Nyein Nyein Pyae Archives - ISP Myanmar Peace Desk

မြောက်ပိုင်း သုံးဖွဲ့ကြေညာချက်က ငြိမ်းချမ်းရေးကို နာလန်ထစေနိုင်မလား
မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ် ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ထဲမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ရဲ့ အနေအထားထူးခြားမှုရှိတာကြောင့် နောက်ဆုံးအခြေအနေတွေအရ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒီသုံးဖွဲ့က စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ရှိကြောင်း ထုတ်ပြန်ခဲ့တာဟာ ထူးခြားပြီး သိသာ ထင်ရှားတဲ့ သတင်းကောင်း ဖြစ်လာပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုခဲ့ပြီး နှစ်ဖက်အပစ်ရပ် သဘောတူညီချက် (Bilateral ceasefire agreement) လက်မှတ်ထိုးဖို့၊ နိုင်ငံရေးနည်းအရဆွေးနွေးဖို့ ဆက်လက် ညှိနှိုင်းပူးပေါင်းသွားမယ်လို့ ကြေညာချက် ပြန်ထုတ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ ကြေညာချက်တွေဟာ နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီး အကြိမ်ကြိမ်ပြင်ဆင်ထားကြတာဖြစ်တယ်လို့ ယူဆစရာရှိပြီး နာရီပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် အပြန်အလှန် ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ တရုတ်နိုင်ငံနယ်နိမိတ်အတွင်းမှာ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြတဲ့ နှစ်ဖက်ကြား အလွတ်သဘော(informal) တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီအရွေ့ကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက် ဆက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ပါဝင်လာပြီး နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုးမယ့် တိုးတက်မှုဟာ ဒေသအလိုက် သက်ရောက်မှု ဖြစ်လာနိုင်ပေမယ့် လက်ရှိ တန့်နေတဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကြီး တစုံလုံးကို ဖောက်ထွက်ပြီး ကျားကန်ပေးနိုင်လောက်တဲ့အခြေအနေတော့ မရှိပါဘူး။ နာလန်မထူနိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကျပ်အတည်းကို ပြန်လည်အားဖြည့်ပေးနိုင်လောက်တဲ့အထိလည်း တိုက်ရိုက်အကျိုးကျေးဇူး မရှိနိုင်တာကို တွေ့ရပါတယ်။

ဒီဆောင်းပါးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပါဝင်ပုံ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် ဗဟိုချက် ရွေ့သွားပုံ၊ KNUနဲ့ RCSS ကြေညာချက်နှစ်စောင် ထွက်ပေါ်ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချိုးကွေ့သွားပုံ တို့ကို ဦးစွာတင်ပြပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ ရလဒ်တွေကို သုံးသပ်ဖော်ပြပါမယ်။ တင်းမာမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းအချို့ကိုလည်း ဆောင်းပါးအဆုံးသတ်မှာ အကြံပြုဖော်ပြပါမယ်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ထူးခြားမှု

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တအာန်း(ပလောင်)တပ်ဖွဲ့၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA) ရခိုင်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ချိန်ကတည်းက အခုကြေညာချက်မတိုင်ခင်အထိ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွေမှာ တရားဝင် ပါဝင်မှုငြင်းပယ်ခံထားရတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

တပ်မတော်က ဒီသုံးဖွဲ့ပါဝင်မှုကို လက်မခံခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အားလုံးပါဝင်ရေး (All inclusive) မူအပေါ် ရပ်တည်ခဲ့ကြပါတယ်။ နိုင်ငံမြောက်ပိုင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (NCA) မှာ ပါဝင် ခြင်း မရှိသေးတဲ့ အကြောင်းရင်းတွေထဲမှာ အားလုံးပါဝင်ရေးမူ မပြေလည်တာကလည်း အချက်တချက် ဖြစ်ပါတယ်။

အစိုးရနဲ့အတူ NCAကိုရေးဆွဲခဲ့တဲ့နေရာမှာ အခရာကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖြစ်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က NCAကို လက်မှတ်မထိုးခဲ့တဲ့ အဓိက အကြောင်းရင်းထဲမှာ ဒီသုံးဖွဲ့ ပါဝင်ခွင့် မရခဲ့တာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး UNFC ပြိုကွဲသလို ဖြစ်ခဲ့ပြီး NCA လက်မှတ်ထိုးလိုတဲ့ တောင်ပိုင်းအဖွဲ့၊ အားလုံးပါဝင်ရေး မူကို ဆုပ်ကိုင်ထားတဲ့ မြောက်ပိုင်းအဖွဲ့ဆိုတဲ့ အခင်းအကျင်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီ့နောက်မှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ပေါ်ပေါက်လာပြီး UWSA ရဲ့ ဦးဆောင်မှုအောက်ကို KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ ဝင်ရောက်သွားပါတယ်။

ဒီလို ထူးခြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေး သုံးကြိမ်အပြီးမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မယ်လို ထုတ်ပြန်လိုက်တာဟာ ထူးခြားမှု ဖြစ်လာခဲ့ပါတယ်။

အခုလို ပါဝင်လာမယ် ဆိုပေမဲ့ တပ်မတော်နဲ့ နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးမယ့်အခြေအနေ၊ တရားဝင်မှုနဲ့ အာမခံမှုဆိုင်ရာကိစ္စရပ်တွေမှာ မေးခွန်းထုတ်စရာတွေ ရှိလာပြန်ပါတယ်။

ပထမဆုံးအချက်က မြောက်ပိုင်းမဟာမိတ်သုံးဖွ့ဲနဲ့ တပ်မတော် နှစ်ဖက်အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးကြတဲ့အခါ ဘယ်အဆင့်လက်မှတ်ထိုးမှာလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်တွေ လက်မှတ်ထိုးကြတဲ့နေရာမှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ဆိုပြီး လက်မှတ်ထိုးခဲ့ကြတာ ရှိပါတယ်။ အဲဒီ့နောက်မှာ NCA လက်မှတ်ထိုးတဲ့အဆင့် ဆိုပြီး ရှိပါတယ်။

