သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်။
ဌာနချုပ် – မသိရသေးပါ။
လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲမြို့နယ်၊ မြောင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ မုံရွာမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ဘုတလင်မြို့နယ်၊ မင်းကင်းမြို့နယ်။ မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ‘၁၀၂၇ စစ်ဆင်ရေး’လှုပ်ရှားရာ နယ်မြေများ။
ခန့်မှန်းအင်အား – ၃,၀၀၀ ဝန်းကျင်။
ခေါင်းဆောင် – ဗိုလ်နဂါး (ဥက္ကဋ္ဌ/ စစ်ဦးစီးချုပ်)။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အခြေစိုက်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၏ ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကိုင်းတိုင်းအတွင်း အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းပြီး BNRA ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ BNRA ကို ဖွဲ့စည်းရန် ဆွေးနွေးစဥ်က ‘စစ်ကိုင်းပြည်သူ့တော်လှန်ရေးတပ်မတော်’ ဟူ၍ အမည်ပေးရန် ရွေးချယ်ခဲ့ကြသော်လည်း စစ်အာဏာ ရှင်အဆက်ဆက်အနေနှင့် ဗမာလူမျိုးကြီးဝါဒကို ကိုင်စွဲခဲ့ကြသဖြင့် ထိုအယူဝါဒကို ပြန်ချေဖျက်နိုင်ရန် ဗမာလူမျိုးအမည်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ BNRA တွင် ပါဝင်သည့် တပ်ဖွဲ့အားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) ၏ လက်အောက်တွင် ပါဝင်ထားခြင်းမရှိသည့် တပ်များဖြစ်သည်။
တည်ထောင်သူ ဗိုလ်နဂါးသည် စစ်အာဏာမသိမ်းခင်ကာလတွင် လက်နက်ကိုင် တော်လှန်ရေးနှင့် နီးစပ်မှု မရှိခဲ့သည့် သာမန်အရပ်သားတဦးဖြစ်သည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး အာဏာသိမ်းချိန်တွင် လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ စစ်ကောင်စီကို ပြန်ခုခံတုံ့ပြန်ရန် ဦးဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ကို ပါဝင်တည်ထောင်ခဲ့သူ တဦး ဖြစ်သည်။ ထို့နောက် လက်နက်ကိုင် တော်လှန်ရေးလုပ်ဆောင်ရာတွင် ပါဝင်သည့် ပုလဲမြို့နယ်၏ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့နှင့် သဘောထား မတိုက်ဆိုင်မှုများ ရှိလာရာ ဗိုလ်နဂါးနှင့် ၎င်း၏ နောက်လိုက်များသည် သီးခြားရပ်တည်ကာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တည်ထောင်ခဲ့သည်။
MRDA သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း အခြေစိုက်သည့် ဒေသခံကာကွယ်ရေးတပ်များနှင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်များဖွဲ့သည့်အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ထံတွင်လည်း စစ်ပညာ သင်ယူရန် တပ်ဖွဲ့များ စေလွှတ်ခြင်းများရှိခဲ့သည်။ MRDA ၏ တပ်ရင်း နှစ်ရင်းသည် လားရှိုးမြို့နယ်တွင် ဖြန့်ကြက်ထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ တပ်မဟာ- ၆၁၁ လက်အောက်တွင် ပါဝင်ဖွဲ့စည်းထားသည်။ ထို့ပြင် NUG/MOD ၏ လက်အောက်ခံတပ်ရင်းများ အဖြစ် အသိအမှတ်ပြုရန်လည်း လျှောက်ထားခဲ့ရာ MOD က MRDA ၏ တပ်ရင်းလေးရင်းကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်-၃၊ ၄၊ ၅ နှင့် ၆ များအဖြစ် ၂၀၂၂ ခုနှစ် မေ ၁၄ ရက်တွင် သတ်မှတ်ပေးခဲ့သည်။ ထိုတပ်ရင်းများကို MOD က အသုံးစရိတ် သိန်းသုံးထောင်ကျော်၊ ရိုင်ဖယ် ၉၃ လက်နှင့် ဗုံးပစ်လောင်ချာ ခုနစ်လက်ကို ထောက်ပံ့ခဲ့ကြောင်း NUG ကထုတ်ပြန်ခဲ့သည်။ ငွေကြေးနှင့်လက်နက် ထောက်ပံ့မှုအပေါ် အငြင်းပွားမှုဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်တွင် NUG က ယင်းတပ်ရင်းများကို ထောက်ပံ့မှု ရပ်ဆိုင်းခဲ့သည်။
