Sai Kyaw Nyunt Archives - ISP Myanmar Peace Desk

ငြိမ်းချမ်းရေးဖြစ်စဉ်အရွေ့ဘယ်လောက်ရှိပြီလဲ (သို့) ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့်  NCA လက်မှတ်ရေးထိုးကြခြင်း အခမ်းအနား (Photo- The Global New Light Of Myanmar)

အယ်ဒီတာမှတ်ချက်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးကြခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် စိုင်းကျော်ညွန့် ပေးပို့လာသည့် ပိုင်းခြားစိတ်ဖြာ သုံးသပ်ချက် ဆောင်းပါးအား ISP-Myanmar Peace Desk က ဖော်ပြခြင်း ဖြစ်ပါသည်။ ISP-Myanmar Peace Desk အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင် အားထုတ်နေကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ (Stakeholders) ၏ သဘောထား ထင်မြင်ချက်များ၊ လေ့လာသုံးသပ်ချက် ဆောင်းပါးများ၊ အတွေ့အကြုံများအား Peace Desk ၏ Editorial Policy နှင့် မဆန့်ကျင်သမျှ ဖော်ပြပေးလျက်ရှိပါသည်။  ISP-Myanmar Peace Desk တွင် ဖော်ပြရန်အတွက် ယခုနည်းတူ မည်သည့် Stakeholders မဆို ဆောင်းပါးများ၊ ပိုင်းခြားစိတ်ဖြာ သုံးသပ်ချက်များ ပေးပို့နိုင်ပြီး၊ ပေးပို့ကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

– အယ်ဒီတာ

ငြိမ်းချမ်းရေးဖြစ်စဉ်အရွေ့ဘယ်လောက်ရှိပြီလဲ (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ− ၂၁ ရာစုပင်လုံ သဘောတူညီချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပုဒ်မ ၂၂(ဃ) “ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ အပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုအပ် သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘော တူညီသည်”

………………. x ….. x ………………

လုပ်ထား … လုပ်ထား … ကြိုးစားထား … ကြိုးစားထား …

ရောက်တော့မယ် … ရောက်တော့မယ် … ရောက်ခါနီးပါပြီခင်ဗျ …

ရွာတစ်ရွာရှိ ပွဲကျင်းပရာ ကွင်းပြင်မှ လွင့်ပျံ့လာသော “လော်”မှ ဆူညံလှသောအသံဖြစ်သည်။ တိမ်မြုပ် ပျောက်ကွယ်လုနီးပြီဖြစ်သည့် ချောတိုင်တက်ပွဲမှာ လွင့်ပျံ့လာသော အသံဖြစ်သည်။ ဤအသံကို ကြားလိုက်ရသည့် သကာလ စာရေးသူသည် မိမိ၏ဆရာဖြစ်သူ စာပေဗိမာန်စာပေ သုံးဆုရ စိုင်းညွန့်လွင်၏ “ချောတိုင်တက်သူများ” ဟူသောဆောင်းပါးကို ပြန်အမှတ်ရစေသည်။ ချောတိုင်ထိပ်ရောက်ကာ အလံကို ရယူနိုင်သူသည် ၄င်းတစ်ဦးတည်း ၏ကြိုးပမ်းမှုကြောင့် အလံကို ရယူနိုင်သည်ကို အထင်ရောက်သွားစေတတ်သည့် သဘောကို ရေးသားဖော်ညွန်း ထားသည်။ ၄င်း၏အောက်တွင် အနစ်နာခံ၊ အနာခံကာ တောင့်ခံထားသောသူများ ရှိနေသောကြောင့်ပင် အလံကို ရယူနိုင်ခဲ့သည်မဟုတ်ပါလား။ ပုထုဇန် လူသားတို့၏ အောင်ပွဲအပေါ်တွင် ဆာလောင်မွတ်သိပ်စိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့ကြောင့် အမှန်ကို မမြင်နိုင်သော အခိုက်အတန့် အချိန်များ ရှိတတ်ကြသည်မဟုတ်ပါလော။

လုပ်ထား … လုပ်ထား … ရောက်တော့မယ် … ရောက်တော့မယ် … ရောက်ခါနီးပါပြီခင်ဗျ …

ချောတိုင်တက်ပွဲမှ ထပ်မံလွင့်ပျံ့လာသောအသံကြောင့် အတွေးစ ခေတ္တရပ်တန့်သွားသည်။ ပြန်စဉ်းစား သည်။ လူတို့သည် အောင်မြင်သောအခါတွင်သာ ကူညီသူများ၊ အနစ်နာခံပေးသူများကို မေ့လျှော့တတ်သော် လည်း၊ အောင်မြင်မှုမရသောအခါ အကြင်သူကြောင့် ကျဆုံးရသည်ဟု အပြစ်ဖို့တက်ကြပေသည်။ ဤသည်မှာလည်း လူ့လောကဓမ္မတာပင်မဟုတ်ပါလား။ လူတို့၏သဘောကို စောကျောသောအခါ တခါတရံ သံဝေဂ ရစရာပင် ကောင်းလှ ပေတော့သည်။ ချောတိုင်တက်ပွဲမှ အသံ လွင့်လာပြန်သည်။

လုပ်ထား … လုပ်ထား … ရောက်တော့မယ် … ရောက်တော့မယ် … ရောက်ခါနီးပါပြီခင်ဗျ …

အာရုံစိုက်ကာ နားထောင်မိသည်။ ရိုးရာယဉ်ကျေးမှု အားကစားများကို ပြန်လည်ဖော်ထုတ်ခြင်းသည် ကောင်းမွန်သောဓလေ့ပင်ဖြစ်သည်။ ဤသို့နှယ်ပင် ပြည်ထောင်စုသားတိုင်းရင်းသားအပေါင်း၏ ရိုးရာယဉ်ကျေးမှု ကအစ အားကစားပါမကျန် ပြန်လည်ဖော်ထုတ်နိုင်လျှင် ကောင်းလေစွဟု စိတ်၌ တမ်းတမိပေသည်။ အမိနိုင်ငံ တွင် အစဉ်အဆက် ပြည်ထောင်စုသားတိုင်းရင်းသားအပေါင်း၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်ရန် ပျက်ကွက်ခဲ့သည် မဟုတ်ပါလော။

ရောက်ခါနီးပါပြီဗျား … ရောက်ခါနီးပါပြီဗျား … ရောက်ခါနီးပါပြီခင်ဗျား …

ပွဲခင်းကြေညာသူ၏ ကျယ်လောင်လှသော အသံဝါဝါကြောင့် သေချာစွာ နားစွင့်လိုက်သည်။ အော်သံသည် ကား အားရကျေနပ်ဖွယ်ရာ ကောင်းလှပေတော့သည်။

ရောက်ပါပြီဗျား … ရောက်ပါပြီဗျား … ရောက်ပါပြီခင်ဗျား …

အရေးထဲ ပွဲကြေညာသူက မြန်မာအိုင်ဒေါ တင်ဆက်သူကဲ့သို့ လေကြောရှည်နေသေးသည်။ မည်သူက အောင်လံကို ဆွတ်ခူးနိုင်ပြီနည်း။

ရောက်ပါပြီဗျား … ရောက်ပါပြီဗျား … ရောက်ပါပြီခင်ဗျားးးးးးး …

ပရိတ်သတ်ကြီးခင်ဗျား … နားဆင်ကြပါ … ပရိတ်သတ်ကြီးခင်ဗျား …

အော်လံကို ဆွတ်ခူးဖို့ ကြိုးစားတဲ့ ယှဉ်ပြိုင်သူဟာ လျောကျပြီး မိမိရဲ့ မူရင်းတိုင်ခြေကို အောင်မြင်စွာ ပြန်လည် ရောက်ရှိပြန်ပါပြီခင်ဗျားးးးးး

သောက်တလွဲကြေညာချက်၊ လွဲတာမှ လွန်မင်းစွာလွဲပါသည်။ ပွဲခင်းထဲ မရှိဘဲ ခပ်လှမ်းလှမ်း အဝေးဆီက “အသံဖမ်းတရားနာနေသူ” အဖို့ ဖြစ်ရပ်မှန်နှင့် တက်တက်စင်အောင် လွဲပါပြီတကား။ လောကတွင် ဤသို့နှယ် အဖြစ် အပျက်များ မည်မျှပင် ရှိနေပါသနည်း။ အသံကောင်းဟစ်တတ်သူရှိပါက အောင်ပွဲဟုပင် ထင်မှတ်မှားစေသည်မှာ အမှန်ပင်ဖြစ်လေတော့သည်။

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ − ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး)

“နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဟူသော သဘောတူညီချက် မရ၍ ယခုအစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်သည်။ ဤအချက်နှင့် ဆက်စပ်သည့် အပိုဒ်(၄)ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တစ်ခုလုံးနှင့် အပိုဒ်(၅)(ဆ)တို့အားလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးခြင်း မပြုတော့ရန် ဆုံးဖြတ် သည်။ နောင်တွင် ဆက်လက်ဆွေးနွေးရန်ဖြစ်သည်။

ဤသည်ကား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံသို့ တင်သွင်းသည့် နိုင်ငံရေးကဏ္ဍ ဆိုင်ရာ အဆိုပြုလွှာများနှင့် ဆွေးနွေးမှုစုစည်းချက်များအပေါ် ၂၀၁၇ ခုနှစ် မေလ ၂၈ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC−II) ၌ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှ ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ပမာဆိုရသော် ယခင်ခေတ် အစိုးရဖွင့်လှစ်သော “ဂျီအီးစီတွင် ဈေးဝယ်သကဲ့သို့” “ဟိုဟာမဝယ်သဖြင့် ဒီဟာရောင်းမပေးပါဟူသော ရောင်းမကုန် သည့်ပစ္စည်း၊ လူမကြိုက်သည့်ပစ္စည်းကို အစွံအရောင်းထုတ်သည့် နည်းလမ်းနှယ်နှယ်ပင် ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်ကြောင့်  ညီလာခံသို့ တင်သွင်းသည့် အဆိုပြုလွှာ အပိုဒ် ၅(ဆ) “တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေးဆွဲပြဋ္ဌာန်းခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင်ဥပဒေများတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျော်လွန်ဆန့်ကျင်စေခြင်း မရှိစေဘဲ ရေးသားပြဋ္ဌာန်းခွင့် ရှိစေရမည်။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်း(Division of Power) ရှိရမည်” မှတ်ချက် “ကြွင်းကျန်သောအာဏာ ကျင့်သုံးခြင်းကိစ္စနှင့် ပတ်သက်၍ နောင်တွင် ဆက်လက် ဆွေးနွေးရန်” နှင့်အတူ အပိုဒ် ၄ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်သော အောက်ဖော်ပြပါ ဖက်ဒရယ်ဆိုင်ရာအခြေခံမူ များကို နောက်ကျင်းပမည့် ညီလာခံများတွင်မှ ဆက်လက်ဆွေးနွေးရန် ရွေ့ဆိုင်းလိုက်ရပေတော့သည်။

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေ့ရှု့၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်မှန် ပြီးထိရောက်စွာ လက်တွေ့အကောင်အထည် ပေါ်လာမည့် ဖက်ဒရယ်စနစ်မူဘောင်အတွင်းမှ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရမည်။

(ခ)   နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင် အတည်ပြုပြီးဖြစ် သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် တိုင်း ဒေသကြီး/ ပြည်နယ်များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများရေးဆွဲရာတွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကျော်လွန် ဆန့်ကျင်ခြင်းမရှိစေဘဲ အခြေခံ လွတ်လပ်ခွင့်၊ အခြေခံရပိုင်ခွင့်နှင့် ဒီမိုကရေစီကျင့်စဉ်များကို အာမခံ ရမည်။

(ဂ)  တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှုနှင့် ဓလေ့ထုံးတမ်းစသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက် ရှိစေ ရမည်။

(ဃ) တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အမျိုးသား လက္ခဏာနှင့် ယဉ်ကျေးမှုဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို  မည်သည့်အခြေအနေတွင်မှ ရုပ်သိမ်း ဟန့်တားခြင်းမရှိစေရ။

(င)  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်း ကျင့်သုံးခွင့်ရှိစေရမည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြီးစွာသော ဆုံးရှုံးမှုပင်ဖြစ်သည်။ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများနှင့် သက်ဆိုင်ခြင်းမရှိသော “ခွဲထွက်ခွင့်မရှိ” ဟူသော စည်းနှောင်မှုကို အဘယ်ကြောင့် အစည်းအဝေး အခင်းအကျင်းသို့ တင်သွင်းလာပါသနည်း။ ထို့အတူ လုံခြုံရေးဆိုင်ရာကဏ္ဍတွင် “တစ်ခုတည်းသော တပ်မတော်” ဟူသော ဆွေးနွေးချက်ကိုပါ ငြိမ်းချမ်းရေးစားပွဲဝိုင်းဖြစ်သော ညီလာခံသို့ အဘယ်ကြောင့် တင်သွင်းလာပါသနည်း။ မည်သည့်ရည်ရွယ်ချက်ကြောင့် ဖြစ်ပါသနည်း။

၄င်းနောက် အောက်ဖော်ပြပါ အကြောင်းအရာများကို နောင်ကျင်းပမည့် ညီလာခံတွင် ဆက်လက်ဆွေးနွေး မည့်ခေါင်းစဉ်များအဖြစ် သတ်မှတ်ခဲ့ကြသည်။

(က) တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း

(ခ)  ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု

(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်

(ဃ) ပြည်ထောင်စုတပ်မတော်

(င)  ပြည်နယ်သစ်ပေါ်ထွန်းခွင့်

(စ)  ပြည်နယ်နယ်နိမိတ်

(ဆ) ဘဏ္ဍာရေးနှင့် သယံဇာတ

(ဇ)  နိုင်ငံသား

(ဈ) နိုင်ငံရေးနှင့်ဘာသာရေး

(ည) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

မှတ်ချက်အဖြစ် “ပြည်ထောင်စုတပ်မတော်ခေါင်းစဉ်ကို လုံခြုံရေးကဏ္ဍတွင်လည်ကောင်း၊ ဘဏ္ဍာရေးကို စီးပွါးရေး ကဏ္ဍတွင်လည်းကောင်း၊ သယံဇာတကို မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင်လည်းကောင်း ဆွေးနွေးနိုင်ရေး တင်ပြရန်” ကိုပါ သဘောတူကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ − ၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး) အား၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပရန် မူလက စီစဉ်ထားရှိသည်။ “ခွဲမထွက်ရ” ဟူသော ဆွေးနွေးချက်ကြောင့် ညီလာခံအခင်းအကျင်းအတွင်း ပြုလုပ်သော ဆွေးနွေးပွဲများတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် UPDJC အစည်းအဝေးကျင်းပရမည့် ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် UPDJC အစည်းအဝေးအစား NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များဖြင့် စုပေါင်းဖွဲ့စည်းထား သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ အရေးပေါ်အစည်း အဝေးကို ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင်လည်း ညှိနှိုင်းဆွေနွေးမှု အောင်မြင်ခြင်း မရှိခဲ့ပေ။

ဤနေရာတွင် ထပ်မံပြောလိုသည်မှာ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ကျင်းပသော အတွင်းရေးမှူးအဖွဲ့အစည်း အဝေး အခင်းအကျင်းဖြစ်သည်။ ၂၆ ရက်နေ့ တွင် ညနက်သည်အထိ PPST ထိပ်သီးခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ UPDJC အဖွဲဝင်များ အစည်းအဝေးထိုင်ကြသည်။ ထိုအစည်းအဝေး တွင် “ခွဲမထွက်ရ” ဟူသော ဆွေးနွေးချက်နှင့် ပတ်သက်၍ ဦးစားပေးဆွေးနွေးရမည့် နည်းလမ်း (၃) သွယ်ကို ချမှတ် ခဲ့သည်။ ၄င်းအတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ UPDJC အတွင်းရေးမှူးများအပါအဝင် UPDJC အဖွဲ့ဝင်များက ရပ်တည် ဆွေးနွေးရန် ဖြစ်သည်။ ဦးစားပေးနည်းလမ်း(၁)မှာ “ခွဲမထွက်ရ” ဟူသော အကြောင်းအရာ ကို ညီလာခံတွင် မည့်သည့်အခါမှ ထည့်သွင်းဆွေးနွေးခြင်း မရှိရေး ညှိနှိုင်းရန်၊ ဦးစားပေးနည်းလမ်း(၂)မှာ မဖြစ်မနေ ဆွေးနွေးမည်ဟု ဆိုပါက နောင်ကျင်းပမည့် ညီလာခံများတွင်မှ ဆွေးနွေးရန်နှင့် ဦးစားပေးနည်းလမ်း(၃)မှာ “ခွဲမထွက်ရ” ဟူသောစကားရပ်အစား ပျော့ပြောင်းသော၊ အပေါင်းလက္ခဏာဆောင်သော စကားရပ်များဖြင့် အစား ထိုးရန် ဟူသည့် ဦးစားပေးဆွေးနွေးမှုနည်းလမ်းများ အစီအစဉ်အလိုက် တစ်ဆင့်ချင်းလျှော့ချကာ ဆွေးနွေးသွားရန် ဖြစ်သည်။ အတွင်းရေးမှူးအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ UPDJC အတွင်းရေးမှူး တစ်ဦးက ဦးစားပေးအစီအစဉ်အတိုင်း ဆွေးနွေးရမည့်အစား နည်းလမ်း(၃) ဖြစ်သည့် စကားလုံးပြင်ဆင်သည့် နည်းလမ်းဖြင့် စတင်ဆွေးနွေးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ အတွင်းရေးမှူးများအကြားတွင် ငြင်းခုံမှုများ၊ ပြဿာနာများ စတင်ဖြစ်ပွားတော့သည်။ ထိပ်သီးခေါင်းဆောင်များပါဝင်ထားသော အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို အဆိုပါ UPDJC အတွင်းရေးမှူး အနေဖြင့် ချိုးဖောက်ခြင်းပင် ဖြစ်တော့သည်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ အတွင်းရေးမှုး၏ အမည်နာမကိုမူ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအား ရည်မျှော်၍ စာရေးသူအနေနှင့် ယခုအချိန်တွင် မဖော်ပြလိုပါ။ မည်သူဖြစ်သည်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နီးစပ်သောသူများအားလုံး သိရှိပြီးဖြစ်သည်။

အဆိုပါ UPDJC အတွင်းရေးမှူးအဖွဲ့အစည်းအဝေးတွင် ဖြစ်ပေါ်သော အခင်းအကျင်းကြောင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တင်းမာမှုများ၊ ငြင်းခုံမှုများနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ် ခဲ့သည်။ UPDJC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်အချို့က PPST က UPDJC လုပ်ငန်းစဉ်ကို ကြိုးကိုင်သည်ဟူ၍လည်းကောင်း၊ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုက PPST ဆုံးဖြတ်ချက်များအတိုင်းသာ UPDJC အဖွဲ့ဝင်များ ကဆောင်ရွက်ရမည်ဟူ၍လည်းကောင်း သဘောထားကွဲလွဲကြသည်။

UPDJC အစည်းအဝေးကို ၂၈ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကာ ညီလာခံအား တစ်ရက်တိုး၍ ကျင်းပရန် ဆုံးဖြတ်လိုက်ရပေတော့သည်။ ၂၈ ရက်နေ့တွင် ကျင်းပသော UPDJC အစည်းအဝေးသည်လည်း တင်းမာမှုများစွာ ရှိခဲ့သည်။ “ခွဲမထွက်ရ” ဟူသော အကြောင်းအရာအား အကြိတ်အနယ် အပြင်းအထန် ဆွေးနွေးကြသည်။ ထို့ကြောင့် မနက် ၉ နာရီတွင် စတင်သော UPDJC အစည်းအဝေးအား ညနေပိုင်း ၇ နာရီ ၁၅ မိနစ်အထိ ကျင်းပခဲ့ရပေသည်။ “ခွဲထွက်ခွင့်” “ခွဲမထွက်ခွင့်” နှင့်ပတ်သက်၍ သဘောထားကြီးစွာ ကွဲလွဲသည့်အလျောက် ဆွေးနွေးသည့်အခါတွင် စိတ်ခံစားမှုများ၊ သမိုင်းပေးတာဝန်ကို ကာကွယ်လိုသော စိတ်ဓါတ်များ၊ ဆွေးနွေးဖက်အား အနိုင်ယူလိုသော စိတ်ထားများ စသည့်စိတ်ခံစားမှုမျိုးစုံဖြင့် ဆွေးနွေးခဲ့ကြသည့်အတွက် ဆွေးနွေးပွဲသည် မုန်တိုင်းထန်နေသကဲ့သို့ ဖြစ်သည်။ အစည်းအဝေးတင်းမာလာသောအခါ “လက်ဖက်ရည်သောက်နားလိုက်” “အစည်းအဝေး ခေတ္တခဏ ရပ်နားလိုက်” စသည်ဖြင့် တင်းမာမှုကို လျှော့ချကာ ဆွေးနွေးပွဲ ပျက်မသွားရန် နည်းလမ်းမျိုးစုံသုံးခဲ့ရသည်။ “ခွဲမထွက်ရ” ဟူသော အကြောင်းအရာကို သဘောတူညီမှု မရရှိသည့်အတွက် “ကိုယ်ပိုင်ပြဌာန်းခွင့်” နှုင် “ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်” စသည့် အကြောင်းအရာများ သဘောတူညီချက် မရရှိခဲ့သည့်အပေါ် UPDJC အဖွဲ့ဝင် အတော်များများ စိတ်ဓါတ်ကျသွားသည်ကို အထင်းသား မြင်ခဲ့ရသည်။ အစည်းအဝေးညနေပိုင်းတွင် ဆွေးနွေးမှု၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းသို့ ရောက်သည်ဟု ဆိုရမည်ဖြစ်သည်။ ခန်းမပြင်ပရှိ ရာသီဥတုသည်လည်း မိုးသက်လေပြင်း ပြင်းပြင်းထန်ထန်တိုက်ကာ ခန်းမတွင်းဆွေးနွေးမှုအား ပုံဖော်နေသကဲ့သို့ ရှိသည်။ အရေးကြီးဆုံး အချိန်ကာလ မဟုတ်ပါလော။ နောက်ဆုံးတွင် “ခွဲမထွက်ရ” အား သဘောတူညီမှု မရရှိသည့်အတွက် တပ်မတော် ကိုယ်စားလှယ်က “ကိုယ်ပိုင်ပြဌာန်းခွင့်” နှုင် “ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်” ကိုပါ ချန်လှပ်ရန် တင်သွင်းသည့်အဆိုအပေါ်တွင် ဆွေးနွေးညှိနှိုင်းသဘောတူပြီး ကျန်နိုင်ငံရေးကဏ္ဍဆိုင်ရာအကြောင်းအရာများ အပါအဝင် အခြားကဏ္ဍမှအကြောင်းအရာများအနက် သဘောတူနိင်သည့်အချက်များကို ဆက်လက်ဆွေးနွေးခဲ့ရာ အများစုက သဘောတူညီသည့် အချက် ၃၇ ချက် ရရှိခဲ့သည်။ ၂၉ ရက်နေ့ ညီလာခံစုံညီအခင်းအကျင်းတွင် အဆိုပါ သဘောတူညီချက် ၃၇ ချက်အား ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ချုပ်ဆိုခဲ့သည်။ ထိုသို့ ချုပ်ဆိုရာတွင် ညီလာခံတွင် ပါဝင်သော အဖွဲ့အစည်းအားလုံးက လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ညီလာခံအစုအဖွဲ့ ခေါင်းဆောင်များသာ လက်မှတ်ရေးထိုးသည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။ အချို့သော အဖွဲ့ အစည်းများသည် အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) ပါ အချက် ၃၇ ချက်ကိုပင် သဘော မတူသည့်အတွက် ကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ငြိမ်းချမ်းရေးဖြစ်စဉ် အဆုံးသတ်မည့် အခြေအနေမှ လွှတ်ခဲ့ သည်ဟုပင် ဆိုရပေမည်။

သဘောတူညီချက် ၃၇ ချက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ အချက်တစ်ရပ်ကျန်ပါသေးသည်။ အဆိုပါ သဘောတူညီချက်ကို UPDJC အစည်းအဝေးတွင်သာ သဘောတူညီမှုကို ရယူခဲ့ပြီး ညီလာခံကိုယ်စားလှယ်များက ဆုံးဖြတ်အတည်ပြုခဲ့သည့် သဘောတူဆုံးဖြတ်ချက်မဟုတ်ခဲ့ပေ။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ပြန်လည်ပြင်ဆင်သုံးသပ်ထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အခန်း (၆) “နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူဆုံးဖြတ်ချက်ချမှတ်ခြင်း” တွင် “နိုင်ငံရေးဆွေးနွေးပွဲများ၌ ဆွေးနွေးဘက်များအကြား ဝိဝါဒကွဲပြားမှု များကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည်ညှိနှိုင်းဖြေရှင်းပြီး သဘောတူဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံမူ အပိုဒ် ၁ အပိုဒ်ခွဲ (ဇ) နှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်သွားမည် –

၆.၁။ ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စရပ်များအားလုံးကို လုပ်ငန်းကော်မတီအဆင့်တွင် အကျေအလည် ဆွေးနွေး အဖြေရှာရန်။ လုပ်ငန်းကော်မတီတစ်ခုအတွင်း (သို့မဟုတ်) ကော်မတီများအကြား မဖြေရှင်းနိုင်သည့် သဘောထားကွဲလွဲမှုများရှိလာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့မှတဆင့် UPDJC သို့တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။ UPDJC အနေဖြင့် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များ ရှိလာပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။

၆.၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံတွင် လုပ်ငန်းကော်မတီ အသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေး (ကာကွယ်ရေး) ဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များအပါအဝင် အရေးကြီးသောကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး (၇၅) ရာခိုင် နှုန်းအထက်ထောက်ခံမဲရရှိ၍ တက်ရောက်သူစုစုပေါင်း၏ အနည်းဆုံး (၇၅) ရာခိုင်နှုန်းအထက် ထောက်ခံမဲ ဖြင့်ဆုံးဖြတ်နိုင်သည်။

၆.၃။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံတွင် လုပ်ငန်းကော်မတီအသီးသီးမှ တင်ပြလာသော ကိစ္စရပ်များအနက် အပိုဒ်ခွဲ ၆.၂ ပါ ကိစ္စရပ်များမှအပ အခြားကိစ္စရပ်များကို ညီလာခံတက်ရောက်သူ အစုအဖွဲ့တစ်ဖွဲ့ချင်းစီမှ အနည်းဆုံး (၅၀) ရာခိုင်နှုန်းအထက် ထောက်ခံမဲရရှိ၍ တက်ရောက်သူစုစုပေါင်း၏ အနည်းဆုံး (၆၅) ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်။”

ဟူ၍ ရေးဆွဲပြဋ္ဌာန်းထားရာ UPDJC အစည်းအဝေးတွင်သာ သဘောတူဆုံးဖြတ်ထားပြီး နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်  ၆.၂ နှင့် ၆.၃ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် မူဘောင်အတိုင်း သဘောတူဆုံးဖြတ်ထားသော အဆိုပါ သဘောတူညီချက် ၃၇ ရက်သည် တရားဝင်မှုရှိမရှိ ပညာရှိကဝိအပေါင်း ဆင်ခြင်သုံးသပ်ရန် လိုအပ်ပေသည်။ ထိုအကျိုးဆက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအတွင်းတွင် UPDJC အဖွဲ့ဝင်များနှင့် ညီလာခံတက်ရောက်ခွင့်ရရှိသော အဖွဲ့ဝင်များအကြား အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ရသည်။ မူဘောင်အတိုင်းကျင့်သုံးခြင်းမပြုပါက အဘယ်ကြောင့်လျှင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ရေးဆွဲ ပြဋ္ဌာန်းထားရပါသနည်း။ ရေးဆွဲပြဋ္ဌာန်းရန်ပင် လိုအပ်ပါသလား။ မူဘောင်ဟူသည် ကစားပွဲ၏ ဥပဒေသ (Rule of the Game) ပင် မဟုတ်ပါလော။

၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement) တွင် နိဒါန်း၊ အခန်း(၁) အခြေခံမူများ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ၊ အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ အခန်း(၅) နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း(၆) ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် အခန်း(၇) အထွေထွေ ဟူ၍ အခန်း ၇ ခန်းရှိကာ ပုဒ်မအနေဖြင့် ၃၃ ခုရှိသည်။

နိဒါန်းပိုင်းတွင် အခန်း (၁) အခြေခံမူများတွင် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် သည် ယခင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြားချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်းအသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့် အတည်ပြုခြင်းဖြစ်ပြီး ပါဝင်သင့်သူအားလုံး ပါဝင် နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် တရားမျှတမှု နှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို ဦးတည်သည်” ဟူသောစကားရပ် ပါရှိသည်ဖြစ်ရာ ၁၉၈၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်များ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ်များ (Bi-Lateral Ceasefire Agreenents) စသည်တို့ကို ထပ်လောင်း အတည်ပြုသည်ဟု နားလည်ရမည်ဖြစ်သည်။ စာရေးသူအနေဖြင့် ၁၉၈၉၊ ၁၉၉၀ ခုနှစ် ဝန်းကျင်တွင် ချုပ်ဆိုခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်များ လက်ဝယ်တွင် မရှိသည့်အတွက် လေ့လာနိုင်ခြင်းမရှိပေ။ လက်မှတ် ရေးထိုးသော အဖွဲ့အစည်းများစာရင်း အတိအကျအားလည်း သိရှိခြင်းမရှိသည်ကို ဝန်ခံရပေမည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ၂၀၁၁ မှ ၂၀၁၃ ခုနှစ် အထိချုပ်ဆိုခဲ့သော နှစ်ဖက်အပစ် အခတ်ရပ်စဲရေးစာချုပ်များတွင် အဖွဲ့အစည်း ၁၁ ဖွဲ့က ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် နှစ်ဖက်အပစ် အခတ်ရပ်စဲစာချုပ်အထိ ချုပ်ဆိုခဲ့ပြီး အဖွဲ့အစည်း ၃ ဖွဲ့မျာမူ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်သာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(၁) ကရင်အမျိုးသားအစည်းအရုံး(KNU)၊ (၂)ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ (၃)ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ (၄)ချင်းအမျိုးသားတပ်ဦး(CNF)၊ (၅)ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ (၆)မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ (၇)ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP)၊ (၈)မွန်ပြည်သစ်ပါတီ(NMSP)၊ (၉)ကရင် နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ (၁၀)“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် (၁၁)အမျိုး သားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်−မိုင်းလားတပ်ဖွဲ့(NDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ တို့သည် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားပြီး (၁)ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ (၂)ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် (၃)နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K) တိုသည် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်အထိသာ လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၃ ဖွဲ့ ဖြစ်သည်။ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်တပ်မတော်(KIO/KIA) မှာမူ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ူငန်းကော်မတီနှင့် KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့အကြား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးဖူးသော်လည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bi-Lateral Ceasefire Agreenents) အဖြစ် အစိုးရအနေဖြင့် သတ်မှတ်ခဲ့ခြင်း မရှိဘဲ အကြိုသဘောတူစာချုပ်အဖြစ်သာ အသိအမှတ်ပြုခဲ့သည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်−ကိုးကန့် တပ်ဖွဲ့(MNDAA) တိုမှာ အစိုးရတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေ၍လည်ကောင်း၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် “ဝ”အမျိုးသားအဖွဲ့ချုပ်(WNO) စသည့်အဖွဲ့အစည်း ၃ ဖွဲ့ ကိုမူ အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးခြင်းမရှိသဖြင့် နှစ်ဖက်အပစ်ရပ်စာချုပ်များ ချုပ်ဆိုရန် အစိုးရမှ ကမ်းလှမ်းခဲ့ခြင်းမရှိပေ။

အခန်း(၁) အခြေခံမူများတွင် “ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြားဆက်ဆံခြင်း မပြုဘဲ တန်းတူရည်တူ အခွင့်အရေး ရရှိစေရန်၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်း မရှိသည့် နိုင်ငံတော်ကိုထူထောင်ရန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော ပြည်သူ လူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေး နှင့် ပြည်သူလူထု၏ ဘဝ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်” ဟူ၍ပါရှိလေရာ အဆိုပါ အခြေခံမူများကို မည်မျှအကောင်အထည် ဖော်ဆောင်ရွက်ပြီးပါပြီနည်း။

အခန်း(၁) အခြေခံမူများ ပုဒ်မ ၁(က) တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍  လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အ၀ ရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟူ၍ ဖော်ပြပါရှိသည်။ အဆိုပါဖော်ပြချက်ပါ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍” ဟူသောစကားရပ်တွင် “ခွဲမထွက်ရ” ဟူသော သဘောတရား ပါရှိပြီးဖြစ်ရာ NCA အားလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ညီလာခံ တွင် အဘယ်ကြောင့် “ခွဲမထွက်ရ” အားအတင်းသဘောတူခိုင်းပါသနည်း။ ညီလာခံ အောင်မြင်မှုမရရှစေရန် တမင် လုပ်ဆောင်သည့် သဘောကဲ့သို့ပင် ဖြစ်နေပေတော့သည်။ အဆိုပါစာပိုဒ်တွင်ပင် “ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟုပါရှိသည်။ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု” ဟုဆိုသဖြင့် ၄င်းအနှစ်သာရတို့ ၉၀ ရာခိုင်နှုန်း ကိုအခြေခံလျှင်သော်လည်းကောင်း၊ ၅ ရာခိုင်နှုန်းမျှကိုသာ အခြေခံလျှင်လည်း အခြေခံသည်ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။ သို့ပါ၍ ဤကဲ့သို့သော ဝိဝါဒကွဲပြားစရာဖြစ်သော စကားရပ်များကို တင်ကြို၍ အနက် အဓိပ္ပာယ်ဖွင့်ဆိုထားရမည်ဖြစ်သည်။ “နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟုဆို သဖြင့် နိုင်ငံရေးဆွေးနွေးပွဲတင် မိမိအစုအဖွဲ့၊ မိမိအဖွဲ့အစည်း ရချင်သောရလဒ် ရရှိအောင် နည်းလမ်းပေါင်းစုံသုံး၊ အခင်းအကျင်းပေါင်းစုံဖန်တီးကာ ဆွေးနွေးကြတော့သည်။ သို့ပါ၍ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ရေးဆွဲရာတွင် မိမိအစုအဖွဲ့ အသာရရေး ဦးစားပေး ရေးဆွဲမှုများ ရှိခဲ့ပါသဖြင့် အားလုံးကျေနပ်နှစ်သက်သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ယခုအချိန်အထိ အဆုံးသတ်နိုင်ခဲ့ခြင်းမရှိပေ။ နဂိုအတင်းအကျပ် သဘော တူခဲ့ရသော မူဘောင်အတိုင်းသာ နိုင်ငံရေးဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ရသဖြင့် ညီလာခံတွင် ဖြစ်သင့်သည့် ရလဒ် ထွက်ပေါ်လာအောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသေးပေ။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၊ ငြိမ်းချမ်းရေးညီလာခံအခင်းအကျင်း၊ ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ယန္တရားများအပေါ် နှစ်သက်ခြင်း မရှိလှသဖြင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း စောင့်ကြည့်အဆင့်တွင်သာရှိပြီး NCA လက်မှတ်ရေးထိုးကာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွင်းပါဝင်လာနိုင်ခြင်းမရှိသေးပေ။ သို့ပါ၍ NCA အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ တွင် ဖော်ြပပါရှိသော “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေး ဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲမှုတို့ကို ဦးတည်လျက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်သင့်ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးရန်” ဟူသည့် ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော တိုင်းရင်းသားးလက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့အနက် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးသေး၍ဖြစ်သည်။

