သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်။
ဌာနချုပ် – ရွေ့လျားဌာနချုပ်။
လှုပ်ရှားဒေသ – မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက်ရှိ တမူး၊ လေရှီး၊ မြို့သစ်၊ ဟုမ္မလင်း၊ ခန်းမတီးနှင့် တွန်းဇံမြို့နယ်များ။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – မသိရပါ။
UKSC/UKSA သည် ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် တည်ထောင်ခဲ့သည့် ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) ကို ဖျက်သိမ်းပြီးနောက် ယခင်တပ်ဖွဲ့ဝင်များဖြင့် စစ်အာဏာသိမ်းကာလတွင် အသစ်ထူထောင် လိုက်သည့် အဖွဲ့ ဖြစ်သည်။
KNO/KNA ကို မဖျက်သိမ်းခင်က ထိုအဖွဲ့အစည်း၏ ဥက္ကဋ္ဌအား အဖွဲ့ဝင်များ ယုံကြည်ခြင်း ကင်းမဲ့နေခြင်းနှင့် အဖွဲ့အစည်းတွင်း ပြဿနာများကြောင့်ဟဆိုကာ ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
သို့သော် အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် UKSC/UKSA သည် အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ဗဟိုကော်မတီဝင်များကို ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါ။
UKSC/UKSA ၏ နိုင်ငံရေးဦးတည်ချက်နှင့် အမျိုးသားရေး ဦးတည်ချက်များသည် ဖျက်သိမ်းလိုက်သည့် KNO/KNA နှင့် အတူတူပင် ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
UKSC/UKSA ၏ နိုင်ငံရေးဦးတည်ချက်
၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့မှ သတ်မှတ်ထားသော လူအခွင့်အရေးစံနှုန်းနှင့်အညီ လူသားများ၏မွေးရာပါအခွင့်အရေးများကို ကူကီးပြည်သူများ တဦးချင်းစီ အပြည့်အဝရရှိရေး။
၂။ ကူကီးလူမျိုးများ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့သောနယ်မြေများကို စုစည်း၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ကူကီးအမျိုးသားပြည်နယ်ကို ဖွဲ့စည်းတည်ထောင်ရေး။
၃။ ပြည်သူလူထု တရပ်လုံး၏ အဓိက ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပစ်ရေး ။
၄။ ကူကီးလူမျိုးများအပါအဝင် လူမျိုးစုအသီးသီး၏ဘဝလုံခြုံမှုကို အာမခံနိုင်မည့် ဒီမိုကရေစီစနစ်ကျင့်သုံးသည့် လူမျိုးတမျိုးနှင့်တမျိုးအကြား တန်းတူညီမျှမှုရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အား ဖွဲ့စည်းတည်ထောင်ရေး။
၅။ ခါတော်မှီစစ်ဆင်ရေး(၁၉၆၇) အတွင်း မတရားပြည်နှင်ခြင်းခံခဲ့ရသော ကူကီးပြည်သူများနှင့် သားစဉ်မြေးဆက်များကို အလိုအလျောက်နိုင်ငံသားအဖြစ် ပြန်လည်ခံယူပိုင်ခွင့်ရရှိရေး။
UKSC/UKSA ၏ အမျိုးသားရေးဦးတည်ချက်
၁။ လူမျိုးတမျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသော ကူကီးလူမျိုးတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကိုမြင့်တင်ရေး။
၂။ ကူကီးလူမျိုးတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အမျိုးသားရေးလက္ခဏာများကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး။
၃။ ကူကီးလူမျိုးများ စည်းလုံးညီညွတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး။
၄။ ကူကီးလူမျိုးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ထုတ်ပြန်ထားခြင်း မရှိပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
မသိရသေးပါ။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
UKSC/UKSA ၏ ၂၀၂၁ ခုနှစ်၊ မေ ၁၉ ရက်တွင် ထုတ်ပြန်ထားချက်အရ UKSA စစ်ရုံးချုပ်၏ အောက်တွင် ဌာနချုပ်တပ်မဟာ သုံးခုရှိပြီး ထိုတပ်မဟာများကို ဌာနချုပ် တပ်ရင်း သုံးခု၊ တပ်ခွဲ သုံးခု၊ တပ်စု သုံးစု ၊ တပ်စိတ် သုံးစိတ်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။