နောက်တချက်ကတော့ နယ်မြေဆိုင်ရာဝိရောဓိ ဖြစ်ပါတယ်။ မြောက်ပိုင်းသုံးဖွဲ့အနက် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AAဟာ ကချင်ပြည်နယ်မှာ အခြေစိုက်တည်ထောင်ထားပြီး ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းမှာ လှုပ်ရှားနေခဲ့ရာကနေ အခုအခါ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ NCAလက်မှတ်ထိုးပြီးသားအဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ALP လည်းရှိတာကြောင့် အခု AA နဲ့ ပြည်နယ်အဆင့် လက်မှတ်ထိုးတာကို ဘယ်လိုပုံစံထိုးမှာလဲ၊ နယ်မြေသတ်မှတ်ချက်ကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ကနဦး ကြားသိရတဲ့ သတင်းတွေအရ မြောက်ပိုင်းအဖွဲ့သုံးဖွဲ့နဲ့ တဖွဲ့ချင်းစီအလိုက် လက်မှတ်ထိုးတဲ့အခါ တပ်မတော်နဲ့ (တပ်-တပ်ချင်း) လုပ်ဆောင်မယ်လို့ သိရပါတယ်။ အရပ်သားအစိုးရအနေနဲ့ အသိသက်သေအဖြစ်သာ ပါဝင်နိုင်မယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို ဥပမာပြုပြီး အရွေ့တစုံတရာဖြစ်ဖို့ဆိုတာ တပ်မတော်က လုပ်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆမျိုး ပေါ်လာပါတယ်။ တခါ ငြိမ်းချမ်းရေးကိစ္စမှာ သြဇာနဲ့ မျက်နှာကောင်းရမှာကလည်း တပ်မတော်သာ ဖြစ်နေပြန်တယ်ဆိုတဲ့ အနေအထား ဖြစ်လာပါတယ်။

ဒီအခြေအနေမှာ နှစ်ဖက်အပစ်ရပ်မယ့်တိုးတက်မှုဟာ ၂၁-ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ တိုက်ရိုက်အကျုံးမဝင်သေးပါဘူး။ နှစ်ဖက်အပစ်ရပ်မှုကနေ NCAကို ရှေ့ဆက်သွားဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကလည်း အချိန်ယူဦးမှာ ဖြစ်ပါတယ်။ NCA မထိုးရသေးသရွေ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ သုံးဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ထက် ပိုရဖို့လမ်းမမြင်ပါဘူး။ ပါဝင်ဆွေးနွေးခွင့်မရှိတဲ့ လေ့လာသူအဆင့်ကို အရင်ကလည်း ရပြီးသား ဖြစ်နေပြန်ပါတယ်။

FPNCC မှာ အခု မြောက်ပိုင်း မဟာမိတ်အဖွဲ့ သုံးဖွဲ့အပြင် မြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ‘ဝ’ UWSP/UWSA၊ ကချင် KIO/KIA၊ ရှမ်း(မြောက်) SSPP/SSAနဲ့ မိုင်းလား NDAA-ESSတို့ ပါဝင်ပါတယ်။ MNDAA၊ AA နဲ့ TNLA လက်နက်ကိုင် သုံးဖွဲ့ NCA လက်မှတ်ထိုးရေးနဲ့ပတ်သက်ပြီး FPNCC နဲ့အတူ ဆက်သွားဖို့ အလားအလာရှိပါတယ်။ FPNCC ဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအရ မြန်မာအစိုးရနဲ့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတာဖြစ်ပြီး တရုတ်ရဲ့အကျိုးစီးပွားကို ကဏ္ဍကောစ မလုပ်တဲ့အဖွဲ့တွေလည်း ပါဝင်နေပါတယ်။

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ အစိုးရ+တပ်မတော်ဟာ နှစ်ဖက်အပစ်ရပ် (bilateral)ထိုးမှာသာဖြစ်လို့ NCAယန္တရားတခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)နဲ့လည်း အကျုံးမဝင်တဲ့အခြေအနေဖြစ်ပါတယ်။ JMCရဲ့ လုပ်ပိုင်ခွင့်ဟာ NCAထိုးထားပြီး အဖွဲ့အချင်းချင်းနဲ့ တပ်မတော်ကြား ပဋိပက္ခကိုသာ ကြားဝင်ညှိနှိုင်းပေးနိုင်ပါတယ်။ NCAထိုးပြီးအဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ကြား (ဒါမှမဟုတ်) NCAမထိုးထားတဲ့အဖွဲ့တွေကြား (ဒါမှမဟုတ်) NCAမထိုးထားတဲ့အဖွဲ့နဲ့ တပ်မတော်ကြား ပဋိပက္ခတွေကို JMCက ဖြေရှင်းခွင့် ရှိမနေပါဘူး။ JMC က မဖြေရှင်းနိုင်သလို အခြား ကြားခံ ဖျန်ဖြေရေးယန္တယားလည်း ရှိမနေပြန်ပါဘူး။ အဲဒီ့အတွက် လက်ရှိဖြစ်ပွားနေဆဲဖြစ်သလို နောင်မှာလည်း ဖြစ်ပွားလာနိုင်ခြေရှိတဲ့ ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသားလူမျိုးစုတွေအကြား ပဋိပက္ခက ရှမ်းပြည်နယ်အတွင်း မြင့်တက်လာနေတာဟာ စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။ NCAလက်မှတ်ထိုးပွဲနောက်ပိုင်း ၂၀၁၅ခုနှစ် နိုဝင်ဘာလက စတင်ဖြစ်ပွားလာခဲ့တဲ့ SSPP၊ TNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ RCSS အဖွဲ့ကြား တိုက်ပွဲတွေဟာ တိုင်းရင်းသားလက်နက်ကိုင်သမိုင်းတလျှောက်မှာ အပြင်းထန်ဆုံး တိုင်းရင်းသားလူမျိုးစုကြားပဋိပက္ခ ဖြစ်နေပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ စိန်ခေါ်ချက်တွေကို စောကြောကြည့်လိုက်တဲ့အခါ ဖြေရှင်းဖို့ခက်ခဲနိုင်ပြီး ဆက်လက်ကျန်ရှိနိုင်တဲ့ စိန်ခေါ်မှု လေးခုရှိနေတာ တွေ့ရပါတယ်။ အဲဒါတွေက

(၁) စစ်ရေးဆိုင်ရာ နယ်မြေပြဿနာ၊

(၂) တိုင်းရင်းသားလူမျိုးစု လူနည်းစု အဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနိုင်ခြေ