NCA အခန်း(၃) တွင် တပ်ပိုင်းဆိုင်ရာကိစ္စများ၊ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင် အဖွဲ့များနေရာချထားခြင်း၊ တပ်ဖွဲ့ဝင်များလွတ်လပ်စွာသွားလာခွင့်တို့အပြင်ထူးထူးခြားခြား “အရပ်သားများကို အကာအကွယ်ပေးခြင်း” ဟူ၍ ပုဒ်မ ၉ တွင် “တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူသည် –

(က) ပြည်သူလူထု၏စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊

(ခ)  ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ၊

(ဂ)  ဒေသခံပြည်သူများကို အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ၊

(ဃ) ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံ ရယူ ခြင်းမပြုလုပ်ရ၊

(င)  ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြု ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊

(စ)  ဒေသခံများ၏မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနှင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရ၊

(ဆ) အများပိုင်ပစ္စည်းများကို ပျက်စီးစေခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်း မပြုလုပ်ရ၊

(ဇ)  ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ပိတ်ပင်ခြင်း၊ ပညာရေးဆိုင်ရာ ပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ၊

(ဈ) လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေခြင်း၊ အများပြည်သူနှင့်သက်ဆိုင် သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဥပဒေအရ ခွင့်ပြုထားသည့် အများပြည်သူများအတွက် ဆေးဝါးများသယ်ယူပို့ဆောင်ခြင်းအား တားမြစ်ခြင်း မပြုလုပ်ရ၊

(ည) ပြည်သူလူထု၏ စားနပ်ရိက္ခာစုဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများကို တစ်ပိုင်တစ်နိုင် သယ်ယူပို့ဆောင်ရောင်းချခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများကို နှောင့်ယှက်ဟန့်တားခြင်း မပြု လုပ်ရ၊

(ဋ)  စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေးအဆောက်အအုံ ပရဝုဏ်များအား အကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးမှုဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းနှင့် စစ်ဘက်ဆိုင်ရာတပ်စခန်းချထားခြင်း မပြုလုပ်ရ၊

(ဌ)  ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုလုပ်ရ၊

(ဍ)  အမျိုးသမီးများအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယားပြုကျင့်ခြင်း၊ လိင်မှု ဆိုင်ရာကျွန်ပြုခြင်း မပြုလုပ်ရ၊

(ဎ)  ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါ ဖြတ်တောက်ခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်း/ စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရ၊

(ဏ) ပြည်သူလူထုကို ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း မပြုလုပ်ရ၊

(တ) အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးရန်၊

(ထ) အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာသွားလာခွင့် ပြုရန်၊

ဟုပါရှိသည့်အပြင် ပုဒ်မ ၁၀ တွင် “လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ” ခေါင်းစဉ်ဖြင့် “ပြည်ထောင်စုအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည်-

(က) ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ်ခံစားရသူများ အတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးခြင်းနှင့် စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီ ထောက်ပံ့မှုများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရယူပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအဖွဲ့ အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ရန်၊

(ခ)  ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) အား ၎င်းတို့၏ဆန္ဒအတိုင်း မူလဒေသများသို့ ပြန်လည် နေထိုင်ခြင်းကို ဦးစားပေး ဆောင်ရွက်ရန်သော်လည်းကောင်း၊ သင့်လျော်ရာနေရာတွင် ရွာသစ်တည်ထောင် ပေးစေလိုလျှင်သော်လည်းကောင်း၊ ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီဖြစ်စေရန် ဆောင်ရွက်ပေး ရမည်၊

(ဂ)  ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခ သည်များအား စိစစ်၍ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် များကို ပူးတွဲညှိနှိုင်းဆောင်ရွက်ရန်၊

ဟူ၍ပါရှိလေရာ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း ကောင်း၊ တပ်မတော်သည်လည်းကောင်း လိုက်နာမှုရှိမရှိ လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်းကောင်း၊ NCA အား လက်မှတ်ရေထိုး ထားသော တပ်မတော်သည်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသော ပြည်ထောင်စုအစိုးရသည်လည်း ကောင်း NCA စာချုပ်ပါ သဘောတူညီချက်များအား လိုက်နာရန်တာဝန်ရှိလေသည်။ တစ်ဖက်သတ်ရေးထိုး ထားသော သဘောတူစာချုပ်မဟုတ် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းရေးထားသည့် စာချုပ် (Multi-Lateral Cease- fire Agreement) ဖြစ်သောကြောင့်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည်လည်းကောင်း၊ အစိုးရအောက်ရှိ တပ်မတော်သည်လည်းကောင်း NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက NCA ကျိူးခြင်း၊ ပေါက်ခြင်း ဖြစ်မဖြစ်ကိုမူ သဘောတူစာချုပ် ဆိုင်ရာ ဥပဒေပညာရပ်များကို နှံ့စပ်ကျွမ်းကျင်သော ပညာရှိကဝိများကိုသာ မေးမြန်းရန် ရှိပေတော့သည်။ ပို၍ ထူးခြားသည်မှာ အဆိုပါ ပြဋ္ဌာန်းချက်များကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ ရှိရာဒေသတွင်သာ လိုက်နာရမည်ဟု မပါရှိသဖြင့် တစ်နိုင်ငံလုံးတွင် ဖြစ်သည်ဟု အဓိပွာယ်ကောက်ယူရမည် ဖြစ်သည်။ သို့ဆိုလျှင်  NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည်လည်းကောင်း၊ အစိုးရအောက်ရှိ တပ်မတော်သည်လည်းကောင်း ပုဒ်မ ၉ နှင့် ၁၀ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ခြင်းရှိမရှိကိုပါ ထည့်သွင်းသုံးသပ်ရပေတော့မည်ဖြစ်သည်။

NCA အခန်း(၃) “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ” ပုဒ်မ ၅ တွင် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို လိုက်နာရန် သဘောတူသည် –

(က) အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှုတပ်လှုပ်ရှားခြင်း၊ ကင်းထောက် ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှု များ၊ ရုပ်ဝတ္ထုပစ္စည်းများဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်။

(ခ)  တဖက်နှင့်တစ်ဖက်ရန်မူသည့် (သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့် လုပ်ရပ်များကို မပြုလုပ်ရ။

(ဂ)  နေရာချထားရာတွင် လိုအပ်သောအုပ်ချုပ်ထောက်ပံ့ရေး၊ အရေးပေါ်ဆေးကုသရေး၊ တပ်လဲလှယ်ရေးတို့နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများမှအပ အပစ်ရပ်နယ်မြေတွင် အင်အားအသစ်ဖြည့်တင်းခြင်း၊ နှစ်ဘက် သဘောတူညီထားသော တပ်စခန်းများမှအပ စခန်းအသစ်များထပ်မံဆောက်လုပ်ခြင်းနှင့် လက်နက်ခဲယမ်း များ ထပ်မံဖြည့်တင်းခြင်းများမပြုလုပ်ရန်နှင့် တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်စေ၊ ပြည်ပရန်ကာကွယ် ရေးအတွက်ဖြစ်စေ လိုအပ်လာပါက အပစ်ရပ်နယ်မြေအတွင်း ဖော်ပြပါ စစ်ရေးဆိုင်ရာပြင်ဆင်မှုများကို နှစ်ဖက်ညှိနိူင်း၍ ပြုလုပ်သွားရန်။

(ဃ) ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ပရဝုဏ်များ အတွင်းနှင့် ယဉ်ကျေးမှု ရိုးရာ ဓလေ့ဆိုင်ရာနေရာ၊ လူထုနှင့်ပတ်သက်သောနေရာများတွင် စစ်ရေးဆိုင်ရာတပ်စခန်းချခြင်း မပြုလုပ်ရန်။

(င)  ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသောမိုင်းများကို ရှင်းလင်းရန် နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင် ရွက်သွားရန်။

(စ)  အဖွဲ့အစည်းများအကြား ရန်လိုသောဝါဒဖြန့်ချီမှုများ၊ မမှန်မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်း စေသောပြောဆိုမှုများ၊ အသရေဖျက်သည့် ထုတ်ပြန်မှုများကို ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌ သော်လည်းကောင်း မပြုလုပ်ဘဲ ရှောင်ကြဉ်ရန်။

(ဆ) အပစ်ရပ်နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေများတွင် နှစ်ဘက်ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဆေးဘက်ဆိုင်ရာကျန်းမာရေးပစ္စည်းများ အရေးပေါ်ရွေ့ပြောင်းခြင်းများကို ညှိနှိုင်းလုပ်ဆောင်ရန်။

(ဇ)  အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စကို ညှိနိူင်းဆောင်ရွက်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် နှစ်ဘက်ညှိနှိုင်း၍ အရေးယူဆောင်ရွက်ရန်။

(ဈ) အပစ်ရပ်နယ်မြေများတွင်တပ်ပိုင်းဆိုင်ရာအုပ်ချုပ်မှုကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန်။

(ည) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းကို လက်မှတ် ရေးထိုးသည့်အချိန်မှစ၍ (၂၄) နာရီအတွင်း မိမိကွပ်ကဲမှုအောက် အဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် စာချုပ်ပါ အချက်အလက်များကို (၅) ရက်အတွင်း ရှင်းလင်းအသိပေးရန်။

(ဋ)  နှစ်ဖက်အောက်ခြေအဆင့်တွင်ဖြစ်ပေါ်သည့် ပဋိပက္ခများအား အင်အားအသုံးပြု၍ ဖြေရှင်းခြင်း မပြုလုပ်ရ။

စသည်ဖြင့် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ သဘောတူညီခဲ့ကြသည်။ ဤသို့ဆိုလျှင် အဆိုပါ ပုဒ်မ ၅ သဘောတူညီချက် များအား မည်သည့်အဖွဲ့အစည်းများက ဖောက်ဖျက်ကျူးလွန်ပါသနည်း။ ဖောက်ဖျက်ကျူးလွန်သော အဖွဲ့အစည်း များအားမည်သို့ အရေးယူဆောင်ရွက်မည်နည်း။

ထိုအချက်နှင့် ပတ်သက်၍ ပုဒ်မ ၄ တွင် “ဤသဘောတူစာချုပ်ပါ စစ်ဘက် ဆိုင်ရာကျင့်ဝတ်နှင့် ပတ်သက် သည့် နှစ်ဖက်အပြန်အလှန် လိုက်နာကြရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများနှင့် သဘောတူညီထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အတိအကျ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ စိစစ်ခြင်း ခံယူရန် သဘော တူသည်” ဟူသည့် ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အခန်း(၄) “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း” ပါပြဋ္ဌာန်းချက်များအရ  “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee-JMC)” အားဖွဲ့စည်းခဲ့သည်။ “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများ(Military Code of Conduct-CoC) ကို ရေးဆွဲခဲ့သည်။ ဆက်ဆံရေးရုံးများ ကိုလည်း ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုသို့ ရေးဆွဲခဲ့သော်လည်း NCA ကသတ်မှတ်ထားသော အချိန် ကာလအကန့်အ သတ်ကြောင့် ပြီးပြည်စုံသော ကျင့်ဝတ်စည်းကမ်းများကို ရေးဆွဲနိုင်ခဲ့ခြင်းမရှိပေ။ သို့ပါ၍ အစိုးရသစ်တက်လာပြီး နောက်ပိုင်း NCA အားလက်မှတ်ရေးထိုးရန် ညှိနှိုင်းခဲ့သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တင်ကြို သဘောတူညီချက်အဖြစ် ရယူရန် ဆွေးနွေးသည့် အဆိုပြုချက် ၉ ချက်တွင် အစပိုင်း၌ JMC တွင်လည်းကောင်း၊ NCA အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ ညှိနှုင်းအစည်းအဝေး (Joint Implementation Coordination Meeting-JICM) တွင် လည်းကောင်း ကြားနေတတိယအဖွဲ့အစည်းအဖြစ် နိုင်ငံ တကာမှ ပါဝင်ပေးရန် အဆိုပြုခဲ့သည့်။ ထိုအဆိုပြုချက် မအောင်မြင်ခဲ့ဘဲ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NCA နှင့် ကွဲလွဲမှုများစွာ မရှိသည့် သဘောတူညီချက် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နှစ်ဖွဲ့သာ NCA ကို လက်မှတ် ရေးထိုးခဲ့သည်။

NCA အခန်း(၅) “နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ” ပုဒ်မ ၂၀ တွင် “ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးလမ်းပြမြေပုံနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် –

(က) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။

(ခ)  အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်” (The framework for Political Dialogue) ကို ရေးဆွဲ သဘောတူညီမှုရယူခြင်း။

(ဂ)  ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခြင်း နှင့် နှစ်ဘက်သဘော တူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာ များကို လုပ်ဆောင်ခြင်း။

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။

(င)  ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။

(စ) ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

(ဆ) “ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)” ပါ သဘောတူ ညီချက် များကို အကောင် အထည်ဖော်ခြင်း နှင့် လုံခြုံရေးဆိုင် ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။”

ဟူ၍ ပြဋ္ဌာန်းထားသည်။ လမ်းပြမြေပုံအဆင့်(က) “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း” ဆိုရာ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NCA အားလက်မှတ်ရေးထိုးပြီးမှုရှိမရှိ သုံးသပ် ရလျှင် အစိုးရမှ တရားဝင် ဆွေးနွေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၂၁) ဖွဲ့ရှိသည့်အနက် ၂၀၁၅ ခုနှစ် တွင် ၈ ဖွဲ့ နှင့် ၂၀၁၈ ခုနှစ်တွင် ၂ ဖွဲ့တိုးကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့သာ NCA လက်မှတ်ရေးထိုးသေးသဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေ:အဆင့်သို့ မရောက်ရှိသေးဟု ကောက်ချက်ချရပေမည်။ လမ်းပြမြေပုံအဆင့်(ခ) “အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (The framework for Political Dialogue) ကို ရေးဆွဲ သဘောတူညီမှုရယူခြင်း” အတိုင်း မူဘောင်ကိုရေးဆွဲပြီးဖြစ်သော်လည်း အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရေး ဆိုင်ရာမူဘောင်အား ပြန်လည်သုံးသပ်မည်၊ ပြန်လည်ပြင်ဆင်မည်ဟူသည့် မူဝါဒအရ မူဘောင်ပြင်ဆင်ရေးအား ဆောင်ရွက်ခဲ့ရာ ၉ ကြိမ်မြောက်အထိ သုံးသပ်ပြင်ဆင်ခြင်း အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့သော်လည်း အားလုံးသဘောတူသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား အပြီးသတ်အတည်ပြုနိုင်ခဲ့ခြင်းမရှိချေ။ သို့ပါ၍ “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ရေးဆွဲသဘောတူညီမှုရယူခြင်း”အားအပြီးမသတ်နိုင်သေးသည်ကို တွေ့မြင် ရမည်။

လမ်းပြမြေပုံအဆင့်(ဂ) “ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဘက် သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာ များကို လုပ်ဆောင်ခြင်း” တွင် ကဏ္ဍနှစ်ရပ်ပါရှိသည် (၁)အမျိုးသား အဆင်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်းနှင့် (၂) လုံခြုံရေးဆိုင်ရာကိစ္စဖြစ်သည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ “လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံမြို့တွင် လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရှမ်းပြည်နယ် ဟိုပုန်းမြို့တွင်လည်းကောင်း၊ ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ချင်းပြည်နယ် ထန်တလန်မြို့တွင် လည်းကောင်း၊ မွန်အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲ  ၂၀၁၈ ခုနှစ်၊ မေလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ မွန်ပြည်နယ် ရေးမြို့တွင် လည်းကောင်း ကျင်းပခဲ့ပြီး “ဒေသအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” အား “တနင်္သာရီတိုင်း ထားဝယ် မြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိလည်းကောင်း၊ ပဲခူးတိုင်း တောင်ငူမြို့တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိလည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်  ၂၀၁၇ ခုနှစ် ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ လည်းကောင်း၊ “အကြောင်းအရာအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ” ဖြစ်သည့် “CSO Forum” အား နေပြည်တော်ကောင်စီနယ်မြေ၌  ၂၀၁၇ ခုနှစ်တွင်  ဖေဖော်ဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့အထိနှင့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလ ၂ နှင့် ၃ ရက်နေ့အထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့သော်လည်း ပြည်သူလူထု၏ပါဝင် မှုနှင့် ပတ်သက်၍ များစွာ အငြင်းပွားဖွယ်ရာပင်ဖြစ်သည်။ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အတွက် ရှမ်းအမျိုးသားခေါင်းဆောင်များ၊ ရှမ်းလူမျိုးအဖွဲ့အစည်းများနှင့် ပြည်သူလုထုတို့ သဘောထားညှိနှိုင်း ကြည်သည့် အကြိုတွေ့ဆုံဆွေးနွေးပွဲများကို တပ်မတော်က ဟန့်တားခဲ့သည်။ အစိုးရက မူလတွင် သဘောတူခဲ့ သော်လည်းနောင်တွင် တပ်မတော်၏ ဖိအားကို မခံနိုင်ဘဲ ၄င်းကိုယ်တိုင်ထုတ်ပြန်ထားသော အကြိုဆွေးနွေးပွဲများ အားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ကူညီဆောင်ရွက်ရန်ဟူသည့် ညွှန်ကြားချက်ကို ပြန်လည်ရုတ်သိမ်း သည့် ညွှန်ကြားချက် ထပ်မံထုတ်ပြန်ခဲ့သည်။ ရခိုင်လူမျိုးများအားလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အကြောင်းပြ၍ ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ခွင့်ပြုခဲ့ခြင်းမရှိပေ။ အဖွဲ့ငယ်လည်းဖြစ်သော လူမျိုးစုငယ်တစ်ခုလဲဖြစ်သော လားဟူလူမျိုးများကိုမူ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုခဲ့ခြင်း မရှိပေ။ NCA လက်မှတ်ရေးထိုးထား ခြင်းမရှိသေးသော လူမျိုးများကို မဆိုထားနှင့် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သော လူမျိုးများအကြားတွင်ပင် မလိုလျှင် မလိုသလို ခွဲခြားဆက်ဆံတတ်သော ဆိုးရွားသည့်အကျင့်များကို တွေ့မြင်ရပေသည်။

လမ်းပြမြေပုံအဆင့်(ဂ) ကဏ္ဍ(၂) “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များ ကိုညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဘက် သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း” နှင့် ပတ်သက်၍ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Ceasefire Monitoring Committee-JMC)” ဖွဲ့စည်းခြင်း “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာကျင့်ဝတ်စည်းကမ်းများ(Military Code of Conduct-CoC) ရေးဆွဲခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သော်လည်း “နယ်မြေသတ်မှတ်ခြင်း (Demarkation)” နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးအတွက် “လုံခြုံရေးဆိုင်ရာ မူဝါဒများကို ညှိနှိုင်းဆွေးနွေးနိုင်သေးခြင်း” မရှိသေးပေ။ လုံခြုံရေးဆိုင်ရာမူဝါဒများကို မဆွေးနွေးလိုသည့်အတွက်ကြောင့်ပင် “တစ်ခုတည်းသောတပ်မတော်” ဟူသည့် အဟန့်အတား တစ်ခုကို နိုင်ငံရေးဆွေးနွေးပွဲ စားပွဲခုံပေါ်သို့ တင်သွင်းလာသည် မဟုတ်ပါလော။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကိုသာ လိုအပ်သည်များပြင်ဆင်ပြောင်းလဲစေပြီး တပ်မတော်ကိုယ်တိုင်ကမူ မည့်သည့်ပြောင်းလဲမှုတစ်စုံတစ်ရာကိုမျှ ပြုလုပ်လိုခြင်းမရှိသည့် သဘောဟု သုံးသပ်ရမည်ဖြစ်သည်။ တပ်မတော် ၏ ထိန်းချုပ်မှုအောက်တွင် ရှောက်ရှိနေသော ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များနှင့် အခြားပုံစံလက်နက် တတ်ဆင်ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့များအား မည်သို့မည်ပုံ ပြောင်းလဲမည်နည်း။ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်ကို မည်သို့မည်ပုံ တည်ဆောက်မည် နည်း စသည်တို့မှာ မဖြစ်မနေ ဆွေးနွေးညှိနှိုင်းရမည့်ကိစ္စရပ်များဖြစ်သည်။ အဆိုပါကိစ္စရပ်များကို လက်နက်ကိုင်ဆောင် ထားသောသူများ သီးသန့်သာမဟုတ် နိုင်ငံရေးခေါင်းဆောင်များက ဆွေးနွေးပုံစံချရမည်ဖြစ်သည်။ သို့ပါ၍ လမ်းပြမြေပုံအဆင့်(ဂ) အဆင့်အား မည်မျှထိ ဆောင်ရွက်ပြီးဖြစ်သည်ကို စာဖတ်သူမှ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ် မှတ်တမ်း တင်ရမည်ဖြစ်ပေသည်။

လမ်းပြမြေပုံအဆင့်(ဃ) “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း” နှင့်ပတ်သက်၍ သုံးသပ်ရပါလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးဆောင်သော သမ္မတ ဦးသိန်းစိန်အစိုးရတွင် တစ်ကြိမ် ကျင်းပခဲ့သည်။ ၄င်းတို့ခေတ်တွင် နိုင်ငံရေးဆွေးနွေးပွဲကို စတင်အုတ်မြစ်ချခဲ့သည် ဟူသော သမိုင်းကို ရေးချင်၍လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အောင်နိုင်ပြီးဖြစ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ၏ နှုတ်ဆက်ပွဲအဖြစ်လည်းကောင်း ကျင်းပခဲ့သည့် “ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ပင်ဖြစ်တော့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော သမ္မတဦးထင်ကျော်အစိုးရလက်ထက်တွင် “ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” ဟုသတ်မှတ်မခံချင်၍လော၊ ဦးသိန်းစိန်လက်ထက် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်း ရေးညီလာခံအား လက်မခံ၊ အသိအမှတ်မပြုလို၍လောမသိ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” အား “၂၁ ရာစု ပင်လုံ” ဟူသော စကားရပ်ထပ်မံ ထည့်သွင်း၍ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ (ပထမ အစည်းအဝေး)” ဟူ၍ ပြန်လည်ကျင်းပခဲ့သည်။

လမ်းပြမြေပုံအဆင့် (င) “ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း” နှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်ရေးညီလာခံ−၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တွင် သဘောတူညီချက် (၃၇) ချက်ကိုလည်းကောင်း တတိယအစည်းအဝေးတွင် သဘောတူညီချက် (၁၄) ချက်ကိုလည်းကောင်း အများစုက သဘောတူညီမှုရရှိခဲသည့် အတွက် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)နှင့် အစိတ်အပိုင်း(၂) အဖြစ် ချုပ်ဆိုခဲ့ကြသည်။ ၄င်းသဘောတူညီချက်များအပေါ်တွင် အငြင်းပွားဖွယ်ရာ များစွာပင်ရှိလေသည်။ အဆိုပါ ပြညထောင်စုသဘောတူ စာချုပ်များအား လမ်းပြမြေပုံအဆင့် (စ) “ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း” အရ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူပြီးဖြစ်သည်။ လွှတ်တော်က အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ်ပါ သဘောတူညီချက်များကို တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခြင်းမရှိဘဲ အတည်ပြုခြင်းဖြစ်သည်။

လမ်းပြမြေပုံအဆင့် (ဆ) “ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)” ပါ သဘောတူ ညီချက် များကို အကောင် အထည်ဖော်ခြင်း နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း” နှင့် ပတ်သက်၍ ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက် (၅၁) ချက် အား အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးပေ။ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ် များအား အကောင်အထည်ဖော်ရန် ဝေးစွ လုံခြုံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများဆွေးနွေးရန်အတွက် ဆွေးနွေးမည့် ခေါင်းစဉ်ကိုပင် သဘောတူနိုင်ခြင်းမရှိသေးပေ။ (၁၀) ကြိမ်မြောက် နိုင်ငံရေးဆိုင်ရာဆွေးနွေးမှု မူဘောင်သုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေးတွင် တပ်မတော်ဘက်မှ အခန်း(၂) အပိုဒ် ၂၊ ပုဒ်ခွဲ (ဂ−၁) အဖြစ် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များတွင် ပါဝင်သော DDR လုပ်ငန်းစဉ်များကို ဆွေး​နွေးညှိနှိုင်းရန်” ဟုလည်းကောင်း၊ အခန်း(၅) အပိုဒ် ၅၊ ပုဒ်ခွဲ (ဃ) (၂) “လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များ” အစား “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များနှင့် ထိုလုပ်ငန်းစဉ်များတွင် ပါဝင်သော DDR လုပ်ငန်းစဉ်ကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက် သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း” ဟုပြင်ဆင်ရန် အဆိုပြုခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံခဲ့ခြင်းမရှိပေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ဖြုတ်သိမ်းရေးလမ်းကြောင်းဖြစ်သည့် DDR လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ချဉ်းကပ်လာသည့် သဘောကို တွေ့ရှိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပုဒ်မ ၃၀ တွင် “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ဆွေးနွေးပွဲများတွင် နှစ်ဘက်သဘောတူညီခဲ့ကြသော အစည်းအဝေး မှတ်တမ်း ဆုံးဖြတ်ချက်များအနက် ကိုးကားရမည့်ဆုံးဖြတ်ချက်များသည် ဤသဘောတူစာချုပ် အကောင်အထည် ဖော်ရာတွင် အကျုံးဝင်ပြီး နှစ်ဘက် ညှိနှိုင်း၍လိုအပ်သလို ဆောင်ရွက်ရန်သဘောတူသည်” ဟုပါသည်ဖြစ်ရာ NCA ဆွေးနွေးစဉ်ကာလဖြစ်သည့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် ဆုံးဖြတ်ချက် အမှတ်(၁) အဖြစ် “အပိုဒ်(၂၀) နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း အပိုဒ်ခွဲ(၈၀ တွင် ပါရှိသော လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည့် စကားရပ်နှင့် ပတ်သက်၍ အောက်ပါအတိုင်းအဘောတူသည်။

(က) လုံခုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ SSR-DDR လုပ်ငန်းစဉ်များကို ဆိုလိုသည်။

(ခ)  ဤလုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စ ဆွေးနွေးမှုကြောင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို နှောင်နှေးစေခြင်း၊ ရပ်တန့်စေခြင်းနှင့် တစုံတရာမထိခိုက်စေရေးအတွက် နှစ်ဖက်ထိန်းသိမ်း ဆောင်ရွက် သွားရန် သဘောတူသည်။

ဟူ၍ ကိုးကားရမည့်ဆုံးဖြတ်ချက်မှတ်တမ်းအဖြစ် သဘောတူခဲ့သည်ဖြစ်ရာ မည်သို့သောအကြောင်းရင်းကြောင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု (Security Sector Reform-SSR) ဆိုင်ရာလုပ်ငန်းစဉ်အား ချန်လှပ်ကာ (Disarmament, Demobilization and Reintegration-DDR) လုပ်ငန်းစဉ်တစ်ခုတည်းကိုသာ ပြောဆိုရပါ သနည်း။ အစည်းအဝေးဆုံးဖြတ်ချက်များကို မလိုက်နာ ဖောက်ဖျက်ခြင်းပင် မဟုတ်ပါလော။ SSR မပါသော DDR လုပ်ငန်းစဉ်ကိုသာ ဆွေးနွေးပါက  တပ်မတော်အား မည်သည့်အခါတွင်မျှ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း တပ်မတော်အတွင်းသို့ သာပေါင်းစည်းရတော့မည်ဖြစ်သည်။

“ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord) ပါ သဘောတူ ညီချက်များကို အကောင်အထည် ဖော်ခြင်း” ဟုဆိုသော်လည်း NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များတွင် မည့်သည့်အချိန်တွင် စတင်ဖော်ဆောင်မည်၊ မည်သည့်အချိန်တွင် အပြီးသတ်ဖော်ဆောင်မည်ကို ဖော်ပြထားခြင်းမရှိပေ။ သို့ပါ၍ ပြည်ထောင်စုသဘောတူ စာချုပ် (အစိတ်အပိုင်း ၁ နှင့် ၂) တို့အား အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်ကန့်သတ်ချက် မရှိပေ။ သည့်အပြင် ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် မည်မျှအားကောင်းမောင်းသန် ဖြစ်သည်ကိုလည်း သုံးသပ် ရမည်ပင်ဖြစ်သည်။

အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်းနှင့် ပတ်သက်၍ NCA ပုဒ်မ ၂၂ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းပါရှိသည်။

(က) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် များ၊ တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သောကိုယ်စားလှယ်များ ပါဝင်ကြရမည်။

(ခ)  တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပညာရှင် အစုတို့၏ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင် ထိုက်သော ကိုယ်စားလှယ်များကိုနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအဆင့်ဆင့်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် သင့်တော်သလိုပါဝင်စေရေးကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် ဆွေးနွေးသတ်မှတ်ရမည်။

(ဂ)  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင်ပါဝင်မည့်ကိုယ်စားလှယ်အချိုးအစားကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်ဆွေးနွေးရာတွင် ညှိနှိုင်းဆွေးနွေးမည်။

အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်းနှင့်ပတ်သက်၍ ဝိဝါဒကွဲပြားစရာများစွာ ရှိပေသည်။ NCA ညှိနှိုင်းမှုဖြစ်စဉ်တစ်လျှောက်တွင် ပါဝင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး NCA လက်မှတ်ရေးထိုးမှုမရှိသေးခြင်း၊ ဆွေးနွေးပွဲတွင် ပါဝင်သည့်အစုအဖွဲ့ညအရေအတွက်အပေါ် သုံးပွင့် ဆိုင်ဖြစ်သည်၊ ငါးပွင့်ဆိုင်ဖြစ်သည် စသည်ဖြင့် သဘောထားကွဲလွဲခြင်း၊ NLD အစိုးရလက်ထက်တွင် တရားဝင် နိုင်ငံရေးပါတီကိုယ်စားလှယ်များဆိုသည့် စကားရပ်အား ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များကိုသာ အသိအမှတ်ပြုပါဝင်စေခြင်း စသည့် ငြင်းခုံမှုများရှိခဲ့သည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည်လည်း ၄င်းတို့၏ ပါဝင်မှုအခန်းကဏ္ဍမရှိခြင်းအပေါ် မေးခွန်းများစွာ ထုတ်လျှက်ရှိသည်။

NCA တွင်ထူးခြားသော ပြဋ္ဌာန်းချက်အဖြစ် ပုဒ်မ ၂၃ တွင် “နိုင်ငံရေးဆွေးနွေးပွဲများတွင် အနည်းဆုံး (၃၀) ရာခိုင်နှုန်း အချိုးအစားဖြင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် သဘောတူညီ သည်” ဟု ဂျဲန်ဒါတန်းတူညီမျှမှု(Gender Equality) ရှုဒေါင့်ဖြင့် အမျိုးသမီးများ၏ ပါဝင်မှုကို အသိအမှတ်ပြုသော သဘောတူညီချက်ပါရှိသည်။ သို့ပါသော်လည်း နိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်ဖြစ်သည့် ကဏ္ဍအလိုက်လုပ်ငန်း ကော်မတီတွင်လည်းကောင်း၊ အတွင်းရေးမှူးအဖွဲ့တွင်သော်လည်းကောင်း၊ UPDJC ဖွဲ့စည်းမှုတွင်လည်းကောင်း၊ အစုအဖွဲ့အသီးသီးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုယ်စားလှယ်များ စေလွှတ်ရာတွင်လည်းကောင်း အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ပြည့်မှီခဲ့ခြင်းမရှိပေ။ ဤအချက်သည်လည်း ဖော်ဆောင်ရန် ပျက်ကွက်သည့် သဘောတူညီချက်ပင် ဖြစ်သည်။

NCA အခန်း(၆) “ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ” ပါ “ယုံကြည်မှုတည်ဆောက်ခြင်းနှင့် စပ်လျဉ်း သည့် ဆောင်ရွက်ရမည့်အချက်များ” ပုဒ်မ ၂၄ တွင်

(က) အစိုးရသည် မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းကိုမျှ ဥပဒေကို ချိုးဖောက်ခြင်းမှအပ ဤပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့တွင် ပါဝင် ဆောင်ရွက်ခြင်းတို့ကြောင့် ဖမ်းဆီးအရေးယူမှုများ မပြုလုပ်ရန် သဘောတူညီသည်။

(ခ)  ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။ ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူများနှင့်ပတ်သက်မှုရှိသည့် မည်သည့် ပုဂ္ဂိုလ် (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းကိုမျှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရသော် လည်း ကောင်း၊ မတရားအသင်းအက်ဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် သဘောတူသည်။

(ဂ)  နိုင်ငံတော်အနေဖြင့် ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးသည့် အချိန်တွင် ရှိနေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည် ဟူသော စွပ်စွဲချက်ဖြင့် မတရားအသင်းအက် ဥပဒေအရ အမှုစွဲဆိုခြင်းခံထားရသူများနှင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် သဘောတူသည်။

ဟူ၍ပါရှိသည်။ သို့ပါ၍ ပိုဒ်ခွဲ(က)(ခ)(ဂ) ပါသဘောတူညီချက်များအရဆိုပါက NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းအဖွဲ့ဝင်အား အဘယ်ကြောင့် ဖမ်းဆီးခဲ့ပါသနည်း။ ရှမ်းပြည်တွင် RCSS နှင့်ဆက်သွယ်သည်ဟူ၍ အဘယ့်အတွက်ကြောင့် ရွာသားများအား ဖမ်းဆီးအရေးယူ ရပါသနည်း။ အဘယ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် သတင်းရယူနေသည့် သတင်း သမားများအား ဖမ်းဆီးအရေးယူရပါနည်း။ NCA ပြဋ္ဌာန်းချက်ပါ အချက်အလက်များအား လိုက်နာခြင်းမရှိပါက အဘယ်မျှလျှင် ပြည်ထောင်စုတိုင်းရင်းသားများအချင်းချင်း ယုံကြည်မှုကို တည်ဆောက်နိုင်မည်နည်း။

ထပ်မံတင်ပြလိုသည်မှာ NCA တွင်ပါရှိသည့် “ကြားကာလအတွင်းဆောင်ရွက်ရမည့်အစီအစဉ်များ” နှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များဖြစ်သည်။ အဆိုပါကြားလာလအတွင်းဆောင်ရွက်ရမည့် အစီအစဉ်များ ဆောင်ရွက် ခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက များစွာမျှော်လင့်ခဲ့ကြသည်။ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့ကြသည်။ NCA ပုဒ်မ ၂၅ တွင်

(က) ဤသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များတွင် မိမိတို့အဖွဲ့ အစည်း၏ အတိုင်းအတာအရ တာဝန်ယူနေကြသောအဖွဲ့အစည်းများ ဖြစ်ကြသည့် အားလျော်စွာ အပစ်အခတ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပ အကောင်အထည်ဖော်နေ သည့် ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဘက် ညှိနှိုင်းပြီး အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သွား ရန်သဘောတူသည် –

(၁) ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းများ၊

(၂)   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊

(၃)  တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ၊

(၄) ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊

(၅) ဒေသဆိုင်ရာဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင် အဖွဲ့အစည်းများ၏ အကူအညီရယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊

(၆) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ၊

(၇)  မြေယာနှင့်သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊

ဟူ၍ပါရှိရာ NCA လက်မှတ်ရေးထိုးထားပြီးသော တိုင်းရင်းသားလက်နက်ကိုင်များ၏ အပစ်ရပ်နယ်မြေများတွင် အဆိုပါ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို မည်မျှဆောင်ရွက်ခွင့်ရှိနေပါသနည်း။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအား မည်မျှလုပ်ဆောင် နေပါသနည်း။ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်ခွင့်ပင် ရှိပါသလား။ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်တပ်များ မည်မျှ ပူးပေါင်းဆောင်ရွက်နေပါသနည်း။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် မည်မျှ ညှိနှိုင်းဆောင်ရွက်ကြပါသနည်း။ နှစ်ဖက်အပြန်အလှန် ယိုးစွပ်ကာ တိုက်ပွဲ ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုအဖြစ် အကာအကွယ်ယူနေကြသည်မဟုတ်ပါလော။ မြေယာနှင့် သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် မည်သို့ ညှိနှိုင်းဆောင်ရွက်နေပါသနည်း။ အပစ်ရပ်နယ်မြများတွင် မြေယာ အငြင်းပွားမှုများနှင့် သယံဇာတတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခများစွာ ရှိနေသည်မှာ အမှန်ပင် ဖြစ်တော့သည်။

သည့်အပြင် NCA ပုဒ်မ ၂၅ (ခ) အရ “အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ် အကျိုး သက်ရောက်မှု ကြီးမားသော စီမံကိန်းများကို လုပ်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖေါ်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တို့နှင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းသဘောတူညီမှုရယူ၍ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်” ဟုပါရှိသော် လည်း အပစ်ရပ်ဒေသတွင် ဖော်ဆောင်နေသော စီမံကိန်းကြီးများတွင် EITI ၏ လုပ်ထုံးလုပ်နည်းများအား မလိုက် နာသည့်အပြင် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းကာ သဘောတူညီမှုများ ရယူခြင်းလည်း မရှိပေ။ အစိုးရဖက်မှ ဖြစ်စေ၊ လုပ်ငန်းရှင်များမှဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖြစ်စေ အဆိုပါ စီမံကိန်းများ အားဆောင်ရွက်ပါက ဒေသခံပြည်သူလူထုအား ထိခိုက်မှုမရှိအောင် လိုအပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်း(EIA)၊ ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်မှုဆန်းစစ်ခြင်း(HIA)၊ လူမှုရေး ဆိုင်ရာအကျိုးသက်ရောက်မှုဆန်းစစ်ခြင်း(SIA)နှင့် ပြည်သူတို့တင်ကြိုသဘောတူညီမှုရယူရမည့်လုပ်ထုံးလုပ်နည်း ဖြစ်သည့်(FPIC) တို့ကို ဆောင်ရွက်ရမည့်အပြင် အဆိုပါ အကျိုးသက်ရောက်မှုများကို နောင်တွင် ကုစားရန် အတွက် နည်းလမ်းများ၊ ကောက်ခံရရှိသော အခွန်ငွေများမှ ရန်ပုံငွေများကို သီးသန့် ထားရှိသည့် အစီအစဉ်များကို တင်ကြိုဆောင်ရွက်ထားသင့်ပေသည်။ ထို့အပြင် အဆိုပါလုပ်ငန်းများသည် ဒေသခံပြည်သူလူထုအတွက် အကျိုး မည်မျှရှိမည် ဆိုသည်ကိုပါ ထည့်သွင်း တွက်ချက်ရမည်ဖြစ်သည်။ လုပ်ငန်းရှင်များအတွက်သာ အကျိုးရှိပြီး ဒေသခံပြည်သူလူထုအတွက် အကျိုးမရှိပါက အဆိုပါ စီမံကိန်းအားလုပ်ဆောင်ရန် မသင့်ပေ။

NCA ပုဒ်မ ၂၅ (ဂ) တွင် “သက်ဆိုင်ရာဒေသများတွင် တစ်ဖွဲ့ချင်းစီသီးခြားဆောင်ရွက်ရန်လိုအပ်သော ကိစ္စရပ်ကို အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူသည်” ဟူ၍ပါရှိသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် သက်ဆိုင်ခြင်း မရှိသောအရေးကိစ္စရပ်များရှိပါက အစိုးရနှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သီးခြား ညှိနှိုင်းဆောင်ရွက်နိုင်သည်ဟူသည့် သဘောဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ “ဝ” ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် (UWSA) နှင့် အစိုးရအဖွဲ့မှ NRPC တို့ တွေ့ဆုံဆွေးနွေးရာတွင် UWSA မှ NCA လက်မှတ်ထိုးပြီး ပါက ပြန်လည်နှုတ်ထွက်၍ ရခြင်း၊ မရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် အစိုးရကိုယ်စားလှယ်မှ ဤအပိုဒ် ၂၅ (ဂ) အားကိုးကားကာ ဖြေဆိုခဲ့ဖူးလေသည်။ ထို့အတူ RCSS နှင့်သော်လည်းကောင်း၊ KNU နှင့်သော်လည်းကောင်း အစိုးရအနေဖြင့် သီးခြားဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်များ ရှိပေသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ပြဋ္ဌာန်းချက်မျာအား ခြုံငုံသုံးသပ် ရပါလျှင် ကောင်းမွန်သည့် အချက်အလက်မျာ ပါရှိသကဲ့သို့ ဝိဝါဒ ကွဲလွဲစရာရှိသော စကားရပ်များဖြစ်သည့် “အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ”၊ “လုပ်ထုံးလုပ်နည်းများနှင့်အညီ” စသည့်စကားရပ်များအား အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပေသည်။ ထို့အပြင် ပြဋ္ဌာန်းချက်ပါအတိုင်း နှစ်ဖက် လိုက်နာကျင့်သုံးရန် သာ၍ အရေးကြီးပေ သည်။ မိမိအတွက် အသုံးလိုသော အကျိုးပြုသော ပြဋ္ဌာန်းချက်များကို လိုသလို ဆွဲသုံးနေသည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် များစွာလိုအပ်ပေသည်။ NCA အား သုံးသပ်ရာတွင် NCA ပြဋ္ဌာန်းချက်ပါ အကြောင်းအရာများ သုံးသပ်ခြင်းနှင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာလုပ်ငန်းများသုံးသပ်ခြင်းတို့ကိုပါ လုပ်ဆောင်ပါမှ ပြီးပြည့်စုံ နိုင်မည်ဖြစ်သည်။ NCA တွင် မည်သို့ပင် ဖော်ပြထားစေကာမူ အကောင်အထည်ဖော်ဆောင်ရာတွင် ကောင်းးမွန် ဆန္ဒဖြင့် အကောင်အထည်မဖော်ဘဲ မိမိအဖွဲ့အစည်းအသာရရှိရေးကိုသာ လိုသလို အဓိပ္ပာယ်ကောက်၍ လုပ်ဆောင်ပါက ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အလားအလာမရှိပေ။ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်လည်း ဝေးသထက်ဝေးနေမည်ဖြစ်သည်။

၃။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပပြီး တစ်နှစ်ကျော်ကြာ သည်အထိ (တတိယအစည်းအဝေး)ကို ကျင်းပနိုင်ခြင်းမရှိပေ။ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက NCA အားပါဝင်လက်မှတ်ရေးထိုးနိုင်သေးခြင်းမရှိပေ။ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် ဆက်လက်၍ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်အား သုံးသပ်ပြင်ဆင်ရန်သော်လည်းကောင်း၊ UNFC မှ အဆိုပြုသော ဆွေးနွေးချက် ၉ ချက်အား လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် UNFC ၏ ကိုယ်စားလှယ်အဖွဲ့ဖြစ်သော “နိင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)” အဆိုပြုသော အချက် ၉ ချက်အား အစိုးရက ဖွဲ့စည်းထားသည့် “ငြိမ်းချမ်းရေး ကော်မရှင်(PC)” မှ သဘောတူခဲ့သည်။ အဆိုပါသဘောတူညီချက်ပါ အချက် တစ်ချို့အာ တပ်မတော်က သဘောမတူသဖြင့် ပြန်လည်ညှိနှိုင်းကြရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင်မှ အဆိုပါအဆိုပြုချက်များကို ပြင်ဆင်ချက်များဖြင့် အတည်ပြုနိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါ အဆိုပြုချက် ၉ ချက် ကို မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှစ်ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး NCA စာချုပ်ကိုပါ လက်မှတ်ရေးထိုးခဲ့သည်။ NCA လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ်ပါတီက အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့သော်လည်း လားဟူဒီမိုကရက်တစ်အစည်းအရုံးမှာမူ ကျင်းပခွင့်ပင် မရရှိခဲ့ပေ။

ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းကော်မတီများ အစည်း အဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပခဲ့သည်။ နောင်ညီလာခံတွင် ဆက်လက်ဆွေးနွေးရန်သဘောတူထား သော ခေါင်းစဉ်များစွာရှိသည့်အနက် အများစုကို ချန်လှပ်ကာ “(၁)တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများ ကိုကာကွယ်ခြင်းနှင့် (၂)ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာတန်းတူညီမျှမှု” ဟူ သည့် ခေါင်းစဉ်နှစ်ခုကိုသာ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးရန် သဘောတူခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသောပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် လုပ်ငန်းကော်မတီအစည်းအဝေးတွင် ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံ လူ့အခွင့်အရေး တို့အား ဆွေးနွေးခြင်းမပြုရန် တပ်မတော်ဘက်မှ အဆိုပြုသည်။ အခြားအဖွဲ့အစည်းများ အနေ ဖြင့်ဆွေးနွေးပါက တပ်မတော်အနေဖြင့်ဆွေးနွေးမည် မဟုတ်ကြောင်း တင်ပြသည်။ သို့ဖြစ်ရာ တိုင်းရင်းသား လူနည်းစုများ၏အခွင့်အရေးကို ကာကွယ်ခြင်းဟူသည့် ခေါင်းစဉ်ကို ဆွေးနွေးရာတွင်လည်း လူနည်းစုဟူသော စကားရပ်အပေါ်  “ထမင်းလုံး တစေခြောက်ကာ” အဆိုပါခေါင်းစဉ်ကိုပါ မဆွေးနွေးရန်နှင့် ဆွေးနွေးမည့် အကြောင်း အရာခေါင်းစဉ်များကို UPDJC အစည်းအဝေးတွင် ပြန်လည်တင်ပြကာ ခေါင်းစဉ်သတ်မှတ်ပေးရန် တပ်မတော်က အဆိုပြုသည်။ တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးတို့ သဘောထား များစွာကွဲလွဲကြသည်။ သို့ပါ၍ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပသော နိုင်ငံရေးကဏ္ဍလုပ်ငန်းကော်မတီ အစည်း အဝေးတွင် တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးများနှင့် ကျား/မဆိုင်ရာတန်းတူညီမျှရေးတို့နှင့် သက်ဆိုင် သည့် အဆိုပြုချက်များကိုသာ စုစည်းနိုင်ခဲ့သည်။ လုံခြုံရေးကဏ္ဍတွင် ဆွေးနွေးမည့်ခေါင်းစဉ်ကိုပင် အတည်ပြုနိုင် ခဲ့ခြင်းမရှိပေ။

၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပသော ၁၅ ကြိမ်မြောက် UPDJC အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍတွင် “ကျား/မဆိုင်ရာ တန်းတူညီမျှမှု” ခေါင်းစဉ်တစ်ခုတည်းကိုသာ ဆွေးနွေးရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။ ၂၀၁၈ ခုမှစ် ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကဏ္ဍအလိုက်လုပ်ငန်းကော်မတီအစည်းအဝေးကို ဆက်လက် ကျင်းပသည်။ အဆိုပါကဏ္ဍအလိုက်လုပ်ငန်းကော်မတီ အစည်းအဝေးများမှ ရရှိသောစုစည်းချက်များအား ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံတွင် ဆွေးနွေးနိုင်ရေးအတွက် အဆိုပြုလွှာများအဖြစ် UPDJC အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ အဆိုပါအဆိုပြုလွှာများအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသော (၁၆) ကြိမ် မြောက် UPDJC တွင် ဆွေးနွေးဆုံးဖြတ်ကြပြီး အတည်ပြုချက်ရယူရန်အတွက် ပြည်ထောင်စုငြိမ်းချမ်ရေး ညီလာခံ −၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး)သို့ တင်သွင်းခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသော (၁၆)ကြိမ်မြောက် UPDJC အစည်းအဝေးအခင်းအကျင်း အားတင်ပြလိုသည်။ ညီလာခံအခင်းအကျင်းတွင် ကျင်းပသော ကဏ္ဍအလိုက် ဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍမှ ကျားမဆိုင်ရာ တန်းတူညီမျှမှုနှင့် ပတ်သက်သည့် အခြေခံမူ အချက် ၇ ချက်အား ဆွေးနွေးကြရာ သဘောတူညီမှု မရရှိသေးပေ။ အခြားကဏ္ဍတွင်လည်း သဘောတူညီမှု မရရှိသေးသာ အချက်များစွာ ကျန်ရှိပေသည်။ ထို့ကြောင့် ညီလာခံတွင်း UPDJC အစည်းအဝေးကို ကျင်းပရခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် ကျားမဆိုင်ရာ တန်းတူ ညီမျှမှုနှင့် ပတ်သက်၍ မူရင်းတင်ပြချက်ဖြစ်သည့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ၏ မည်သည့် နိုင်ငံသား ကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရမည်” ဟူသော စာပိုဒ်တွင် တပ်မတော်ကိုယ်စားလှယ်က “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသည့် စကားရပ်ကို ထည့်သွင်း၍ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သည့် နိုင်ငံသား ကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံ သော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူ ညီမျှမှု ရှိစေရေး အတွက် မူဝါဒ ချမှတ် ရမည်” ဟုလည်းကောင်း “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများအား ထိရောက်စွာကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန်” ဟူသောစာပိုဒ်အား “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများ အားကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်” ဟူ၍လည်းကောင်း ဖြည့်စွက် ပြင်ဆင်ရန် အဆိုပြုသည်။

“အမျိုးသမီးများကို နိုင်ငံရေး၊ဥပဒေပြုရေးအဆင့်တိုင်းတွင် ၃၀ ရာခိုင်နှုန်းအနည်းဆုံးပါဝင်ရေး ချမှတ်ရန်” ဟူသော မူလတင်ပြချက်နှင့် “အချုပ်အခြာအာဏာ ခက်မ (၃) ဖြာကို ကျင့်သုံးရာတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသန္တရအဆင့်တိုင်းရှိ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ၌ အမျိုးသမီးများ၏ ကိုယ်စားပြုမှု မြင့်မားလာစေရန် အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးဆိုင်ရာ မူဝါဒချမှတ်ရန်” ဟူသည့် နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၏ အဆိုပြုတင်ပြ ချက်အား အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့တို့မှ လက်မခံဘဲ “ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်” ဟူ၍သာ လက်ခံသည်။ အမျိုးသမီးကိုယ်စားလှယ်များက “အားပေးရန်” ဟူသောစကားရပ်မှာ လေးနက်မှုမရှိ၊ အာမခံချက်မရှိ၊ ဖော်ဆောင်ချင်လျှင်သော်လည်းကောင်း၊ မဖော်ဆောင်ချင်လျှင်သော်လည်းကောင်း ရသည့် သဘောသာဖြစ်သဖြင့် သဘောမတူနိုင်ပေ။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသော စကားရပ်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အငြင်းအခုံ များစွာဖြစ်သည်။ အခြေခံမူနှင့် မူဝါဒများ ဆွေးနွေးရာတွင် မည့်သည့်အတွက်ကြောင့် ဤစကားရပ်ကို ထည့်သွင်း ရပါသနည်း။ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ဆွေးနွေးမှုမပြီးဆုံးခင်၊ သမ္မတစနစ်နှင့် ဝန်ကြီးချုပ်စနစ် ရှိသည့် အနက်မည့်သည့်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်မည် ဟူသည့်ဆုံးဖြတ်ချက်မရှိသေးဘဲ “သမ္မတ” ဟူသည့် စကားရပ်အား အဘယ်ကြောင့် တင်ကြိုထည့်ချင်ပါသနည်း။ ကျားမဆိုင်ရာ တန်းတူညီမျှမှုဆိုင်ရာ မူဝါဒများ ဆွေးနွေးနေသည့် အချိန်တွင် ပြည်ထောင်စုအမည်နှင့် ပြည်ထောင်စုပုံစံကို အဘယ်ကြောင့် မဖြစ်မနေ ထည့်သွင်း ဆွေးနွေးနေပါသနည်း။ သည့်အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံံ (ဒုတိယအစည်းအဝေး) သဘောတူညီချက် ၃၇ ချက်တွင်ပင် ပြည်ထောင်စု၏ အမည်နာမနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမှ မပါရှိပေ။ ထိုသို့ဆွေးနွေးလျှင် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက လိုအပ်လျှင် မြန်မာနိုင်ငံဟူသည့် နိုင်ငံ၏အမည်နာမ ကိုပင်လျှင် ပြင်ဆင်သင့်လျှင် ပြင်ဆင်ရမည်ဟု ဆွေးနွေးသည်။ နိုင်ငံ၏ အမည်နာမကိုပါ ထည့်သွင်းလျှင် ၄င်းကိစ္စ ကို ခေါင်းစဉ်တစ်ခုအဖြစ် သတ်မှတ်၍ ဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက တင်ပြသည်။ ကျားမ ဆိုင်ရာတန်းတူညီမျှမှုဆိုင်ရာ မူဝါဒများ ဆွေးနွေးနေသည့်အချိန်တွင် နိုင်ငံရေးအမြတ်ထုတ်သည့် သဘောဖြစ်သည် ဟုလည်းဆွေးနွေးသူ ရှိပေသည်။ နိုင်ငံရေးအရ သဘောထားမတူကြသော မြန်မာတိုင်းရင်းသားများမှာ ဤအချက် တွင် သဘောထားတူကြသည်ကို တွေ့မြင်ကြရသည်။ မြန်မာနိုင်ငံတွင် သဘောထားကြီးပါသည်ဟု မိမိကိုယ်ကို အယောင်ဆောင်ထားသော ဗမာတိုင်းရင်းသားခေါင်းဆောင်များစွာရှိသည်ကို တွေ့မြင်ရပေသည်။ လူမျိုးတရုပ် သကန်နိုင်ငံရေးဆိုဆို၊ လူမျိုးရေးဝါဒီနိုင်ငံရေးဆိုဆို (Identity Politics) အပေါ် ဗမာတိုင်းရင်းသားများသည် ဗမာမဟုတ်သော တိုင်းရင်းသားများထက် အစွန်းရောက်သည်ကို တွေ့မြင်လိုက်ရခြင်းပင်ဖြစ်သည်။

ဆွေးနွေးပွဲသည် တင်းမာသထက် တင်းမာလာပြီး ပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်လာသည့် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့မှ ၄င်းတို့အစုအဖွဲ့အတွင်း သီးသန့်ဆွေးနွေးရန် အတွက် ခေတ္တခဏ နားချိန်တောင်းသည်။ မိနစ် ၂၀ ခန့်တွင် အစည်းအဝေးကို ပြင်လည်စတင်သည်။ အလှည့်ကျ လက်ထောင်ထားသည့်သူများ ဆက်လက်ဆွေးနွေးကြရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့က ၄င်းတို့သဘောထားပြောမည်ဖြစ်သဖြင့် ပြောခွင့်ပြုရန် တင်ပြသည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးက “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသည့် စကားရပ်အား ထည့်သွင်းခြင်းကို လက်ခံသည်ဟု ပြောရာ အစည်းအဝေးအတွင်း “အာမေဋိတ် အသံများ” “လက်ခုတ်သံများ” ညံသွားပေတော့သည်။ စာရေးသူသည်လည်း မိမိပါတီရပ်တည်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် မောင်းတင်ထား သည်များ ပြောခွင့်မရတော့ပေ။ ထိုအခါ သဘောတူညီမှု ရရှိရန်အတွက် နိုင်ငံရေးပါတီများအစုအဖွဲ့အား ဖိအား ပေးလေတော့သည်။ နိုင်ငံရေးပါတီအစုအဖွဲ့၏ ရပ်တည်ချက်မှာ မူလ UPDJC တင်ပြချက်အတိုင်းသာဖြစ်သည့် အတွက် သဘောထားပေးနိုင်ရန်မှာ UPDJC အဖွဲ့ဝင်များက ဆုံးဖြတ်ပိုင်ခွင့်မရှိ နိုင်ငံရေးပါတီအစုအဖွဲ့ ညီလာခံ ကိုယ်စားလှယ် ၁၅၀ ဦး၏ သဘောတူညီချက်ကို ရယူရမည်ဟု ဆိုသော်လည်း အစိုးရအစုအဖွဲ့က နိုင်ငံရေးပါတီ များအစုအဖွဲ့အား UPDJC တွင် မပါဝင်သော နိုင်ငံရေးပါတီ ၉ ပါတီ၏ သဘောထားများကို ဖုန်းဆက် မေးမြန်းပြီး ချက်ချင်း ပြန်ကြားရန် ဖိအားပေးခြင်းခံရသည်။ ယင်းကြောင့်ပါတီအများစုက ဖုန်းဆက်ရန် သဘောတူကြသည်။ စာရေးသူမှာမူ ဤသို့လုပ်ဆောင်၍ မရကြောင်း၊ နိုင်ငံရေးဆိုင်ရာမူဘောင်အရ အစုအဖွဲ့တစ်ခုချင်းစီ၏ ဆုံးဖြတ် ချက်ကို ရယူရမည်ဖြစ်ရာ နိုင်ငံရေးပါတီများအစုအဖွဲ့၏ညီလာခံကိုယ်စားလှယ် ၁၅၀ ဦး၏ သဘောတူညီချက်ကို ရယူမှသာလျှင် မူဘောင်အရ အကျုံးဝင်မည်ဖြစ်ကြောင်း ပြောသော်လည်း နားမထောင်ကြတော့ပေ။ သို့နှင် UPDJC တွင် မပါဝင်သော နိုင်ငံရေးပါတီများအား ဖုန်းဆက်ကာ သဘောထားတောင်းခံလေတော့သည်။ UPDJC တွင် ပါဝင်သော နိုင်ငံရေးပါတီများနှင့် UPDJC တွင် မပါဝင်သောနိုင်ငံရေးပါတီများ အများစုက လက်ခံသဘောတူ သဖြင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသည့်စကားရပ်ကို ကျားမဆိုင်ရာတန်းတူညီမျှမှု အခြေခံမူများ တွင် ထည့်သွင်းလိုက်ရပေသည်။

ဤအခင်းအကျင်းတွင် ပို၍ ရှုပ်ထွေးသွားသည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ ဖြစ်သည်။ အဆိုပါ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသည့်စကားရပ်ကို လက်ခံသည်ဟုပြောသော ကိုယ်စားလှယ် ဤသို့ပြောမည်ကို အစုအဖွဲ့တစ်ခုလုံး သိရှိထားခြင်းမရှိပေ။ နိုင်ငံရေးပါတီများအစုအဖွဲ့ ဖုန်းဆက် နေသည့်အချိန်တွင် ၄င်းတို့အစုအဖွဲ့ ပြဿနာ စတက်တော့သည်။ မည်သည့်အတွက်ကြောင့် သဘောတူရသနည်း။ မည်သူက သဘောတူခိုင်းသနည်း။ UPDJC ကိုယ်စားလှယ်များပင် မသိရှိဘဲ အဘယ်ကြောင့် သဘောတူရပါ သနည်း စသည့်ဖြင့် အငြင်းအခုံဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အား စာရေးသူအနေဖြင့် အမည်တပ်၍ မပြော လိုပေ။ ပြောနိုင်သည်ကား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး)တွင် “ခွဲမထွက်ရ” အကြောင်းအရာနှင့် ပတ်သက်၍ အတွင်းရေးမှူး အစည်းအဝေးတွင် PPST ၏ သဘောထားအတိုင်း မဆွေးနွေးသောသူနှင့် တစ်ဦးတည်းပင် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၄င်းတို့နှင် နီးစပ်သောအသိုင်းအဝိုင်းများအားလုံးက ထိုသူမည်သူကို သိရှိပြီးဖြစ်သည်။

နောက်ပိုင်းတွင် ပြန်လည်သိရှိရသည်ကား အဆိုပါကိုယ်စားလှယ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့ UPDJC ဒုတိယဥက္ကဋ္ဌဟောင်း ဖြစ်သူထံသို့ ဖုန်းဆက်မေးမြန်းရာ ၄င်းက “ထည့်လည်းဘာမှ မဖြစ်ပါ” ဟုပြောဆိုသည့်အတွက်ကြောင့် ထိုသို့အစည်းအဝေးတွင် ပြောဆိုရခြင်းဖြစ်သည်ဟုဆိုသည်။ ပြဿနာ ကား လူတစ်ဦး၏ ပြောဆိုမှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့စလုံးအား ကိုယ်စားပြုပါသလား ဟူသည့် ပြဿနာဖြစ်သည်။ အဆိုပါ ပြောဆိုသူ၏ UPDJC တွင် ပါဝင်နေသော မိခင်အဖွဲ့အစည်းမှ ကိုယ်စားလှယ် ပင်လျှင် မသိရှိလိုက်သည့် အဖြစ်သည့် ဖြစ်သင့်ပါသလား ဟူသည့်မေးခွန်းဖြစ်သည်။ မည်သို့ပင်ဆိုစေ တရားဝင် အစည်းအဝေး အခင်းအကျင်းတွင် လက်ခံသည်ဟု ပြောဆိုပြီးပြီဖြစ်ရာ အစုအဖွဲ့အနေဖြင့်လည်း ညီညွတ်ရေးကို ရှေးရှု၍လား မပြောတတ်ပေ။ ၄င်းအတိုင်းလက်ခံလိုက်ရပေသည်။ အစုအဖွဲ့ခေတ္တနား၍ သီးခြားဆွေးနွေးစဉ်တွင် လည်း “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟူသည့်စကားရပ်ကို လက်မခံသည့်အတွက် အစည်းအဝေးပျက် လျှင် မည်သူက တာဝန်ခံမည်နည်း။ စကားရပ်ကိုလက်မခံသည့်သူက အဓိက တရားခံဖြစ်မည်ဟု အချင်းချင်း ချိန်းခြောက်သည့် တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ကိုယ်စားလှယ်လည်း ရှိပေသည်။ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွင် “သူ့လူကိုယ့်ဘက်သား” ရှိနေသည့်သဘောကိုတွေ့ရသည်။ အစိုးရအစုအဖွဲ့အတွင်းမှ ကိုယ်စားလှယ်အချို့မှာမူ ၄င်းတို့၏ ရည်ရွယ်ချက်အောင်မြင်သည့်အတွက် အောင်ပွဲခံနေသည်ကိုလည်း တွေ့မြင် ရပေသည်။ စာရေးသူအနေဖြင့် စဉ်းစားမိသည်မှာ တွေ့ဆုံဆွေနွေးရေးသည် မိမိအဆိုအောင်နိုင်ရေး အဓိကလား၊ ပြဿနာချုပ်ငြိမ်းရေးက အဓိကလားဟူသည့် တွေးခေါ်မှုပင်ပင်ဖြစ်သည်။ မည်သူမဆို မိမိသာ အသာစီးရလိုသည်မှာ လောကဓမ္မတာပင် မဟုတ်ပါလော။

အကျိုးဆက်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အဖွဲ့အစည်းတစ်ခုအတွင်းတွင် သော်လည်းကောင်း၊ အဖွဲ့အစည်းအချင်းချင်းအကြားတွင်သော်လည်းကောင်း ယုံကြည်မှုပျက်ယွင်းသွားခြင်းပင် ဖြစ်သည်။ ထို့အတွက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆက်ဆက်ကျင်းပရန် မဆိုထားနှင့် UPDJC အစည်းအဝေးကိုပင်လျှင် ခေါ်ယူကျင်းပနိုင်ခြင်းမရှိတော့ပေ။ အစိုးရ၊ တပ်မတော်နှင့်လည်း ယုံကြည်မှု ပြန်လည် တည်ဆောက်ရမည့် အခြေအနေသို့ ရောက်ရှိသွားပေတော့သည်။

ငြိမ်းချမ်းရေးညီလာခံများ ကျင်းပခြင်းနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ရပါလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရခေတ်တွင် ကျင်းပသော “ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” သည် အစိုးရ သစ်သို့လက်လွှဲပေးရတော့မည် ဖြစ်သည့်အတွက် ၄င်းတို့အစိုးရက ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပနိုင်ခဲ့၊ နိုင်ငံရေးဆွေးနွေးပွဲကို စတင်အုတ်မြစ်ချနိုင်ခဲ့သည်ဟူသည့် အမည်ကောင်းကို ရလို၍ ကျင်းပခဲ့သည့်ဟုလည်း ကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်အစိုးရတွင် စတင်ကျင်းပသော “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ(ပထမအစည်အဝေး)” သည် အစိုးရသစ်မှ အားလုံးပါဝင်စေသော ငြိမ်းချမ်းရေး စာမျက်နာ သစ်ဖွင့်လှစ်သည့် ကြိုဆိုပွဲအဖြစ်လည်းကောင်း တွေ့မြင်ရမည်ဖြစ်သည်။ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ(ဒုတိယအစည်အဝေး)” တွင် အချက် (၃၇) ချက် ပါဝင်သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း(၁)ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း “ခွဲမထွက်ရ” နှင့် “တစ်ခုတည်းသော တပ်မတော်” ဟူသည့် အကြောင်းအရာ များကြောင့် ရသင့်သည့် အရေးကြီးသော သဘောတူညီချက်များ မရရှိခဲ့ပေ။ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ−၂၁ ရာစုပင်လုံ(တတိယအစည်အဝေး)” မှာမူ ဖြစ်ပေါ်တိုးတက်မှု ပိုမို ဆုတ်ယုတ်လာသည့်သဘောကို တွေ့ရှိရသည်။ ဖက်ဒရယ်ဆိုင်ရာ မူဝါဒများကို ဆွေးနွေးရန် ဝေးကွာသွားသည့်အပြင် နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေး မည့်ကောင်းစဉ်များအား ပယ်ရင်းပယ်ရင်း ကျားမဆိုင်ရာတန်းတူညီမျှမှု ကိုသာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကဏ္ဍတွင် အကြောင်းအရာ အသေးစိတ်ကို ဆွေးနွေးဖို့ နေနေသာသာ ဆွေးနွေးမည့်ခေါင်းစဉ်ကိုပင်လျှင် သဘောတူနိုင်ခဲ့ခြင်းမရှိပေ။ ဆွေးနွေးဖက်များအကြား ယုံကြည်မှုပျောက်ဆုံးကာ တင်းမာမှုများသာ တိုးပွားလာ သည်မှာ အမှန်ပင်ဖြစ်တော့သည်။

သို့ဆိုလျှင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၁) အခြေခံမူများ ပုဒ်မ ၁ ပုဒ်ခွဲ (ခ) ပါ “မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေရှင်း ခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး၊ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်” ဟူသည့် အခြေခံမူအတိုင်း နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်နိုင်မည်လား၊ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးအောင်မြင်နိုင်မည်လား စောင့်ကြည့် ရပေမည်။ ပုဒ်ခွဲ (ဂ) တွင် “တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စရပ် များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်” ပါရှိလေရာ လုံခြုံရေးကဏ္ဍတွင် ဆွေးနွေးမည့်ခေါင်စဉ်ကိုပင်လျှင် မသတ်မှတ်နိုင်သော အနေအထားတွင် “တိုင်းရင်းသားလူမျိုးပေါင်းစုံပူးပေါင်း ပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စ” ဟူသည်မှာ အိပ်မက်သဖွယ်ပင် ဖြစ်နေပေတော့သည်။

ထို့အပြင် ပုဒ်ခွဲ (ဈ) “ဤသဘောတူစာချုပ်တွင် ဖော်ပြပါရှိသည့် နှစ်ဘက်အပြန်အလှန်ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်” နှင့် ပုဒ်ခွဲ (ည) “ဤသဘောတူစာချုပ်ကြောင့် ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တစ်ဖက်နှင့် တစ်ဖက် အခွင့်အရေး မယူဘဲ သဘောတူစာချုပ်ပါကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်” ပါ NCA ပြဋ္ဌာန်းချက်များအား မည်မျှလိုက်နာ အကောင် အထည်ဖော်နိုင်မည်ကို ဆက်လက်စောင့်ကြည့်ရတော့မည့် အနေအထားပင်ဖြစ်တော့သည်။

၄။ UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ UPDJC အစည်းအဝေးကို ကျောခိုင်းခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အား အစိုရအစုအဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦးနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးဖြင့် ဖွဲ့စည်း သည်။ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ ပထမအစည်းအဝေးတွင် နိုင်ငံရေးပါတီများ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များမပြီးပြတ်သေးသည့်အတွက် ပါဝင်တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယအကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံရေးပါတီများအစုအဖွဲ့ ပါဝင်နိုင်ခဲ့သည်။ ဒုတိယအကြိမ် မြောက်အစည်းအဝေးအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၄ မှ ၂၅ ရက်နေ့အထိလည်ကောင်း၊ တတိယအကြိမ်မြောက် အစည်းအဝေးအား ဒီဇင်ဘာလ ၁၄၊ ၁၅ နှင့် ၁၇ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်မြောက်အစည်းအဝေး အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ နှင့် ၁၀ ရက်နေ့တွင်လည်းကောင်း၊ ပဉ္စမအကြိမ်မြောက်အစည်းအဝေးအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေး (၅) ကြိမ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော အစည်းအဝေးများဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖြစ်လာပြီးနောက် ၂၀၁၆ ခုနှစ် မေလ ၂၇ နှင့် ၂၈ ရက်နေ့တွင် ဆဋ္ဌမ အကြိမ်မြောက် UPDJC အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်အပြောင်းအလဲ မရှိဘဲ တက်ရောက်သည်။ အစိုးရအစုအဖွဲ့တွင် ကိုယ်စားလှယ် ကြီးကြီးမားမားပြောင်းလဲမှုရှိသည်။ UPDJC ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူသည်။ နိုင်ငံရေးပါတီအစုအဖွဲ့အတွက်မူ UPDJC မူလအဖွဲ့ဝင်များ တက်ရောက်သည်။ ထိုအစည်းအဝေး တွင် အစိုးရ၏မူဝါဒအဖြစ် ရွေးကောက်ပွဲတွင် အနိုင်မရရှိသည့် နိုင်ငံရေးပါတီများအား UPDJC တွင်သော်လည်း ကောင်း၊ ညီလာခံအခင်းအကျင်းတွင် သော်လည်းကောင်း ပါဝင်နိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆွေးနွေးသည်။ နိုင်ငံရေးပါတီများအစုအဖွဲ့တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ အနိုင်မရသော နိုင်ငံရေးပါတီများလည်းပါဝင်နေပေရာ အဆိုပါ နိုင်ငံရေးပါတီများနေရာတွင် အစားထိုးရန် မည်သည့်ပါတီအား ရွေးချယ်မည်ဆိုသည်မှာ နိုင်ငံရေးပါတီအချင်းချင်း ဆောင်ရွက်ရန်မသင့်သည့်အတွက် အစိုးရမှ တာဝန်ယူရန် နိုင်ငံရေးပါတီများက အဆိုပြုရာ အစိုးရက ထိုသို့ဆောင်ရွက်ရန် သဘောတူသည်။ ရွေးကောက်ပွဲအနိုင်မရရှိသော ပါတီများက မည်သို့ပင် ပြောဆိုဆွေးနွေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် လက်မခံသည့် အတွက် နောင်ကျင်းပမည့်အစည်းအဝေးများတွင် ရွေးကောက်ပွဲအနိုင်ရပါတီများသာ ပါဝင်ခွင့်ရမည်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရသည်။ သို့ပါ၍ ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက အမိန့် ကြော်ငြာစာအမှတ် ၄၈/၂၀၁၆ “ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဖွဲ့စည်းခြင်း” အား “စာအမှတ်၊ ၁၁၂ (၁)/၈/သမ္မတရုံး” ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(Union Peace Dialogue Joint Committee-UPDJC) ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

