သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၇၈ ခုနှစ် ဇွန် ၂၆ ရက်။
ဌာနချုပ် – မယ်စဲ့မြို့၊ ကယား(ကရင်နီ)ပြည်နယ်။
လှုပ်ရှားဒေသ – ကယား(ကရင်နီ)ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီးမြို့နယ်။
ခန့်မှန်းအင်အား – ၈၀၀ နှင့် အထက်။
ခေါင်းဆောင် – ဦးထွန်းကျော် (ဥက္ကဋ္ဌ)၊ လောရင်းစိုး(အထွေထွေအတွင်းရေးမှူး)၊ ဦးချစ်ထွန်း(ဗဟိုကော်မတီဝင်)။
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) သည် ၁၉၈၈ ခုနှစ် ဇွန်လတွင် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) ထံမှ ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ KNPP သည် ၎င်း၏ ကိုယ်စားလှယ်များကို ၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) (CBP) ထံသို့ လေ့လာရေး လွှတ်ခဲ့ရာ ထိုအဖွဲ့များ ပြန်လာချိန်တွင် ကွန်မြူနစ်ဝါဒဘက်သို့ ယိမ်းသွားသည်ဟူ၍ နိုင်ငံရေးအယူဝါဒဆိုင်ရာ ပြဿနာဖြစ်ခဲ့သည်။ ထိုအခြေအနေများကြောင့် ဗကပထံ သွားခဲ့သည့် ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့က KNPP ထံမှ ခွဲထွက်ပြီး ကလလတ အဖြစ် ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်။ ခွဲထွက်ပြီးနောက်တွင် KNPP နှင့် စစ်ရေးပဋိပက္ခများပင် ဖြစ်ပွားခဲ့သည်။
ကလလတသည် ဗကပ၏ မဟာမိတ်တပ်ဖွဲ့ဖြစ်လာပြီး ဗကပထံမှလည်း စစ်ရေးဆိုင်ရာ အထောက်အပံ့များ ရရှိခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်ပြီး ဗကပ၏ မဟာမိတ်တပ်များ ဖြစ်သည့် ကယန်းပြည်သစ်ပါတီ(KNLP)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(SNPLO) တို့နှင့်လည်း မဟာမိတ်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သည်။ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် KNPP နှင့် ကလလတတို့ ပြန်လည်ပေါင်းစည်းရေး နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကလလတအနေနှင့် ကွန်မြူနစ်ဝါဒကို စွန့်လွတ်ရန် KNPP က အဆိုပြုခဲ့ပြီး ကလလတဘက်ကလည်း ၎င်းတို့သည် ကွန်မြူနစ်ဝါဒစွဲကိုင်ခြင်းမရှိဘဲ လူမျိုး၊ ဘာသာခွဲခြားမှု မရှိသည့် လူထုဒီမိုကရေစီအရေးအတွက်သာ တိုက်ပွဲဝင်နေသည်ဟူ၍ အစဥ်တစိုက်ငြင်းဆိုခဲ့သည်။ ၁၉၈၉ တွင် ကလလတသည် ၎င်း၏ မဟာမိတ် KNLP၊ SNPLO တို့နှင့် စုစည်း၍ လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ဦး (လ.ပ.ဒ.တ) ကို ဖွဲ့စည်းခဲ့သည်။
၁၉၈၉ ခုနှစ်တွင် ဗကပပြိုကွဲသွားသည့်နောက် လ.ပ.ဒ.တ အဖွဲ့ဝင်များ အထောက်အပံ့ရရှိမှု ပြတ်တောက် သွားခဲ့သည်။ လ.ပ.ဒ.တ အဖွဲ့ဝင်များသည် ကြီးမားသည့် မဟာမိတ်ပြိုကျမှုနှင့် စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို တပြိုင်တည်းရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ၁၉၉၄ ခုနှစ် မေ ၆ ရက်တွင် ကလလတသည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ အပစ်ရပ်စာချုပ်အရ ကလလတလှုပ်ရှားသည့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသအချို့ကို အထူးဒေသ-၂ အဖြစ် သတ်မှတ်ပေးပြီး စီးပွားရေးလုပ်ပိုင်ခွင့်များကို ခွင့်ပြုခဲ့သည်။ အပစ်ရပ်ပြီးနောက် ကလလတသည် နိုင်ငံရေးနှင့် စစ်ရေးတွင် စစ်အစိုးရနှင့်တဖက်တည်း ရပ်တည်ခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် KNPP ၏ တပ်စခန်းများကို စစ်အစိုးရနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ မယ်စဲ့နှင့် ဘော်လခဲ နယ်စပ်မြို့များတွင် ကလလတက အခြေစိုက်စခန်းများ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကလလတ၏ တပ်ရင်း နှစ်ရင်းသည် အမှတ်-၁၀၀၄ နှင့် အမှတ်-၁၀၀၅ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ပြီး မယ်စဲ့နှင့် ဘော်လခဲမြို့နယ်တို့တွင် ဆက်လက် အခြေစိုက်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း ကလလတက သဘောထားထုတ်ပြန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဘော်လခဲ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဖားဆောင်း) နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ကို စစ်သင်တန်းပေးခြင်း၊ ရိက္ခာနှင့် လက်နက် ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်။ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဦးချစ်ထွန်းသည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနတွင် စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအထိ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင် စစ်ဘေးရှောင်လာသည့် ဒုက္ခသည် ၃၀ ကျော်ကို စစ်ကောင်စီ၏ ခမရ-၁၀၈ က ဖမ်းဆီးထားသည်ကို ပြန်လွှတ်ပေးရန် သွားညှိနှိုင်းခဲ့သည့် ကလလတ တပ်ဖွဲ့ဝင် လေးဦးနှင့် ဒုက္ခသည်များကို စစ်ကောင်စီဘက်က သတ်ဖြတ်၍ မီးရှို့ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကရင်နီခုခံတော်လှန်ရေးတပ်များ၏ မယ်စဲ့မြို့သိမ်းတိုက်ပွဲတွင် ကလလတ ၏ အမှတ်-၁၀၀၄ နှင့် ၁၀၀၅ နယ်ခြားစောင့်တပ်များပါ ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။ ကလလတ၏ နယ်ခြားစောင့်တပ်များသည် စစ်ကောင်စီကို ပထမဆုံး ပြန်ပုန်ကန်၍ ခုခံတော်လှန်ရေးဘက်သို့ ဘက်ပြောင်းသည့် နယ်ခြားစောင့်တပ်ဖြစ်သည်။ စစ်ကောင်စီထံမှ ခွဲထွက်ပြီးနောက် ကလလတသည် တော်လှန်ရေးတပ်ဖွဲ့အဖြစ် ပြန်ရပ်တည်ပြီး တပ်ဖွဲ့ ကိုလည်း တပ်ရင်း ရှစ်ရင်းဖြင့် ပြန်လည်ဖွဲ့စည်းထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
၁၉၇၈ ခုနှစ် ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ထားသည့် ကလလတ၏ နိုင်ငံရေးမူကြမ်းအရ တပ်ဖွဲ့၏ ရည်မှန်းချက်များသည် အောက်ပါအတိုင်းဖြစ်သည်။
၁။ ကရင်နီပြည်ရှိ လူမျိုးပေါင်းစုံ (ဗမာအပါအဝင်)၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရန်။
၂။ အဖိနှိပ်ခံလူမျိုးပေါင်းစုံတို့၏ လွတ်မြောက်ရေးကို အာမခံပေးနိုင်မည့် ကျယ်ပြန့်သည့် ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းအတိုင်း ချီတက်ရန်။
၃။ ဘုံရန်သူကိုချေမှုန်းပြီး အောင်ပွဲခံနိုင်ရေးအတွက် ဗမာပြည်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။
၄။ အဖွဲ့အစည်းဟောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် နိုင်ငံရေးအရ ပြန်လည်ဆွေးနွေးရန်တို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ ဦးထွန်းကျော်၊ အတွင်းရေးမှူး ရဲဘော်လောရင်းစိုးနှင့် ဗဟိုကော်မတီဝင် ဦးချစ်ထွန်းတို့မှလွဲ၍ အခြားဗဟိုကော်မတီအဖွဲ့ဝင်များကို မသိရသေးပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
၁၉၉၄ ခုနှစ် မေ ၆ ရက်တွင် နဝတစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ နဝတအစိုးရ ကျင်းပသော အမျိုးသားညီလာခံသို့လည်း တက်ရောက်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် နအဖစစ်အစိုးရ၏ ဖိအားကြောင့် နယ်ခြားစောင့်အသွင်ပြောင်းခဲ့ရပြီးနောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားလုံးတွင် ပါဝင်ခွင့်မရတော့ပါ။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှု လက်မခံကြောင်း တုံ့ပြန်ခဲ့သည်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်လိုသည့် လူငယ်များကို စစ်ပညာသင်ပေးခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်း အကူအညီပေးပြီး အဖွဲ့အစည်းသစ်များ ထူထောင်နိုင်ရန် ကူညီခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် ကလလတ၏ ဗဟိုကော်မတီဝင် ဦးချစ်ထွန်း က ပြည်ထောင်စုဒုတိယဝန်ကြီးအဖြစ် ပါဝင်လျက်သည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် ကရင်နီခုခံတော်လှန်ရေးတပ်များ၏ မယ်စဲ့မြို့သိမ်းတိုက်ပွဲ၌ ကလလတ၏ နယ်ခြားစောင့်တပ်ရင်း နှစ်ခုစလုံး ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇူလိုင်မှစ၍ ကလလတကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အဖြစ် တပ်ရင်း ရှစ်ရင်းဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရန်အတွက် စစ်အုပ်စု၊ အာဏာရှင်စနစ်၊ စစ်အစိုးရနှင့် ၂၀၀၈ အခြေခံဥပဒေကို အမြစ်ပြတ်တိုက်ဖျက်သွားမည်ဟု ကြေညာထားသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများဖွဲ့စည်းထားခြင်း မရှိသေးပါ။ ၂၀၂၁ ခုနစ် အာဏာသိမ်းမှုနောက်ပိုင်း ကလလတ လက်အောက်တွင် တပ်ရင်း ရှစ်ရင်းအထိ တိုးချဲ့ဖွဲ့စည်းထားသည်။ ထိုတပ်ရင်းများသည် အမှတ်-၄၈၇၈ တပ်ရင်း၊ အမှတ်-၇၈၉၄ တပ်ရင်း၊ အမှတ်-၉၄၂၀ တပ်ရင်း၊ အမှတ်-၉၄၂၁ တပ်ရင်း၊ အမှတ်-၉၄၂၂ တပ်ရင်း၊ အမှတ်-၉၄၂၃ တပ်ရင်း၊ အမှတ်-၉၄၂၄ တပ်ရင်းနှင့် အမှတ်-၉၄၂၅ တပ်ရင်းတို့ ဖြစ်သည်။r&Sd
ဆက်သွယ်နိုင်သည့်လိပ်စာ
ရဲဘော်လောရင်းစိုး (အထွေထွေအတွင်းရေးမှူး) – +66827325242
Email – [email protected]