(၃) ပဋိပက္ခဖြေရှင်းရေးယန္တယား အချိတ်အဆက်ပြတ်တောက်မှု

(၄) နိုင်ငံရေးလိုလားချက်တွေကို မည်သည့်စင်မြင့် ထုတ်ဖော်ခွင့်ရမည်ဆိုသော ရွေးချယ်မှု စတဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို ပါဝင်ခွင့်ပေးမှုနဲ့ နှစ်ဖက်အပစ်ရပ် လက်မှတ်ထိုးရေးကြိုးပမ်းနေမှုဟာ သတင်းကောင်းဖြစ်ပေမယ့် လက်တွေ့မှာ ဒီနေရာကနေ NCA အထိ ရောက်အောင် ရှေ့ဆက်သွားဖို့ဆိုရင် အချိန်ကြာဦးမယ့် အခြေအနေရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ဖို့ဆိုတာကလည်း မရေရာတဲ့ အနေအထားမှာ ရှိပါတယ်။ တခါက ဒီသုံးဖွဲ့ ပါဝင်နေတဲ့ FPNCC ကလည်း NCA မဟုတ်တဲ့ အခြားလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကို သွားလိုတဲ့ ဆန္ဒ ရှိနေပါတယ်။

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် တပ်မတော်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ယာယီ ခွေထားလိုတဲ့ (containment) သဘောသဘာဝ အလေးသာနေသလားလို့ ယူဆစရာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို အဖြေရှာဖို့ လုပ်ငန်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်တဲ့အခါ တန့်နေပြီး ရှေ့ဆက်သွားနိုင်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ် ဗဟိုချက်အရွေ့

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ၁၀+၁၀ ထိပ်သီးတွေ့ဆုံပွဲဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးတွဲပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံမှုဖြစ်လို့ အပြုသဘော မြင်နိုင်ပေမဲ့ လက်တွေ့မှာ တင်းမာမှုပိုဖြစ်ပေါ်တဲ့ ရလဒ်ကိုသာ ထွက်ပေါ်စေခဲ့ပါတယ်။

၁၀+၁၀ တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောရာမှာ တခုတည်းသောတပ်မတော်၊ ခွဲမထွက်ရေး စတာတွေအပေါ် တပ်မတော်ရဲ့အထိုင်ကို အသားပေးပြောခဲ့ပါတယ်။ RCSSအဖွဲ့ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ KNUဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်ဆွေးနွေးမှု (formal)တွေ မလုပ်ဘဲ ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘော (informal) တွေ့ဆုံဆွေးနွေးမှုတွေသာ လုပ်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ RCSSကလည်း JMCမှာ မပါတော့ဘဲ အစိုးရ၊ တပ်မတော်တို့နဲ့ အလွတ်သဘောညှိနှိုင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

KNUနဲ့ RCSSဟာ NCAလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်ဆွေးနွေးမှုတွေ ယာယီရပ်ဆိုင်းတဲ့နေရာမှာ အစိုးရ+တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာသာမကဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းတွေ ကြားမှာလည်း ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။ နိုဝင်ဘာလမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ကို သွားရောက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ အလွတ်သဘောတွေ့ဆုံပြီး ဆက်ဆံရေး ပြန်တည်ဆောက်နိုင်ဖို့ ညှိနှိုင်းခဲ့ကြတာရှိပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ဆို့နေတဲ့ ပြဿနာရဲ့ဗဟိုချက်ဟာ တခုတည်းသောတပ်မတော်နဲ့ ခွဲမထွက်ရေး အစရှိတဲ့ကိစ္စရပ်တွေ bargaining deadlock အဆင့်ကို ကျော်လွန်ပြီး နောက်ပြန်ဆုတ်ယုတ်သွားတဲ့ (တနည်းအားဖြင့်) ဆက်ဆံရေးမပျက်အောင် လုပ်ငန်းစဉ်မပျက်အောင် ပြန်တည်ဆောက်နေရတဲ့ အဆင့်ကို ရောက်ရှိသွားပါတယ်။

KNUနဲ့ RCSSတို့ရဲ့ ကြေညာချက်နှစ်စောင်ထွက်ပြီးနောက်မှာ အစိုးရနဲ့တပ်မတော်ဘက်က ဖြစ်ပွားသွားတဲ့ ပြဿနာကို ပြန်ဖြေရှင်းဖို့ လိုသလို လက်ရှိထက်အခြေအနေပိုမဆိုးအောင် ထိန်းညှိတဲ့အနေနဲ့ NCA လမ်းကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ် တရားဝင် ဆွေးနွေးမှုတွေမှာ ဒီနှစ်ဖွဲ့ ပြန်လည်ပါဝင်လာအောင်ကြိုးပမ်းဖို့လိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့လည်း မျက်နှာမပျက်ရဘဲ အဆင်ပြေအောင်ညှိနိုင်မယ်ဆိုရင် လက်ရှိလုပ်ငန်းစဉ်မှာ ပြန်ပါဝင်ပြီး တရားဝင်ဆွေးနွေးမှုတွေ ပြန်လုပ်မယ့် အလားအလာရှိပါတယ်။ အဲဒီ့လို damage control နဲ့ face saving အဆင်ပြေအောင် နှစ်ဖက်စလုံးက အားမထုတ်တော့ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ချိုးကွေ့သွားမှာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့

(၁) ပဋိပက္ခရှုထောင့်အရ တိုက်ပွဲတွေ ပိုပြီး ဖြစ်ပွားလာနိုင်ပါတယ်။

(၂) ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်က တဆင့် အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျသူတွေ၊ အဓိကပါဝင်သက်ဆိုင်သူတွေ မပါဘဲ ဆက်လုပ်လို့ရတယ် ဆိုတဲ့ သဘောထားမျိုး အားကောင်းလာနိုင်ပါတယ်။ အစိုးရ+တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းသစ်ကို သွားမလား ဆိုတဲ့ မေးခွန်းထုတ်စရာရှိပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ဖွဲ့အထဲက KNUနဲ့ RCSS မပါဘဲ ကျန်အဖွဲ့ ရှစ်ဖွဲ့နဲ့ ၁၀-၂ ဆိုပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဆက်လုပ်၊ ပြည်ထောင်စုသဘောတူစာချုပ်ကတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်သွားမယ်ဆိုတဲ့ သဘောထားမျိုးလည်း ရှိနေနိုင်ပါတယ်။

(၃) အစိုးရ+တပ်မတော်အနေနဲ့ နိုင်ငံတောင်ပိုင်းကအဖွဲ့တွေနဲ့ ညှိနှိုင်းမှုကနေ မြောက်ပိုင်းအဖွဲ့တွေဘက်ကို ပိုပြီး အားထုတ်လာနိုင်ပါတယ်။ နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမှုတွေ ပိုပြုလုပ်လာမှာ ဖြစ်ပါတယ်။