သတ္တမအကြိမ်အစည်းအဝေးအား ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၅ နှင့် ၁၆ ရက်နေ့တွင်လည်းကောင်း၊ အဋ္ဌမ အကြိမ်မြောက်အစည်းအဝေးအား အောက်တိုဘာလ ၂၈ နှင့် ၂၉ ရက်နေ့တွင်လည်းကောင်း၊ နဝမအကြိမ်မြောက် အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း၊ (၁၀) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် လည်းကောင်း၊ (၁၁) ကြိမ်မြောက်အစည်းအဝေးအား မေလ ၂၈ ရက်နေ့တွင် လည်ကောင်း၊ (၁၂) ကြိမ်မြောက်အစည်းအဝေးအား အောက်တိုဘာလ ၃၀ နှင့် ၃၁ ရက်နေ့တွင်လည်းကောင်း၊ (၁၃) ကြိမ်မြောက်အစည်းအဝေးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်းကောင်း၊ (၁၄) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်းကောင်း၊ (၁၅) ကြိမ်မြောက်အစည်းအဝေးအား ဇွန်လ ၂၉ ရက်နေ့ တွင်လည်းကောင်း၊ (၁၆) ကြိမ်မြောက်အစည်းအဝေးအား ဇွန်လ ၉ ရက်နေ့တွင်လည်းကောင်း၊ (၁၇) ကြိမ်မြောက် အစည်းအဝေးအား ဇူလိုင်လ ၁၅ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

(၁၃) ကြိမ်မြောက်အစည်းအဝေးမှ စတင်၍ နောက်ဆုံးကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အစည်းအဝေး အထိ အစည်းအဝေး (၅) ကြိမ်တိုင်တိုင် UPDJC ၏ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခြင်းမရှိခဲ့ပေ။ မည်သည့်အကြောင်းအချက်ကြောင့် မတက်ရောက်ပါသနည်း။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းထက် အရေးကြီးသည့်မည်သည့် လုပ်ငန်းများ ရှိသည့်အတွက် တက်ရောက်နိုင်ခြင်း မရှိပါသနည်း။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အား အားလျော့စိတ်ပျက်မှု ဖြစ်သွား၍လော။ မည်သို့ဆိုစေ “မပြီးသေးသည့် ပန်းချီကား ခပ်ဝါးဝါးတစ်ချပ်ပင်” ဆိုသကဲ့သို့ မဖြစ်ရန် တာဝန်ရှိသူ၊ တာဝန်ယူထးသူက ဆောင်ရွက်ရမည် မဟုတ်ပါလား။ ခေါင်းတွဲကမှ မရွေ့လျှင် အဘယ်မျှလျှင် နောက်တွဲများ သွားနိုင်ပါအံ့နည်း။ စဉ်းစားသုံးသပ်ကြပါလေကုန်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့်အချိန်တွင် ကျင်းပသော UPDJC အစည်းအဝေး အခင်းအကျင်းများအား သုံးသပ်ကြည့်ရပါလျှင် အစပိုင်း၍ တပ်မတော်ကိုယ်စားလှယ်များသည် အစိုးရဖက် အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် တင်ပြသော အချို့အကြောင်းအရာများကို သဘောမတူပါသော်လည်း အတိုက်အခံမလုပ်ဘဲ တပ်မတော်၏ဆွေးနွေးအဆိုပြုချက်များကို မှတ်တမ်းတွင်သာ ထည့်သွင်းခိုင်းကာ အများစု သဘောတူဆုံးဖြတ်သည့်အတိုင်း လက်ခံခဲ့သည်။ အစိုးရအောက်တွင် ပူးပေါင်းဆောင်ရွက်သည့်သဘောကို ပြသ ခြင်းဟု ယူဆရပေသည်။ အစည်းအဝေး (၃) ကြိမ်ခန့် ပြီးသောအခါတွင် အစိုးရနှင့် သူတင်ကိုယ်တင် ဆွေးနွေးလာ သည့်သဘောကိုတွေ့ရသည်။ ဆွေးနွေးချက်အား မှတ်တမ်းတွင် ထည့်သွင်းထားရုံနှင့်မရတော့ပေ။ တပ်မတော်၏ သဘောထားအတိုင်း ရပ်တည်ဆွေးနွေးလာသည်ကို တွေ့ရှိရသည်။ နောင်အစည်းအဝေးများတွင် တပ်မတော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဆွေးနွေးငြင်းခုံနေကြသည် ကို ကြားဝင်ဖြေရှင်းနိုင်ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငုတ်တုတ်ထိုင်နားထောင်နေရသည့် အခါများ လည်းရှိပေသည်။ နောင်ပိုင်းအစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်များကိုပင်လျှင် အလိုက်သင့်ခေါင်းငုံလက်ခံခြင်း မရှိတော့သည့်အနေထားကို တွေ့မြင်ရပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ UPDJC အစည်းအဝေးအတွင်း သြဇာ ကျဆင်းသွားသည့် သဘောပင်ဖြစ်သည်။ တပ်မတော်ကိုယ်စားလှယ်သည် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည်လည်းကောင်း ကိစ္စတစ်ခု အားအစည်းအဝေးတွင် ဆုံးဖြတ်နိုင်ခြင်းမရှိတော့ဘဲ အထက်ကို တင်ပြမည်၊ မိခင်အဖွဲ့အစည်းကို တင်ပြမည် စသည့်ဖြင့်သာ ဆွေးနွေးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် နောင်တွင် ဆုံးဖြတ်ချက်ပေးနိုင်သည့် ကိုယ်စားလှယ်များသာ အစည်းအဝေးတက်ရောက်ကြရန် ပြောဆိုသည်အထိ ဖြစ်ခဲ့ပေသည်။ ဤသည်ကို စိတ်ပျက်သွားသည်လား၊ သို့တည်းမဟုတ် စိတ်ထက်သန်မှုအားလျော့သွားသည်လား၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတဆင့် ဆောင်ရွက်ရန် နည်းလမ်းကို မယုံကြည်တော့၍လား အတတ် မပြောတတ်ပေ။ ၄င်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် UPDJC အစည်းအဝေးကို အခြားသော အရေးကိစ္စ များအကြောင်းပြ၍ နောက်ဆုံးကျင်းပသော အစည်းအဝေး (၅) ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ခြင်းမရှိပေ။ မည်သို့ပင် ဆိုစေ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရမည်မဟုတ်ပါလား။ သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ စေ့စပ်ညှိနှိုင်းရေးကို ဆောင်ရွက်ရမည်မဟုတ်ပါလား။ ငြိမ်းချမ်းရေးဖြစ်စဉ်သည်  ကယ်သူဝေး၍ “ရေ၏သယ်ဆောင်ရာနောက်သို့ မျောပါသွားမည့် ဗေဒါပင်” ကဲ့သို့ ဘယ်ကမ်းဘယ်သောင် ဆိုက်ကပ်မည်မှန်းမသိသည့် အဖြစ်မျိုးတော့ မရောက်သင့်ပေ။ “တာဝန်သိသောသူသည် တာဝန်ရှိသည်” ဟု ဆိုကြ သည်မဟုတ်ပါလော။ မိမိနိုင်သည့် ဝန်တာကို ကိုယ်စီ ထမ်းဆောင်ရန်သာ လိုအပ်ပေသည်။ မည်သည့်နိုင်ငံသားက “ကြီးဒေါ် နွားကျောင်းသည့် အလုပ်” ကို ခုံမင်စွာ လုပ်ဆောင်နိုင်ပါမည်နည်း။

နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစား အခြားဘက် သို့ အာရုံစိုက်မှု ပိုအလေးပေးသွားသည်ကို ပိုမိုမြင်သာစေသည့် အချက်မှာ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ပြင်ဆင်ရေးကော်မတီအား ဖွဲ့စည်း လိုက်သည့်လုပ်ဆောင်ချက်ကြောင့်ပင်ဖြစ်သည်။ ဦးဆောင်မှုအားနည်းချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် မမျှော်လင့်နိုင်တော့သည့်အခြေအနေတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကတိအား အကောင်အထည်ဖော်ရန် ကြိုးစားပါသည်ဟူသော လုပ်ဆောင်ချက်ကို ပြသနိုင်ရန် အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးအား ကစားကွက်အသာစီးရနိုင်သည့် လွှတ်တော်အခင်းအကျင်းသို့ ရွေ့ပြောင်းလိုက် သည်ဟုသာ သုံးသပ်ရပေတော့မည်။ သိုပါသော်လည်း လွှတ်တော်တွင်းကစားကွက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အောက်၌ တပ်မတော်သဘောမတူပါက အောင်မြင်နိုင်ဖွယ်မရှိသည်ကို သိရှိပါသော်လည်း အပ်ကွက်ဖြစ်မည်ကို သိရှိပါသော်လည်း ပရိတ်သက်အကြိုက် အကွက်ခင်းကာ တင်ဆက်ကပြရလေတော့သည်။

မှတ်ချက်။         ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ကျနော် ရေးသားသော “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များအား ဒီမိုကရေစီနှင့်ဖက်ဒရယ် ချောင်းကြည့် ပေါက်မှ ရှုမြင်ခြင်း” သုံးသပ်ချက်ဆောင်းပါးတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

၅။ ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်မျာအား ဇကာတင်သုံးသပ်ခြင်း

ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ−၂၁ ရာစုပင်လုံ (ဒုတိယအစည်းအဝေး)တွင် အချက် ၃၇ ချက်ပါသည့် ပြည်ထောင်စုသဘောတူစာချုပ်−အစိတ်အပိုင်း(၁)ကိုလည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ−၂၁ ရာစု ပင်လုံ(ဒုတိယအစည်းအဝေး)တွင် အချက် ၁၄ ချက်ပါသည့် ပြည်ထောင်စုသဘောတူညီချက်−အစိတ်အပိုင်း(၂)ကို လည်းကောင်း ချုပ်ဆိုနိုင်ခဲ့ရာ အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ်ပါ အချက် ၅၁ ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၏ ရည်မှန်းချက်၊ သဘောတူညီချက်ဖြစ်သည့် NCA ပုဒ်မ ၂၂ (ဃ) ပါ “ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ အပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ပြုလုပ်ရန် သဘော တူညီသည်” အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် မည်ရွေ့မည်မျှ ခိုင်မာ အားကောင်းသည်ကို အသေးစိတ် သေချာစွာ ဆန်းစစ်လေ့လာ ကြပါစို့။

မှတ်ချက်။         ပြည်ထောင်စုသဘောတူစာချုပ် ဆန်းစစ်လေ့လာချက်ဇယားကို ပူးတွဲတွင် ကြည့်ရှုနိုင်သည်။

ပြည်ထောင်စုသဘောတူစာချုပ် သဘောတူညီချက်အမှတ်(၁) “နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စု တစ်ဝန်းလုံး ၌ တည်သည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ ပြဋ္ဌာန်းချက် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” တို့အား နှိုင်းယှဉ်ကြည့်လျှင် စာသားတစ်လုံးတစ်ပါဒမျှ ပြောင်းလဲမှုမရှိသည်ကို တွေ့ရှိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်အတိုင်းဖြစ်သည်ကို တွေ့ရသည်။

သဘောတူညီချက်အမှတ်(၂) “နိုင်ငံတော်အချုပ်အခြာအာဏာ၏မဏ္ဍိုင် (၃) ရပ် ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) ပြဋ္ဌာန်းချက် “နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်” တို့အားနှိုင်းယှဉ်ကြည့် ပါက “မဏ္ဍိုင်(၃)ရပ်”နှင့် “ခက်မသုံးဖြာ” ဟူသော စကားရပ် ကွဲလွဲချက်နှင့် ၂၀၀၈ တွင် ပါဝင်သည့် “တတ်နိုင်သမျှ” ဟူသောစကားရပ်မပါရှိတော့သည်ကိုသာ တွေ့ရှိရပြီး အနှစ်သာရအားဖြင့် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိပေ။

သဘောတူညီချက်အမှတ်(၃) “တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရ ဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေး ရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း ကာကွယ် မြှင့်တင်ခွင့် ရှိရမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးသို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်” ပုဒ်ခွဲ(ဃ) “တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေး မှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ဟူသည့် ပြဋ္ဌာန်းချက်နှင့် နှိုင်းယှဉ်သုံးသပ်ပါက “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးသို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့်မဆန့်ကျင်လျှင်”  ဟူသည့် စကားရပ် မပါရှိတော့သည့်အပြင် “တိုင်းရင်းသား လူမျိုးတိုင်း သည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရ ဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေး ရှိရမည့်အပြင်” ဟူသော စကားရပ်ပိုလာသည်ကို တွေ့ရှိရသည်။ ဤသဘောတူညီချက်သည် ထိန်းချုပ်မှုပါသော ၂၀၀၈ ပါ ပြဋ္ဌာန်းချက်မှ တန်းတူရေးကို ဦးစားပေးသည့် သဘောတူညီချက်အဖြင့် ဆွေးနွေးမှုရလဒ် တိုးတက်မှုရရှိသည့် သဘောကို တွေ့မြင်ရသည်။

သဘောတူညီချက်အမှတ်(၄) “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈ “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ပြဋ္ဌာန်းချက်နှင့် ကွဲလွဲချက်မှာ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော” ဟူသော စကားရပ် ပိုလာခြင်းဖြစ်သည်။ ကောင်မွန်သည့်အချက်ဟု ပြောရမည်ဖြစ်သော်လည်း ပြည့်ပြည့်ဝဝ စိတ်ချရသော သဘောတူညီချက်မဟုတ်ပေ။ အခြေခံသည်ဆိုရာ၌ ရာခိုင်နှုန်း မည်မျှ အခြေခံမည်နည်း။ ၅ ရာခိုင်နှုန်း အခြေခံမည်လား၊ ၉၀ ရာခိုင်နှုန်း အခြေခံမည်လား ဟူသည့် မရေရာသော အခြေအနေပင်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၅) “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသ ကြီး/ ပြည်နယ်များ ဖြင့် ဖွဲ့စည်းရမည်။ မှတ်ချက်။ တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူ ရှိရမည်။ အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက် ဆွေးနွေးမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉(က) “ရှိရင်းစွဲ တိုင်း (၇) တိုင်းကို တိုင်းဒေသကြီး (၇) ခု အဖြစ် လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ် အဖြစ် လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်း ဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ် တို့သည်အဆင့်အတန်းတူညီကြသည်” တို့အား နှိုင်းယှဉ်သုံးသပ်ပါက ကွဲလွဲမှု ရအောင် ဆွေးနွေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ မှတ်ချက်တွင် ပါဝင်သော “အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက် ဆွေးနွေးမည်” ဆိုသည်မှာ နောင်တွင် ယခုသုံးစွဲနေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဟူ၍ အမည်နာမ နှစ်မျိုး မသုံးစွဲတော့ဘဲ တိုင်းဒေသကြီးဖြစ်စေ၊ ပြည်နယ်ဖြစ်စေ စကားရပ်တစ်မျိုးတ ည်းကိုသာ သုံးစွဲမည် ဆိုသည့် သဘောတူညီချက်ဖြစ်သည်။ ဆွေးနွေးစဉ်ကာလတွင် “ပြည်နယ်များ၏ အရေအတွက် ကိုနောင်တွင် ဆက်လက်ဆွေးနွေးမည်” ဟု မှတ်ချက်တွင် ထည့်သွင်းရန် အကြိတ်အနယ်ဆွေးနွေးခဲ့သော်လည်း ထိုဆွေးနွေးချက် သဘောတူညီချက်တွင် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိပေ။

သဘောတူညီချက်အမှတ်(၆) “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တိုင်းရင်း သားလူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းရမည်” ဆိုသည့် အချက်မှာမူ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားခြင်းမရှိပေ။

သဘောတူညီချက်အမှတ်(၇) “နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ (၃) ဖြာ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းမည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာအာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွဲဝေအပ်နှင်း ပေးရမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၁၂(က) “နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေ ကသတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်”၊ ပုဒ်မ ၁၇(က) “နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်”၊ ပုဒ်မ ၁၈(က) “နိုင်ငံတော်၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော် များနှင့် ကိုယ်ပိုအုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သောတရားရုံးများအား ခွဲဝေအပ်နှင်းသည်” ဟူသည့် ပြဋ္ဌာန်းချက်များနှင့် နှိုင်းယှဉ်ပါက ကွဲလွဲချက်ကြီးကြီးမားမား မတွေ့ရပေ။ “ပြည်ထောင်စု၊ တိုင်းဒေသကြီး /ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာအာဏာများနှင့် ပူးတွဲအာဏာ များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွဲဝေအပ်နှင်း ပေးရမည်” ဆိုရာ၌ ပြည်ထော်စု၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအဆင့်  ဥပဒေပြုရေးဆိုင်ရာ သီးခြားအာဏာများနှင့် ပူးတွဲအာဏာဟူသည်မှာ ထပ်တူပြုအာဏာ (Concurrent Power) ကို ဆိုလိုပေသည်။ “ထပ်တူပြုအာဏာ” နှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထား ခြင်းမရှိလေရာ ထူးခြားသည့် သဘောတူညီမှု ဖြစ်ပေသည်။ ဒေသန္တရအဆင့်အထိ ဥပဒေပြုရေးအာဏာအား မည်သို့ ဖော်ဆောင်မည်ကို လေ့လာထားသင့်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၃)တွင် ပါသကဲ့သို့ ဟန်ပြ အာဏာမဖြစ်ရန် သတိပြုရပေမည်။

သဘောတူညီချက်အမှတ်(၈) “တိုင်းဒေသကြီး/ပြည်နယ်များကိုဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ နှင့် တရားစီရင်ရေး အာဏာ တည်း ဟူသောအာဏာ (၃) ရပ် စလုံးကို အပ်နှင်းစေရမည်။ ဥပဒေပြုရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရနှင့် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်တရား လွှတ်တော်ချုပ်တို့ကို ထူထောင်ခွင့်ရှိစေရမည်” ဟူသည့် သဘောတူညီချက်သည် အထက်တွင် ဖော်ပြပြီး ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ  ၁၂(က)၊ ပုဒ်မ ၁၇(က)နှင့် ပုဒ်မ ၁၈(က) တို့နှင့်  အနှစ်သာရအားဖြင့် ကွဲလွဲမှု မရှိပေ။

သဘောတူညီချက်အမှတ်(၉) “ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသည် ကောက်ခံရရှိ ထားသော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစားခွင့် ရှိစေရမည်” မှာမူ အပေါင်းသကေတဆန်သော သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် (Fiscal Federalism) ၏ သဘောတရားများ မိတ်ဆက်ဟုပင် ဆိုရမည်ဖြစ်သည်။ ယခုထက်ပိုမိုတိကျသော သဘောတူညီချက်များ ရရှိရန် လိုအပ်နေပေသေးသည်။

သဘောတူညီချက်အမှတ်(၁၀) “ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်အကြားတွင် သော်လည်း ကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်းအကြားတွင်သော် လည်း ကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်း ပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ထားရှိ ရမည်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၆ “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ် လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်း ကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး အကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး တစ်ရုံး ကို ဖွဲ့စည်းရမည်” ဟူသည့်ပြဋ္ဌာန်းချက်နှင့် နှိုင်းယှဉ်ပါက “သီးခြားလွတ်လပ်သော” ဟူသည့် စကားရပ်မှအပ သဘောတရားအနှစ်သာရအရ အတူတူပင်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၁) “ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်” သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇ “နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ကို ကျင့်သုံးသည်” တွင် ပါရှိသည့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော” ဟူသည့် စကားရပ်ကို ပယ်ဖျက်ထားသည့်သဘောပင် ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၂) “လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်” နှင့်ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) ရွေးကောက် တင်မြှောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၃၉၀ မှ ပုဒ်မ ၄၀၃ အထိ ပြဋ္ဌာန်းထားသည်။ အဆိုပါ ပြဋ္ဌာန်းချက်များတွင် “လွတ်လပ်၍တရားမျှတသော” ဟူသည့် စကားရပ် ပါဝင်ခြင်းမရှိပေ။ ဆွေးနွေးချက် တိုးတက်မှုရှိသည် ဟုဆိုရမည် ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၃) “ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်ရေး” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ  ၃၅ “နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက် စီးပွာရေးစနစ် ဖြစ်သည်” ပြဋ္ဌာန်းချက်တို့ သဘောတရား အတူတူပင်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၄) “ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများက ခိုင်မာသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များကို ရေးဆွဲ ပြဋ္ဌာန်းရန်။ မှတ်ချက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းနိုင်သည့် ဥပဒေများ ပေါ်ပေါက်လာပါက ဆောင်ရွက်ရန် ဖြစ်သည်” ဟူ၍ သဘောတူထားရာ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်များတွင် ခိုင်မာသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲရန် လမ်းဖွင့်ထားသည့်သဘောဖြစ် သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ တွင်မူ “နိုင်ငံတော်သည်- (က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုး ရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစု အားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ပြုသည်” ဟူ၍ သာမန်သာ ပြဋ္ဌာန်းထားပေသည်။

သဘောတူညီချက်အမှတ်(၁၅) “အဆိုပါ မူဝါဒနှင့် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင် ဖော်ဆောင်ရာတွင် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်များလျှော့ချနိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) တို့ကို ဦးတည် ဆောင်ရွက်ရန်” ဟူသည့်သဘောတူညီချက်မှာ ရည်ရွယ်ချက်ကောင်းမွန်ပြီး အနှစ်သာရရှိသည့်  သဘော တူညီချက် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆(ဂ) တွင်မူ “အများပြည်သူတို့၏ နေထိုင်မှုအဆင့် အတန်းမြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်မည်” ဟူ၍ သာမန် သာပြဋ္ဌာန်းထားသည်။

သဘောတူညီချက်အမှတ်(၁၆) “ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်နစ်နာစေမည့် စီးပွားရေး လုပ်ဆောင်မှု များကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆(ဃ) “စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု” ဟူသည့် ပြဋ္ဌာန်းချက်တို့ စဉ်းစားချက်သဘောတရားချင်း ယေဘုယျ အားဖြင့် တူညီသည်။

သဘောတူညီချက်အမှတ်(၁၇) “လူတစ်ဦးတစ်ယောက်က ဖြစ်စေ၊အစုအဖွဲ့တစ်ခုကဖြစ်စေ စီးပွားရေး လက်ဝါးကြီးအုပ် ဆောင်ရွက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆(ခ) “စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ် ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများ ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်” ဟူသည့် ပြဋ္ဌာန်းချက်တို့ သဘော တရားအရ အတူတူပင်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၈) “ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသအသီးသီးတို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တန်းတူညီမျှသော အခွင့်အလမ်းများရရှိရေး ထိရောက် စွာဆောင်ရွက်ရန်” ဟုဆိုရာ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဤသို့သော ပြဋ္ဌာန်းချက်များကို မတွေ့ရှိရပေ။ တန်းတူညီမျှသော အခွင့်အလမ်း ရရှိရေးအတွက် ကောင်းမွန်သည့် သဘောတူညီချက်ပင်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၁၉) “ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာခွဲဝေရန်”  ဟူ၍ဖြစ်ရာ ပြည်ထောင်စုနှင့် ပြည်နယ်အကြား ရှိ ဘဏ္ဍာငွေနှင့် အခွန်ငွေဆိုင်ရာ မျှတစွာခွဲဝေသည့်အစီအစဉ် (Fiscal Arrangement) ကို ဆောင်ရွက်ရန် ဖြစ် သည်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် သဘောတူညီချက်ဖြစ်သည်။ အဆိုပါ ပြဋ္ဌာန်းချက်မျိုးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားခြင်း မရှိရာ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ မျှတစွာ ခွဲဝေရန်” ဟုဆိုထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းသော်လည်းကောင်း၊ အသစ်ရေးဆွဲခြင်းသော်လည်းကောင်း မဆောင်ရွက်နိုင်သေးမီ ဤသဘောတူညီ ချက်သည် “မုန့်ဆီကြော်က မည်ဆီမှန်းမသိ” ဟူသည့် အဖြစ်နှင့်ပင် တူနေပေတော့သည်။

သဘောတူညီချက်အမှတ်(၂၀) တွင်လည်း “ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များအကြား စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန်” ဟုပါရှိလေရာ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်ကို ဆိုင်ရာ ဥပဒေပြုရေးအာဏာ များတွင် သေချာစွာ ခွဲဝေပြဋ္ဌာန်းထားရတော့မည် ဖြစ်ပေသည်။ “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန်” ဟူသည့် စကားရပ် ပါဝင်သဖြင့် ဘာမှန်းမသိလျှင် ၉၆ ပါးဆေးတိုက်ဟူသည့် အယူအဆနှင့်ပင် တူပေတော့သည်။ သဘောတူညီချက်တော်တော်များများတွင် တပ်မတော်ကိုယ်စားလှယ်များနှင့် ဗျူရိုကရေစီယန္တရားတွင် ကျင်လည် ခဲ့ဖူးသူများသည် အနှောင့်အဖွဲ့နှင့် ချုပ်နှောင်ခြင်းကို လွန်စွာမှပင် ကြိုက်နှစ်သက်သည့် သဘောအား တွေ့မြင် ရပေသည်။ “နံရံကြားတွင် သိမ်းထားသော အသပြာနှစ်ပြားအား လက်မလွှတ်နိုင်သည့် ရေသည်ပြဇာတ်မှ ရေသည် ယောကျာ်း” ကဲ့သို့ပင် အချုပ်အနှောင်ဟူသည့်အရာအား တပ်မက်လှသည်ကို တွေ့ရပေသည်။ မည်သူ့ကိုမျှ ချုပ်နှောင် ၍မရလျှင် မိမိကိုယ်ကိုပင် ချုပ်နှောင်မည်လား ထင်မှတ်မှားစရာပင် ဖြစ်တော့သည်။

သဘောတူညီချက်အမှတ်(၂၁) “နိုင်ငံတော်၏ ကာလတို၊ ကာလလတ်၊ ကာလရှည် စီးပွားရေး စီမံကိန်းများကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ချမှတ်ဆောင်ရွက်ရန်” အရ “ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု” ဟုဆိုရာ ဤအချက်များသည် ကမ္ဘာပေါ်ရှိ အစိုးရတိုင်း အဖွဲ့အစည်းတိုင်း မဖြစ်မနေ လိုက်နာ ကျင့်သုံး ရမည့် အခြေခံလိုအပ်ချက်များ ဟုဆိုရမည်ဖြစ်သည်။ နောင်ပြင်ဆင် ပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဤ အချက်များကို အခြေခံမူအဖြစ်ပြဋ္ဌာန်းသင့်သည်။

သဘောတူညီချက်အမှတ်(၂၂) “လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ညှိနှိုင်းပူးပေါင်း၍ ဒေသဆိုင်ရာ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများ (Regional Comprehensive Develop− ment Plans) ရေးဆွဲ အကောင်အထည်ဖော်ရန်။ မှတ်ချက်။ ပြည်ထောင်စုအစိုးရကချမှတ်သော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင် စေဘဲ ဆောင်ရွက်ရန်” ဟူသည့် သဘောတူညီချက်သည် ပူးတွဲအာဏာသဘောအရသော်လည်းကောင်း၊ အစိုးရအချင်းချင်းကြားဆက်ဆံရေး (Inter Governmental Relation) သဘောအရသော်လည်းကောင်း ဒေသဆိုင်ရာ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများအာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကောင်းမွန်သော သဘောတူညီချက်ဟု ဆိုရမည်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၂၃) တွင် “တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဥပဒေများ နှင့်အညီ ဆီလျော်သင့်မြတ်သည့် ဆွဲဆောင်မှုရှိသော အစီအစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်”  ဟူ၍ သဘောတူထားရာ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်နှင့် သက်ဆိုင် သဖြင့် အပေါင်းလက္ခဏာဆောင်သော သဘောတူညီချက်ဖြစ်ပေသည်။

သဘောတူညီချက်အမှတ်(၂၄) “လက်နက်ကိုင်ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ ပြုမူဆောင်ရွက် မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများကို ခွဲခြား ဆက်ဆံမှု မရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန် ရပ်တည်နိုင်ရေး (Durable Solution) ကိုဦးတည်၍ စနစ်တကျ အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန်” သည် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် သက်ဆိုင်သည့် ဆောင်ရွက်ရမည့် နည်းလမ်းဆိုင်ရာ သဘော တူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၂၅) “လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ပြုမူ ဆောင်ရွက် မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာရသူများသည် မိမိနေရပ်နှင့် မိမိသွားရောက်လိုရာ အခြားဒေသသို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင် နိုင်ရန်” သည်လည်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် သက်ဆိုင်သည့် ဆောင်ရွက်ရမည့် နည်းလမ်းဆိုင်ရာ သဘော တူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၂၆) “သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှု မရှိဘဲ ထိရောက်စွာ ကာကွယ် စောင့်ရှောက်ရန်နှင့် လူမူ ဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂ “နိုင်ငံတော်သည်- (က) မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ ကလေးများ၊ ကျဆုံးသော တပ်မတော်သား များ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက် ရမည်” တို့အား နှိုင်းယှဉ်လေ့လာပါက “အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့် ခွဲခြားမှု မရှိဘဲ” ဟူသည့် သဘောတရား တိုးလာသည်ကို တွေ့ရသည်။

သဘောတူညီချက်အမှတ်(၂၇) “မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များကို အမျိုးသား ရေးပြဿနာ၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပြဿနာအဖြစ် သတ်မှတ်၍ ထိရောက်စွာ တားဆီးကာကွယ်၊ တိုက်ဖျက်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် စီမံချက် ချမှတ် ဆောင်ရွက်ရန်”  ဟူသည့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ သည် အစိုးရ တစ်ခုတည်းသာမက ပြည်သူတစ်ရပ်လုံးကပါ စဉ်ဆက်မပြတ် တားဆီးကာကွယ်ရမည့် ဘုံလုပ်ငန်း တစ်ခု ဖြစ်ပေသည်။

သဘောတူညီချက်အမှတ်(၂၈) “နိုင်ငံလုံးဆိုင်ရာ ဘက်ညီမျှတသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေသည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု မြေယာမူဝါဒဖြစ်စေရန်”၊ သဘောတူညီချက် အမှတ် (၂၉) “သင့်တော်မျှတ၍တရားနည်းလမ်းကျမှုကို အခြေခံ စေရန်”၊ သဘောတူညီချက်အမှတ်(၃၀) “ဗဟိုထိန်းချုပ်မှု လျှော့ချသည့် မူဝါဒများဖြစ်စေရန်”၊ သဘောတူညီချက်အမှတ်(၃၁) “မြေယာမူဝါဒရေးဆွဲရာတွင် လူအခွင့်အရေး စံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စံနှုန်းများကို ထည့်သွင်းစဉ်းစားရေးဆွဲရန်”၊ သဘော တူညီချက်အမှတ်(၃၂) “မြေယာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းသည့်မူဝါဒများ ဖြစ်စေ ရန်”၊ သဘောတူညီချက်အမှတ်(၃၄) “နိုင်ငံသားတိုင်းသည် မြေယာဥပဒေနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည်။ အမျိုးသမီးနှင့်အမျိုးသား တန်းတူညီမျှမှု ရှိရမည်”၊ သဘောတူညီချက်အမှတ်(၃၅) “မြေယာပိုင်ဆိုင် ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုပြုရာတွင် ဥပဒေနှင့်အညီ အမျိုးသမီးနှင့်အမျိုးသား အခွင့်အရေး တန်းတူညီမျှမှု ရှိစေရန်” နှင့် သဘောတူညီချက်အမှတ်(၃၆) “လုပ်ပိုင်ခွင့် ချထားပေးသော မြေယာကို မူလရည်ရွယ်ချက်အတိုင်း သတ်မှတ်ကာလ အတွင်း လုပ်ကိုင်နိုင်ခြင်း မရှိလျှင် နိုင်ငံတော်က ပြန်လည်ရယူရန်နှင့် အမှန်တကယ် လုပ်ကိုင်လိုသူများအား ပြန်လည် ချထားပေးရေး ဆောင်ရွက်စေရန်” ဟူသည့် သဘောတူညီချက်များသည် လက်ရှိမြေယာဆိုင်ရာမူဝါဒများ ပြင်ဆင်ရေးဆွဲလျှင်သော်လည်းကောင်း အသစ်ရေးဆွဲလျှင်သော်လည်းကောင်း လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန် သဘောတူညီချက်များ ဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြေယာမူဝါဒနှင့် သက်ဆိုင်သော ပြဋ္ဌာန်း ချက်များမပါရှိပေ။ အဘယ်ကြောင့် ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ တွင် “နိုင်ငံတော်သည်- (က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်။

သဘောတူညီချက်အမှတ်(၃၃) “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်ရာတွင် ဒေသခံများ ၏ လိုလားချက်များကို ဦးစားပေး၍ တောင်သူ လယ်သမားများ၏ အဓိကလိုအပ် ချက်များကို ဖြည့်ဆည်း ပေးရန်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၉ “နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်း နိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိ သည်တို့ကို အတတ် နိုင်ဆုံးဖြည့်ဆည်းရမည်” တို့အား လေ့လာကြည့်ပါက ဒေသခံများ ၏ လိုလားချက်များကို ဦးစားပေးရမည့် သဘော ကိုအလေးပေးလာကြောင်း တွေ့ရသည်။

သဘောတူညီချက်အမှတ်(၃၇) “လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်နှင့် တိုင်းရင်းသားလူမျိုးများ အထွဋ်အမြတ်ထားသောမြေများ ထိခိုက်ပျက်စီးမှုများ မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရန်” သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇ “နိုင်ငံတော် သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက် မည်” နှင့် ပုဒ်မ ၄၅ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟူသော ပြဋ္ဌာန်းချက်များထက် အဓိပ္ပာယ် လေးနက်သည့်အပြင် “တိုင်းရင်းသားလူမျိုးများ အထွဋ်အမြတ်ထား သောမြေများ” ကိုပါ အသိအမှတ်ပြုသည့် သဘောတူညီချက် ဖြစ်သဖြင့် ရည်ရွယ်ချက်ကောင်းမွန်ကြောင်းတွေ့ရှိရသည်။

သဘောတူညီချက်အမှတ်(၃၈) “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြား မှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒ ချမှတ်ရမည်” နှင့် အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၈ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်း ပြု၍ ခွဲခြားမှုမရှိစေရ” နှင့် ပုဒ်မ ၃၅၀ “အမျိုးသမီး များသည် တူညီသောအလုပ် အတွက် အမျိုးသားများ ခံစားခွင့်ရှိသောအခွင့် အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်” ဟူ၍ အဆိုပါပုဒ်မတို့တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်ကို တွေ့ရသည်။ ခွဲခြားဆက်ဆံမှု မရှိစေရသည့် အပြင် တန်းတူ ညီမျှမှုရှိစေရေး ဟူသည် အချက်သာ ပိုလာပေသည်။

