခဲ့ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့သည်။ ထိုမှစ၍ သဘောထားကွဲလွဲခဲ့ပြီး ဒေါ်စောမြရာဇာလင်းက ၂၀၂၂ ခုနှစ် မတ် ၅ ရက်တွင် ၎င်းဦးဆောင်သည့် ALP/ALA ဗဟိုကော်မတီကို ၂၈ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖြင့် ALP/ALA သည် သုံးဖွဲ့ကွဲသွားခဲ့သည်။ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP/ALA က စစ်ဦးစီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အမှတ်-၁၀၁ တပ်ရင်းမှ တပ်မှူး နှစ်ဦး၊ စုစုပေါင်း လေးဦးတို့သည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း စစ်တွေမြို့၌ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်နေသည့် ALP/ALA သည် ပါတီ၏ အမှတ်တံဆိပ်များကို အသစ်ပြောင်းလဲ သုံးစွဲခဲ့သည်။ ယင်း ALP/ALA ပြန်လည်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် အခမ်းအနားကျင်းပသည့် ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်တွင် ALP ၏ စစ်ရေးလက်တံအမည်ကို ALA မှ ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး တပ်မြတ်တော် (ALPR) အဖြစ် အမည်ပြောင်းခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ရည်မှန်းချက်။ ။ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလတွင် ဗမာပဒေသရာဇ်(ဗမာဘုရင်)၏ မတရားကျူးကျော် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ဆုံးရှုံးသွားခဲ့ရသော အဖရခိုင်ပြည်၏ အချုပ်အခြာအာဏာကို ပြန်လည်ရရှိရန် ဖြစ်သည်။
ရည်ရွယ်ချက်။ ။ ရခိုင်ပြည်တွင် မှီတင်းနေထိုင်လျက်ရှိနေကြသော လူထုလူတန်းစားအားလုံးတို့သည် သက်ဆိုင်ရာ လူထုလူတန်းစားအလိုက် တိုင်းရင်းသားအခွင့်အရေး (collected rights)၊ နိုင်ငံသားအခွင့်အရေး (citizen rights)၊ လူမျိုးနွယ်စုအခွင့်အရေး(ethnic rights) နှင့် လူနည်းစုအခွင့်အရေး (minority rights) စသည့် အခွင့်အရေးများကို အာမခံနိုင်သော ရခိုင်ပြည်သူ့သမ္မတနိုင်ငံ တည်ဆောက်ရန် ဖြစ်သည်။ ရခိုင်ပြည်သူ့သမ္မတနိုင်ငံတွင် သွေးစုပ်ခြယ်လှယ်မှု လုံးဝကင်းစင်ပြီး လူ့အခွင့်အရေး အပြည့်အဝရှိသော၊ ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အေးချမ်းသာယာသော၊ စစ်မှန်သော ဒီမိုကရေစီစနစ် အပြည့်အဝရှိသော ဘဝသစ်ထူထောင်ရန် ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းမှလွဲ၍ ကျန်ဗဟိုကော်မတီဝင်များကို ထုတ်ဖော်ကြေညာခြင်း မရှိပေ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ပဏာမအဆင့်အပစ်ရပ်စာချုပ်ကို ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
စုဖွဲ့မှု
NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ စုပေါင်း၍၂၀၂၄ ခုနှစ် မတ် ၁၈ ရက်တွင် စုဖွဲ့ထားသော မဟာမိတ်အဖွဲ့ (7 EAO Alliance)၏ အဖွဲ့ဝင် ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ALP/ALPR သည် စစ်ကောင်စီ နှင့် နီးကပ်သည့် ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားသည့် တပ်ဖွဲ့ ဖြစ်သည်။ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုများတွင်လည်း ဆက်လက်ပါဝင်လျက် ရှိသည်။ စစ်ကောင်စီနှင့်အတူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား-၁ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ဇယား-၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၁၊ ၂ နှင့် ၃ တို့ကို ပြင်ဆင်နိုင်ရေးတို့ကို ဆွေးနွေးထားသည်။
ဆက်ဆံရေးရုံးများ
မသိရပါ။
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/alp.info