လက်ရှိတင်းမာမှုတွေကို ဘယ်လိုဖြေရှင်းမလဲ

အပေါ်ယံအားဖြင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်ဆို့နေစေတဲ့အကြောင်းဟာ ခွဲမထွက်ရေးနဲ့ တခုတည်းသောတပ်မတော် အချက်နှစ်ချက်အပေါ် သဘောတူညီမှုမရှိတာကြောင့်လို့ ယူဆကြပေမယ့်လည်း အနှစ်သာရအားဖြင့်တော့ တဖက်နဲ့တဖက် မြော်မြင်ချက်ကွာဟမှုအပေါ် အရင်းခံတဲ့ပြဿနာလို့ ဆိုရပါမယ်။

၁၀+၁၀ထိပ်သီးတွေ့ဆုံပွဲ အကြိုဆောင်းပါးမှာ တင်ပြခဲ့တဲ့အတိုင်း ISP Peace Deskရဲ့ လေ့လာတွေ့ရှိချက်အရ အစိုးရနဲ့တပ်မတော်တို့က အခုငြိမ်းချမ်းရေးဖြစ်စဉ်ကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဖြစ် မှတ်ယူလာတာဟာ ပိုပြီးသိသာလာခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေတဆင့် ပြည်ထောင်စုတည်ဆောက်ရေး (nation- building) မြော်မြင်ချက်အမြင် maximalist approachကနေ ဖွ့ဲစည်းပုံအခြေခံဥပဒေကိုသာ ရသလောက်ပြင်နိုင်ရေး minimalist approachအထိုင်ပေါ် ပြန်ဆင်းနေတဲ့ လက္ခဏာတွေကို တွေ့နေရတယ်။ တိုင်းရင်းသားတွေနဲ့ အများပြည်သူရဲ့အမြင်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထက် ပိုကျယ်ပြန့်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး (nation-building) အဖြစ် ရှုမြင်ထားကြပါတယ်။ ဒါ့အပြင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲအလွန် နိုင်ငံရေးရည်မှန်းချက်တွေ ကိုယ်စီရှိနေကြတဲ့ ခေါင်းဆောင်တွေက အရပ်ဘက်အစိုးရထဲမှာရော တပ်မတော်မှာပါ အသီးသီးရှိနေကြတာကြောင့် အဲဒါက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနေပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုတည်ဆောက်ရေး (nation- building) ကို ပြည်ထောင်စုအဆင့်သာမက ပြည်နယ်အဆင့်မှာပါ မြော်မြင်ချက် ရှိသင့်ပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေအကြား ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုက ပြည်နယ်မြော်မြင်ချက် ရှိရေးဖြစ်ပါတယ်။ ပြည်နယ်တခုအတွင်းမှာ မတူူညီတဲ့လူမျိုးနွယ်စုတွေ အတူစုပေါင်းနေထိုင်ကြတဲ့အခါ မိမိလူမျိုးတခုတည်းအတွက်ရှေးရှုတာထက် ပြည်နယ်သားတွေအားလုံးအတွက် မိမိတို့ပြည်နယ်မြော်မြင်ချက်ကို ချမှတ် အခြေခံကြသင့်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ကချင်လူမျိုးအတွက်ဆိုတာထက် ကချင်ပြည်နယ်သားတွေအားလုံးအတွက် ပြည်နယ်မြော်မြင်ချက်ကို အခြေခံသင့်ပါတယ်။ အလားတူပဲ ရှမ်း၊ ဝ၊ တအာန်း(ပလောင်)၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာ နေထိုင်နေကြပြီး လူမျိုးစုကြားပဋိပက္ခတွေလည်းရှိတဲ့ ရှမ်းပြည်နယ်က ခေါင်းဆောင်တွေအနေနဲ့ ပြည်နယ်သားအားလုံးအတွက် ရှမ်းပြည်နယ်မြော်မြင်ချက်ကို အခြေခံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ဆွေးနွေးသင့်ပါတယ်။ တချိန်တည်းမှာ ကယား၊ ကရင်၊ ချင်း၊ မွန် နဲ့ ရခိုင် ပြည်နယ်တွေကလည်း ပြည်နယ်မြော်မြင်ချက်တွေချမှတ်သင့်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြားမှာရော၊ အစိုးရနဲ့ပါ တရားဝင်ဆွေးနွေးမှုတွေ ရပ်ဆိုင်းနေတဲ့ လက်ရှိအခြေအနေအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၈ နှစ်မကုန်ခင် တကြိမ်ကျင်းပရေး၊ ၂၀၂၀ခုနှစ်မတိုင်ခင် သုံးကြိမ်ကျင်းပရေး၊ ပြည်ထောင်စုသဘောတူစာချုပ် အတည်ပြုနိုင်ရေး ဆိုတာတွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲလှပါတယ်။ ၂၀၁၈နှစ်မကုန် ၂၁ပင်လုံညီလာခံ တကြိမ်ကျင်းပရေးဆိုတာဟာ မဖြစ်နိုင်တော့ပါဘူး။ ၂၀၁၉ခုနှစ်မှာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့၊ NCAထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ အဆင်မပြေရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖြစ်လည်းပဲ ဘာကိုဆွေးနွေးမှာလဲဆိုတာ အကြပ်ရိုက်စရာပါ။ စိန်ခေါ်မှုတွေ ပိုရှုပ်ထွေးလာနိုင်ပါတယ်။

တောင်ပိုင်းက အဖွဲ့တွေအတွက်လည်း ခက်ခဲမယ့်အနေအထားရှိပါတယ်။ အခု KNUက PPSTကိုယ်စားလှယ်အဖြစ် KNUဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနေရာမှာ အတွင်းရေးမှူး ပဒိုစောတာဒိုမူးကို အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒီ့အတွက် နောက်ပိုင်းမှာ KNUက ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးတွေမှာ ပြန်ပါဝင်လာတဲ့အခါ၊ PPSTကို KNUအတွင်းရေးမှူးက ဦးဆောင်လာတဲ့အခါ အစိုးရဘက်က ဘက်မညီဘူးလို့ ယူဆပြီး ပါဝင်မှုကိုလျှော့ချနိုင်တဲ့ အလားအလာလည်းရှိပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးလုပ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ မတက်ရောက်ဘဲ ဦးကျော်တင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်းတို့ကိုသာ တက်စေမယ့် ဆက်ဆံရေးပြဿနာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အပေါ် တောင်ပိုင်းက NCAလက်မှတ်ထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။