သဘောတူညီချက်အမှတ်(၃၉) “ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင် ရေးကို အားပေးရန်” ဟူသည့် ပြဋ္ဌာန်းချက်မျိုး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်း လုံးဝမရှိပေ။ အမျိုးသမီးများ၏ ကဏ္ဍအသီးသီးတွင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အသိအမှတ်ပြုသည့် သဘော တူညီချက်ဖြစ်သည်။ လက်တွေ့ ဖော်ဆောင်နိုင်ရေးကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၀) “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်” ဟူသည့် ပြဋ္ဌာန်းချက်မျိုး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပေ။ “ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှုများ” သည် နေရာတိုင်း လုပ်ငန်းခွင်တိုင်းတွင် ဖြစ်ပေါ်လေ့ ရှိသဖြင့် မူဝါဒသေချာချမှတ်ကာ လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ ကျားမ ဆိုင်ရာတန်းတူညီမျှရေးနှင့် ပတ်သက်၍ ဥပဒေပြုပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြနိုင်ပါက အကောင်းဆုံးဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၁) “ကျား/မဆိုင်ရာတန်းတူညီမျှမှုကို အထောက်အကူ ပြုစေရန် အမျိုးသမီးများ ၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးရမည်” သည် ခေတ်အဆက်ဆက် ဦးစားပေးမခံခဲ့ရသော အမျိုးသမီးများ အတွက် အပြုသဘောအထူးဆောင်ရွက်ချက် (Affirmative Action) သဘော တက်ရောက်သဖြင့် မူဝါဒချမှတ်ကာ လုပ်ဆောင် ရမည့် လုပ်ငန်းဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၂) “တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် များအတွင်းရှိ အများ ပြည်သူ အကျိုးစီးပွားများအတွက် ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် စီးပွား ရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို ရေးဆွဲချမှတ် ဖော်ဆောင်ခွင့် ရှိရမည်။ ထိုသို့ ရေးဆွဲရာတွင် ပြည်ထောင်စုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတ ဖြစ်စေရေးနှင့် ဆက်စပ်သော အခြားတိုင်းဒေသ ကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေး ထည့်သွင်း စဉ်းစားရန်” သည် ပြည်နယ်၏လုပ်ပိုင်ခွင့်ကို အလေးပေးသော သဘောတူညီချက်အဖြစ် ရှုမြင်နိုင်သည်။

သဘောတူညီချက်အမှတ်(၄၃) “ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်း တွင် အမျိုးသမီး များအနည်းဆုံး(၃၀)ရာခိုင်နှုန်း ပါဝင် နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်” သည် အမျိုးသမီးများ ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်တွင်သာမက အကောင်အထည်ဖော်မှုပိုင်းတွင်လည်း အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း သဘောတူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၄) “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော အားလုံး အကျုံးဝင် ပညာရေး စနစ် ဖော်ဆောင်ရန်” သည် လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရေးသဘောတူညီချက်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈ တွင်မူ “နိုင်ငံတော်သည်-

(က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာ ရေး တိုးတက်စေရေး တို့အတွက် အလေးထား ဆောင်ရွက်ရမည်၊

(ခ)  ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တို့တွင် တိုင်းရင်း သားပြည်သူများကပါဝင် ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်ရမည်၊

(ဂ)  အခမဲ့မသင်မနေရ မူလတန်းပညာရေး စနစ် ဖော်ဆောင်ရမည်၊

(ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ဖော်ဆောင်ရမည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။

သဘောတူညီချက်အမှတ်(၄၅) “လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) စနစ်ကို ဖော်ဆောင်ရန်” သည် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစနစ် ဖြစ်ရေးသဘောတူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၆) “မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန် ဆောင်များ အပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများ အတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်” နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၁ “မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများ သည် ဥပဒေအရ သတ်မှတ် ထားသောသက်ဆိုင်ရာအခွင့်အရေး များကို အညီအမျှခံစားခွင့်ရှိစေရမည်” တို့ ကွဲလွဲမှု သိပ်မရှိသည်ကို တွေ့ရှိရသည်။

သဘောတူညီချက်အမှတ်(၄၇) “လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ (Social Cohesion) သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်” သည် လူမှု ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ များဆောင်ရွက်ရာတွင် ထည့်သွင်းသင့်သည့် အကြံပြုသဘောတူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၈) “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးမှု ဆိုင်ရာ အန္တရာယ် လျှော့ချရေး (Harm Reduction) ၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်သော မူဝါဒများ ချမှတ်ဆောင်ရွက်ရန်” သည် မူယစ်ဆေးဝါးဆိုင်ရာ မူဝါဒချမှတ်ရာတွင် လုပ်ဆောင်ရမည့် အကြံပြု သဘောတူညီချက် ဖြစ်သည်။

သဘောတူညီချက်အမှတ်(၄၉) “ကလေးသူငယ် အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေး သူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု (၆) ချက် (Six Grave Violations) ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ် ဆောင်ရွက်ရန်” သည် ကလေးသူငယ်ဆိုင်ရာ မူဝါဒ ချမှတ်အကောင်အထည်ဖော်ရာတွင် လုပ်ဆောင် ရမည့် သဘောတူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၅၀) “နိုင်ငံတွင်းရှိ မြေယာများအား နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြား သားနှင့် တရားမဝင် နေထိုင်သူ များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိစေရ”နှင့် သဘော တူညီချက် အမှတ်(၃၄) “နိုင်ငံသားတိုင်းသည် မြေယာဥပဒေနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ အမျိုးသမီးနှင့် အမျိုးသား တန်းတူညီမျှမှု ရှိရမည်” တို့သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇ “နိုင်ငံတော် သည်- (က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်း ရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” နှင့် လုံးဝကွဲလွဲသော သဘောတူညီချက်ပင် ဖြစ်ပေသည်။ နိုင်ငံတော် ကသာပိုင်ဆိုင်ရာမှ နိုင်ငံသားများ ပိုင်ဆိုင်ခွင့် ရှိသည့် သဘောတူညီချက်ဖြစ်သည်။

သဘောတူညီချက်အမှတ်(၅၁) “မြေယာကိုအသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း နှင့် ဒေသခံပြည်သူလူထုနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကိုကြိုတင် ပြုလုပ် ရမည်” သည် စီးပွားရေးစီမံကိန်းများ ဆောင်ရွက်ရာတွင် တင်ကြိုဆောင်ရွက်ရမည့် EIA, SIA, HIA နှင့် FPIC တို့ကို ဆောင်ရွက်ရမည့် သဘောတူညီချက်ဖြစ်သည်။ ဤသဘောတူညီချက် လျင်မြန်စွာ အသက်ဝင်လာရန် လိုအပ်ပါ သည်။ စီမံကိန်းများကြောင့် နေရာတော်တော်များများတွင် ပြဿနာများ ပေါ်ပေါက်နေသောကြောင့် ဖြစ်သည်။

ခြုံငုံသုံးသပ်ချက်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ ဦးတည်ချက်၊ ရည်မှန်းချက် ဟုဆိုရ မည့်အပြင် အရေးကြီးဆုံးနှင့် နိုင်ငံရေးအနှစ်သာရအရ အရေးအပါဆုံးသော ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၂၂(ဃ) တွင် “ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ အပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီ ပြုလုပ်ရန် သဘောတူညီသည်” ပါရှိလေရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ−၂၁ ရာစုပင်လုံမှ ရရှိသော ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များသည် အဆိုပါရည်ရွက်ချက် အောင်မြင်ရေး မည်မျှခိုင်မာ အားကောင်းနေပြီကိုသုံးသပ်ရမည်ဖြစ်သည်။ သဘောတူညီချက် (၅၁) ချက် ရရှိပြီးဖြစ်သည် ဟူ၍ ကိန်းကဏန်း အခြေပြု ကြွေးကျော်နေယုံမျှဖြင့် အောင်ပွဲခဲ့နေ၍ မရပေ။ အနှစ်သာရအရ အရွေ့မည်မျှရှိသည်ဟူသော ရှုဒေါင့်မှ ရှုမြင်သုံးသပ်ပါမှ ပို၍ ဓမ္မဓိဋ္ဌာန် ကျမည်ဖြစ်ပေသည်။

သို့ပါ၍ ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပြင် အခြားတည်ဆဲဥပဒေများ ပြင်ဆင်နိုင်ရေးအတွက် မည်မျှ အားကောင်းမောင်းသန် ဖြစ်နေပြီကို သုံးသပ်ရမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရှုဒေါင့်မှ အလေးပေး သုံးသပ်လိုပါသည်။ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒရေးဆွဲရာတွင် ယေဘုယျအားဖြင့် အောက်ဖော်ပြပါအကြောင်းအရာများဖြင့် အခန်းအလိုက်ခွဲကာ ရေးဆွဲလေ့ရှိသည်။

နိဒါန်း(Preamble)

အခန်း(၁)     အခြေခံမူများနှင့် အထွေထွေပြဌာန်းချက်များ

(Fundamental Principles and General provisions)

အခန်း(၂)      နိုင်ငံသား (Citizenship)

အခန်း(၃)     အခွင့်အရေးဆိုင်ရာပြဌာန်းချက်များ (Rights provisions)

အခန်း(၄)     ဥပဒေပြုရေး (Legislature)

အခန်း(၅)     အုပ်ချုပ်ရေး(Executive)

အခန်း(၆)     တရားစီရင်ရေး (Judiciary)

အခန်း(၇)     စီမံခန့်ခွဲရေး/ပြည်သူ့ဝန်ထမ်း (Administration and Civil Services)

အခန်း(၈)     လုံခြုံရေးတပ်ဖွဲ့များ (Security Forces)

အခန်း(၉)     လွတ်လပ်သော အဖွဲ့အစည်းများ (Independent Bodies)

အခန်း(၁၀)   အမှတ်သင်္ကေတဆိုင်ရာပြဌာန်းချက်များ – အလံ၊ သင်္ကေတများ၊ သီချင်း စသည်ဖြင့်

Symbolic provisions: flag, symbols, song, etc

အခန်း(၁၁)   ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Amendment procedures)

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်းတွင် ပြည်ထောင်စု ဖြစ်တည်လာပုံ၊ ပြည်ထာင်စု၏ စံတန်ဖိုးများ၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် အတွင်းရှိ လူမျိုးအပေါင်းအား အသိအမှတ်ပြခြင်း အပါအဝင် စုံလင်ကွဲပြားသော ပြည်ထောင်စု၏ ဖြစ်တည်မှုနှင့် လက္ခဏာများကို ရေးသားလေ့ ရှိသသည်။

အခန်း(၁) တွင် ပြည်ထောင်စု၏အခြေခံမူများ၊ ကျင့်သုံးသောစနစ်များ၊ ပြည်ထောင်စု၏စုဖွဲ့မှုပုံစံ၊ ပြည်ထောင်စုအစိုးရပုံသဏ္ဌာန်၊ ပြည်ထောင်စု၏ မြေဧရိယာ အကျယ်အဝန်းဆိုင်ရာများ၊ ပြည်ထောင်စု၏ ဘာသာ စကားဆိုင်ရာများ၊ ဥပဒေကြောင်းအရ ရုပ်သိမ်းပိုင်ခွင့်မရှိသာ ပြဌာန်းချက်များနှင့် အခြားအထွေထွေ ပြဋ္ဌာန်းချက် များ စသည်တို့အား ပြဋ္ဌာန်းလေ့ရှိသည်။

အခန်း(၂) တွင် နိုင်ငံသား၊ နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားဆိုင်ရာ ဥပဒေပြဋ္ဌာန်းခြင်းကဏ္ဍတို့အား ဖော်ပြ ကြသည်။

အခန်း(၃)  အခွင့်အရေးဆိုင်ရာပြဋ္ဌာန်းချက်များတွင် မူလအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးများနှင့် အခြားအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ မဖြစ်မနေဖော်ပြကြသည်။

အခန်း(၄) တွင် ဥပဒပြုရေးဖြစ်သည့် လွှတ်တော်ကဏ္ဍဆိုင်ရာများဖြစ်သည့် လွှတ်တော်တစ်ရပ် သို့မဟုတ် လွှတ်တော်နှစ်ရပ်၊ လွှတ်တော်တစ်ရပ်စီအတွက် လွှတ်တော်ကိုယ်စားလှယ်၏အရည်အချင်း၊ ရွေးကောက် တင်မြှောက်ပုံ၊ လုပ်ပိုင်ခွင့်အာဏာများ၊ တာဝန်များ၊ အကန့်အသတ်များနှင့် ၄င်းတို့အား အကာအကွယ်ပေးမှုဆိုင် ရာများ၊ ကော်မတီများ၊ လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် ယန္တရားများနှင့် စည်းမျဉ်းများ စသည်တို့ကို ဖော်ြပလေ့ ရှိသည်။

အခန်း(၅) အုပ်ချုပ်ရေးတွင် ပြည်ထောင်စု၏ အကြီးအကဲ (Head of the Union)က မည်သူဖြစ်သည်။ အုပ်ချုပ်ရေး၏အကြီးအကဲ(Head of Government) က မည်သူဖြစ်သည်။ အကြီးအကဲအား မည်သို့ ရွေးကောက် တင်မြှောက်မည်။ သမ္မတစနစ်(Presidential System)၊ ဝန်ကြီးချုပ်စနစ်(Parliamentary System) (သို့မဟုတ်) သမ္မတနှင့် ဝန်ကြီးချုပ်နှစ်ဦး စလုံး ထားရှိသော အရောစနစ်( Semi Presidential Parliamentary System) ကို ကျင့်သုံးမည်။ အဆိုပါ အကြီးအကဲများ၏ အရည်အချင်းသတ်မှတ်ချက်များ၊ သက်တမ်း၊ အခွင့်အာဏာများ၊ တာဝန်သတ္တရားနှင့် ကန့်သတ်မှုများ၊ ပြန်လည်ရုပ်သိမ်းသည့် နည်းလမ်းအပြင်၊ အခြားအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ကြီးများနှင့် အရာရှိများဆိုင်ရာ ပြဋ္ဌာန်းချက်များအား သတ်မှတ်ပြဋ္ဌာန်းကြသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဆက်အစပ်ဆိုင်ရာပြဋ္ဌာန်းချက်များလည်း ပါဝင်လေ့ရှိသည်။

အခန်း (၆) တရားစီရင်ရေးတွင် တရားရုံးအမျိုးအစားနှင့် အဆင့်ဆင့်သောတရားရုံးများဖြစ်သည့် တရား လွှတ်တော်ချုပ် (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ အယူခံတရားရုံးများ၊ အောက်အဆင့်တရား ရုံးများနှင့် အထူးတရားရုံးဆိုင်ရာပြဋ္ဌာန်းချက်များ၊ တရားရုံးများ၏ လုပ်ပိုင်ခွင့်အာဏာနယ်ပယ်များ၊ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စများ စသည်တို့ကို ထည့်သွင်းဖော်ပြကြသည်။

အခန်း(၇) စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဝန်ထမ်းခြင်းတွင် ပြည်သူ့ဝန်ထမ်းကော်မရှင် ဖွဲ့စည်းပုံ၊ ၄င်း၏အခွင့် အာဏာနှင့် တာဝန်ဝတ္တရားများ၊  သက်တမ်း၊ ၄င်းတို့ကိုထိန်းကျောင်းမည့် မူများ၊ ၄င်းတို့အား ခန့်အပ်ခြင်း၊ ရာထူး တိုးမြှင့်ခြင်းနှင့် ရာထူးမှ ဖယ်ရှားခြင်းဆိုင်ရာ သတ်မှတ်ချက်များအား ပြဋ္ဌာန်းကြသည်။

အခန်း(ဂ) လုံခြုံရေးတပ်ဖွဲ့များတွင် ပြည်ထောင်စုကာကွယ်ရေး၊ ပြည်ထောင်စုရဲတပ်ဖွဲ့၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာယန္တရားများ၊ ထောက်လှမ်းရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ပြဋ္ဌာန်းကြသည်။ ၄င်းအဖွဲ့အစည်းတစ်ခုစီအတွက် အရွယ်အစား၊ ရွေးချယ်ခန့်အပ်ပုံနည်းလမ်း၊ အရပ်သား အစိုးရအပေါ် တာဝန်ခံမှု၊ လိုက်နာရမည့် အဖွဲ့အစည်းတွင်းစည်းမျဉ်းစည်းကမ်းများ၊ ၄င်းတို့၏ လုပ်ပိုင်ခွင့်၊ တာဝန်ယူမှုနှင့် ကန့်သတ်ချက်များ စသည်တို့ကို ပြဋ္ဌာန်းထားရှိကြသည်။

အခန်း(၉) လွတ်လပ်သော အဖွဲ့အစည်းများတွင် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ(စာရင်းစစ်များ၊ ဗဟိုဘဏ် စသည်ဖြင့်) ၊ ရွေးကောက်ပွဲကော်မရှင်၊ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးနှင့် လူ့အခွင့်အရေးကော်မရှင် (Anti-Discrimination and Human Rights Commission)၊ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကော်မရှင် (Anti-Corruption Commission)၊ ပြည်သူ့ဝန်ထမ်းကော်မရှင် (Public Services Commission)၊ သဘာဝသယံ ဇာတဆိုင်ရာ ကော်မရှင်( Natural Resources Commission) စသည် လွတ်လပ်သော အဖွဲ့အစည်းများ၏ ဖွဲ့စည်းမှု၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်း၊ သက်တမ်းနှင့် အဆောင်အယောင်ခံစားခွင့်များ၊ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပါအဝင် အခြားသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြန် အလှန်ဆက်ဆံမှုဆိုင်ရာများအား ပြဋ္ဌာန်းကြသည်။

အခန်း(၁၀) အမှတ်သင်္ကေတဆိုင်သောပြဌာန်းချက်များတွင် အလံ၊ သင်္ကေတများ၊ သီချင်း စသည်တို့နှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို ဖော်ပြကြသည်။

အခန်း(၁၁) ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် အဆင့်အလိုက် သတ်မှတ်ကာ ပြင်ဆင် ၍ မရနိုင်သော (သို့မဟုတ်) ပြင်ဆင်ရန် ခက်ခဲသော ပြဋ္ဌာန်းချက်များ၊ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခုစီ အတွက် လုပ်ငန်းစဉ်တွင် ဥပဒေပြရေး၏ အခန်းကဏ္ဍ၊ တရားစီရင်ရေး၏အခန်းကဏ္ဍ၊ ပြည်သူလူထု၏ အခန်းကဏ္ဍ စသည်ဖြင့် ဖော်ပြပါရှိကာ ပြဋ္ဌာန်းလေ့ရှိသည်။

ပြည်ထောင်စုအာဏာ (Union Power)၊ ပြည်နယ်အာဏာ (State Power)၊ ထပ်တူဥပဒေပြုအာဏာ (Concurrent Power) ဆိုင်ရာ စာရင်းများကို အချို့ ဖွဲ့စည်းပုံများတွင် အခန်းသီးသန်ထား၍လည်းကောင်း၊ အချို့ ဖွဲ့စည်းပုံများတွင် နောက်ဆက်တွဲအဖြစ် ဖော်ပြကာ ပြဋ္ဌာန်းကြသည်။

အချို့ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ဘဏ္ဍာရေးဆိုင်ရာ (Faninacial) ကိစ္စရပ်များကိုပါ သီးခြားအခန်း ခွဲ၍ ပြဋ္ဌာန်းသည်များလည်းရှိသည်။

အထက်ပါ အခန်းအလိုက် တင်ပြချက်များသည် ဤအခန်းပြီးမှ ဤအခန်းလာရမည်ဟူသည့် သဘော တင်ပြခြင်းမဟုတ်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အဆိုပါအကြောင်းအရာများအား အခန်းသီးခြားခွဲကာ ပြဋ္ဌာန်းကြသည်ကို တင်ပြလိုခြင်းဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြဋ္ဌားန် ထားမှု ကွဲလွဲကြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အရ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏အဓိက ရည်မှန်းချက်သည် အထက်တွင် ဖော်ပြသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဖြစ်သည့်အတွက် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်မျာအား သုံးသပ်ကြည့်ပါလျှင် နိုင်ငံရေး ကဏ္ဍဆိုင်ရာ အခြေခံမူများတွင် သဘောတူညီချက် ရရှိမှု နည်းပါးသည်ကို တွေ့ရှိရသည်။ ရရှိသည့် သဘောတူညီ ချက် အများစုသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်များစွာ ကွဲလွဲမှု မရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အထိုက်အလျောက် သဘောတူညီချက် ရရှိသော်လည်း ဘဏ္ဍာရေးဆိုင်ရာဖက်ဒရယ် စနစ် (Fiscal Federalism) ရှုဒေါင့်မှ ကြည့်ရှုလျှင် အားကောင်းမောင်းသန်ဖြစ်သည့်အဆင့်သို့ ရောက်ရှိခြင်း မရှိသည်ကို တွေ့ရှိရသည်။ မြေယာဆိုင်ရာကဏ္ဍတွင်လည်း သဘောတူညီချက်များသည် တိုးတက်မှု ရှိသည်ဟု ဆိုနိုင်ပါသော်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော ပြည်ထောင်စုမျာရှိ မြေယာဆိုင်ရာပြဋ္ဌာန်းချက်များ တိုက်ဆိုင်စစ်ဆေးပါက အားရကျေနပ်ဖွယ် အနေအထားတွင် ရှိမနေပေ။ ဖက်ဒရယ်မြေယာမူဝါဒ ချမှတ်ရာတွင် အထောက်အကူပြုမည့် သဘောတူညီချက်မျာအဖြစ်တော့ သတ်မှတ်ရမည် ဖြစ်သည်။ လူမှုရေးဆိုင်ရာကဏ္ဍတွင် လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ အစိုးရ အဆက်ဆက်က ဖော်ဆောင်ရမည့် အကြံပြုချက်ဆိုင်ရာ သဘောတူညီ ချက်များ၊ ဖက်ဒရယ်ပညာရေးနှင် ကျန်းမာ ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ်ရာတွင် အသုံးပြုရမည့် အချက်များ ဖြစ်သည်ကို တွေ့ရှိရသည်။

ထူးခြားမှုအနေဖြင့် နိုင်ငံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးမှုများတွင် မည်သည့်အကြောင်း ကြောင့်ဖြစ်စေ ကျားမဆိုင်ရာ တန်းတူ ညီမျှမှုနှင့် ပတ်သက်သည့် သဘောတူညီချက်များရရှိခဲ့သည်မှာ ကောင်းမွန်သည့်ရလဒ် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးဆုံးအပိုင်းထဲမှ တစ်ခုဖြစ်သည့် လုံခြုံရေးဆိုင် ကဏ္ဍတွင် မူဝါဒများကို မဆိုထားနှင့် ဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်ကိုပင် သတ်မှတ်နိုင်ခြင်း မရှိသေး သည့်အတွက် ပဋိပက္ခ ဖြေရှင်းရေးအတွက် များစွာကြိုးစားရအုန်းမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရှုဒေါင့်မှ ကြည့်ရှုလျှင် နိဒါန်းတွင်ပင် ပဋိပက္ခများစွာ ရှိသည်ကို တွေ့ရှိ ရသည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စု၏ ဖြစ်တည်လာမှု သမိုင်းအား ဖော်ြပမှုတွင်ပင်လျှင် အငြင်းပွားမှု များစွာရှိမည် ဖြစ်သည်။ သမိုင်းရှုမြင်သုံးသပ်လက်ခံထားပုံ မတူညီသောကြောင့်ဖြစ်သည်။ ငြိမ်းချမ်းရေးညီလာခံ တွင် ဤအပိုင်းအား ဆွေနွေးနိုင်သည့် အနေအထားပင် မရောက်ရှိသေးပေ။ စုံလင်ကွဲပြားမှု၏ အလှတရားကိုပင် လက်ခံနိုင်စွမ်းမရှိသေးသည့် သဘောထားများ၊ အစုအဖွဲ့များ ရှိနေသေးသောကြောင့် ဖြစ်သည်။

အခန်း(၁) တွင် ပါဝင်သော ပြည်ထောင်စု၏ အခြေခံမူများအား ဆွေးနွေးရန် အခက်ခဲဆုံးဖြစ်သည်။ သဘောတူညီချက်များကို သုံးသပ်ကြည့်လျှင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများအား မဆိုထားနှင့် ပြည်ထောင်စုအား “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်မည်” ဟူ၍ပင် သဘောတူညီမှု မချမှတ်နိုင်ဘဲ “ဒီမိုကရေစီ နှင့်ဖက်ဒရယ်ကို အခြေခံသောပြည်ထောင်စု” ဟုသာ သဘောတူညီထားနိုင်သည်။ အထက်တွင် ဆိုသကဲ့သို့ ရာခိုင်နှုန်းမည်မျှ အခြေခံမည်နည်းဟု မေးခွန်ထုတ်စရာပင် ဖြစ်သည်။ သဘောတူညီချက် (၅၁) ချက် အနက် ပြည်ထောင်စု၏ အခြေခံမူများတွင် ပြင်ဆင်ပြဋ္ဌာန်းဖော်ပြနိုင်ရန် အချက် (၁၀) ချက်ပင် မရှိသည်ကို တွေ့ရှိ ရသည်။

နိုင်ငံသားဆိုင်ရာတွင်လည်း ၁၉၈၂ နိုင်ငံသားဥပဒေနှင့်ပင် ရှုပ်ထွေးနေကာ ယနေ့အချိန်အထိ ပြင်ဆင် နိုင်ခြင်းမရှိသေးပေ။ အမှန်စင်စစ် ပြည်ထောင်စု၏ နိုင်ငံသားဟူသည် မည်သူတို့ ဖြစ်သနည်း ဆိုသည့်အပြင် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာဥပဒေများ ဆက်လက်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိလင်းလင်း ဖော်ပြ ထားသင့်ပါသည်။ အခွင့်အရေးးဆိုင်ရာ ပြဋ္ဌာန်းချက်အပိုင်းတွင်လည်း အခြေခံအခွင့်အရေး၊ နိုင်ငံသားဆိုင်ရာ အခွင့် အရေးများပေးထားသယောင်နှင့် စကားလုံးများဖြင့် ပြန်၍ ချုပ်ကိုင်ထားသော ပြဋ္ဌာန်းချက်များကိုလည်း ဆွေးနွေး နိုင်သေးခြင်းမရှိပေ။ တိုင်းရင်းသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေး၊ လူနည်းစုအခွင့်အရေးများအား လည်းဆွေးနွေးနိုင်သေးခြင်း မရှိသေးပေ။ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက် များဆိုလျှင် “တီကောင် ဆားကြောက်သကဲ့သို့” ယခုအချိန်အထိ တို့မရ ထိမရသေးသည့် ကိစ္စဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်းလိုလျှင် နိုင်ငံတကာစံအား အမီလိုက်ရမည် မဟုတ်ပါလော။

ဥပဒေပြုရေးကဏ္ဍတွင်လည်း လွှတ်တော်တစ်ရပ်စနစ်လည်းမဟုတ်၊ လွှတ်တော်နှစ်ရပ်စနစ်လည်း မဟုတ် သည့် လွှတ်တော်ဖွဲ့စည်းမှုပုံစံအား ပြင်ဆင်နိုင်ရန် ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ လွှတ်တော်အင်စတီကျူးရှင်း ခိုင်မာအားကောင်းလာမည့် ပုံစံကို ဆွေးနွေးသင့်လှပေသည်။ အုပ်ချုပ်ရေးစနစ်သည်လည်း ပါတီမန်ဝန်ကြီးချုပ်ပုံစံ ရွေးကောက်တင်မြှောက်မှုဖြင့် သမ္မတ အမည်တပ်ထားသည့်စနစ် ဖြစ်နေသေးသည်ကို ပြင်ဆင်နိင်ရေး ဆွေးနွေး နိုင်သည့်အဆင့်သို့ မရောက်နိုင်သေးပေ။ မိမိနိုင်ငံ၏ ပုံမှန်မဟုတ်သောစနစ် ကျင့်သုံးနေမှုအား ထူးခြားမှုအဖြစ် ဂုဏ်ယူရမည်လော တစ်ခါတစ်ရံ ခွဲခြားမရပေ။ ပြည်ထောင်စု သဘောတူစာချုပ်တွင် ဥပဒပြုရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုနှင့် ဆိုင်သည့် သဘောတူညီချက်များ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ တရားစီရင်ရေး ကဏ္ဍအားလည်း ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ပါသည်။ ပြည်သူဗဟိုပြုသော ဖက်ဒရယ် စနစ်နှင့် ကိုက်ညီသော တရားစီရင်ရေးစနစ်သို့ ပြောင်းလဲချိန်တန်ပြီဖြစ်သည်။

စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဝန်ထမ်းကိစ္စ၊ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော လုံခြုံရေးစနစ် ဖြစ်ပေါ်လာရေး၊ မဏ္ဍိုင်ကြီးသုံးရပ်အား ထိန်းညှိမည့် လွတ်လပ်သည့် အဖွဲ့အစည်းများ အားကောင်းလာရေး လိုအပ်သည့် သဘော တူညီချက်များ ရရှိနိင်ရန်အတွက် ပြည်သူ့အကျိုး၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးအတွက် မိမိတို့၏ ကိုယ်ကျိုး စီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားကို စွန့်၍ ပြည်ထောင်စုတိုးတက်ရာ တိုးတက်ကြောင်း သက်ဆိုင်သည့်ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ကြပါရန် တိုက်တွန်းနိုးစော်အပ်ပါသည်။

ဤမျှ များပြားလှသည့် ဆွေးနွေး သဘောတူညီချက် ရယူရန် လိုအပ်နေသေးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် မည်သည့်အချိန်တွင်မှ ပြီးဆုံးမည်နည်းဟု မေးမြန်းစရာ ရှိပေသည်။ ဆွေးနွေးသဘောတူရန် အချက်များစွာ ကျန်ရှိနေသေးသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့် သဘောတူညီချက် (၂၀) ခန့်သာ ရရှိရန် လိုအပ်သည်ဟု စာရေးသူအနေဖြင့် ပြောလိုပေသည်။ အဆိုပါ အချက် (၂၀) ခန့်အား ပြည်ထောင်စုအတွင်းရှိ အရေးပါသော၊ ဆုံးဖြတ်ချက်ပေးနိုင်သော ခေါင်းဆောင်ကြီးများက သဘောတူ လက်မှတ်ရေးထိုးနိုင်ပါလျှင် အကောင်အထည်ဖော်ဆောင်ရန်အတွက် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါ အချက်များအား စာရေးသူအနေဖြင့် နောင်တွင်  ကြောင်းကျိုးပြည့်စုံစွာဖြင့် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း အာမခံပြောကြားလိုပါသည်။

ယခုအချိန်တွင် သူငယ်ချင်းများသော်လည်းကောင်း၊ မိတ်ဆွေရောင်းရင်းများသော်လည်းကောင်း၊ ဆရာသမားများသော်လည်းကောင်း၊ ပြည်သူအများသော်လည်းကောင်း၊ အမေးအမြန်းထူသော တောင်ပေါ်က ဘကြီး(လုံးလုံ) သော်လည်းကောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး မည်သည့်အခြေအနေ၊ မည်သည့်အဆင့်တွင် ရောက်ရှိနေသနည်းဟု မေးမြန်းလာငြားအံ့။ အထက်ဖော်ပြပါ ချောတိုင်တက်ပွဲအတိုင်း မိမိ၏ မူရင်းတိုင်ခြေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဖြေကြားရင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူအများ အခြေအနေအမှန်အား သိရှိနိုင်ပါရန် သုံးသပ်တင်ပြလိုက်ရပါတော့သတည်း။

စိုင်းကျော်ညွန့်

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

မွန်းလွဲ ၆ နာရီ ၃၄ မိနစ်

The post ငြိမ်းချမ်းရေးဖြစ်စဉ်အရွေ့ဘယ်လောက်ရှိပြီလဲ (သို့) ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ appeared first on ISP Myanmar Peace Desk.

