သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ –
ဌာနချုပ် – ကချင်ပြည်နယ်၊ လိုင်ဇာမြို့ (ယာယီဌာနချုပ်)။
လှုပ်ရှားဒေသ – ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း။
ခန့်မှန်းအင်အား – ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ခေါင်းဆောင် – ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
မိုးကြိုးပြောက်ကျားတပ်ဖွဲ့ကို မဖွဲ့စည်းခင် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ရေး Civil Disobeidence Movement (CDM)တွင် ပါဝင်သည့် တပ်မတော် အရာရှိများ၊ ရဲအရာရှိများ၊ တိုင်းရင်းသားလူငယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်းများ (ပြည်ပနိုင်ငံများတွင် အခြေစိုက်နေထိုင်နေသူများ) ပါဝင်၍ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)ကို စတင် ဖွဲ့စည်းခဲ့သည်။ PMSAB အောက်မှတဆင့် မြေအောက်လှုပ်ရှားမှု စတင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် စစ်ပညာသင်ယူခဲ့ကြသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် CDM ဗိုလ်ကြီးနှစ်ဦးက မကွေးတိုင်း၌ စစ်အခြေခံပညာသင်တန်း ပြန်လည်ဖွင့်လှစ်ပြီး တပ်ဖွဲ့ဝင်များကို စုစည်း၍ မိုးကြိုး ပြောက်ကျားတပ်ဖွဲ့ (TGF) ကို တည်ထောင်ခဲ့သည်။
TGF ကို စတင်ထူထောင်စဥ်က စစ်ဒေသများ ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် ထိုစစ်ဒေသများကို တပ်ရင်းများအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် TGF အောက်၌ တပ်ရင်းလေးရင်း ဖွဲ့စည်းထားပြီး ထိုအထဲမှ သုံးရင်းသည် တိုက်ခိုက်ရေးတပ်ရင်းများဖြစ်ကာ ကျန်တရင်းသည် ဆက်ဆံရေးရုံးပိုင်းဆိုင်ရာ တပ်ရင်း ဖြစ်သည်။ တပ်ရင်းလေးရင်းလုံးကို ဦးစီးသည့် ယာယီဌာနချုပ် သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ ဌာနချုပ် လိုင်ဇာမြို့တွင် အခြေစိုက်ထားသည်။ TGF သည် CDM တပ်အရာရှိများ ဦးဆောင်သည့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အဖြစ် လူသိများသည်။ မိုးကြိုးပြောက်ကျားတပ်ဖွဲ့သည် သီးခြားရပ်တည်လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်တွင် မရှိသည့် တပ်ဖွဲ့ဖြစ်သည်။ သို့သော် TGF သည် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ခိုက်ရေးကို အဓိကထား လုပ်ဆောင်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပိုတောင့်တင်းခိုင်မာစေရန် ကူညီပေးရေးကို အဓိက လုပ်ဆောင်ရန် အဖွဲ့အစည်းတွင်း မူဝါဒချမှတ်ထားသည်။
၂၀၂၃ ခုနှစ် ဧပြီတွင် မကွေးတိုင်း၊ သရက်ခရိုင်အတွင်း အခြေစိုက်ထားသည့် TGF ၏ တပ်ရင်း ၁၀၁၊ တပ်ရင်းမှူး ဗိုလ်မှူးဆိုင်ဂုံ (CDM တပ်မတော်အရာရှိဟောင်း)နှင့် တပ်ဖွဲ့ဝင်ခြောက်ဦးကို စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟု သံသယရှိခြင်း၊ သူလျိုဟူ၍ စွပ်စွဲချက်များဖြင့် KIA နယ်မြေတွင်း၌ အဖွဲ့ဝင်အချင်းချင်း ပြန်လည်ဖမ်းဆီး၍ ချုပ်နှောင်ခဲ့သည်။ ဗိုလ်မှူးဆိုင်ဂုံ ဦးစီးသည့် တပ်ရင်းမှ တပ်ဖွဲ့ဝင်များက လက်မခံဘဲ ၎င်းတို့ တပ်ရင်းမှူးကို မဟုတ်မမှန်စွပ်စွဲသည်ဟု၍ တုံ့ပြန်ထားပြီး TGF မှ ခွဲထွက်ကာ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F)ကို ထူထောင်ခဲ့သည်။ ဗိုလ်မှူးဆိုင်ဂုံကို ပြန်လွှတ်ပေးရန်လည်း KIA ထံ တိုင်ကြားစာပေးပို့ခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် TGF ခေါင်းဆောင်များက ၎င်းတို့ထံတွင် ဗိုလ်မှူးဆိုင်ဂုံ သူလျိုလုပ်နေသည့် သက်သေများ ရှိသည်ဟု တုံ့ပြန်ထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
နိုင်ငံရေးရည်မှန်းချက် လေးချက်ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဏာရှင်နှင့် မဟာလူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေး။
၂။ ပင်လုံကတိကဝတ်ကို လေးစားတန်ဖိုးထားရေး။
၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာ အပြည့်အဝရရှိသည့် တိုင်းရင်းသား ပြည်နယ်များပေါ်ထွန်းရေး။
၄။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားရေး။
ထိုနိုင်ငံရေးရည်မှန်းချက် လေးချက်သည် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ နိုင်ငံရေးဆိုင်ရာ မူဝါဒ လေးရပ်လည်း ဖြစ်သည့်အပြင် အဖွဲ့အစည်း၏ မူဝါဒ၊ သစ္စာအဓိဋ္ဌာန်၊ စည်းမျဥ်းစည်းကမ်း၊ ဆောင်ပုဒ်နှင့် ကျင့်ဝတ်များလည်း ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မိုးကြိုးပြောက်ကျားတပ်ဖွဲ့တွင် ဗဟိုစစ်ကော်မရှင်နှင့် စီမံကွပ်ကဲမှု ရုံးအဖွဲ့ဟူ၍ ဖွဲ့စည်းထားသည်။ ဗဟိုစစ်ကော်မရှင်တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရုံးအဖွဲ့ဝင်များဟူ၍ ဖွဲ့စည်းထားပြီး စီမံကွပ်ကဲမှု ရုံးအဖွဲ့အောက်တွင် တပ်ရင်း-၁၀၁၊ တပ်ရင်း-၂၀၂ ၊ တပ်ရင်း-၃၀၃ နှင့် တပ်ရင်း-၄၀၄ ဟူ၍ ဖွဲ့စည်းထားသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက် လျက်ရှိသည်။ TGF သည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို တိုက်ခိုက်ရန် အဓိကရည်ရွယ်ပြီး တော်လှန်ရေးကာလအလွန် နိုင်ငံရေးပိုင်း ဆွေးနွေးမှုများတွင် ပါဝင်ရန် မျှော်မှန်းထားခြင်း မရှိသည့် တပ်ဖွဲ့ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။
တပ်ရင်း-၁၀၁၊ တပ်ရင်း-၂၀၂ ၊ တပ်ရင်း-၃၀၃ နှင့် တပ်ရင်း-၄၀၄ ဟူ၍ တပ်ရင်းလေးရင်း ဖွဲ့စည်းထားသည်။ တပ်ရင်းလေးရင်းအနက် ၁၀၁ ၊ ၂၀၂၊ ၄၀၄ တို့သည် တိုက်ခိုက်ရေးတပ်များ ဖြစ်ပြီး ၃၀၃ သည် ဆက်ဆံရေးရုံးဆိုင်ရာ တပ်ရင်း ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100090901185755