အခုမြောက်ပိုင်းကမဟာမိတ်သုံးဖွဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်လာပြီး နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုး ရေးကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတစ်စုံလုံး တန့်နေတာကို ယာယီဖြေရှင်းတဲ့သဘော ပိုဆောင်နေပါတယ်။ ဒီအရွေ့ရဲ့သဘောသဘာဝက containment သဘောရောက်နေတာကို ISP Peace Deskက လေ့လာတွေ့ရှိရပါတယ်။ မြောက်ပိုင်းသုံးဖွဲ့နဲ့ နှစ်ဖက်အပစ်ရပ်စာချုပ်က ဘယ်လောက် ကျယ်ပြန့်ခြုံငုံပြည့်စုံတဲ့စာချုပ် ဖြစ်မလဲဆိုတာကလည်း အရေးကြီးပါတယ်။

နောက်ဆုတ် အနုတ်လက္ခဏာပြနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်စုံလုံးကို ပြန်လည်ထိန်းညှိပြီး NCAလမ်းကြောင်းနဲ့ပဲရှေ့ဆက်ဦးမယ်ဆိုရင် အစိုးရ+တပ်မတော်အနေနဲ့ MNDAA၊ AA၊ TNLA သုံးဖွဲ့နဲ့အတူ FPNCCကိုပါ NCAလမ်းကြောင်းပေါ် ဘယ်လိုတင်နိုင်မလဲ၊ တောင်ပိုင်းကအဖွဲ့တွေထဲမှာ NCAမထိုးသေးဘဲ ကျန်နေတဲ့ KNPPအဖွဲ့ကိုရော ဘယ်လိုညှိနှိုင်းခေါ်နိုင်မလဲ ဆိုတာ မေးခွန်းထုတ်စရာကောင်းပါတယ်။ ဒီနေရာမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပထဝီဝင်နိုင်ငံရေးဟာ အရေးပါနေပါတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ အချင်းချင်းကြားမှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်။

၂၀၁၄ခုနှစ်နဲ့ ၂၀၁၅ခုနှစ်ကြားမှာ NCAစာချုပ်နဲ့ပတ်သတ်လို့ လပေါင်းအတော်ကြာ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ဖူးပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုပေါင်း ရာနဲ့ချီ ပြုလုပ်ကျော်လွှားခဲ့ဖူးတာ တွေ့ရှိရပါတယ်။ လက်ရှိအခြေအနေမှာလည်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် ဘက်အားလုံးက ခေါင်းဆောင်အသီးသီးရဲ့ ဆွေးနွေးမှုကိုယ်ရည်ကိုယ်သွေးနဲ့ အလေ့အထအရ ၁၀+၁၀ အစည်းအဝေးလို အစည်းအဝေးမျိုးနဲ့ အလုပ်ဖြစ်နိုင်တဲ့အလားအလာ နည်းပါးလှပါတယ်။ လက်ရှိခေါင်းဆောင်အသီးသီးဟာ နားထောင်တဲ့၊ ညှိနှိုင်းဖြေရှင်းတဲ့၊ မျက်နှာချင်းဆိုင် အပြန်အလှန်ကြေလည်မှုရတဲ့အထိ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးတတ်တဲ့ ပင်ကိုစရိုက်တွေ မရှိကြဘဲ မိမိအထိုင်ကိုသာ မိန့်ခွန်းပြောတဲ့အလေ့ ရှိသူတွေ ဖြစ်နေတာကို ပြီးခဲ့တဲ့တွေ့ဆုံပွဲတွေရဲ့ အတွေ့အကြုံကနေ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် တရားဝင်(formal)အစည်းအဝေးတွေ အလုပ်မဖြစ်နိုင်သေးတာကြောင့် အလွတ်သဘော(informal)အစည်းအဝေးတွေ အကြိမ်များများပြုလုပ်ပြီး နိုင်ငံရေးဘုံသဘောတူညီချက်တွေ ရတဲ့အထိ ထိန်းညှိရှေ့ဆက်ကြဖို့ လိုအပ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

The post မြောက်ပိုင်း သုံးဖွဲ့ကြေညာချက်က ငြိမ်းချမ်းရေးကို နာလန်ထစေနိုင်မလား appeared first on ISP Myanmar Peace Desk.

နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း
မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှာ အခက်အခဲ အကျပ်အတည်းများဖြင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည်။ ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန် အသစ် ဖန်တီးလိုက်သော လမ်းစတခု အဖြစ် ခေါင်းဆောင်များ၏ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်သည်။

မူလက ပုပ္ပါးတွင် ပြုလုပ်မည်ဟု သတင်းကြီးနေရာမှ ယခု နေပြည်တော်၌ပင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ နေပြည်တော် ထိပ်သီး ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။ ဆွေးနွေးပွဲကို ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲဟုပင် ခေါ်ဆိုသည်။

ဤဆောင်းပါးတွင် ယခု ထိပ်သီးဆွေးနွေး၌ မည်သည့် ရလဒ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု စောကြော ကြည့်ပါမည်။ ပါဝင် ဆွေးနွေးကြမည့် ခေါင်းဆောင်များအကြား မျော်မှန်းချက် အမြင်ကွာခြားချက်များကို လက်တွေ့ကျကျ မညှိနှိုင်းနိုင်ပါက ယခု ဆွေးနွေးပွဲသည် သင်္ကေတ သဘော ပိုဆောင်နိုင်မည်ဖြစ်ပြီး အခြေခံကျသည့် ရလဒ်များ ထွက်ပေါ်လာ ဖွယ်မရှိလှပေ။ ဖြစ်တောင့်ဖြစ်ခဲ ထိပ်သီး ဆွေးနွေးပွဲတွင် တင်းမာမှုများကို ရှောင်ရှားပြီး ပြေပြစ်သော ဆက်ဆံရေးကို တည်ဆောက် နိုင်မည်ဆိုပါက နောက်နောင် အလျဉ်းသင့်ပါက ဤကဲ့သို့သော ထိပ်သီးဆွေးနွေးပွဲများကို ထပ်မံပြုလုပ်၍ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ကြမည်စသော ပူးတွဲ ကြေညာချက်မျိုးတော့ ထွက်လာနိုင်လောက်ပါသည်။

အပေါ်ယံအားဖြင့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ဆို့နေစေသောအကြောင်းမှာ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် အချက် နှစ်ချက်ပေါ် သဘောတူညီမှု မရှိ၍ဟု ယူဆကြသော်လည်း အနှစ်သာရ အားဖြင့်မူ တဖက်နှင့်တဖက် မြော်မြင်ချက် ကွာဟမှုပေါ် အရင်းခံသည့် ပြဿနာဖြစ်သည်ဟု ဆိုရပါမည်။

