သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မတ် ၁၅ ရက် ။
ဌာနချုပ်/လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်ခရိုင်၊ အရာတော်၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးနှင့် တန့်ဆည်မြို့နယ်၊ မန္တလေးတိုင်းအတွင်းရှိ မြင်းခြံခရိုင်၊ မိုးကုတ်မြို့နယ်နှင့် မတ္တရာမြို့နယ်၊ မကွေးတိုင်းအတွင်းရှိ ပခုက္ကူခရိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များ။
ထိန်းချုပ်ဒေသ – မရှိသေးပါ။
ခန့်မှန်းအင်အား – ၃,၀၀၀ ခန့်။
ခေါင်းဆောင် – မသိသေးပါ။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် အာဏာမသိမ်းခင်ကာလကတည်းက တပ်တည်ထောင်ရန် လုပ်ဆောင်နေခဲ့သည့် အဖွဲ့ဖြစ်သည်။ PLA ကို ထူထောင်ရန် ဦးဆောင်ကြ သူများထဲတွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များ ပါဝင်သည်။ ၎င်းတို့သည် ကွန်မြူနစ်ဝါဒကို ယုံကြည်လက်ခံပြီး ကွန်မြူနစ်အယူကို အခြေပြုသည့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ပြန်တည်ထောင်ရန် ၂၀၁၇ ခုနှစ်အစောပိုင်းကတည်းက ပြင်ဆင်ခဲ့ကြသည်။
ထို့နောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဆက်သွယ်၍ ၂၀၁၈ ခုနှစ်တွင် KIA ၏ ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့၌ အခြေခံစစ်သင်တန်း စယူခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင် သင်တန်းတက်ပြီးကြသော်လည်း လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိပပေ။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် PLA တပ်ဖွဲ့ဝင် ဖြစ်လာမည့် လူငယ်များက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ မြေအောက်လှုပ်ရှားမှုအဖွဲ့များကို စုစည်းပြီး မြေအောက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါ မြေအောက်လှုပ်ရှားသည့် CPB သည် ၁၉၈၉ ခုနှစ်တွင် ကိုးကန့်၊ ‘ဝ’ နှင့် မိုင်းလားတပ်ဖွဲ့တို့ ခွဲထွက်ပြီးနောက် ပြိုကွဲသွားခဲ့သည့် အဖွဲ့ဖြစ်သည်။
ထို့နောက် KIA ထံတွင် စစ်ပညာသင်ယူထားသည့် လူငယ် ၃၂ ဦးက ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်မှတွင် PLA ကို ထူထောင်ခဲ့သည်။ PLA ၏ နိုင်ငံရေးလက်တံကို CPB အဖြစ်သာ သတ်မှတ်ထားပြီး CPB ၏ နိုင်ငံရေးမူဝါဒများကို လက်ခံစွဲကိုင်ထားသည်။ CPB ကို PLA ၏ မိခင်အဖွဲ့အစည်းအဖြစ်လည်း လက်ခံထားသည့်အပြင် ကွယ်လွန်သွားပြီးဖြစ်သည့် ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဗဟိုကော်တီဝင်များကို PLA ၏ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များအဖြစ် ဆက်လက်သတ်မှတ်ထားဆဲ ဖြစ်သည်။ နောင်တွင် PLA ၏ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးမှ ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်မည်ဟု သိရသည်။ ယခုလက်ရှိ PLA ၏ ခေါင်းဆောင်မှုကို အထွေထွေအတွင်းရေးမှူး ရဲဘော်ထွန်းဆက်ဦးဆောင်သည့် ဗကပဗဟိုစည်းရုံးရေးကော်မတီဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ PLA ၏ ရပ်တည်ချက်သည် စစ်အာဏာရှင်စနစ်လက်အောက်မှ အဖိနှိပ်ခံလူတန်းစားများ လွတ်မြောက်ရေး၊ အဖိနှိပ်ခံလူတန်းစားတို့၏ အကျိုးစီးပွားကို ဦးထိပ်ထား ရပ်တည်၍ မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်များကို အဖွဲ့အစည်း၏ လမ်းညွှန်မူများအဖြစ် သတ်မှတ်ထားသည်။
KIA အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့်လည်း ပူးတွဲလှုပ်ရှားမှုများရှိသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ 3BHA က ပြုလုပ်သည့် ‘စစ်ဆင်ရေး ၁၀၂၇’တွင် PLA ပါဝင်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇-ဒုတိယပိုင်း’ တွင်လည်း MNDAA၊ TNLA တို့နှင့်အတူ လားရှိုးမြို့သိမ်းတိုက်ပွဲ၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲတို့တွင် ပါဝင်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
PLAတွင် ရည်မှန်းချက် နှစ်ရပ်နှင့် သစ္စာအဓိဌာန် လေးရပ် ချမှတ်ထားသည်။
PLA ၏ ရည်မှန်းချက်များ