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များအား ဒီမိုကရေစီနှင့်ဖက်ဒရယ် ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်)

“ကျမတို့ပါတီက ဖက်ဒရယ်ကို အရင်ဦးဆုံး ပြောခဲ့တဲ့ပါတီဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးလေသည်။ ဤသို့ဆိုလျှင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖက်ဒရယ်မူဝါဒ ဆိုင်ရာများကို မည်မျှထည့်သွင်းကာ ပြင်ဆင်ရန် အဆိုပြုတင်သွင်းခဲ့သည်ကို သုံးသပ်ရန်လို အပ်လာပါသည်။ ဒီမိုကရေစီအသွင်းကူးပြောင်းရေး ကာလ လည်းဖြစ်သည့်အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ ဖွဲ့စည်းပုံပြင် ဆင်ရန် မည်သည့် အချက်အလက်များ အဆိုပြုချက်ထားသည်ကိုပါ သုံးသပ်ရပေမည်။ အစိုးရဖြစ်နေသော အာဏာရပါတီဖြစ်သည် မဟုတ်ပါလော။ ပြည်ထောင်စုအတွင်း နေထိုင်သော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလားတောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အဆိုပြုချက်များသည် မည်မျှ အားကောင်း မောင်းသန် ဖြစ်သည်ကို စောကျောရပေမည်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှု

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျှင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရန် အရေးကြီးအဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့ရာ တပ်မတော်က ကန့်ကွက်ခဲ့သော်လည်း ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၄၅) ဦးဖြင့် ဖွဲ့စည်းရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁၉)ဦး၊ တပ်မတော်ကိုယ်စားလှယ် (၈) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် (၂) ဦး၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်(၂)ဦးပါဝင်ကာ ကျန်ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော နိုင်ငံရေးပါတီများ ဖြစ်ကြသည့် တအာင်း(ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “ဝ” ဒီမိုကရက် တစ်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ တိုမှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၁)ဉီးဖြင့် ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူပေါင်းကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ချဉ်းကပ်မှုမှာ ဖွဲ့စည်းပုံ၏ နိဒါန်းမှစတင်ကာ အခန်းအားလုံးနှင့် နောက်ဆက် တွဲဇယား (၁) မှ (၅) အထိ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည်များကို ပူးပေါင်းကော်မတီတွင် ပါဝင်သော ပါတီ များက အဆိုပြု တင်သွင်းနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ စ၊လယ်၊ဆုံး ပြင်ဆင်ချက်များအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်။

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တန်ပြန်လှုပ်ရှားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား တန်ပြန်သည့် နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၁) ကို ပြင်ဆင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသော ပုဒ်မများကို ပါ ထည့်သွင်းစိစစ်ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ၂၁ရာစုပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁)တွင် အရေးအကြီးဆုံးဖြစ်သည့် “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်” ဟူသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများမှ စတင်ပြင်ဆင်မှသာ ယခု ပြင်ဆင်ရန် တင်သွင်းလာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည် ဖြစ်သည်ကို လေ့လာတွေ့ ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်လုံးအပေါ် သုံးသပ်ပြင်ဆင်သည့်အခါ တွင် လည်း ယခုပြင်ဆင်ချက် တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၁ ကိုလည်း လေ့လာသုံးသပ်နိုင်မည့် အခြေအနေရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်တွင်သာ ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ပုဒ်မ (၂၆၁) ပြင်ဆင်ချက်အပါအဝင်၊ ပုဒ်မ ၂၄၈(ဂ)၊ ပုဒ်မ ၂၆၄(ခ)(၂)၊ ပုဒ်မ ၃၂၂(ခ)၊ ပုဒ်မ ၄၀၂ ပြင်ဆင်ချက်တို့ကို ဖြည့်စွက်ကာ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ၍ တင်သွင်းခဲ့သည်။ ပုဒ်မ ၂၆၁ သည် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ခြင်းသက်ဆိုင်၍ ပုဒ်မ ၂၄၈ သည် ပြည်နယ်အစိုးရ ခန့်အပ်မှုနှင့် သက်ဆိုင်ကာ ပုဒ်မ ၂၆၄ သည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ နုတ်ထွက်မှုနှင့် သက်ဆိုင်သည်။ ပုဒ်မ ၃၂၂ သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပတ်သက်၍ ပုဒ် ၄၀၂ သည် ရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်သည်။

ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်မှုနှင့် ပတ်သက်၍ နည်းလမ်းနှစ်သွယ် ရှိပါသည်။ ပထမနည်းလမ်းမှာ ပြည်နယ်လွှတ်တော်မှတဆင့် ရွေးကောက်တင်မြှောက်သည့် သွယ်ဝိုက်နည်းလမ်းနှင့် ဒုတိယနည်းလမ်းမှာ သက်ဆိုင် ရာပြည်နယ်သားများက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် နည်းလမ်းဖြစ်သည်။ ယခု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ချဉ်းကပ်သော နည်းလမ်း မှာ လွှတ်တော်ကတစ်ဆင့် ရွေးကောက်တင်မြှောက်သည့် နည်းလမ်း ဖြစ်သည်။

သက်ဆိုင်ရာပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးကောက်နိုင်သဖြင့် ကောင်းသယောင် အားသာချက်ရှိသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ၎င်းနည်းစနစ်သည် အားသာချက်မဟုတ် အားနည်းချက်သာလျှင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ခံ မဟုတ်သော ၂၅ ရာခိုင်နှုန်းအား အုပ်ချုပ်ရေး အကြီးအကဲ ရွေးချယ်မှုတွင် အာဏာပါဝါ ထပ်ဆောင်း ပေးလိုက်ရသောကြောင့် ဖြစ်သည်။ သို့ပါ၍ လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော ၂၅ ရာခိုင်နှုန်း မရှိမှသာလျှင် အားသာချက် အဖြစ် သတ်မှတ်နိုင်ပေမည်။

ယခုလက်ရှိရှမ်းပြည်လွှတ်တော်တွင် အများဆုံးအနိုင်ရရှိထားသည်မှာ USDP ဖြစ်သည်။ ၎င်းနှင့် ရွေးကောက်ခံမဟုတ်သော တပ်မတော်ကိုယ်စားလှယ်နှင့် ပူးပေါင်းပါက လွယ်လွယ် နှင့်ပင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်နိုင်မည့်သဘော ဖြစ်နေသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ပြည်နယ်တွင် မြို့ပေါင်း ၂၀ မြို့ အထက် အနိုင်ရရှိပါလည်း ရှမ်းပြည်အစိုးရ ဖွဲ့နိုင်သည့် အခြေအနေတွင် မရှိပေ။ ဖြစ်လာနိုင်ချေ ရှိသည်မှာ ရှမ်းလူမျိုးဖြစ်သော၊ ရှမ်းပါတီထဲမှ မဟုတ်သော၊ တပ်မတော်က ဖြစ်ခွင့်ပြုသောသူသာလျှင် ဝန်ကြီးချုပ် ဖြစ်လာပါမည်။ အစိုးရ ဖွဲ့နိုင်မည်။ သို့ပါ၍ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခင်းအကျင်းအောက်တွင် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်ခြင်းသည် ရှမ်းပြည်သားများ ကောင်းကျိုးဖြစ်ထွန်းစရာမရှိ၊ ဆိုးကျိုးဖြစ်ဖို့သာ ရှိသည်။ ကျန်ပြည်နယ်များအတွက်လည်း အလားတူပင် ဖြစ်သည်။

အကျဉ်းချုပ်ဆိုရပါလျှင် ယခု ပုဒ်မ ၂၆၁ ပြင်ဆင်ရန်ကြိုးပမ်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား တစ်စုံလုံးပြင်ဆင်ရန် ကြိုးစားသည့် NLD ၏ဆောင်ရွက်ချက်ကို နိုင်ငံရေးအရ တန်ပြန်သည့် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စသည်တို့နှင့် ပတ်သက်သော အခြားပုဒ်မများကို ပြင်ဆင်ရန် တင်သွင်းလာခြင်းသည် NLD ဆက်လက်လုပ်ဆောင်မည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာကိစ္စများကို ကြိုတင်ကာကွယ်သည့် လုပ်ရပ်များသည် ဖြစ်ကြောင်းနှင့် ဗမာပါတီကြီးနှစ်ခု ဖြစ်သော NLD နှင့် USDP တို့၏ နိုင်ငံရေး အားပြိုင်မှုသာလျှင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွင်းတွင်ပင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘော ထားများကွဲလွဲကြသည်။ အချို့က ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် ဟန်ပြ သဘောသာဖြစ်၍ အင်တိုက် အားတိုက် ပြင်ဆင်ရေးတွင် အားထုတ်ရန်မလိုအပ်ဟု ဆိုသည်။ ပြင်ဆင်သည့်ဖြစ်စဉ် အစစ်အမှန်ဖြစ်စေ၊ ဟန်ပြသာ ဖြစ်သည်ဆိုစေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အားစိုက်ကာ ဆောင်ရွက်သင့်သည်ဟု အများစုက သဘောထားရှိကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခွင့်မရှိသောကာလများတွင်ပင် ပြင်ဆင်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြရသည် မဟုတ်ပါလော။ ပြည်ထောင်စုလွှတ်တော်တွင် တရားဝင်ပြင်ဆင်ခွင့် ရရှိသော အခွင့်သာခိုက် မပြင်ဆင်လိုက်ရလျှင်ဖြင့် နောင်လာနောက်သားများ အပြစ်တင်စရာ ဖြစ်ပေ မည်။ သို့ပါ၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်အခြေခံမူ များနှင့်အညီ စ၊ လယ်၊ ဆုံး ပြင်ဆင်သောနည်းလမ်းဖြင့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းထားပြီး ဖြစ်သည်။ ဤနိုင်ငံကြီးအား ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုအဖြစ် အမှန်တကယ် တည်ထောင်လိုသောအခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ စ၊ လယ်၊ ဆုံး ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုကြီး၏ အရင်းခံ ပြဿနာများကို ဖြေရှင်းနိုင်ကာ အေးချမ်းသော နိုင်ငံအဖြစ် တည်ဆောက်နိုင်ရေး အကူအညီ၊ အထောက်အပံ့ ဖြစ်မဖြစ်ဆိုသည်မှာ ပြည်သူများက မှတ်ကျောက်တင်လိမ့်မည်ဖြစ်သည်။

၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်မျာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီနှင့် ပတ်သက်သည့် ဝေါဟာရပါသော ပုဒ်မဖြစ်သည့် ပုဒ်မ ၇ တွင် “စည်းကမ်းပြည့်ဝသော” ဟူသည့်စကားရပ်ကို ပယ်ဖျက်၍ “စစ်မှန်သောပါတီစုံဒီမိုကရေစီ” ဟုပြင်ဆင်ခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ “ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု အဆိုပြုခဲ့သည်။

ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပုဒ်မ ၈ ပြဋ္ဌာန်းချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်းဆောက်မည်” ဟု အဆိုပြုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်းဆောက်မည်” ဟု ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ပုဒ်မ ၆ ပြဋ္ဌာန်းချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒနှင့်အညီ ဟူသော စကားရပ်ကို ဖြည့်စွက်ကာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ပြင်ဆင်ရန်အဆိုပြုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

သမ္မတအရည်အချင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်ဖြစ်သော ပုဒ်မ ၅၉(ဂ) တွင် အသက်ဆိုင်ရာ ပြဋ္ဌာန်း ချက်ကို “အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူ” အစား “အနည်းဆုံး အသက် ၄၀ နှစ် ပြည့်ပြီးသူ” ဟု အများသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က ပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။ နာမည် ကြီးပုဒ်မ ဖြစ်သည့် ပုဒ်မ ၅၉(စ) ကို နှစ်ပါတီစလုံးက ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။

တပ်မတော်နှင့်ဆက်စပ်သော ပုဒ်မဖြစ်သည့် လွှတ်တော်တွင် တပ်မတော်က ပါဝင်နေသောပုဒ်မ ၁၄ အား “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဉီးရေ စုစုပေါင်း၏ တစ်ဆယ့် ငါးရာခိုင်နှုန်း၊ စတုတ္တအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်စုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်း၊ ပဉ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ် စုစုပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” ဟူ၍ ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

အဆိုပါပုဒ်မ ၁၄ နှင့် ဆက်စပ်ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၀၉(ခ) တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဆိုင်ရာ၊ ပုဒ်မ ၁၄၁(ခ) တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ၊ ပုဒ် ၁၆၁(ဃ) တပ်မ တော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်မှုကို သက်တမ်းတစ်ခုချင်းအလိုက် ရာခိုင်နှုန်းဖြင့် လျှော့ချသွားရန် အဆိုပြု တင်ပြခဲ့သည်။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပြဋ္ဌာန်းချက် ပုဒ်မ ၁၀၉ အား “အောက်လွှတ်တော်ကို မြို့နယ်အပေါ်တွင် အခြေခံ၍ သော်လည်းကောင်း၊ လူဦးရေအပေါ်တွင် အခြေခံ၍ သော်လည်းကောင်း၊ ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒရှင်များက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်” ဟုလည်ကောင်း၊ ပုဒ်မ ၁၄၁ အား “အထက်လွှတ်တော်ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက အရေအတွက်တူညီစွာ ရွေးချယ် စေလွှတ် သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်” ဟုလည်းကောင်း၊ ပုဒ်မ ၁၆၁ မှ ပုဒ်မ ၁၉၈ အထိ ပြည်နယ်လွှတ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာပြည်နယ်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်သဖြင့် “ဤပြဋ္ဌာန်းချက် များသည် သက်ဆိုင်ရာပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်သည်။ သက်ဆိုင်ရာ ပြည်နယ် များသည် ၎င်းပြည်နယ်တွင် ပြည်နယ်အဆင့် လွှတ်တော်တစ်ရပ်ဖြင့်ဖြစ်စေ၊ လွှတ်တော်နှစ်ရပ်ဖြင့်ဖြစ်စေ လွှတ်လပ်စွာ ဖွဲ့စည်းနိုင်သည်ဖြစ်ရာ ပြည်နယ်လွှတ်တော်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ကို ဤပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းရန် မလိုအပ်ပေ” ဟူသော ကြောင်းကျိုးဖော်ပြချက်ဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

အုပ်ချုပ်ရေးတွင် ပါဝင်နေသော တပ်မတော်သားများနှင့်ပတ်သက်၍ ပုဒ် ၂၃၂(ည)(၂) ပါ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဝန်ကြီးအဖြစ်ခန့်အပ်သည်နှင့် “တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ် ၂၆၂(ဎ)(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ များ၏ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးအား “ခန့်အပ်တာဝန် ပေးခြင်း ခံရ သည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်း စားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၈၅(စ) ပါ တပ်မတော်သား နေပြည်တော်ကောင်စီဝင် များ သည် “တပ်မတော်မှအငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း ပြင်ဆင် ရန်အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်များအားလုံးကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းမှုနှင့် သက်ဆိုင်သော ပုဒ်မ ၂၀၁ နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကောင်စီဝင် ၁၁ ဦး ဖြစ်သည့်

(က) နိုင်ငံတော်သမ္မတ၊

(ခ) ဒုတိယသမ္မတ၊

(ဂ) ဒုတိယသမ္မတ၊

(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊

(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊

(စ) တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊

(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊

(ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊

(ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး

တို့အနက် “ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ကို ကောင်စီဝင်မှပယ်ဖျက်ပြီး “ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌနှင့် အမျိုးသားလွတ်တော်ဒုဥက္ကဋ္ဌ” တို့အား ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်ကမူ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအား

(က) ပြည်ထောင်စု သမ္မတ၊

(ခ) ဒုတိယသမ္မတ၊

(ဂ) ပြည်ထောင်စုဝန်ကြီးချုပ်

(ဃ) အောက် လွှတ်တော်ဥက္ကဋ္ဌ၊

(င) အထက် လွှတ်တော်ဥက္ကဋ္ဌ၊

(စ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊

(ဆ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊

(ဇ) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊

(ဈ) ပြည်ထောင်စု ရှေ့နေချုပ်၊

(ည) ပြည်နယ်သမ္မတ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ

(ဋ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အဆိုပြု တင်ပြခဲ့သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဒ်မ ၄၁၀ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းပြီး” ဟူသည့် စကားရပ်အစား “နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင် စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဖြစ်စေ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်” ဟူသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က “တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ” “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ” “သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြ လျှင်သော်လည်းကောင်း” “ဥပဒေကဲ့သို့ အာဏာတည်သည့်” စသည့် စကားရပ်များကို ပယ်ဖျက်ပြီး “ပြည်နယ် တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိ ပါက ပြည်ထောင်စု သမ္မတသည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စု (သို့မဟုတ်) မြို့နယ်များ အရေးပေါ်အခြေအနေပေါ်ပါက သက်ဆိုင်ရာပြည်နယ် အကြီးအကဲ (သို့မ ဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က ကြေညာရမည်။ လိုအပ်ပါက ပြည်ထောင်စု၏ အကူအညီကို ရယူနိုင်သည်” ဟူ၍ ပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။

အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ပုဒ်မ ၄၁၆ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုရမည် ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၄၁၇ တွင် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး” ဟူသည့်စကားရပ်ကို ပယ်ဖျက်ကာ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို အကော်အထည်ဖော်ဆောင်ရွက်ရန် ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေကြေညာနိုင်သည်” ဟူ၍ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့် အဖြစ် ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို အကော်အထည်ဖော်ဆောင်ရွက်ရန် ဟူသောပြင်ဆင်ချက်နှင့် ညီညွတ်မှုရှိစေရန် ဆက်စပ်ပုဒ်မများဖြစ်သည့် ပုဒ်မ ၄၁၈(က)(ခ)၊ ပုဒ် ၄၂၃၊ ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၂၈၊ ပုဒ်မ ၄၂၉၊ ပုဒ်မ ၄၃၂ တို့ကို ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄၁၂(က)(ခ)၊ ပုဒ်မ ၄၁၃(က)(ခ)၊ ပုဒ်မ ၄၁၉၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၂၁(က)(ခ)၊ ပုဒ်မ ၄၂၂၊ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၂၆ နှင့် ပုဒ်မ ၄၃၁ တို့ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပုဒ်မ ၄၁၁ အား “ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် ပြည်ထောင်စုသမ္မတသည် သက်ဆိုင်ရာပြည်နယ်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင် စုဝန်ကြီးချုပ်သို့ လွဲအပ်တာဝန်ပေးရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်၊၊ သို့ရာတွင် ဥပဒေပြုခွင့်အာဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်းမပြုရ” ဟူ၍ ပြင်ဆင်ရန်အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၄၁၂(ခ)၊ ပုဒ်မ ၄၁၃(ခ)၊ ပုဒ်မ ၄၁၅၊ ၄၁၆၊ ၄၁၇၊ ၄၁၉၊ ၄၂၀၊ ပုဒ်မ ၄၂၁(ခ)၊ ပုဒ်မ ၄၂၂၊ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၄၃၁ နှင့် ပုဒ်မ ၄၃၂ တို့ကို ပယ်ဖျက်ရန် တင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆(က)နှင့် (ခ) “ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်” ဟူသည့် စကားရပ်အစား “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်” ဟူသောစကားရပ်ဖြင့်အစားထိုးပြင်ဆင်ရန် အဆိုပြု တင်ပြ ခဲ့သည်။ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ပါ “အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ” ဟူသည့် စကားရပ် များအား ပယ်ဖျက်ကာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု အဆင့် လွှတ်တော် တစ်ရပ်ချင်းစီ၏ ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟုပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပြည်ထောင်စုအလံ ကိုပါ ပြောင်းလဲပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။

မူလအလံ

NLD ပြင်ဆင်ထားသည့်အလံ

SNLD ပြင်ဆင်ထားသည့်အလံ

အထက်ဖော်ပြပါ ပြင်ဆင်ရန် အဆိုပြုချက်များမှလွဲ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ရန် အဆိုပြုချက်များမှာ ပုဒ်မ ၃၂ တွင် “အိုမင်းမစွမ်းသူ” ဟူသောစကားရပ်အစား “သက်ကြီးရွယ်အို”၊ “မသန်မစွမ်းသူ” ဟူသော စကားရပ်အစား “မသန်စွမ်းသူ”၊ ပုဒ်မ ၅၉(ဂ) တွင် “၄၅ နှစ်” ဟူသည့်စကားရပ်အစား “၄၀ နှစ်”၊ ပုဒ်မ ၅၉(ဃ) တွင် “စစ်ရေး” ဟူသည့်စကားရပ်အစား “လုံခြုံရေး” ဟူ၍ အစားထိုးရန်၊ ပုဒ်မ ၂၂၅၊ ၂၂၆(က)(ခ) တို့တွင် “နိုင်” ဟူသည့် စကားရပ်ကို ဖြည့်စွက်ခြင်း၊ ပုဒ်မ ၂၃၂(က) တွင် “၄၀ နှစ်” ဟူသည့်စကားရပ်အစား “၃၅ နှစ်” ဟူသည့် စကားရပ်ဖြင့် အစားထိုးရန်၊ ပုဒ်မ ၃၁၉ တွင် “အခြား” ဟူသည့်စကားရပ်အစား “စစ်ဖက်ဆိုင်ရာ” ဟူ၍ အစားထိုးရန် နှင့် အခန်း(၁၄) အသွင်ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ တစ်ခန်းလုံးကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။ အသေးစိတ်ကို ပူးတွဲဖော်ပြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ချက်ဇယားတွင် အသေးစိတ်ကြည့်ရှု လေ့လာနိုင်ပါသည်။

တင်ပြရပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ရန် အဆိုပြုတင်ပြထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များဖြစ်သည့် သမ္မတအရည်အချင်းပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၅၉ အားပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် သဘောထားအတူတူပင် ဖြစ်သည်။ အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့ စည်းမှုကိုပြင်ဆင်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း တို့တွင်လည်း ပြင်ဆင်ချက် အနည်းငယ်ကွဲလွဲသည်မှအပ သဘောထားတူညီကြသည်ဟု ဆိုရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခန်းတွင်မူ စဉ်းစားချက်အနည်းငယ် ကွဲပြားကြသည်။ သို့သော် ပြင်ဆင်လို သည့် သဘောထားမှာ တူညီကြသည်ကို လေ့လာတွေ့ရှိရသည်။

တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေမှုအခန်းကဏ္ဍနှင့် ပတ်သက်၍မူ သဘောထားအမြင် ကွဲလွဲသည်ကို တွေ့မြင်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်အား နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာရမည့် နည်းလမ်းကို အဆိုပြုထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒီမိုကရေစီ၏ စံနှုန်းဖြစ်သော အရပ်သားများအထွဋ်အထိပ်ဖြစ်ရေးမူ (Civil Supremacy) ကို အတိအကျ ကျင့်သုံးကာ တပ်မတော်အား နိုင်ငံရေး ခေါင်းဆောင်မှုမှ ဖယ်ထုတ်ပြီး ၄င်း၏မူရင်းတာဝန် ဖြစ်သည့် ပြည်ပရန် ကာကွယ်ရေးကိုသာ ဆောင်ရွက်ရန် အဆိုပြုတင်ပြထားသည်။

အချုပ်ဆိုရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူအများ လိုလားမျှော်လင့်တောင့်တနေသော ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုကို မမြင်ရဘဲ၊ ပေးထားချက် များအပေါ်မူတည်၍ တဖြည်းဖြည်းချင်း ပြင်ဆင်သွားမည့် ချည်းကပ်မှုကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ တပ်မတော် ၏အခန်းကဏ္ဍ တဖြည်းဖြည်းချင်း လျှော့ချမည့်အစီအစဉ်ကို တပ်မတော်က လက်ခံပါမည်လား။ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလျှော့ချလိုက်သည်နှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် အခွင့်သာသွားမည်ကို တပ်မတော်က မသိဘဲနေမည်လား။ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားသည့် အစီအစဉ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်း နှင့်အထက် လိုအပ်သောအချက်များသည်လည်းကောင်း မည့်သည့် အကြောင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို ဆက်စပ်တွေးခေါ်ကာ သတိချပ်သင့်လှပေသည်။

အဆိုပြုတင်သွင်းသော်လည်း တပ်မတော်က သဘောမတူပါက ပြင်ဆင်ရန် မဖြစ်နိုင်သောအခြေအနေ တွင် တင်ပြသော အဆိုပြုချက်များသည် သက်ဆိုင်ရာပါတီ၏ မူဝါဒကို ဖော်ပြရန်၊ ပြည်သူအများသိရှိရန် အခွင့် ကောင်းပင် မဟုတ်ပါလော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မုံရွာအောင်ရှင် မီဒီယာတွင်  “ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်မှ ၄င်းတို့ ဝန်ကြီးချုပ်ရွေးချယ်ခွင့်ရရှိရေး ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအဆို NLD မတင်ခဲ့ခြင်းမှာ တိုင်းရင်းသားပါတီများက အဆိုပါကိစ္စကို ဦးဆောင်စေလို၍ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ခဲ့သည့် အဓိကအကြောင်းအရင်းတစ်ခုမှာ တိုင်းရင်းသား ပါတီများကို အသံတစ်သံ ပေးလို၍ ဖြစ်ကြောင်း” ပြောဆိုခဲ့သည့် ကိစ္စမှာ လက်ခံနိုင်ရန် ခက်ခဲသည့် အယူအဆ ဖြစ်သည်ကို တွေ့ရှိရသည်။ ပါတီတစ်ခု ၏မူဝါဒကို သက်ဆိုင်ရာပါတီကသာ တင်ပြရမည်မဟုတ်ပါလား။ ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် အရှက်ပြေ ပြောသောစကားဟုသာ ယူဆရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် စိတ်မကောင်းစရာအဖြစ်ဆုံးနှင့် စိုးရိမ်ဖွယ်အကောင်းဆုံး အချက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ရန် အဆိုပြုချက်များတွင် ဖက်ဒရယ်၏ အငွေ့အသက်ကို လုံးဝ တွေ့မြင် ရမှုမရှိခြင်းပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး၏ အဓိက သော့ချက်ဖြစ်သည့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအပေါ် အခြေခံကာ ချဉ်းကပ် ထားသည့် ပြင်ဆင်ချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုပြုချက်တွင် တွေရှိရခြင်း မရှိပေ။ ဤသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ်တာဝန်ယူသော သုံးနှစ်ကျော်ကာလ အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးနိုင်ခြင်းသည် အံ့သြဖွယ်ရာမဟုတ်တော့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ခိုင်မာသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ရှိမနေသည်ကို မြင်တွေ့လိုက် ရပေသည်။ ဤအချက်ကို နောင် တွင်မှ ထုတ်ဖော်ပြသမည်ဟု ဆိုငြားအံ့။ မည်သည့် အကြောင်းပြချက်နှင့် ယုံကြည်ရမည်နည်း။ မုံရွာအောင်ရှင် ပြောသကဲ့သိုပင် မိမိမူဝါဒများကို ဖွက်ထားကာ တိုင်းရင်းသားပါတီများ အဆိုပြုစေမည်ဟု ထပ်မံ၍ အရှက်ပြေ ပြောကြားမည်လား။ စာရေးသူ၏ လေ့လာမှုအားနည်းသည်ဟု အပြစ်ဆိုလျှင်လဲ ခံရမည်သာဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို လက်ဝယ်တွင် ရှိပါက ပေးပို့နိုင်ပါက ပေးပို့ပေးပါရန်နှင့် ထိုသို့ပေးပို့သူအား စာရေးသူမှာ များစွာအထင်ကြီးကာ ကျေးဇူးအထူးတင်ရှိမည် ဖြစ်ပါ သည်။

ပါတီသက်တမ်း နှစ်ပေါင်း (၃၀) ကျော်ရှိသော ပါတီကြီးအနေဖြင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက သော့ချက်ဖြစ်သည့် ဖက်ဒရယ်ဆိုင်ရာ သဘောထားအမြင်များကို ကြိုတင်ပြင်ဆင် ရေးဆွဲထားခြင်း မရှိပါ လျှင် လူမျိုးအရ စုံလင်ကွဲပြားလှသော ပြည်ထောင်စုကြီးတွင် ဗမာမဟုတ်သော တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးများကို ဦးဆောင်ဦးရွက်ပြုရန် မည်သို့သော မက်လုံးများပေးနိုင်ပါမည်နည်း။ တိုင်းရင်းသားများက မည်သည်ကို အားကိုးရမည်နည်း။

ဤသို့ဆိုလျှင် ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်ဆိုင်ရာ အင်္ဂါရပ်များနှင့်အညီ မည်သည့်ပါတီက အဆိုပြု တင်ပြထားပါသနည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရာတွင် မည်သို့သော ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်အင်္ဂါရပ်များကို အခြေခံကာ ပြင်ဆင်ထားသည်ကို လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ ပါတီက စွဲကိုင်ထားသော မူဝါဒများသည် ကြောင်လက်သည်းဝှက်သကဲ့သို့ သိုဝှက်ထားရမည့် အမျိုးမဟုတ်ဘဲ ပြည်သူအများ မိမိပါတီအား ယုံကြည်အားကိုးလာအောင် ပြသရမည်မဟုတ် ပါလော။ သို့ပါ၍ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအား  ဒီမိုကရေစီစံနှုန်းများ၊ စံတန်ဖိုးများနှင့် ဖက်ဒရယ်အင်္ဂါရပ်များ စသည့် ပေတံဖြင့် တိုင်းတာကြပါစို့။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများ ပါပြဋ္ဌာန်းချက် ပုဒ်မ ၄၇ ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။ ပုဒ်မ ၄၇ “ဤအခန်းပါ အခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကို ထောက်၍ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကို သော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်” ဟူသည့် ပြဋ္ဌာန်းချက်တွင် နိုင်ငံတော်ဟူသည့် စကားရပ်အပေါ် အဓိပ္ပယ်ဖွင့်ဆိုမှု သည် ရှင်းလင်းမှု မရှိသည့်အပြင် ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် နိုင်ငံသားများဆိုင်ရာနင့် ပတ်သက်၍ တိကျသော အဓိပ္ပာယ် ရှင်းလင်းချက်များရှိပြီးဖြစ်သည့်အတွက် “ပုဒ်မ ၄၇ တစ်ခုလုံးကို ပယ်ဖျက်သည့်အပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော “နိုင်ငံတော်” ဟူသည့် စကားရပ်အစား “ပြည်ထောင်စု” ဟုသော စကားရပ် ကို ပြင်ဆင်သုံးစွဲရမည်” ဟု အစားထိုးပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ပါ “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သောပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်” ဟူသော သဘောတူညီချက်အပေါ် အခြေခံ၍ ပြည်ထောင်စုအား ပုဒ်မ ၁ တွင် “မြန်မာဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စု သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” ဟုလည်း ကောင်း ပုဒ်မ ၂ တွင် “ပြည်ထောင်စု ကို မြန်မာဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စု ဟု ခေါ်တွင်ရမည်” ဟူ၍လည်း ကောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

အချုပ်အခြာအာဏာနှင့်ပတ်သက်၍ ပြည်ထောင်ချင်းလာရောက်စုပေါင်း၍ ပင်လုံစာချုပ်အရ ပြည်ထောင်စု ကိုစုပေါင်းတည်ဆောက်ခဲ့သောကြောင့် အချုပ်အခြာအာဏာသည် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွင် ရှိသည်ကို ပေါ်လွင်စေရန် ပုဒ်မ ၄ အား “အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်မှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ နှင့် ယင်းပြည်နယ်များရှိပြည်သူလူထု တို့ဖြစ်ကြသည်” ဟူ၍ အစားထိုးပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အတွက် ပုဒ်မ ၆(ဃ) တွင် “ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” နှင့် ပုဒ်မ ၇ တွင် “ပြည်ထောင်စု သည် ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟုပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

စုံလင်ကွဲပြားလှသည့် လူမျိုးပေါင်းစုံနေထိုင်သော ပြည်ထောင်စုကို ချစ်မြတ်နိုးတတ်သော စိတ်ဓါတ်များ ပေါ်ထွန်းလာရန် ရည်ရွယ်၍ ပုဒ်မ ၃၃ တွင် “မျိုးချစ်စိတ်ဓါတ်” ဟူသော စကားရပ်အစား “ပြည်ထောင်စုစိတ်ဓါတ်” ဟူသော စကားရပ်ဖြင့် အစားထိုးပြင်ဆင်ရန် အဆိုပြုခဲ့သည်။

ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်အင်္ဂါရပ်များနှင့် သက်ဆိုင်ခြင်းမရှိသော၊ ပြည်ထောင်စုအား အတူတကွ လက်တွဲ၍ တည်ဆောက်ရန် ချုပ်ဆိုခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူတို့နှင့် ဆန့်ကျင် သော၊ ပုဒ်မ (၆)၊ ပုဒ်ခွဲ (က)(ခ)နှင့်(ဂ) ပြဋ္ဌာန်းချက်တွင် သဘောတရားအနှစ်သာရများ ပါရှိပြီးဖြစ်သော ပုဒ်မ ၁၀ “နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည့်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။

၄။ ဒီမိုကရေစီချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း

(က) အရပ်သားအထွဋ်အထိပ်ဖြစ်ခြင်းဥပဒေသ (Civil Supremacy)

ဖက်ဒရယ်စနစ်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ ပြည်သူလူထုက ရွေးကောက်တင်မြောက်သောသူများသာ နိုင်ငံရေးဦးဆောင်မှုကို ဆောင်ရွက်ရမည်ကတစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသော စကားရပ်တွင် အမျိုးသား ဆိုသည်မှာ မည်သူ၊ မည်သည့် လူမျိုး၊ သို့မဟုတ် နိုင်ငံအတွင်း နေထိုင်သော တိုင်းရင်းသားအားလုံးအား ရည်ညွှန်းပါ သလောဟူသည်ကို မရှင်းလင်းသောကြောင့် ပုဒ်မ ၆(စ) ပြဋ္ဌာန်းချက်ဖြစ်သည့် “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ရွေးကောက်တင်မြောက်သော ကိုယ်စားလှယ်များသာ ပြည်သူတို့အား ကိုယ်စားပြုခွင့်ရှိသည့်အတွက် ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်ဖြစ်သည့် “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ် သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။

ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့်ထားသည် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သော ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၁၇။(ခ)     “ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ခရိုင် အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးစသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” အား ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များသည် ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဟူသော ဒီမိုကရေစီမူအရ ပုဒ်မ ၂၀(ခ) အား    “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို ကာကွယ်ရေးဝန်ကြီး၏ညွှန်ကြားချက်နှင့်အညီ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၀(ဂ) အား “ပြည်ထောင်စုသမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်” ဟူ၍လည်း ကောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အချိန်အခါ၊ တိုင်းပြည်၏ ဖြစ်ပေါ်ပြောင်းလဲမှု၊ ပြည်သူပြည်သားများ ၏သဘောထားဆန္ဒအရ ပြုပြင်ပြောင်းလဲရန်လိုအပ်ပါက ပြင်ဆင်ပြောင်းလဲရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ ကာကွယ်စောင့်ရှောက်ရန်မဟုတ် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ဖြစ်သည် ဟူသည့် မူဝါဒနှင့်အညီ ပုဒ်မ ၂၀(စ) “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ရန် အဓိကတာဝန် ရှိသည်” ဟူသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။

ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ပုဒ်မ ၃၉ အား “ပြည်ထောင်စုသည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။

ပြည်ထောင်စု၏အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သောကြောင့် ပြည်ထောင်စု၏အထွဋ်အထိပ် အာဏာကို အခြား မည်သည့် ပုဂ္ဂိုလ်ကမျှ ကျင့်သုံးပိုင်ခွင့် မရှိစေရန် ပြည်ထောင်စု၏ အရေးပေါ်ကာလနှင့် ပတ်သက် သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၄၀(ခ) “တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတစ်စုတွင် ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော် သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့် ရှိသည်” နှင့် ၄၀(ဂ) “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံး စေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်” တို့ကို ပယ်ဖျက်ရန် အဆို ပြုတင်ပြခဲ့သည်။

ဥပဒေ၏အထက်တွင် မည်သူမျှမရှိရ၊ ကျောသားရင်သား မခွဲခြားပဲ ပြစ်မှုကျူးလွန်သူကို အရေးယူရမည် ဟူသော တရားမျှတမှုဆိုင်ရာမူဝါဒအရ ပုဒ်မ ၄၃ ပြဋ္ဌာန်းချက်ဖြစ်သည့် “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက် ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးသော ပြည်ထောင်စုနိုင်ငံများရှိ ရွေးကောက်ပွဲအနိုင်ရသော ပြည်သူ့ ရွေးကောက်ခံကိုယ်စားလှယ်များသာ အစိုးရဖွဲ့ခွင့်ရှိသည့်အပြင် ပြည်ထောင်စု၏အင်္ဂါစဉ်သဘောတရားကို ကျော်လွန်နေသည့် ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၂၃၂(ခ)(၂) “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှသင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်”၊ ပုဒ်မ ၂၃၂(ခ)(၃) “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန များအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်”၊ ပုဒ်မ ၂၃၄(ခ) “နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာတာဝန်များ ပေးအပ် ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူ ရမည်”၊ ပုဒ်မ ၂၃၄(ဂ) “နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ် တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်” နှင့် ပုဒ်မ ၂၃၅(ဂ)(၂) “ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်” တို့ကို ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေး အဆိုပြုရန် ပျက်ကွက်ခဲ့သည်။

၄။ (ခ) အခြေခံအခွင့်အရေးများ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုတွင်း စုံလင်ကွဲပြားလှသော တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား ဆိုင်ရာအခွင့်အရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပုဒ်မ ၂၈(ဂ) အား “အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ် ဖော်ဆောင်ရမည်၊ မိခင်စကားအခြေပြု ပညာရေးစနစ်ကို ဖော်ဆောင် ရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

“ငြိမ်ဝပ်ပိပြားရေးနှင့်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက် တို့နှင့်သော် လည်းကောင်း မဆန့်ကျင်လျှင်” ဟူသော စကားရပ်သည် အနက်အဓိပ္ပာယ် ကျယ်ပြန့်လွန်းခြင်း၊ သက်ဆိုင်ရာဥပဒေများတွင် သီးခြားပြဋ္ဌာန်းပြီး ဖြစ်ခြင်းတို့ကြောင့် ပုဒ်မ ၃၄ တွင် အဆိုပါစကားရပ်အား ပယ်ဖျက်ကာ “နိုင်ငံသားတိုင်းသည် ဘာသာ၊ သာသနာရေး တွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်” ဟုပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။

နိုင်ငံသားဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းမှုရှိစေရန် ပုဒ်မ ၃၄၆ “နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့ကို ဥပဒေတွင် တိကျစွာ ရေးဆွဲပြဋ္ဌာန်းထားရမည်” ဟု ပြင်ဆင် ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

အထူးလုပ်ဆောင်ချက်အစီအစဉ် (Affirmative Action) လိုအပ်နေသူများအတွက် ပုဒ်မ ၃၅၁ တွင် “မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့်သက်ဆိုင်သည့် အထူးအခွင့်အရေး ဆိုင်ရာများ ကို ဥပဒေပြု ပြဋ္ဌာန်းထားရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

ပုဒ်မ ၃၅၄ တွင် ဝိဝါဒ ကွဲပြားကာ လိုရာအဓိပ္ပာယ်ဖော်၍ အသုံးပြုနိုင်သော “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင်” ဟူသည့်စကားရပ်အား ပယ်ဖျက်ကာ “နိုင်ငံသားတိုင်းသည် အောက်ပါ အခွင့်အရေး များကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်-

(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊

(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊

(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊

(ဃ)တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

ပုဒ်မ ၃၇၆ တွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများ ပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန်လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး” ဟူသည့် စကားရပ်ကို ပယ်ဖျက်၍ “သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကို မျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင်” ဟူသည့်အလားတူ စကားရပ်များနှင့် ထိန်းချုပ်ထားသော ပြဋ္ဌာန်းချက်များကို ပြင်ဆင် ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။

တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်အခွင့်အရေးများကို ဖော်ဆောင်မြှင့်တင်နိုင်ရန်နှင့် စုံလင်ကွဲပြားသော တိုင်းရင်းသားများ၏ ဘာသာစကားများကို လက်ခံသည့်သဘောထားမူဝါဒနှင့် ပတ်သက်၍ ပုဒ်မ ၄၅၀ တွင် “မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာပြည်နယ်တွင် ပြည်နယ်ရှိ တိုင်းရင်းသားဘာသာစကားကို ရုံးသုံးစာ အဖြစ်ပြဋ္ဌာန်းနိုင်သည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