MRDA အဖြစ် ရပ်တည်ချိန်တွင် NUG/MOD လက်အောက်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် အငြင်းပွားမှုများ၊ လှုပ်ရှားသည့် ဒေသများတွင် ဂိတ်စခန်း ဖွင့်လှစ်၍ အခွန်ကောက်ခံခြင်းနှင့် နယ်မြေဖြန့်ကြက်လှုပ်ရှားမှုပေါ်တွင် အခြေပြု၍ မပြေလည်မှုများ ရှိခဲ့သည်။ NUG ၏ လက်နက်နှင့် ငွေကြေးထောက်ပံ့မှုများနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြပြီးနောက် NUG က ယင်းမာပင်ခရိုင် တပ်ရင်း-၃၊ ၄၊ ၅ နှင့် ၆ တို့ကို ထောက်ပံမှုရပ်ဆိုင်းကာ MOD လက်အောက်ခံအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ သို့သော် ယင်းမာပင်ခရိုင် တပ်ရင်း လေးရင်းလုံးက MOD အောက်တွင်သာ ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ရာ ဗိုလ်နဂါးက ၎င်းတပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကို ပြန်ဖြုတ်သိမ်းခဲ့သည်။
BNRA အဖြစ် ပြန်လည်ဖွဲ့စည်းပြီးနောက် စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၆ မြို့နယ်၊ မကွေးတိုင်းတွင် သုံးမြို့နယ်တို့ကို ဖြန့်ကြက်လှုပ်ရှားလျက် ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း BNRA ရဲဘော်များက ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကွပ်ကဲမှုအောက်တွင် အမှတ်-၆၀၈ တပ်ရင်းအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။ BNRA သည် NUG/MOD လက်အောက်မှ PDF တပ်ဖွဲ့များ၊ ပအဖများနှင့် မပြေလည်မှုများရှိသော်လည်း NUG ကို တခုတည်းသော အစိုးရအဖြစ် လက်ခံသည်ဟု ကြေညာထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
BNRA၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိသည့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ခြင်း။
၂။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို အခြေခံသည့် နိုင်ငံရေးမူဝါဒတရပ် ပေါ်ပေါက်ရေး။
၃။ စစ်အာဏာရှင်၊ အာဏာရှင်စနစ်ဟူသမျှ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်အတူ မြေပြင်တော်လှန်ရေးအင်အားစုများဖြစ်သော PDF များ၊ Local PDF အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများအားလုံးနှင့် လက်တွဲပူးပေါင်းတိုက်ပွဲဝင်ခြင်းဖြင့် မြန်မာပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်ရေး။
၄။ စစ်ကိုင်းအပါအဝင် အညာဒေသရှိပြည်သူတို့၏ ကံကြမ္မာကို အညာဒေသရှိ ပြည်သူတို့သာ ဖန်တီးခွင့် ရရှိရေးမှသည် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ ဗိုလ်နဂါးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဆာန်တို့မှလွဲ၍ အခြားခေါင်းဆောင်များကို တရားဝင် ထုတ်ဖော်ပြောခြင်း မရှိသေးပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းမှုအပြီး စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသတွင် စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေသော တပ်ဖွဲ့များအနက်မှ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက် ဝင်ရောက်ထားခြင်းမရှိသည့် တပ်ဖွဲ့များကို စုစည်းကာ စည်းစနစ် ကျသော တပ်တတပ်တည်ထောင်မည်ဟု ရပ်တည်ချက်ရှိသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေးများတွင် မဟာမိတ်ပြုချိတ်ဆက်ကာ လူမျိုးပေါင်းစုံအတွက် လွတ်လပ်မျှတပြီး စစ်အာဏာရှင်အပါအဝင်အာဏာရှင်စနစ်မှန်သမျှ ဆိတ်သုဉ်းသော ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ထောင်ရန် နိုင်ငံရေးရပ်တည်ချက်ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။ BNRA လက်အောက်တွင် ရှိသည့် တပ်ရင်း ၂၀ ကို စစ်ကြောင်း သုံးကြောင်းအဖြစ် ဖွဲ့စည်းထားပြီး ဖြန့်ကြက်လှုပ်ရှားသည်။ ထိုစစ်ကြောင်းများသည် အမှတ်-၁ ရတနာသိင်္ဃစစ်ကြောင်း၊ အမှတ်-၂ ဝိမောက္ခစစ်ကြောင်းနှင့် အမှတ်-၃ တော်ဝင်နဂါးစစ်ကြောင်းတို့ဖြစ်သည်။
BNRA စစ်ကြောင်းများ လှုပ်ရှားသည့် မြို့နယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
အမှတ်-၁ စစ်ကြောင်း | ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်မြို့နယ်။ |
အမှတ်-၂ စစ်ကြောင်း | ခင်ဦးမြို့နယ် ၊ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်။ |
အမှတ်-၃ စစ်ကြောင်း | ပုလဲမြို့နယ်။ |
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/burmanationalrevolutionaryarmy