၁။ စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်စစ်အစိုးရကို အဓိကထား ဦးတည်တိုက်ခိုက်ပြီး အဖိနှိပ်ခံပြည်သူတရပ်လုံး လုံးဝလွတ်မြောက်ရေးအတွက် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်များဖြင့် တော်လှန်ချီတက် တိုက်ပွဲဝင်ရန်။
၂။ တော်လှန်ရေးအောင်မြင်ပြီးမြောက်သွားသည့်အခါ ပစ္စည်းမဲ့လူတန်းစား ဦးဆောင်သော ပြည်သူ့ဒီမိုကရေစီ သမ္မတနိုင်ငံတော်သစ်ကို တည်ဆောက်သွားရန်။
PLA ၏ သစ္စာအဓိဋ္ဌာန် လေးရပ်
၁။ ကျွန်ုပ်တို့သည် အဖိနှိပ်ခံပြည်သူတို့၏ အကျိုးစီးပွားကို အစဥ်အမြဲ ဦးထိပ်ထားပါမည်။
၂။ ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်သွားပါမည်။
၃။ ကျွန်ုပ်တို့သည် အဖိနှိပ်ခံပြည်သူတို့အပေါ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ မတရားဖိနှိပ် သွေးစုပ်နေသော မြေရှင်စနစ်ဆိုး၊ ဓနရှင်စနစ်ဆိုးများကို တွန်းလှန်ဖယ်ရှားသွားပါမည်။
၄။ ကျွန်ုပ်တို့သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှပေးအပ်သော အမိန့်တာဝန်များကို အသက်ပေး၍ ကျေပွန်အောင်ထမ်းဆောင်ပါမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲချိန် ၁၉၈၉ ခုနှစ်တွင် တာဝန်ယူခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်သည့် ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဗဟိုကော်မတီဝင်များကို လက်ရှိ PLA ၏ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များအဖြစ် ဆက်သတ်မှတ်ထားသည်။ လက်ရှိတွင် PLA ကို အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားသည့် ရဲဘော်ထွန်းဆက်က ဦးဆောင်လျက်ရှိသည်။ ကျန် ဗဟိုကော်မတီဝင်များကို ထုတ်ပြန်ခြင်း မရှိပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်နည်းလမ်းဖြင့် တိုက်ခိုက်ဖြုတ်ချပြီး တိုင်းပြည်သစ် ထူထောင်ရန် ရည်မှန်းချက်ထားရှိကာ လက်နက်ကိုင်တပ်ဖွဲ့သစ်တခုကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ (EROs) ထံ ချဥ်းကပ်၍ စစ်ရေးဆိုင်ရာ နည်းနာများ၊ အကူအညီများ ရယူပြီး ၎င်းတို့နှင့်အတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် အလုပ်သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂများ၊ ကျောင်းသားလူငယ်သမဂ္ဂများ၊ ဗမာပြည်ရှိ လူမျိုးစု အမျိုးသားတော်လှန်ရေး လက််နက်ကိုင်အင်အားစုများ၊ ဖောက်ပြန်သည့် လူတန်းစားမဟုတ်သော စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ၊ အသင်းအပင်းများ၊ အင်အားစုများအားလုံးတို့ကို မဟာမိတ်အဖြစ် သတ်မှတ်သည်ဟု ကြေညာထားသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ အောက်တွင် အောက်ပါစစ်ဒေသများကို ဖွဲ့စည်း ထားသည်။
စဥ် | စစ်ဒေသများ | အခြေစိုက်လှုပ်ရှားသည့် ဒေသ |
၁။ | အမှတ်-၁ စစ်ဒေသ | စစ်ကိုင်းတိုင်း |
၂။ | အမှတ်-၂ စစ်ဒေသ | ရှမ်းပြည်နယ် တအန်းဒေသ |
၃။ | အမှတ်-၄ စစ်ဒေသ | ဧရာဝတီတိုင်း မြစ်ဝကွန်းပေါ်ဒေသ |
၄။ | အမှတ်-၈ စစ်ဒေသ | တနင်္သာရီတိုင်း |
၅။ | အမှတ်-၉ စစ်ဒေသ | ရှမ်းပြည်နယ် ကိုးကန့်ဒေသ |
၆။ | အမှတ်-၈၁၅ စစ်ဒေသ /အနောက်မြောက်စစ်ဒေသ | စစ်ကိုင်တိုင်း ယင်းမာပင်ခရိုင်၊ မန္တလေးတိုင်း မြင်းခြံခရိုင်နှင့် မကွေးတိုင်း ပခုက္ကူခရိုင် |
၇။ | အမှတ်-၃၁၅ စစ်ဒေသ | ကယားပြည်နယ် လွိုင်ကော်မြို့နယ် |
ထိုစစ်ဒေသများအနက် အမှတ်-၄ စစ်ဒေသသည် သတ်မှတ်ထားသော်လည်း မြေပြင်တွင် အခြေစိုက် လှုပ်ရှားနိုင်မှု မရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Email – [email protected]
Facebook – https://www.facebook.com/profile.php?id=100087972618979
မှတ်ချက် – ISP-Myanmar ၏ လုံခြုံရေးကဏ္ဍဆိုင်ရာအချက်အလက်များ လေ့လာစုဆောင်းမှု စနစ်နှင့်အညီ စုစည်းထားသည့် အချက်အလက်များဖြစ်ပါသည်။ ယခုဖော်ပြပါအဖွဲ့အစည်းအပြင် အခြားလွတ်လပ်သောအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးထားရှိပါသည်။ သို့သော် အချက်အလက်ရရှိနိုင်မှု အကန့်အသတ်များကြောင့် မြေပြင်အခြေအနေ (သို့) အနေအထားများနှင့် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။