အဆိုပါ အခြေခံကျသော အခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးများကိုပင်လျှင် ပြင်ဆင်ပြဋ္ဌာန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပြုတင်ပြခဲ့ခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ရတက်မအေးဖွယ်ပင် ဖြစ်တော့သည်။

၅။ ဖက်ဒရယ်ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း

(က) ပြည်ထောင်စု ဖွဲ့စည်းမှု (Form of the State)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၉။ (က) တွင် “ရှိရင်းစွဲတိုင်း တိုင်းဒေသကြီး (၇) ခု ကို ဗမာပြည်နယ် အဖြစ်လည်း ကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ပြည်နယ် အားလုံး တို့သည် အဆင့်အတန်း တူညီ ကြသည်။” ဟူ၍ တန်းတူသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းရန် တင်ပြ ခဲ့သည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံစဉ်းစားကာ “ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်သားများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ရှိသည်” ဟူ၍ ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

ထို့ပြင် (၈) ပြည်နယ်မူကိုလည်းပြတ်ပြတ်သားသားတင်ပြချက်အဖြစ် ပုဒ်မ ၄၉ “ပြည်ထောင်စု ကို အောက်ပါ ပြည်နယ် (၈) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်-

(က) ကချင်ပြည်နယ်၊

(ခ) ကယားပြည်နယ်၊

(ဂ) ကရင်ပြည်နယ်၊

(ဃ) ချင်းပြည်နယ်၊

(င) ဗမာပြည်နယ်

(စ) မွန်ပြည်နယ်၊

(ဆ) ရခိုင်ပြည်နယ်၊

(ဇ) ရှမ်းပြည်နယ်နှင့်

(ဈ) ပြည်ထောင်စုနယ်မြေများ။

ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် (၈) ပြည်နယ်မူ အပေါ်တွင်သာ အသေရပ်တည်နေခြင်းမဟုတ်ပေ။ ယင်းမူထက် ကောင်းမွန်သော ကြောင်းကျိုးဆီလျော်သော အဆိုပြုချက်များရှိလာပါက လက်ခံရန် အသင့်ရှိသည်ကို ပါတီခေါင်းဆောင်များက အမြဲပြောကြားနေသည်သာ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်တို့အပေါ်တွင် အခြေခံ၍သော်လည်းကောင်း၊ ၁၉၆၁ ခုနှစ် တောင်ကြီး မြို့တွင် ကျင်းပခဲ့သော ပြည်နယ်ပေါင်းစုံညီလာခံကြီးတွင် ဆုံးဖြတ်အတည်ပြုခဲ့သည့် ပြည်ထောင်စုစစ်စစ်မူ အပေါ်တွင်လည်းကောင်း အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ တနည်းဆိုရပါလျှင် အသက်၊ သွေး၊ ချွေးပေါင်း များစွာဖြင့် ရင်းနှီးခဲ့ရသည့် မူဝါဒများ လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် သွားလေသူသူရဲကောင်းအပေါင်းတို့၏ သမိုင်းပေးတာဝန်ကို ပခုံးပြောင်းတာဝန် ယူကာ ဆက်လက် ထမ်းဆောင်နေခြင်းပင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆို ပြုတင်ပြချက်များ မရှိခဲ့ပေ။

၅။(ခ) ပြည်ထောင်စု အစိုးရပုံစံ (Form of the Government)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုအစိုးရပုံစံနှင့် ပတ်သက်၍ သမ္မတစနစ်နှင့် ဝန်ကြီးချုပ်စနစ် ပေါင်းစပ်ကျင့်သုံး သော ပုံစံ (Semi-Presidential Parliamentary System) အုပ်ချုပ်ရေးစနစ် ဖြင့် တည်ဆောက်ရန် ချဉ်းကပ်သည်။ ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်သောစနစ်တွင် ပြည်ထောင်စုဦးသျှောင် (သို့မဟုတ်) ပြည်ထောင်စုသမ္မတ ထားရှိသောစနစ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတသည် တပ်မတော်အကြီးအကဲ (သို့မဟုတ်) စစ်သေနာပတိချုပ်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကိုမူ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင် သောစနစ် (Parliamentary System) ဖြင့် ဖွဲ့စည်းသည်။ ၄င်းပုံစံကို ပြင်ဆင်ချက်ပုဒ်မ ၁၆(က) “ပြည်ထောင်စု အကြီးအကဲနှင့် တပ်မတော်အကြီးအကဲသည် ပြည်ထောင်စုသမ္မတ ဖြစ်သည်။ ပြည်ထောင်စုသမ္မတအား အထက်လွှတ်တော်က ရွေးကောက် တင်မြောက်ရမည်”၊ ပြင်ဆင်ချက်ပုဒ်မ ၁၆(ခ) “ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးအဖွဲ့ဖြင့် ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းရမည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးကောက်တင်မြောက်ရမည်” အဆိုပြုချက်တို့တွင် တွေ့မြင်ရသည်။

၅။(ဂ) ပြည်ထောင်စု ဦးသျှောင် (Head of the State)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပုဒ်မ ၅၈ တွင် “ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စု ၏ဦးသျှောင်ဖြစ်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုကာ ပြည်ထောင်စုသမ္မတရွေးကောက်တင်မြှောက်သည့် နည်းလမ်းကိုပါ အောက်ဖော်ပြပါပုဒ်မ ၆၀ အတိုင်း ရွေးကောက်တင်မြှောက်ရန် အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၆၀ “ပြည်ထောင်စုသမ္မတကို အောက်ပါအတိုင်း ရွေးချယ်တင်မြောက်ရမည်။ (က)ပြည်နယ်လွှတ်တော် အသီးသီးက တစ်ပြည်နယ်လျှင် တစ်ဦးကျစီ ပေးပို့သော သမ္မတလောင်းများအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စု အထက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထောက်ခံမဲ ထက်ဝက် ကျော်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ (ခ)ကျန်ရှိသော သမ္မတလောင်းများအနက်တစ်ဦးကို ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုအထက်လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထောက်ခံမဲထက်ဝက်ကျော်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ (ဂ) လွှတ်တော်(၂)ရပ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက သမ္မတလောင်းအား သက်ဆိုင်ရာပြည်နယ်အထက်လွှတ်တော်၏ အများစု ထောက်ခံမဲဖြင့် ရွေးချယ်ပေးပို့ရမည်။

ထို့အပြင် ပုဒ်မ ၆၆(က)တွင် ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုပါ ဖြည့်စွက်ပြဋ္ဌာန်းရန် အောက်ဖော်ပြပါအတိုင်းအဆိုပြုတင်ပြခဲ့သည်။ ပြည်ထောင်စုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ချုပ်တို့၏ လုပ်ပိုင်ခွင့်များကို ခွဲဝေထားခြင်းဖြစ်သည်။

၆၆။(က) ပြည်ထောင်စုသမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

(၁)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စု အထက်လွှတ်တော်ကို တာဝန်ခံရမည်၊

(၂)   ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုတပ်မတော်အပါအဝင် ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်သေနာပတိချုပ် ဖြစ်သည်၊

(၃)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းကာ ပြည်ပနိုင်ငံတစ်ခုခုအား စစ်ကြေညာခြင်း၊ စစ်ရပ်စဲခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ သို့သော် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ကို ဦးစွာ ရယူရမည်၊

(၄)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအောက်လွှတ်တော်က ရွေးကောက်တင်မြှောက်သော ဝန်ကြီးချုပ် ကို ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ပေးရမည်၊

(၅)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအဖြစ် အမည် စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် အတည်ပြုခန့်အပ် ပေးရမည်၊

(၆)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု ရှေ့နေချုပ်အား အတည်ပြု ခန့်အပ်ပေးရမည်၊

(၇)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများနှင့် တရားသူကြီးချုပ်တို့အား အတည်ပြု ခန့်အပ်ပေးရမည်။

(၈)  ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု စာရင်းစစ်ချုပ်အား အတည်ပြု ခန့်အပ်ပေးရမည်၊

(၉)  ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော (သို့တည်းမဟုတ်) အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းအား ပြည်ထောင်စုဥပဒေတစ်ရပ်အဖြစ် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုပြန်တမ်းတွင် ထုတ်ပြန်ကြေညာပေးရမည်၊

(၁၀) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုနှင့် စပ်လျဉ်း၍ဖြစ်စေ ပြည်သူလူထုနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စများနှင့်စပ်လျဉ်း၍ဖြစ်စေ အမှာလွှာဖြင့်သော်လည်းကောင်း၊ မိန့်ခွန်းဖြင့်သော်လည်းကောင်း ပြည်ထောင်စုအဆင့်လွှတ်တော်သို့ အကြောင်းကြားနိုင်သည်၊

(၁၁) ပြည်ထောင်စုသမ္မတသည် အခါအားလျော်စွာ ပြည်ထောင်စုတဝှမ်းလုံးရှိ ပြည်သူသို့ မိန့်ခွန်း မြွက်ကြား နိုင်သည်၊

(၁၂) ပြည်ထောင်စုသမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတည့်အလင်းပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် များမှအပ ဖြစ်သောအခြားကိစ္စရပ်များအား ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကျော်လွန်ခြင်း မရှိစေရ၊

(၁၃) ပြည်ထောင်စုသမ္မတသည် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ထုတ်ပြန် ကြေညာ ပေးရမည်၊

(၁၄) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်၊

(၁၅) ပြည်ထောင်စုသမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်၊

(၁၆) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက် ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ ပြည်ထောင်စု သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြား တိုင်းပြည်တစ်ခုခု နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ ပြည်ထောင်စုသမ္မတသည် မိမိ၏အရေးယူ ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်၊

(၁၇) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည် ခေါ်ယူရန် အကြောင်းကြားခြင်းနှင့် နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်း ပြုသည်၊

(၁၈) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသောအပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်း ဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုရမည်၊

(၁၉) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည် ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း များကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ပြုလုပ်နိုင်သည်။

(၂၀) ပြည်ထောင်စုသမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်း ကြားနိုင်သည်။

(၂၁) ပြည်ထောင်စုသမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

(၂၂) ပြည်ထောင်စုသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော် လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်း မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည် ပြည်ထောင်စု သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

(ခ) ပြည်ထောင်စုဒုတိယသမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

(၁) ပြည်ထောင်စုသမ္မတက လုပ်ငန်းတာဝန်များကို လွဲအပ်သောအခါတွင်ဖြစ်စေ၊ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်းမရှိတော့လျှင်ဖြစ်စေ၊ ရာထူးမှ ဖယ်ရှားခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ ပြည်ထောင်စု ဒုတိယသမ္မတသည် သမ္မတ၏လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ခွင့် ရှိသည်။

(၂) ပြည်ထောင်စုဒုတိယသမ္မတသည် ပြည်ထောင်စုသမ္မတမှတဆင့် ပြည်ထောင်စုအထက်လွှတ်တော်ကို တာဝန်ခံရမည်။

၅။(ဃ) ပြည်ထောင်စု ဥပဒေပြုရေး (Federal Legislative)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုဥပဒေပြုရေးနှင့် ပတ်သက်၍ လွှတ်တော် နှစ်ရပ်ကျင့်သုံးသည့်ပုံစံစစ်စစ် (True Bi-Cameral System) ဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင်ရန် ချဉ်းကပ်သည်ကို တွေ့ရှိရသည်။ ပြင်ဆင်ချက် ပုဒ်မ ၇၄ တွင် “ပြည်ထောင်စုအဆင့်တွင် လွှတ်တော်ကို အာဏာတူသော လွှတ်တော်နှစ်ရပ်ဖြစ်သည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့ဖြင့် ဖွဲ့စည်းသည်” ဟု အဆိုပြုထားသည်။ ပုဒ်မ ၇၄(က) တွင် “မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ ရွေးကောက်ပွဲများ တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းသည့် အောက် လွှတ်တော်”၊ ပုဒ်မ ၇၄(ခ) တွင်  “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးချယ်စေလွှတ်သည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းသည့် အထက် လွှတ်တော်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်း ရန်အဆိုပြုထားသည်ကိုတွေ့သည်။

လွှတ်တော်နှစ်ရပ်ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မရှိတော့သည့်အတွက် ပြည်ထောင်စု လွှတ်တော်နာယက၊ ဒုတိယနာယကတို့နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ဖြစ်သည့် ပုဒ်မ (၇၆) ကို ပယ်ဖျက်သည်။ လွှတ်တော်နှစ်ရပ်ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မရှိတော့သည့်အတွက် ပြည်ထောင်စုလွှတ်တော် နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ဖြစ်သည့် ပုဒ်မ (၇၇) မှ ပုဒ်မ (၉၄) အထိ ပြဋ္ဌာန်းချက်များအား ပယ်ဖျက်သည်။

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ထူးခြားသော ဝိသေသများ၊ ရေမြေ၊ လူဦးရေ၊ လူမျိုးနှင့်ယဉ်ကျေးမှု မတူညီသဖြင့်လည်းကောင်း၊ ပြည်နယ်၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထား ခြင်းကြောင့်လည်းကောင်း သက်ဆိုင် ရာပြည်နယ်နှင့်သင့်လျော်စေရန် ပုဒ်မ ၁၃ တွင် “ပြည်နယ်တိုင်းတွင် သက်ဆိုင်ရာပြည်နယ်၏လိုအပ်ချက်အရ ပြည်နယ်လွှတ်တော်တစ်ရပ်ဖြစ်စေ၊ ပြည်နယ် လွှတ်တော်နှစ်ရပ်ဖြစ်စေ ဖွဲ့စည်းနိုင်သည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုထားသည်ကို တွေ့ရှိရသည်။ သက်ဆိုင်ရာပြည်နယ်များ လွှတ်တော်ကို လွတ်လပ်စွာဖွဲ့စည်းနိုင်ရန်အတွက် ပြည်နယ်လွှတ်တော်နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၁၆၁ မှ ပုဒ်မ ၁၉၈ အထိ ပြဋ္ဌာန်းချက််များကို ပယ်ဖျက်ရန် အဆိုပြုတင်ပြထားသည်။ အဆိုပါပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်ပြီး လွှတ်တော်တစ်ရပ်ဖြင့်ဖြစ်စေ၊ လွှတ်တော်နှစ်ရပ်ဖြင့်ဖြစ်စေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရန်အတွက် ပြည်နယ်လွှတ်တော်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းရန် မလိုအပ်ပေ။

၅။(င) ပြည်ထောင်စု အုပ်ချုပ်ရေး (Federal Executive)

ပြည်ထောင်စုအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ရှင်းလင်းစွာ တင်ပြထားသည်။ ပြည်နယ်နှင့်သာသက်ဆိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အာဏာကို သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သာ ပြဋ္ဌာန်းရန်အတွက် ပုဒ်မ ၁၇ တွင် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်” ဟူသည့်စကားရပ်ကို ပယ်ဖျက်ကာ “ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စုနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။

ပုဒ်မ ၁၉၉(က) တွင် “ပြည်ထောင်စု အုပ်ချုပ်ရေးအကြီးအကဲသည် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုပြီး ပြည်ထောင်စုဝန်ကြီးချုပ်က စီမံအုပ်ချုပ်သော အုပ်ချုပ်ပုံစနစ်ကို ကျင့်သုံးသဖြင့် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာများ၊ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမှုဆိုင်ရာများ၊ ပြည်ထောင်စု အစိုးရသက်တမ်း၊ နုတ်ထွက်ခြင်းဆိုင်ရာများ၊ အယုံအကြည်မရှိအဆိုဆိုင်ရာများနှင့် ပြည်ထောင်စုအစိုးရ ပြန်လည် ဖွဲ့စည်းခြင်းဆိုင်ရာ အောက်ဖော်ပြပါ ပုဒ်မ ၂၀၀ ပြဋ္ဌာန်းချက်များအတိုင် ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။

ပုဒ်မ၂၀၀။(က) ပြည်ထောင်စုဝန်ကြီးချုပ်

(၁) ပြည်ထောင်စုဝန်ကြီးချုပ်အား အောက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် သောဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ကာ ပြည်ထောင်စုသမ္မတက ခန့်အပ်ရမည်။

(၂) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရမည့်နေ့တွင် အသက် ၄၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ခ) ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း

(၁) ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီးအဖွဲ့ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်း ရမည်။ ပြည်ထောင်စုအစိုးရတွင်အောက်ပါ ပုဂ္ဂိုလ်များပါဝင်သည်။

(ကက) ပြည်ထောင်စုဝန်ကြီးချုပ်၊

(ခခ) ပြည်ထောင်စုဝန်ကြီးများ၊

(ဂဂ) ပြည်ထောင်စုရှေ့နေချုပ်၊

(၂) ပြည်ထောင်စုဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သူဖြစ်စေ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သူများ အား ဝန်ကြီးအဖြစ်ခန့်အပ်သော အရေအတွက်သည် ဝန်ကြီးစုစုပေါင်း အရေအတွက်၏ သုံးပုံတစ်ပုံ ထက် ကျော်လွန်ခြင်း မရှိစေရ၊ ပြည်ထောင်စုဝန်ကြီးများကို အောက်လွှတ်တော်၏ သဘောတူညီမှု ဖြင့် ပြည်ထောင်စုသမ္မတက အတည်ပြုပေးရမည်။

(၃)  ပြည်ထောင်စုအစိုးရသည် အောက်လွှတ်တော်အား အဖွဲ့လိုက် စုပေါင်းတာဝန်ခံ ရမည်၊

(၄)  ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်၊

(ဂ) ပြည်ထောင်စုအစိုးရသက်တမ်း

ပြည်ထောင်စုအစိုးရ၏သက်တမ်းသည် အောက်လွှတ်တော်၏သက်တမ်းအတိုင်း ဖြစ်သည်။

(ဃ) နုတ်ထွက်ခြင်း

(၁)  ပြည်ထောင်စုဝန်ကြီးချုပ်သည် မိမိ၏သဘောဆန္ဒအရ ပြည်ထောင်စုသမ္မတထံသို့ နုတ်ထွက်လွှာ ပေးပို့၍ ပြည်ထောင်စုဝန်ကြီးအဖြစ်မှ နုတ်ထွက်နိုင်သည်၊

(၂)  ပြည်ထောင်စုဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်လျှင် ဝန်ကြီးအဖွဲ့ဝန်ကြီးများအားလုံးသည် ရာထူးမှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(၃)  ပြည်ထောင်စုဝန်ကြီးတစ်ဦးသည် မိမိသဘောဆန္ဒအလျောက် မိမိနုတ်ထွက်လွှာကို ပြည်ထောင်စု ဝန်ကြီးချုပ်မှတဆင့် ပြည်ထောင်စု သမ္မတထံသို့ ပေးပို့ကာ တာဝန်မှ နုတ်ထွက်နိုင်သည်။

(င)  အယုံအကြည်မရှိအဆို

(၁)  ပြည်ထောင်စုအစိုးရ ဖွဲ့စည်းတာဝန်ယူကြပြီးနောက် (၁၈) လအတွင်း အစိုးရတစ်ဖွဲ့လုံးကိုဖြစ်စေ၊ အစိုးရအဖွဲ့ဝင်တစ်ဦးကိုဖြစ်စေ အယုံအကြည်မရှိအဆို တင်သွင်းခွင့် မရှိစေရ၊

(၂)  အယုံအကြည်မရှိအဆို တင်သွင်းခံရသူသည် ပြည်ထောင်စုဝန်ကြီးဖြစ်ပါက အောက်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် အတည်ပြုလျှင် အစိုးရအဖွဲ့ဝင်ဝန်ကြီး တာဝန်မှ နုတ်ထွက်ပေးရမည်၊

(၃)  အယုံအကြည်မရှိအဆို တင်သွင်းခံရသူသည် ပြည်ထောင်စုဝန်ကြီးချုပ် သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ တစ်ဖွဲ့လုံးဖြစ်ပါက အောက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံနှစ်ပုံ အတည်ပြုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ဖွဲ့လုံး တာဝန်မှ နုတ်ထွက်ပေးရမည်၊

(စ) ပြည်ထောင်စုအစိုးရပြန်လည်ဖွဲ့စည်းဖြင်း

(၁) ပြည်ထောင်စုဝန်ကြီးချုပ်က မိမိသဘောဆန္ဒအရ နုတ်ထွက်သည်ဖြစ်စေ၊ အယုံအကြည်မရှိအဆို တင်သွင်းခြင်းကြောင့်ဖြစ်စေ ပြည်ထောင်စုအစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရပါက ရက်ပေါင်း (၃၀) အတွင်း ပြည်ထောင်စုဝန်ကြီးချုပ်အသစ်ကို အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ကာ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည် ဖွဲ့စည်းရမည်။

(၂) အဆိုပါ ရက်ပေါင်း (၃၀) အတွင်း အစိုးရမဖွဲ့နိုင်ပါက ပြည်ထောင်စုအား စီမံအုပ်ချုပ်ရန် ပြည်ထောင်စုသမ္မတက ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးရမည်။

(၃) ကြားဖြတ်အစိုးရဖွဲ့ပြီး ရက်ပေါင်း (၆၀) မကျော်လွန်စေပဲ အောက်လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲကို ကျင်းပရမည်။

ပြည်ထောင်စုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသည့်အနေဖြင့် ပုဒ်မ ၂၀၄၊ ပုဒ်မ ၂၀၅၊ ပုဒ်မ ၂၀၆၊ ပုဒ်မ ၂၀၇၊ ပုဒ်မ ၂၀၉၊ ပုဒ်မ ၂၁၁၊ ပုဒ်မ ၂၁၂၊ ပုဒ်မ ၂၁၃၊ ပုဒ်မ ၂၁၄၊ ပုဒ်မ ၂၁၅ တို့အား ပြည်ထောင်စုသမ္မတ လုပ်ပိုင်ခွင့်အောက်သို့ ပြောင်းရွေ့၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အား လေးစားတန်ဖိုးထားသည့်အတွက် ပုဒ်မ ၂၄၇။(က) တွင် “သက်ဆိုင်ရာပြည်နယ်များသည် မိမိပြည်နယ်၏ ထူးခြားသည့် ဝိဒေသအရ ပြည်နယ်အကြီးအကဲ (Governor) စနစ်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်စနစ်ကို လည်းကောင်း ကျင့်သုံးနိုင်သည်။ ပြည်နယ် အကြီးအကဲစနစ်ကျင့်သုံးလျှင် အုပ်ချုပ်ရေးအကြီးအမှူးကို ပြည်နယ်သမ္မတ ဟူ၍လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်စနစ် ကျင့်သုံးလျှင် အုပ်ချုပ်ရေးအကြီးအမှူးကို ပြည်နယ်ဝန်ကြီးချုပ် ဟူ၍ လည်းကောင်း ခေါ်ဝေါ်ရမည်” ပြဋ္ဌာန်းရန် အဆိုပြုကာ သက်ဆိုင်ရာပြည်နယ်နှင့် ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးစေရန် ရည်ရွယ်သည်။ ထို့နောက် ပြည်နယ် သမ္မတ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၂၆၁ အား အောက်ပါအတိုင်း ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၂၆၁(ခ) “ဝန်ကြီးချုပ်စနစ်ကျင့်သုံးသောပြည်နယ် ဖြစ်ပါက ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်-

(၁) သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်း များနှင့်ပြည့်စုံသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊

(၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်သို့ ပေးပို့လျက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော်သော ဆန္ဒမဲဖြင့် ခန့်အပ်အတည်ပြုရမည်။ လွှတ်တော် နှစ်ရပ်ကျင့်သုံးသည့် ပြည်နယ်ဖြစ်ပါက ပြည်နယ် အောက်လွှတ်တော်သို့ ပေးပို့ကာ ခန့်အပ် အတည်ပြုရမည်။

(ဂ) ပြည်နယ်အကြီးအကဲစနစ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက ပြည်နယ်သမ္မတအဖြစ်ခန့်အပ်တာဝန်ပေးရန်-

(၁) ပြည်နယ်အတွင်းတွင် ပြည်နယ်သမ္မတရွေးကောက်ပွဲကို ကျင်းပရမည်။

(၂) ပြည်နယ်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်နယ်သမ္မတလောင်းများထဲမှ ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများ၏ အများဆုံးဆန္ဒမဲ ရရှိသူအား ပြည်နယ်သမ္မတ အဖြစ် တင်မြှောက်ရမည်။

(၃) ပြည်နယ်သမ္မတအား သက်ဆိုင်ရာပြည်နယ်လွှတ်တော်တွင် အတည်ပြုပေးရမည်။

ပြည်နယ်ဝန်ကြီးများခန့်ထားမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်စနစ်ကျင့်သုံးသောပြည်နယ်အတွက် ပုဒ်မ ၂၆၂(က) တွင် “ဝန်ကြီးချုပ်စနစ်ကျင့်သုံးသော ပြည်နယ်ဖြစ်ပါက ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စား လှယ် များထဲမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပြည်နယ်လွှတ်တော်အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များအား ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ပြည်နယ်ဝန်ကြီးအရေအတွက်သည် ပြည်နယ်ဝန်ကြီးအရေအတွက်၏ သုံးပုံးတစ်ပုံ အထက်မရှိစေရ” ဟူ၍လည်း ကောင်း၊ ပြည်နယ်အကြီးအကဲ(သို့) ပြည်နယ်သမ္မတ ကျင့်သုံးသည့်ပြည်နယ်အတွက် ပုဒ်မ ၂၆၂(ဃ) တွင် “ပြည်နယ်အကြီးအကဲစနစ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက ပြည်နယ်သမ္မတသည် ပြည်နယ်အစိုးရအဖွဲ့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူ ရမည်။ ဝန်ကြီးဖြစ်ရန် သတ်မှတ် ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်နယ်လွှတ်တော်သည် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါက ပြည်နယ်ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟူ၍ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

၅(စ) ပြည်ထောင်စု တရားစီရင်ရေး (Federal Judiciary)

ပြည်ထောင်စုတရားစီရင်ရေးနှင့် ပတ်သက်၍ ပုဒ်မ ၁၈(ခ) တွင် “ပြည်ထောင်စုတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၁၈ (ဃ) တွင် “ပြည်နယ်တိုင်းတွင် ပြည်နယ်တရား လွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်” ဟူ၍ အဆိုပြုထားသည်။ ထူခြားမှုအဖြစ် စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် ပတ်သက်သည့် ပုဒ်မ ၃၁၉ တွင် “ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကိုသာ စီရင်ပိုင်ခွင့်ရှိသည်။ တပ်မတော်သားတစ်ဦးသည် အရပ်ဖက် ဆိုင်ရာ ပြစ်မှုများ ကျူးလွန်ပါက အရပ်ဖက်ဆိုင်ရာ ဥပဒေဖြင့် တရားစီရင်ရမည်” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုကာ တပ်မတော်သားများအား အရပ်ဖက်ဥပဒေနှင့်ပါ တရားစီရင်နိုင်ရန် ရည်ရွယ်သည်။

ပြည်ထောင်စုတရားစီရင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ချက်များပြားခြင်းမရှိသည်ကို တွေ့မြင့်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ပြင်ဆင်ရန် အဆိုပြုထားခြင်းမရှိပေ။

၅။(ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး (Constitutional Court)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စု ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းအကြားတွင်သော် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက် သည့် အငြင်းပွားမှု များကို ကိုယ်တွယ် ဖြေရှင်းရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းရန် ပုဒ်မ ၁၈(က) တွင် “ပြည်ထောင်စု ၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်နယ်တရား လွှတ်တော် နှင့် ကိုယ်ပိုအုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါ အဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးကို သီးခြားဖွဲ့စည်းရမည်” ဟူ၍ ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြသည်။ ပုဒ်မ ၄၆ တွင်လည်း ခုံရုံးတစ်ရုံးဟူသော စကားရပ်အား တရားရုံးဟူသော စကားရပ်ဖြင့် အစားထိုးကာ “… ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ကို ဖွဲ့စည်းရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ ယာယီ ဆန်သော ခုံရုံးဖွဲ့စည်းမှုမှ ပိုမိုခိုင်မာသော တရားရုံး ဖွဲ့စည်းမှု အဖြစ်ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၃၂၀ တွင် “ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို ပြည်နယ်အသီးသီးက တစ်ဦးကျစီ စေလွှတ်သော တရားသူကြီးများဖြင့် ဖွဲ့စည်းရမည်။ ၄င်းတို့ ထဲမှ တစ်ဦးကို ဥက္ကဋ္ဌ အဖြစ် အချင်းချင်း ရွေးကောင်တင်မြှောက် ရမည်” ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုပြီး ခန့်အပ်ရန်အတွက် ပုဒ်မ ၃၂၁ တွင်  “ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်များကို ပြည်ထောင်စု အထက်လွှတ်တော်တွင် တင်သွင်းအတည်ပြု ချက် ရယူ၍ ပြည်ထောင်စုသမ္မတက ခန့်အပ် ပေးရမည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုသည်။

၅။ (ဇ) အာဏာပိုင်းခြားခြင်းနှင့် အာဏာခွဲဝေခြင်း (Seperation of Power and Division of Powers)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ်သည် အာဏာပိုင်းခြားခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၁(က) တွင် “ပြည်ထောင်စု အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဟု အဆိုပြုတင်ပြ၍ အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၁၁(ခ) တွင် “ထိုသို့ပိုင်းခြားထားသည့် ပြည်ထောင်စု အာဏာသုံးရပ်ကို ပြည်ထောင်စုနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်” ဟု ပြဋ္ဌာန်းရန်အဆိုပြု၍ ပုဒ်မခွဲငယ် (၁)၊ (၂)၊(၃) တို့အား ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုသည်။ “ (၁) ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာ နှင့် ထပ်တူပြု အာဏာများကို သတ်မှတ်ပြဌာန်းရမည်။ (၂) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး၏ ဘုံအကျိုး စီးပွားအတွက် ကျင့်သုံးရန် လိုအပ်သောအခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့အပ်နှင်းသည်။ (၃) ပြည်ထောင်စု အာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများတွင် ထည့်သွင်းဖော်ပြထား ခြင်းမရှိသည့် ကြွင်းကျန်နေသည့် အာဏာများသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ရှိသည်” ဟူ၍ အာဏာခွဲဝေမှုကို တိကျစွာ ပြဋ္ဌာန်းနိုင်ရန် ရည်ရွယ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းထဲမှ အောက် ဖော်ပြပါ ပြဋ္ဌာန်းချက်များအား ဇယား(၃) ထပ်တူဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ ပြဋ္ဌာန်းရန် အဆိုပြုသည်။

၁။(ဂ)    ဇီဝနှင့်ဓာတုစသည့်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းမီး ကျောက်များနှင့် ပေါက်ကွဲစေ တတ်သည့် ပစ္စည်းများ၊

( ဇ ) ဝင်ငွေခွန်၊

(ဈ)   ကုန်သွယ်လုပ်ငန်းခွန်၊

(ည) တံဆိပ်ခေါင်းခွန်၊

(ဋ)    အကောက်ခွန်၊

(ဍ)    အခွန်အယူခံခြင်း၊

၆။(က) ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည်ထောင်စု  ဥပဒေအရ ဘေးအန္တရာယ် ဖြစ်လောက်အောင် လောင်ကျွမ်း စေတတ်သည်ဟု သတ်မှတ် ထားသော အခြားအရည်အခဲ စသည်များ၊

(ဂ)   သတ္တုများ၊ သတ္တုတွင်းများ၊ သတ္တုတွင်း အလုပ်သမားဘေးကင်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ပြန်လည် ပြုပြင်တည်ဆောက်ရေး၊

(ဃ)  ကျောက်မျက်ရတနာ၊

(င)    ပုလဲ၊

(စ)    သစ်တော၊

၇။(ခ)    စက်မှုဇုန်များ၊

(စ)    မူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ စက်မှုဆိုင်ရာဒီဇိုင်းများ စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများ။

၈။(င)    ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းကြီးများ၊

(ဆ) သင်္ဘောတည်ဆောက်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေး၊

(ည) ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊

(ဍ)    စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးများ၊

(ဎ)    ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အသံလွှင့်အသံဖမ်းလုပ်ငန်းနှင့်အလားတူ ဆက်သွယ်ရေး များ၊ အိမ်ရာနှင့် အဆောက်အအုံများ။

၉။(ထ) လူမှုဖူလုံရေး၊

(ပ)    မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ရေး။

(ဆ)  အကျဉ်းထောင်၊

(ဇ)   နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊

(ဈ)   သန်းခေါင်စာရင်း၊

(ည)   နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ နိုင်ငံသားစိစစ်ရေး နှင့် မှတ်ပုံတင်လုပ်ငန်း၊

(ဋ)    ဘွဲ့ထူး၊ ဂုဏ်ထူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာရင်းထဲမှ အောက် ဖော်ပြပါ ပြဋ္ဌာန်းချက်များအား ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုသည်။

၄။(ဂ)    သမဝါယမ၊

(ဃ) ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့၊ လုပ်ငန်း၊ ကုမ္ပဏီ၊ အစုစပ်၊

(စ)    ဟိုတယ်နှင့်တည်းခိုခန်း၊

(ဆ)  ခရီးသွားလာရေးလုပ်ငန်း။

၅။(က) မြေယာစီမံခန့်ခွဲမှု၊

(ခ)    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်ခြင်း၊

(ဂ)    ကြေးတိုင်နှင့် မြေစာရင်း၊

(ဃ)  မြေတိုင်း၊

(ဆ) စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊

(ဇ)   စက်မှုလယ်ယာ၊

(ဈ)   စိုက်ပျိုးရေးသုတေသန၊

(ည)  ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်ရေး၊

(ဋ)    ပင်လယ်ငါးလုပ်ငန်း၊

၉။(ခ)    တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံစသည့်သင်တန်းများနှင့် အဆင့်မြင့်ပညာအခြားအဖွဲ့အစည်းများ

(ဃ) ကိုယ်ပိုင်ကျောင်းများနှင့် သင်တန်းများ၊

(င)    အမျိုးသား ပြည်သူ့ အားကစား၊

(စ)    အမျိုးသား ပြည်သူ့ ကျန်းမာရေး၊

(ဆ) တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးတိုးတက်ရေး၊

(ဇ)   ကုသိုလ်ဖြစ်ဆေးရုံများနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများ၊