ISP Peace Desk ၏ လေ့လာတွေ့ရှိချက်အရ ယခု ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစိုးရနှင့် တပ်မတော်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အဖြစ် မှတ်ယူလာခြင်းမှာ ပို၍ သိသာလာခဲ့သည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှ တဆင့် ပြည်ထောင်စု တည်ဆောက်ရေး (nation-building) မြော်မြင်ချက် အမြင် maximalist approach မှသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရသလောက် ပြင်ဆင်နိုင်ရေး minimalist approach အထိုင်ပေါ် ပြန်ဆင်းနေသည့် လက္ခဏာများကို တွေ့နေရသည်။ တိုင်းရင်းသားနှင့် အများပြည်သူ၏ အမြင်၌မူ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ထက်ပို ကျယ်ပြန့်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး (nation-building) အဖြစ် ရှုမြင်ထားကြသည်။ အစိုးရနှင့် တပ်မတော်၏ အမြင်၊ တိုင်းရင်းသားများ၏ အမြင်၊ အမြင်နှစ်ခုမှာ ကွဲလွဲချက်များ ရှိလာသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပြည်ထောင်စုမျှော်မှန်းချက် အမြင်(Vision) နှစ်ခုကို ယခုပြုလုပ်မည့် နေပြည်တော် ထိပ်သီး အစည်းအဝေး၌ သဲသဲကွဲကွဲ မြင်လာရဖွယ် ရှိသည်။ သို့သော် ထိပ်သီး အစည်းအဝေးတွင် တဖက်နှင့်တဖက် အမြင်မရှင်းလျှင်၊ အပေးအယူ မလုပ်နိုင်လျှင် အဖြေထွက်မည် မဟုတ်သလို ၊ မဆုတ်သာ မတိုးသာ တစ်ဆို့နေသည့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကိုလည်း ကျော်လွှားနိုင်မည် မဟုတ်ကြောင်း ယခု ဆောင်းပါးတွင် သုံးသပ် ဖော်ပြမည် ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဘက်အသီးသီး၏ မတူညီသော မြော်မြင်ချက်ကို ဦးစွာ တင်ပြပြီး ဖြစ်ပေါ်နေသော မြော်မြင်ချက်အဟနှင့် အလုပ်ဖြစ်နိုင်ခြေ တချို့ကို ဆောင်းပါး အဆုံးသတ်၌ ဖော်ပြပါမည်။း

မတူညီသော မြော်မြင်ချက်များ

● အစိုးရ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြွေးကြော်သံဖြင့် တက်လာခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကတိကဝတ် တည်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှ တဆင့် လုပ်ဆောင်နိုင်မည်ဟူသော မြော်မြင်ချက် ထားရှိခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံဖြင့် လွတ်လပ်ရေးကို ယူခဲ့သလို ၂၁ရာစု ပင်လုံဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်မည်ဟုလည်း ကြွေးကြော်ခဲ့သည်။ ထို့ကြောင့်ပင် အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည့် ရည်ရွယ်ချက်က အဓိကလား၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖြစ်နိုင်သလောက် ပြင်ဆင်ရေးက အဓိကလားဟု ဝိဝါဒကွဲစရာ ဖြစ်ခဲ့သည်။ အချိန်နဲ့အမျှ ထင်ရှားလာသည်မှာ ၂၁ ရာစုပင်လုံ ညီလာခံများမှ ရရှိလာသည့် သဘောတူညီချက်များကို စုစည်း၍ ပြည်ထောင်စု သဘောတူ စာချုပ်အဖြစ် လွှတ်တော်တွင် အတည်ပြု၊ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမည်ဆိုသော အချက်ဖြစ်သည်။

ဥပမာအနေဖြင့် အစိုးရသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ် ပြုလုပ်ပြီး အဆိုပါ ညီလာခံများမှတဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရန် မျှော်မှန်းထားကြောင်း နောက်ဆုံး ပြုလုပ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် အစိုးရက ပြောဆိုခဲ့သည်။ စက်တင်ဘာ ၁၉ရက်က နိုင်ငံတော် အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းပြီး အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၏ ရှင်းလင်း တင်ပြချက်တွင် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး” ဆိုသည့် အချက်လည်း ပါဝင်ခဲ့သည်။

သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ တဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန်မှာ မျှော်လင့်ထားသည်ထက် ပို၍ ခက်ခဲနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်ဆင်မီ ပြည်ထောင်စု စာချုပ်အတွက် ပြည့်စုံသော အချက်အလက်များ သဘော တူညီထားမှသာ ဖြစ်နိုင်ခြေရှိသည်။ ပြည်ထောင်စု သဘောတူစာချုပ် ရရှိရန်မှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ဆိုသည့် ခေါင်းစဉ်ငါးခုစလုံး၌ သဘောတူညီချက်များ ရထားရမည်ဖြစ်သည်။ ထိုကဏ္ဍ ငါးခုစလုံး သဘောတူညီချက် မရလျှင် ပြည်ထောင်စု သဘောတူညီချက် စာချုပ် လုပ်၍ရမည် မဟုတ်ပေ။ ယခုအချိန်ထိ လုံခြုံရေးကဏ္ဍတွင် သဘောတူညီချက် တစ်ချက်မှ မရသေးပေ။ ထိုအချိန်မှာပင် ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်၊ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲခွင့်ရရေး အလဲအထပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခရီးဆက်ရာ၌ မပြေလည်သော အကျပ်အတည်း ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော အစိုးရနှင့် တပ်မတော်အကြား ဆွေးနွေးမှုများ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရဘက် (တနည်းအားဖြင့် NLD ပါတီဘက်မှ) ပြင်ဆင်လို့သည့် အချက်များအပေါ် တပ်မတော်ဘက်က သဘောထား တောင်းယူခြင်းများ ရှိခဲ့သည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် နီးစပ်မှုရှိသော သတင်းရင်းမြစ်အချို့က ပြောကြသည်။ တပ်မတော်အနေဖြင့် အစိုးရ ပြင်ဆင်လိုသော အချက်များကို လိုက်လျောနိုင်ပါ လိုက်လျောမည် ဖြစ်ပြီး၊ မလိုက်နိုင်သည့် အချက်များကို တင်းခံထားမည့် သဘောရှိသည်။ သို့ဆိုပါလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ငြိမ်းချမ်းရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်နိုင်သည့် အတိုင်းအတာအလျောက် ပြင်ဆင်ရေးကသာ အခရာကျနေသည်ကို တွေ့နိုင်ပါသည်။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် NLD အစိုးရသည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်မှတဆင့် ၎င်းတို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သော ပြည်ထောင်စု တည်ဆောက်ရေး maximalist approach အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး minimalist approach အထိုင်ပေါ် ရောက်နေကြောင်း မြင်သာ ပါသည်။ သေချာသည်မှာ အစိုးရနှင့် တပ်မတော်သည် တိုင်းရင်းသားများ လိုလားနေသည့် ပြည်ထောင်စု တည်ဆောက်ရေးထက် ရနိုင်သလောက်ကိုသာ ဖြစ်အောင်လုပ်မည့် အနိမ့်ဆုံး ရည်မှန်းချက် အထိုင်ကို ပြန်ဆင်းနေသည်ဟု ဆိုရပါမည်။

