သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မေ ၅ ရက်။
ဌာနချုပ် – ဗဟို စစ်ဌာနချုပ်၊ အရှေ့ပိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်း စစ်ဌာနချုပ်နှင့် မြောက်ပိုင်း စစ်ဌာနချုပ်ဟူ၍ စစ်ဌာနချုပ် ငါးခုရှိသည်။
လှုပ်ရှားရာဒေသ – နိုင်ငံတဝန်းလုံး။
ခန့်မှန်းအင်အား – ၂၀၀,၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ဦးရည်မွန် (ပြည်ထောင်စုဝန်ကြီး)၊ နိုင်ကောင်းရွက်(ဒုတိယ ပြည်ထောင်စုဝန်ကြီး)။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် အာဏာသိမ်းစစ်ကောင်စီနှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်မတော် ဖြစ်သည်။
PDF တွင် ပါဝင်ကြသူ အများစုသည် သာမန် အရပ်သားများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်နည်းလမ်းဖြင့် တိုက်ခိုက်ဖြုတ်ချနိုင်ရန် ရည်ရွယ်ကာ နီးစပ်ရာ တိုင်းရင်းသားတပ်များထံတွင် စစ်ပညာသင်ယူပြီး PDF ထဲသို့ ဝင်လာကြသူများ ဖြစ်သည်။
အချို့ဒေသများတွင်လည်း NUG နှင့် တိုက်ရိုက်အချိတ်အဆက် မရသော်လည်း နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံတွင် စစ်ပညာသင်ယူကာ တောတွင်းသုံး လက်လုပ်သေနတ်များ၊ တူမီးများဖြင့် ဒေသ အလိုက် တပ်များဖွဲ့စည်းကာ PDF အမည်ခံယူပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် အဖွဲ့များလည်း ရှိသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတဝန်းတွင် PDF ကို အရှေ့ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း ဟူ၍ စစ်ဌာနချုပ် ငါးခု ခွဲကာ ၂၀၂၁ ခုနှစ် မေ ၅ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။
NUG ၏ ကြေညာချက်ထွက်ပြီးနောက် PDF အမည်ဖြင့် ပထမဆုံးအကြိမ် စစ်ကောင်စီနှင့် တိုက်ခိုက်မှု ဖြစ်ပွားသည်မှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် မေ ၂၀ ရက်က ဖြစ်သည်။
ယနေ့အချိန်တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် PDF များသည် ဒေသအခြေစိုက် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးတွဲ၍ စစ်ကောင်စီကို တိုက်ခိုက်ခြင်း၊ သက်ဆိုင်ရာ ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးဆောင်မှုကို ခံယူကာ မြို့နယ်အလိုက် PDF အနေဖြင့် သီးခြားလှုပ်ရှားတိုက်ခိုက်မှုများလည်း ပြုလုပ်လျက် ရှိသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနသ်ာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင်လည်း မြို့နယ်အလိုက် စုဖွဲ့ထားသည့် PDF များသည် စစ်ကောင်စီကို တိုက်ခိုက်ခြင်း၊ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ခြင်း၊ အင်အားငယ်သည့် အချို့အဖွဲ့များသည်လည်း ပြောက်ကျားတိုက်ခိုက်ခြင်းနှင့် ဖောက်ခွဲရေးများ ပြုလုပ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။
PDF နှင့် စစ်ကောင်စီကြား တိုက်ခိုက်မှု အပြင်းထန်ဆုံး ဒေသများသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းတို့၌ ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
(၁) ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ် အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး။
(၂) ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး။
(၃) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
(၁) | ဦးရည်မွန် | ပြည်ထောင်စုဝန်ကြီး |
(၂) | နိုင်ကောင်းရွက် | ဒုတိယ ပြည်ထောင်စုဝန်ကြီး |
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်၍ နိုင်ငံတော်အာဏာကို ပြန်ရယူရန်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက် နိုင်ရေးအတွက် စစ်ကောင်စီ၏ ယန္တရားများကို တိုက်ခိုက်ဖြိုချရန် ဖွဲ့စည်းခဲ့သည့်တပ် ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
ကာကွယ်ရေးဝန်ကြီးဌာနသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူ၍ ဖွဲ့စည်းထားသည်။ စစ်ဌာနချုပ်အသီးသီး၏ အောက်တွင် စစ်ဒေသ၊ စစ်ဒေသခွဲများ သတ်မှတ်ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဒေသအလိုက် လှုပ်ရှားသည့် တပ်ရင်းများကိုလည်း တပ်ရင်းအမှတ်များ ခွဲခြားသတ်မှတ်ထားသည်။ တပ်ရင်းများ၏ ဖွဲ့စည်းစုဖွဲ့မှုပုံစံသည် တပ်စိတ်၊ တပ်စု၊ တပ်ခွဲ ၊ တပ်ရင်း ဟူ၍ စုစည်းခြင်း ဖြစ်သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ နယ်မြေသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေသည် မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေသည် ရှမ်းပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်သည့် ပြည်နယ်များတွင် အခြေစိုက်သည့် PDF တပ်များသည် သီးခြားလှုပ်ရှားခြင်းမရှိဘဲ တိုင်းရင်းသားတပ်များနှင့် NUG/MoD ၏ ပူးတွဲ စစ်ရေးဦးစီး အုပ်ချုပ်မှု အောက်တွင် လှုပ်ရှားလျက် ရှိသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝန်းလုံးတွင် PDF တပ်ရင်း ၃၀၀ ဖွဲ့စည်းထားပြီး ဖြစ်ပြီး PDG ဟူခေါ်ဆိုသည့် မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ခန့်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် လှုပ်ရှားနေသည့် အဖွဲ့များ၏ စာရင်းသာ ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: https://mod.nugmyanmar.org/my/
Email : [email protected]