(ည) ကြက်ခြေနီအသင်း၊

(ဎ)    မီးသတ်တပ်ဖွဲ့၊

(ဏ) အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊

(ဒ)    အလုပ်သမားအဖွဲ့အစည်းများ၊

(န)    စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗီဒီယို၊

၁၀။(က) အထွေထွေအုပ်ချုပ်ရေး၊

(ခ)    ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေး၊

(ဂ)    အိမ်ငှား၊ မြေငှား၊

(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါး၊

(စ)   အသင်းအဖွဲ့များ၊

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းတွင် ပြည်နယ်၏ လုပ်ပိုင်ခွင့်ကို ချုပ်ထိန်းထားသော “ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ” ဟူသည့် စကားရပ်ပါသော ပြဋ္ဌာန်းချက်များတွင် အဆိုပါ စကားရပ်ကို ပယ်ဖျက်၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။ ပြည်ထောင်စုဥပဒေပြုစာရင်းမှ ပြည်နယ်ဥပဒေပြုစာရှင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုထားသည့် ပြဋ္ဌာန်းချက်များအား ပြင်ဆင်ချက်အချို့ ဖြင့် ဇယား(၂) တွင် ပြဋ္ဌာန်းရန် အဆိုပြုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း ကို ပယ်ဖျက်၍ ထပ်တူ ဥပဒေပြုစာရင်းဖြင့်အစားထိုးပြဋ္ဌာန်းသည်။ အဆိုပါဇယားသည် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းရမည်ဖြစ်သည်။ ပြည်ထောင်စုဥပဒေ ပြုစာရင်းမှ ထပ်တူ ဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုထားသည့် ပြဋ္ဌာန်းချက်များအား ဇယား(၃၀) တွင်ပြဋ္ဌာန်းရန် အဆိုပြုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၅) ပြည်နယ်များကကောက်ခံရမည့်အခွန်အခများ တွင် ပြည်နယ်၏လုပ်ပိုင်ခွင့်ကို ချုပ်ထိန်းထားသော “ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ” ဟူသည့် စကားရပ်ပါသော ပြဋ္ဌာန်းချက်များတွင် အဆိုပါ စကားရပ်ကို ပယ်ဖျက်၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။ထို့အပြင် ပုဒ်မ ၄၀ “အထက်ဖော်ပြပါအခွန်အခများအပြင် ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းပါ ကျန်ရှိသော လုပ်ငန်းများ၊ ကိစ္စရပ်များမှ ရရှိမည့် အခွန်အခများ”၊ ပုဒ်မ ၄၁ “ဇယား(၃) ထပ်တူ ဥပဒေပြုစာရင်းပါ လုပ်ငန်းများ၊ ကိစ္စရပ်များမှ ပြည်ထောင်စုနှင့် ပြည်နယ် ဘဏ္ဍာခွဲဝေမှုမှ ရရှိမည့် အခွန်အခများ” နှင့် ပုဒ်မ ၄၂ “ပြည်နယ်ရှိ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ လေထု အတွင်းတွင် ရှိသော သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းမှ ရရှိမည့် အခွန်အခများ” တို့ကို ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အာဏာခွဲဝေရေးတွင် ဖက်ဒရယ်စနစ်နှင့်အညီ ပြည်နယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိကာ ပြည်နယ်များအားကောင်းမောင်းသန်ဖြစ်ရေးကိစ္စနှင့် ပတ်သက်သည့် အဆိုပြုချက်များကို တင်ပြခဲ့ခြင်းမရှိပေ။

၅။(ဈ) ဘဏ္ဍာရေးနှင့်သဘာဝသယံဇာတ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စီးပွားရေးအင်အားစုများက လက်ဝါးကြီးအုပ်ထားမှုမှ ကာကွယ်ရန်နှင့် ပြည်သူအား အကျိုးပြုသည့်၊ ပြည်သူအများ လုပ်ပိုင်ခွင့်ရှိသည့် အခင်းအကျင်း ပေါ်ပေါက်လာရေးနှင့်သဘာဝသယံဇာတဆိုင်ရာလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ရေးရည်ရွယ်၍ ပုဒ်မ ၁၂(ခ) တွင် ပါဝင်သော “စီးပွားရေးအင်အားစုများက ထူတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ” ဟူသော စကားရပ်ကို ပယ်ဖျက်၍ “နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့နှင့် သက်ဆိုင်သောဥပဒေများကို ပြဋ္ဌာန်းရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

သက်ဆိုင်ရာပြည်နယ်တွင် နေထိုင်ကြသော ပြည်နယ်သားများသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင် များဖြစ်သည်ဟူသော သဘောတရားအပေါ် အခြေခံ၍ ပုဒ်မ ၃၇ အား “ပြည်ထောင်စု ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်မှာ သက်ဆိုင်ရာ ပြည်နယ်တွင် နေထိုင်ကြသော ပြည်နယ်သားများ ဖြစ်သည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။

ဘဏ္ဍာရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းမှုတွင် အချုပ်အခြာ၏ မူရင်းပိုင်ရှင်ဖြစ်သော ပြည်နယ်များ၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုခြင်း၊ တန်းတူညီမျှစွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်များမှ တစ်ဦးစီ စေလွှတ်သောကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းစေရန် ပုဒ်မ ၂၂၉ (က)  တွင် “ ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁) ပြည်ထောင်စုဝန်ကြီးချုပ်            –           ဥက္ကဋ္ဌ

(၂) ပြည်ထောင်စုရှေ့နေချုပ်             –           အဖွဲ့ဝင်

(၃) ပြည်ထောင်စုစာရင်းစစ်ချုပ်       –           အဖွဲ့ဝင်

(၄) ပြည်နယ်များမှတစ်ဦးစီစေလွှတ်သော ပြည်နယ်ကိုယ်စားလှယ်များ-         အဖွဲ့ဝင်များ

(၅) ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး  –           အတွင်းရေးမှူး” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန်အဆိုပြု တင်ပြခဲ့သည်။

ပြည်ထောင်စု၏ဘဏ္ဍာငွေများကို ပြည်နယ်များသို့ သာတူညီမျှစွာခွဲဝေပေးခြင်းမျာ ဆောင်ရွက်ရန် ပုဒ်မ ၂၃၀ (ဃ) တွင် “ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သာတူညီမျှစွာခွဲဝေပေးခြင်း၊ သင့်တင့် လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့်ချေးငွေများ ထုတ်ချေး ခြင်းတို့ပါဝင်သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ် သို့ တင်ပြနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ်ထံသို့ ထောက်ခံတင်ပြရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။

၅။(ည) အစိုးရအချင်းချင်းကြား ဆက်ဆံရေး (Inter Governmental Relation-IGR)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြားတွင် သော်လည်းကောင်း ပြည်နယ်အစိုးရအချင်းချင်းအကြားတွင်သော်လည်းကောင်း ဆက်ဆံရေးကောင်းမွန်ရန်နှင့် လုပ်ငန်းများကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ပုဒ်မ ၂၂၅ တွင်  “ပြည်ထောင်စု အစိုးရသည် လုပ်ငန်းလိုအပ်ချက်အရ ပြည်နယ်တစ်ခုနှင့်ဖြစ်စေ၊ ပြည်နယ်များဖြင့်ဖြစ်စေ လုပ်ငန်းများကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် ကဏ္ဍအလိုက်ပူးပေါင်း ကောင်မတီများ ဖွဲ့စည်းနိုင်သည်။ ထိုကော်မတီ၏ သက်တမ်းနှင် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်” ဟူ၍ အသစ် ပြဋ္ဌာန်းရန် တင်ပြခဲ့သည်။

၅။(ဋ) ဖက်ဒရယ်ကာကွယ်ရေးနှင့် လုံခြုံရေး (Federal Defence and Security)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ပုဒ်မ ၂၀(က) အား “တပ်မတော်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်အဖြစ် ဖွဲ့စည်းရမည်” ဟုလည်းကောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် အရပ်သားအစိုးရ၏ ထိန်းကွပ်မှုအောက်တွင် ရှိရမည် ဟူသော ဒီမိုကရေစီ စံနှုန်းအရ ပုဒ်မ ၂၀ (ခ) အား “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို ကာကွယ်ရေးဝန်ကြီး၏ညွှန်ကြားချက်နှင့် အညီ စီမံခန့်ခွဲစီရင်ဆောင်ရွက်ရမည်” ဟု လည်းကောင်း၊ ပြည်ထောင်စုကာကွယ်ရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍကို ဖော်ပြရန်အတွက် ပုဒ်မ ၂၀(ဃ) တွင် “ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ခွင့်ရှိသည်” နှင့် ပုဒ်မ ၂၀(င) တွင် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် တင်ပြခဲ့သည်။

ပြည်ထောင်စုတပ်မတော်၏ တာဝန်ခံမှု၊ တာဝန်ယူမှုအား အာမခံနိုင်ရန် ကာကွယ်ရေးနှင့် လုံခြုံရေး၏ အသုံးစရိတ်အား လွှတ်တော်သို့တင်ပြ အစီရင်ခံရန်အတွက် ပုဒ် ၁၀၃(ဂ) တွင် “ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသုံးစရိတ်အပါအဝင် အခြားအသုံး စရိတ်များ အတွက်ကိုမူ ပြည်ထောင်စု အောက် လွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်၊ ပြည်ထောင်စု အောက်လွှတ်တော်က အတည်ပြုပါက ပြည်ထောင်စုအထက်လွှတ်တော်သို့ ဆက်လက်ပေးပို့ကာ ဆုံးဖြတ်အတည်ပြုချက်ကို ရယူရမည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြသည်။

လူသားလုံခြုံရေးကို ဦးတည်သည့် မူဝါဒ ကျင့်သုံးရန်အတွက် ပုဒ်မ ၃၃၇ တွင် “ပြည်ထောင်စု၏ လုံခြုံရေး တပ်ဖွဲ့များသည် ပြည်ထောင်စု၏ နယ်နိမိတ်တွင်းနေထိုင်သူများ၊ နယ်နိမိတ်ပြင်ပ ရောက်နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ တန်းတူအခွင့်အရေး၊ တရားမျှတရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။ ပြည်ထောင်စု၏ လုံခြုံရေးမူဝါဒသည် ကမ္ဘာတဝှမ်း လူသားများ၏ လူမှုလုံခြုံရေးကို ဦးတည်သော မူဝါဒဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။ဆက်လက်၍ ပုဒ်မ ၃၃၈ တွင် ပြည်ထောင်စု၏လုံခြုံရေးဆိုင်ရာ အခြေခံမူများကို  အောက်ပါ အတိုင်း အသစ်ထည့်သွင်းပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။

၃၃၈။(က) ပြည်ထောင်စုအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် မည်သည့်အခြေအနေတွင်မဆို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသော အရပ်ဘက်အစိုးရ၏ ကွပ်ကဲမှုနှင့်အုပ်ချုပ်မှု အောက်တွင်သာ ရှိရမည်ဖြစ်ပြီး ပြည်ထောင်စု၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်းရေး ဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်၏ ထိန်းကျောင်းကွပ်ကဲမှုကို လေးစားလိုက်နာခံယူရမည်။

(ခ)  ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဌာန်းထားသော ဥပဒေများ အား လေးစားလိုက်နာရမည်။

(ဂ)  ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ ပြဌာန်းထားသော လူအခွင့်အရေးဆိုင်ရာ နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ စံချိန်၊ စံညွှန်းများကို လေးစားလိုက်နာ ရမည်။

(ဃ) ပြည်ထောင်စု၏ လုံခြုံရေးမဟာဗျုဟာချမှတ်ရာတွင် စစ်ရေးဆိုင်ရာလုံခြုံမှုအပြင် စီးပွားရေးဆိုင်ရာ လုံခြုံမှု၊ လူမှုရေးဆိုင်ရာလုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်၊ သဘာ၀ အရင်း အမြစ်နှင့် စွမ်းအင်လုံခြုံမှု စသည်တို့ ထည့်သွင်းစဉ်းစားသော လူသားလုံခြုံရေး ရှု့ထောင့်မှ ချဉ်းကပ် ရမည်။

(င)  ပြည်ထောင်စု၏ လုံခြုံရေးမူဝါဒများကို ချမှတ်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်၊ ကိုယ်ပိုင် လက္ခဏာနှင့် စုပေါင်းအခွင့်အရေးများကို မထိခိုက်စေရ။

(စ)  ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များ၏ ဖွဲ့စည်းပုံတွင် သက်ဆိုင်ရာ ပြည်နယ်အလိုက်၊ ဒေသအလိုက်၊ လူမျိုးအလိုက်ခွဲခြား ကန့်သတ်မှုမရှိစေပဲ တန်းတူအခွင့်အရေးရှိရမည်။

(ဆ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များသည် မည်သည့်နိုင်ငံရေးပါတီ (သို့) ပုဂ္ဂိုလ် (သို့) လူတစ်စု (သို့) လူမျိုးတစ်မျိုး၏ လွှမ်းမိုး သြဇာခံမဖြစ်စေရ။

(ဇ)  ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များ ရာထူးတာဝန်ခန့်အပ်ရာတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင်ကွဲပြားမှုအပေါ်အခြေတည်၍ ခွဲခြားဆက်ဆံမှု မရှိစေရ။

(စျ)  ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားကို တည်ဆောက်ရာတွင် သင့်လျော်မည့် အင်အား အရွယ်အစား၊ ဘဏ္ဍာငွေကြေးတတ်နိုင်မှု၊  လိုက်လျော ညီထွေရှိမည့် ဖွဲ့စည်းမှုပုံစံနှင့် တာဝန်ခံမှု စသည့်မူများကို အခြေခံရမည်။

(ည) ပြည်ထောင်စု၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က စိစစ်အတည်ပြုပေးရမည်။ သုံးစွဲမှုဆိုင်ရာ ရှင်းတမ်းအား လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြ ရမည်။

(ဋ)   မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများအပါအဝင် လုံခြုံရေးဝန်ထမ်းများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများအပါအဝင် လုံခြုံရေးဝန်ထမ်းများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်းရမည်။

ပြည်ထောင်စုကာကွယ်ရေးဆိုင်ရာအခြေခံမူများ၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင် ပြည်ထောင်စု တပ်မတော်ဆိုင်ရာများကိုလည်း ပုဒ်မ ၃၃၉ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းရန် အဆိုပြုထားသည်။

၃၃၉။(က)  ပြည်ထောင်စုတပ်မတော်၏ အဓိကတာဝန်သည် ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်သည်။

(ခ)   ပြည်ထောင်စုတပ်မတော်သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထား သည့် ဥပဒေများ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လွှတ်တော် များ၏ ပြဌာန်းဥပဒေများကို လေးစားလိုက်နာရမည်။

(ဂ)   ပြည်ထောင်စုတခုလုံး၏    စုစုပေါင်းအမြဲတမ်းစစ်အင်အားသည် ပြည်ထောင်စုလူဦးရေ၏ (ဝ.၅%) ထက် ကျော်လွန်ခြင်းမရှိစေရ။ လိုအပ်သည့်အချိန်တွင် အင်အားဖြည့်တင်းနိုင်ရန် အရံတပ်ဖွဲ့များ ထားရှိနိုင်သည်။

(ဃ) ပြည်ထောင်စုတပ်မတော်စစ်ဦးစီးများအဖွဲ့ကို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန၏လက် အောက်တွင် ဖွဲ့စည်းထားရှိရမည်။ စစ်ဦးစီးများအဖွဲ့ကို ပြည်နယ်အသီးသီးမှ စေလွှတ်သော စစ်ဦးစီး မှူးများဖြင့် ဖွဲ့စည်းရမည်။ စစ်ဦးစီးများထဲမှ တစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်က ခန့်အပ်ရမည်။

(င)  ပြည်ထောင်စုတပ်မတော်တွင် လိုအပ်ချက်နှင့်အညီ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို သီးခြားစီ ခွဲ၍ ဖွဲ့စည်းရမည်။

(စ)  ပြည်ထောင်စု တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အတွက် သီးခြားသော စစ်တက္ကသိုလ် များ ဖွဲ့စည်းတည်ထောင်ရမည်။ ယင်းတက္ကသိုလ်များတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များမှ အချိုးကျ တက်ရောက်သင်ကြားခွင့် ရှိစေရမည်။

(ဆ) စစ်ပညာလေ့ကျင့်သင်ကြားပိုချရေး သင်တန်းကျောင်း အသီးသီးအတွက် စစ်ဘက်ဆိုင်ရာဘာသာ ရပ်များအပြင် ဒီမိုကရေစီအခြေခံကျင့်စဉ်များ၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ နိုင်ငံတကာ၏ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာဥပဒေများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အခြားလိုအပ်သောဘာသာရပ်များကို သင်ရိုးညွှန်းတမ်းများ ပြုစု ၍ ရေးဆွဲပြဋ္ဌာန်းပေးရမည်။

(ဇ)  ပြည်ထောင်စုတပ်များအား ပြည်နယ်များတွင် နေရာချထားရန်လိုအပ်ပါက ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီသာ ပြုလုပ်ရမည်။

ပြည်ထောင်စုတွင် နိုင်ငံသားများ ဘေးအန္တရယ်ကျရောက်ချိန်တွင် ပြည်သူများအာ ကူညီနိုင်ရန်အတွက် ပုဒ်မ ၃၄၁ တွင် “ပြည်ထောင်စုနှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် ပြည်ထောင်စု သမ္မတသည် တပ်မတော် နှင့် ပြည်နယ်လုံခြုံရေးတပ်တို့ အား ကူညီဆောင်ရွက် ရန်တာဝန်ပေးအပ် နိုင်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။

တပ်မတော်ကာကွယ်းရေးဦးစီးချုပ် ခန့်အပ်အတည်ပြုရန်အတွက် ပုဒ်မ ၃၄၂ တွင်  “ပြည်ထောင်စုဝန်ကြီး ချုပ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရာတွင် ပြည်ထောင်စုသမ္မတ၏ အတည်ပြုချက် ကို ရယူရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုထားသည်။

တပ်မတော်သားများအား တရားစီရင်ရေးနှင့် ပတ်သက်၍ ပုဒ်မ ၃၄၃ တွင် “စစ်ဘက်တရားစီရင်ရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊ (ခ) တပ်မတော်သားများသည် အရပ်ဘက်ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက အရပ်ဘက် ဥပဒေဖြင့် စီရင်နိုင်ရန် အရပ်ဘက် တရားစီရင်ရေးသို့ လွဲအပ်ပေးရမည်။ (ဂ) တပ်မတော်သားများသည်သည် စစ်ဘက်ဆိုင်ရာဥပဒေများနှင့် အရပ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစား လိုက်နာရမည်” ဟုပြင်ဆင် ပြဋ္ဌာန်းရန် အဆိုပြုသည်။

ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပုဒ်မ ၃၄၄တွင် “(က)ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားဖွဲ့စည်းရမည်။ ပြည်ထောင်စုရဲတပ်ဖွဲ့ များသည် ပြည်ထောင်စုအစိုးရ၏ စီမံကွပ်ကဲမှု အောက်တွင်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့များသည် သက်ဆိုင်ရာ ပြည်နယ် အစိုးရ၏ စီမံကွပ်ကဲမှုအောင်တွင် ရှိရမည်။ (ခ)ပြည်သူ့ရဲတပ်ဖွဲ့များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန် တာဝန် ရှိသည်။

(ဂ)ပြည်နယ်၏လိုအပ်ချက်အရ ပြည်နယ်လုံခြုံရေးတပ်များကို ဖွဲ့စည်းနိုင်သည်။ ယင်းလုံခြုံရေးတပ်များသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိရမည်။ (ဃ)စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး အဖွဲ့ အစည်းဖြစ်စေ၊ အရပ်ဘက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်စေ သက်ဆိုင်ရာအစိုးရ၏ စီမံကွပ်ကဲမှုအောက် တွင်သာ ရှိရမည်။” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုထားသည်။

၅။(ဌ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ဖွဲ့စည်းပုံ (State Constitution)

ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနှင့်ပတ်သက်၍ ပုဒ်မ ၉(က) တွင် “တိုင်းဒေသကြီး(၇)ခုကို ဗမာပြည်နယ် အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ် မှတ်သည်။ ပြည်နယ်အားလုံးတို့သည် အဆင့်အတန်းတူညီ ကြသည်။ ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ် သားများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ရှိသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။

၅။(ဎ) ဒေသန္တရအစိုးရ (Local Government)

ဒေသန္တရအစိုးရနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ပတ်သက် သည့်ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၂၇၅ မှ ပုဒ်မ ၂၈၃ အထိအား ပယ်ဖျက်ရန် အဆိုပြုသည်။ ဒေသန္တရာအစိုးရ ဆိုင်ရာပြဋ္ဌာန်းချက်များအား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် သီးခြားအဆိုပြုတင်ပြမည် ဖြစ်ပါ သည်။

၆။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆိုပြုချက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနနှင့်ဝန်ကြီးများကို သတ်မှတ်ခန့်အပ်ခြင်းနှင့်ဆိုင်သော ပုဒ်မ ၂၄၈(ဂ)(၁) နှင့် ပုဒ်မ ၂၄၈(ဂ)(၂)၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၆၁(ခ)(၁)၊ ပုဒ်မ ၂၆၁(ခ)(၂)၊ ပုဒ်မ ၂၆၁(ဂ)၊ ပုဒ်မ ၂၆၁(ဃ) နှင့် ပုဒ်မ ၂၆၁(င)၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၆၄(ခ)(၁)၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏လုပ်ငန်းတာဝန်များနှင့်သက်ဆိုင်သည့် ပုဒ်မ ၃၂၂ နှင့် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄၀၂ တို့ကို ပြင်ဆင်ရန် အဆိုပြုသည်။ အဆိုပါပုဒ်မ (၁၀) ခုအား ပြင်ဆင်ရန်ဟုသာ အစီရင်ခံစာတွင် ဖော်ပြထားပြီး မည်သို့ပြင်ဆင်မည်ဟူသော အကြံပြုချက်ကို မတွေ့ရှိရပေ။ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရန် မူကြမ်းတင်စဉ်က တင်ပြခဲ့ပြီးဖြစ်၍ ယခုအစီရင်ခံစာတွင် ထပ်မံ ဖော်ပြခြင်း မပြုတော့သည်လား သို့တည်းမဟုတ် “ပြင်ဆင်ရန်” ဟုသာ အဆိုပြုပြီး မည်သို့ပြင်ဆင်မည်ကို အဆိုပြုထားခြင်း မရှိသည်လား အတတ်မပြောနိုင်ပေ။ သို့သော် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အစီရင်ခံစာတွင်မူ မည်သို့ပြင်ဆင်မည်ဟူသော အဆိုပြုချက်ကို မတွေ့ ရှိရပေ။

၇။ ခြုံငုံသုံးသပ်ချက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအတွက် ကြိုးပမ်းချက်များ၊ အဆိုပြုတင်ပြချက်များကို သုံးသပ် ရပါလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့လိုလားပြီး ၎င်းတို့အတွက် အသုံးကျသော ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကိုသာ ပြင်ဆင်ရန်ကြိုးပမ်းသည်ကို တွေ့ရှိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ခံကတုတ် ကျင်းအဖြစ်ထား၍ မိမိပါတီအတွက် အကျိုးရှိမည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်သည့် သဘောကိုသာတွေ့ရှိ ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းချက်ကို တန်ပြန်သော လှုပ်ရှားမှုသာလျှင် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီနှင့် အခြား တိုင်းရင်းသားပါတီများ၏ အဆိုပြုချက်များမှာ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အနည်းငယ်သာ ကွဲပြားမှုရှိသည်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရင်ခုန်သံခြင်း တူသည်ဟူ၍ပင် ပြောဆို၍ ရပေ သည်။ ဦးတည်ချက်၊ ရည်ရည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ချင်း တူညီကြသည်မဟုတ်ပါလော။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် စတင်ကြိုးပမ်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ၄င်း၏ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်တွင် ပေးခဲ့သော ရွေးကောက်ပွဲ ကတိကဝတ်ကို ဖော်ဆောင်ရန် ကြိုးစားသည်ဟု ပြည်သူများထင်မြင်လာအောင် လုပ်ဆောင်သော ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် တင်ကြိုမဲဆွယ်စည်းရုံးသည့် လှုပ်ရှားမှု သာ လျှင်ဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းချက် မအောင်မြင်ပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးစားပါသော်လည်း သဘောမတူ ကန့်ကွက်သည့် အဖွဲ့အစည်း ရှိသော ကြောင့် ပြင်ဆင်ရေး မအောင်မြင်ပါကြောင်း ပြောကာ ၂၀၂၀ အတွက် ပြည်သူတို့၏ မျက်ရည်ကို ချူသည့် လုပ်ဆောင်ချက်သာဖြစ်သည်ဟုလည်း သုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော် ဟူသည့် အဖွဲ့အစည်းနှစ်ရပ်စလုံး သဘောတူသော ပြဋ္ဌာန်းချက်များကိုသာလျှင် ပြင်ဆင်နိုင်မည်မှာ နိုင်ငံရေး ကကြီး၊ ခခွေး လေ့လာသူအဆင့်ပင်လျှင် သိရှိပြီးကိစ္စ ဖြစ်ပေသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘေးထွက်ဆိုးကျိုးများ ရှိပါသလားဟု မေးစရာရှိပါသည်။ တပ်မတော် ကိုယ်စားလှယ်တစ်ဦးကမူ အချက်အလက်ပေါင်း ၃၇၀၀ ကျော် ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် အန္တရာယ်ရှိသည် ဟုဆိုသည်။ အမှန်စင်စစ် မည်သည့်အန္တရာယ်မှမရှိ။ ယခင်အစိုးရလက်ထက် လွှတ်တော်သက်တမ်းတွင် ယခုထက် များပြားသော ဖွဲ့စည်းပုံပြင်ဆင်ရန် အဆိုပြုချက်များကို တင်သွင်းကာ လွှတ်တော်တွင် ဖြတ်သန်းခဲ့သော ဖြစ်စဉ် ရှိဖူးပြီးသားပင် ဖြစ်သည်။ ကြောက်တတ်သူကို ခြောက်သည့် ခြောက်လုံးဟုသာ ဆိုရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြိုးပမ်းမှုသည် သာမန်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျိုးအမြတ်ရရှိသည်ဟု မြင်ကြ သော်လည်း အမှန်စင်စစ် ဤသို့ မဖြစ်ပေ။ “ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ” ဟူသည့် ရှေးစကား ကဲ့သို့ဖြစ်နေပေတော့သည့်။

နှစ်ပေါင်း(၃၀)ကျော် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ကြသည်။ ဤပါတီကြီးအနိုင်ရကာ အစိုးရဖြစ်လျှင်ဖြင့် နဂါးနီသီချင်းကဲ့သို့ အရာ ရာအားလုံးအဆင်ပြေပြီဟု အိပ်မက်ခဲ့ကြသည်။ တိုင်းရင်းသားအပေါင်းတို့သည်လည်း ကျဆုံးလေပြီးသော ခေါင်းဆောင်များ ထုဆစ်ခဲ့သည် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်နိုင်ကြတော့မည်ဟု အိပ်မက်ရင်း ဘဝအမောများ၊ ဒုက္ခ ဒုက္ခများကို မျော်လင့်ချက်ဖြင့် ကျောကော့ကာ ရင်ဆိုင်ခဲ့ကြပေ၏။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးပူးပေါင်းကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်ပြခဲ့သော အဆိုပြုချက်များတွင် ပုဒ်မ ၈ “နိုင်ငံတော် ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် ဖြင့် ဖွဲ့စည်း တည်ဆောက်သည်” ဟူသော ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန်မှ လွဲ၍ အခြားသော အဆိုပြုချက်များတွင် တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်အင်္ဂါရပ်များ ခိုင်မာအားကောင်းလာရေး ပြင်ဆင် ထားသည့် ပြဋ္ဌာန်းချက်များကို တွေ့ရှိရခြင်းမရှိပေ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသော၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်နေသော အစိုးရဖြစ်နေသည့် အနိုင်ရပါတီက တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်သည် ဖက်ဒရယ်ရနံ့ပင် မသင်း ပါသောကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို မည်သို့မည်ပုံ ဖော်ဆောင်မည်ဆိုသည်ကို မေးခွန်းထုတ် စရာပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဆိုခဲ့သော “ကျမတို့ပါတီက ဖက်ဒရယ်ကို အရင်ဆုံး ပြောခဲ့တာပါ” ဟူသော စကားသည် လေတွင် လွင့်ပျောက်သွားပြီလား၍ စဉ်းစားဆင်ခြင်စရာ ဖြစ်လာပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်သည် အဓိကအားဖြင့် (၁) သမ္မတအရည်အချင်း အတွက် ပုဒ် ၅၉ အား ပြင်ဆင်ခြင်း၊ (၂) တပ်မတော်၏ အခန်းကဏ္ဍကို လွှတ်တော်အခင်းအကျင်းမှ တဖြည်းဖြည်း နုတ်ထွက်စေခြင်း၊ (၃) ပုဒ်မ ၂၀၁ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကော်စီ၏ ဖွဲ့စည်းမှုကို ပြင်ဆင်ခြင်း၊ (၄) အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ဆိုင်ရာ အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှလည်းကောင်း၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီထံမှ လည်းကောင်း နိုင်ငံတော်သမ္မတထံသို့ လွဲပြောင်းရယူရန် ပြင်ဆင်ခြင်းနှင့် (၅) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ အား ပြင်ဆင်ခြင်း စသည့် တို့ကိုသာ အရေးကြီးသော ပြင်ဆင်ချက်များအဖြစ်တွေ့မြင်ရသည်။ ဤသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စိတ်အားထက်သန်မှု ရှိပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာ တော့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၄င်းတို့ပါတီအား အတိုက်အခံပါတီဟူ၍ ကြွေးကျော် နေသည်မှာ ကိန်းဂဏာန်းများအရ မှားယွင်းနေကြောင်းကို တွေ့ရှိရသည်။ အမှန်စင် စစ် ဤနိုင်ငံတွင် အတိုက်အခံ အစစ်ဟူ၍ မရှိပါ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲရလဒ်များ အားလုံးပေါင်းကာ တွက်ချက်ပါက ရွေးကောက်ခံမဟုတ်သော တပ်မတော်သားများက (၂၅) ရာခိုင်နှုန်း၊ သောင်ပြိုကမ်းပြိုနိုင်ပါသည်ဟုဆိုသော အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က (၅၈) ရာနှုန်းကျော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၆) ရာခိုင်နှုန်းကျော်၊ ဗမာမဟုတ်သော တိုင်းရင်းသားပါတီများ အားလုံးပေါင်းပါက (၉) ရာခိုင်နှုန်းကျော်နှင့် လစ်လပ်မဲဆန္ဒနယ်က (၁) ရာခိုင်နှုန်း နီးပါးရှိပါသည်။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်တွင် (၆) ရာခိုင်နှုန်းသာ ရရှိသောပါတီသည် မည်သို့လျှင် အတိုက်အခံ ဖြစ်နိုင်ပါအံ့နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လွှတ်တော်တွင် စတင် အဆိုပြုတင်သွင်း လိုလျှင် အနည်းဆုံး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းလိုအပ်သည် မဟုတ်ပါ လော။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုတင်သွင်းနိုင်ခြင်းမှာ တပ်မတော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲအား တောင်းခံရရှိထား၍ မဟုတ်ပါလော။ သို့ပါ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် အတိုက်အခံပါတီစစ်စစ် မမည်ပေ။

သို့ဆိုလျှင် (၂၅) ရာခိုင်နှုန်း ကိုင်ထားသော ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သည် အတိုက်အခံ ဖြစ်ပါသလော။ ထိုသို့လည်းမဖြစ်ပါ။ တပ်မတော်ကိုယ်စားလှယ်များသည် ရွေးကောက်ခံကိုယ်စားလှယ်များမဟုတ် သည့်အပြင် ရွေးကောက်ခံရေး ယှဉ်ပြိုင်ရန်လည်း မလိုအပ်သောကြောင့် ဖြစ်သည်။ တပ်မတော်အနေဖြင့် “ကတွက် ပေါက်တွင် စောင့်နေသော ဗျိုင်းကဲ့သို့”  ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိလာမည့် ပါတီများထဲမှ သင့်မြတ် သည့်ပါတီနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်ရေးကြိုးပမ်းရန်သာ လိုအပ်ပေသည်။ ဤသို့ဆိုလျှင် တပ်မတော်သည် မည့်သည့်ပါတီများနှင့် လက်တွဲပါမည်နည်း။ ရွေးကောက်ပွဲမတိုင်မီ ကာလတွင် တပ်မတော်အနေဖြင့် မည်သည့် ပါတီများနှင့်လက်တွဲမည်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ထုတ်ဖော်ပြသသည်ထား။ အဆိုပါ ပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၅ ရာခိုင်နှုန်း (သို့) ၁၀ ရာခိုင်နှုန်း အောက်သာအနိုင်ရပါက တပ်မတော် အနေဖြင့် အဆိုပါ ပါတီများနှင့် လက်တွဲပါမည်လော။ အပိုင် (၂၅) ရာခိုင်နှုန်း ကိုကိုင်ထားသော တပ်မတော်အနေ ဖြင့် ၄င်းအစိုးရဖွဲ့နိုင်ရေး မဲဆန္ဒ အနိုင်ရရှိမှုများသော ပါတီများနှင့်သာ လက်တွဲသွားရန် ဖြစ်နိုင်ချေ ပိုများပေသည်။

ယခုမြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများသည် အာဏာပါဝါအထိုင်ပေါ်တွင် စဉ်းစားသည့် နိုင်ငံရေးပါတီများ သာများပေသည်။ အာဏာနိုင်ငံရေးကို စဉ်းစားသဖြင့် အနီးဆုံးကာလတွင် အစိုးရဖြစ်ရေးကိုသာ စဉ်းစားကာ ပါတီ တည်ဆောက်ရေးအပိုင်း၊ ပြည်သူလူထုအတွက် စဉ်းစားသည့်အပိုင်း နည်းပါးလာသည်ကို တွေ့ရှိရသည်။ ပါတီ အင်စတီကျူးရှင်းများ အားကောင်းမောင်းသန် ဖြစ်လာရေးအတွက် မည့်သည့်ပါတီက ကြိုးပမ်းနေပါသနည်း။ အများကြိုက်နိုင်ငံရေး (ဝါ) ဆယ်လီနိုင်ငံရေးအစား မူဝါဒအခြေပြုနိုင်ငံရေး၊ မူဝါဒအခြေပြုပါတီဖြစ်ရန် မည်သည့် ပါတီများက ကြိုးပမ်းနေပါသနည်း။ နိုင်ငံတကာနိုင်ငံရေးတွင် ပြောဆိုနေကြသော ပါတီပလက်ဖောင်း (Party Platform) ဟူသည်ကို သိရှိသော နိုင်ငံရေးပါတီခေါင်းဆောင်များ ဦးရေ မည်မျှရှိပါသနည်း။ အများပြည်သူ အကြိုက် ပေါ်ပင်စကားပြောဆိုကာ စည်းရုံးသည့်အစား မူဝါဒအခြေခံစည်းရုံးရေးလုပ်ဆောင်နေသည့်ပါတီ မည်မျှ ရှိပါ သနည်း။ တွေးကြည့်လျှင်ဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ရင်လေးစရာအတိပင်ဖြစ်သည်။ ရွေးကောက်ပွဲ နီးလာ သောအခါ ပြည်သူလူထုသဘောကျအောင် အလိမ်အညာ တန်ဆာဆင်ကာ ပြောဆိုစည်းရုံး၊ ရွေးကောက်ပွဲ အောင်နိုင်ပြီးသည့် အခါ ပြည်သူလူထုအား “ဖုတ်လေသည့်ငပိ ရှိသည်ဟုပင်မထင်သော” ပါတီများ ဒုနှင့်ဒေး ရှိနေသေးသည့် အနာဂတ် မြန်မာ့နိုင်ငံရေးသည် “ ရေမှာရေးသည့် အရုပ်မထင်သလို” မယ်မယ်ရရ ဘာမျှဖြစ်လာမည် မဟုတ်ပေ။

သို့ပါ၍ လူငယ်နှင့် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို အလေးထားသော မူဝါဒအပေါ်တွင် အခြေခံ သောပါတီများပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ ရှိပြီးသားပါတီများက မိမိတို့၏ အင်စတီကျူးရှင်းကို အားကောင်းမောင်းသန်လာရေး တည်ဆောက်ကာ ပြည်ထောင်စု၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြပါရန် တိုက်တွန်းလိုက်ရပါတော့သည်။

စိုင်းကျော်ညွန့်

စိုင်းကျော်ညွန့်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်ပါသည်။

SNLD ပါတီသည် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှတဆင့်) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန်အတွက် လေ့လာတွေ့ရှိချက် ၁၁၁၂ ချက်ဖြင့် အများဆုံး ထောက်ပြထားသော ပါတီဖြစ်ပါသည်။

နောက်ဆက်တွဲ

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်

The post ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များအား ဒီမိုကရေစီနှင့်ဖက်ဒရယ် ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း appeared first on ISP Myanmar Peace Desk.