● တပ်မတော်

တပ်မတော်က ပြည်ထောင်စု ဆိုသည်မှာ ရှိပြီးသားဖြစ်၍ အသစ် တည်ဆောက်စရာမလို ဟူသော အထိုင်မှာ နေနေသူဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေးလုပ်၊ နောက်ဆုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်နက်ဖြုတ်သိမ်း၍ နိုင်ငံရေးပါတီအသွင်ပြောင်းကာ လွှတ်တော် နိုင်ငံရေးထဲ ဝင်စေလိုသည့် မြော်မြင်ချက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အစည်းဝေး တချိန်လုံးတွင် တက်ရောက်ဆွေးနွေး ညှိနှိုင်းမည်လော၊ အဖွင့်မိန့်ခွန်းပြော၍ ပြန်မည်လော၊ သို့မဟုတ် နေ့တဝက်ခန့်တက်၍ ပါဝင် ဆွေးနွေးမည်လော ဆိုသည်မှာ ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ် မဖြစ်ကို တိုင်းတာနိုင်မည့် အချက်တရပ် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အနေဖြင့် လုံခြုံရေးနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဦးစားပေး မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရပေသည်။ ဤသို့ဆိုရင် တခုတည်းသော တပ်မတော် အကြောင်းကို အသားပေးပြောကြားနိုင်ခြေ ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လိုလားသော လုံခြံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး(SSR)အရ ပြန်လည် ပေါင်းစည်းရေး အစား တပ်မတော်က လိုလားသော လက်နက်စွန့်ရေး (DDR)ကို နိုင်ငံရေး ဖြည့်ဆည်းမှုများနှင့် အလဲအထပ်အဖြစ် တောင်းဆိုနိုင်ပေသည်။

တပ်မတော်အနေဖြင့် ယခုအချိန်တွင် အခြေခံ ဥပဒေပါ အချက်အချို့ပြင်ဆင်ရန် လိုက်လျောပြီး ယင်းအစား ပြည်ထောင်စု သဘောတူညီချက် စာချုပ်ပါ လုံခြုံရေးကဏ္ဍ၌ တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေး ဆိုသည့် တပ်မတော်မူကို ချုပ်ကိုင်မည့် အပေးအယူမျိုး လုပ်ဆောင်နိုင်ခြေရှိသည်။ အခြားတဖက်တွင်လည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှ တဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စ၌ ၎င်းတို့ မပြင်လိုသည့် အချက်များ ရှိပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံတွင် တင်းခံထားမည့် သဘောရှိသည်။ ဥပမာအနေဖြင့် ယခု အကျပ်အတည်းဖြစ်နေသော လုံခြုံရေး ကဏ္ဍကဲ့သို့ ကိစ္စရပ်တွင် သဘောတူညီချက် တစုံတရာ မပေးဘဲ ပြည်ထောင်စုစာချုပ် ချုပ်ဆိုခြင်း အထမြောက်ခြင်းမရှိရန် ကျားကန်ထားမည့် လုပ်ဆောင်မှုမျိုး ဖြစ်သည်။

● တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ကတိကဝတ်ကို ပြန်လည်အသက်သွင်း၍ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ရန်၊ အာဏာနှင့် အရင်းအမြစ် ခွဲဝေရန်၊ လုံခြုံရေး ကဏ္ဍပြုပြင်ပြောင်းလဲရန် ဆိုသည့် မြော်မြင်ချက်များဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။

လက်တွေ့အားဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အကျပ်အတည်းတွေ့နေသည့်တိုင် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲအတွက် အဆင်သင့် မဖြစ်ခြင်းများ ရှိနေသည်။ သို့သော် အစိုးရက ချိန်းဆိုသည့် နေ့ရက်တွင် ဆွေးနွေးပွဲ မတက်ဖြစ်ပါက တွေ့ဆုံဆွေးနွေးရေးပင် ပျက်ပြားသွားနိုင်သည့် သဘော ရှိခြင်းကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဆိုသော ပြောဆိုချက်များ ရှိနေသည်။ ထို့ကြောင့် ထိပ်သီး ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ် ရှေ့ဆက်နိုင်မည့် အချက်များကို ဆွေးနွေးမည် ဖြစ်သည်။ သို့သော် တခုတည်းသော တပ်မတော်နှင့် ခွဲမထွက်ရေး ဆိုသည့် ကိစ္စရပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က အဆင်သင့်မဖြစ်သေးသည့် အနေအထားရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြားမှာပင် ယင်းအပေါ် အမြင် မတူညီကြသေးပေ။ ထို့ကြောင့် လာမည့် ထိပ်သီးအစည်းအဝေးတွင် ယင်းနှစ်ခုကို တပ်မတော်က တင်ပြလာပါက နားထောင်မည်ဖြစ်သော်လည်း ဆွေးနွေးမှု မလုပ်သေးဟူသော သဘောထားမျိုး ရှိနေကြသည်။

အစီအစဉ်

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဖိတ်စာတွင် ဖော်ပြထားသော ထိပ်သီ းအစည်းအဝေ အစီအစဉ်အရ တခုတည်းသော တပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တစ်ဆိုနေသည့် ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ခွဲမထွက်ရ package အား ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများ တို့ကို ဆွေးနွေးမည်ဖြစ်သည်။

ထို့အတူ နိုင်ငံရေး ဆွေးနွေးပွဲများတွင်များတွင် ခေါင်းဆောင်များ အကြား သဘောတူညီချက်ရရှိပြီးမှ ချပေးသည့်ပုံစံ ကျင့်သုံးမည့် ကိစ္စအား ဆွေးနွေးခြင်း၊ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှု ပုံစံကို ပိုမို ရှင်းလင်း လွယ်ကူစေရန် ဆောင်ရွက်မည့် ကိစ္စဆွေးနွေးခြင်း၊ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ သုံးကြိမ်အတွင်း အခြေခံမူမျာ းရရှိအောင် ဆောင်ရွက်မည့် ကိစ္စဆွေးနွေးခြင်း၊ NCA မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါအဝင် အားလုံးပါဝင်ရေး ကိစ္စအား ဆွေးနွေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

မြော်မြင်ချက်များ အဟ

အစိုးရက ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း အခြေခံ ဥပဒေပြင်ဆင်လိုနေသည်။ တပ်မတော်က လုံခြုံရေး ကဏ္ဍတွင် ၎င်းတို့၏ မူအတိုင်း ချုပ်ကိုင်နိုင်မည် ဆိုလျှင် အခြေခံ ဥပဒေပါအချက်အချို့ ပြင်ရန် လိုက်လျောပေးမည်ဆိုသော အပေးအယူကို ကိုင်ထားသည်။ ဤနေရာတွင် တပ်မတော်မူ ဖြစ်သည့် တခုတည်းသော တပ်မတော်နှင့် ခွဲထွက်ရေး ဆိုသည့် နှစ်ချက်ကို တိုင်းရင်းသားများဘက်က ဆွေးနွေးရန် အဆင်သင့် မဖြစ်သေးပေ။

ယင်းနှစ်ခု အဆင်သင့် မဖြစ်သေးလျှင် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ရန်အတွက် လုံလောက်သော အချက်အလက် ပြည့်စုံမည် ဟုတ်ပေ။ ထိုသို့မပြည့်စုံလျှင် ပြည်ထောင်စုသဘောတူညီစာချုပ်ဖြင့် အစိုးရ၏ ရည်မှန်းချက်ဖြစ်သော အခြေခံ ဥပဒေပြင်ဆင်ရေးမှာ ဝေးနေဦးမည်ဖြစ်သည်။

ဤအခြေအနေတွင် တပ်မတော်သည် နိုင်ငံရေးအရ သော့ချက် ကိုင်ထားသူ၊ အသာစီးရသူဖြစ်နေသည်။ အရပ်သား အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ် ဖြည့်ဆည်းလိုဇောနှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဖိအားကို တုန့်ပြန်လိုဇောတို့ဖြင့် တိုင်းရင်းသားများအပေါ်တွင် ဖိအားပေးသကဲ့သို့ မဖြစ်စေရန်လည်း သတိထားရမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ်ဖို့

ယခု ထိပ်သီးအစည်းအဝေးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးတွဲပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်၍ အပြုသဘောဆောင်သည်ဟု ဆိုနိုင်မည်။ ရှေ့တိုးမရ တစ်ဆို့သော နိုင်ငံရေးအကျပ်အတည်းအတွက် အလားအလာကောင်းဟု ဆိုနိုင်ပါသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်တ ခုလုံး၏ အရေးအကြီးဆုံး အစည်းအဝေးဖြစ်သည့် JICM အမြင့်ဆုံး အစည်းအဝေးများမှာပင် ယခုလို သုံးပွင့်ဆိုင် တွေ့ဆုံဖူးခြင်း မရှိသေးပေ။ USDP အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာမှစ၍ NLD အစိုးရလက်ထက် ၂၀၁၈ ဖေဖော်ဝါရီအထိ JICM အစည်းအဝေး (၇)ကြိမ် ပြုလုပ်ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်နဖြင့် တကြိမ်မျှ တက်ရောက်ခဲ့ခြင် းမရှိပေ။ ယင်းရှုထောင့်မှ ကြည့်လျှင် ယခု ထိပ်သီးအစည်းအဝေးသည် JICM မှာပင် မရသော တည့်ဆွေး နွေးနိုင်မည့် အခွင့်အရေးကို ရခြင်းဖြစ်၍ အလားအလာကောင်းဟု ဆိုနိုင်သည်။

ထိပ်သီးဆွေးနွေးပွဲအပြင် သီးသန့် အစည်းအဝေးများလည်း ရှိမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ သီးသန့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အကြား သီးသန့် တွေ့ဆုံဆွေးနွေးမှုတို့လည်း ဖြစ်နိုင်ခြေရှိသည်။

တချိန်တည်းမှာပင် ထိပ်သီးများ တွေ့ဆုံတိုင်း ပြေလည်သလား ဆိုသည့် စဉ်းစားချက်လည်း ရှိသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ခြောက်ပွင့်ဆိုင်၊ ဆယ်သုံးပွင့်ဆိုင် စသဖြင့် ထိပ်သီးတွေ့ဆုံပွဲများ ရှိခဲ့ဖူးသော်လည်း အလုပ်မဖြစ်ခဲ့၊ အဖြေမထွက်ခဲ့ပေ။

ထိပ်သီးဆွေးနွေးပွဲ အလုပ်ဖြစ်ရန်မှာ ပြည်ထောင်စု တည်ဆောက်ရေး အပေါ် တဖက်နှင့်တဖက် အမြင်ရှင်းရန် လိုအပ်နေသည်။ မိမိအ ထိုင်မှာပင် ဆုပ်ကိုင်နေ၍ အမြင် မရှင်းကြလျှင် ဘာမျှအလုပ်ဖြစ်မည် မဟုတ်ပေ။ လက်ရှိ အထိုင်အရ အရပ်သားအစိုးရနှင့် တပ်မတော်က အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် minimalist approach အထိုင်ပေါ်ရောက်နေပြီး တိုင်းရင်းသားများက ပြည်ထောင်စု တည်ဆောက်ရေး maximalist approach အထိုင်ပေါ်မှာရှိသည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးထားသော ဆယ်ဖွဲ့တည်းနှင့်သာ မဟုတ်ဘဲ အဓိက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း အစိုးရနှင့် တပ်မတော်တို့က သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ လုပ်သင့်သလို အားလုံးပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်စဉ် ဖြစ်အောင် လုပ်ဆောင်ရပါဦးမည်။ ယခု ထိပ်သီးအစည်းအဝေးတကြိမ်တည်းနဲ့အများကြီး အပြီးသတ် မျှော်လင့်ချက်မျိုး မထားဘဲ၊ နိုင်ငံရေး သဘောတူညီချက်များရသည်အထိ အကြိမ်ကြိမ်ထပ်မံ၍ အပေးအယူများဖြင့် ဟန်ချက် ထိန်းညှိသွားကြ သင့်လှပါသည်။

(ငြိမ်းငြိမ်းပြည့်သည် ISP Myanmar ၏ Communications Program မှ Program Manager ဖြစ်ပြီး ISP Peace Desk ၏ ပိုင်းခြားစိတ်ဖြာ သုံးသပ်ခြင်းကဏ္ဍ အယ်ဒီတာတဦးလည်း ဖြစ်သည်)

The post နေပြည်တော် ထိပ်သီးဆွေးနွေးပွဲမှ မည်သည့် ရလဒ်မျိုး မျှော်လင့်နိုင်မည်နည်း appeared first on ISP Myanmar Peace Desk.