Opinion Archives - ISP Myanmar Peace Desk

ငြိမ်းချမ်းရေးတည်ဆောက်ထိန်းသိမ်းမှုနှင့် အတွေးစများ
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတာ လူတိုင်း လိုလားတောင့်တနေတဲ့ အရာတခုဖြစ်ကြောင်း စာဖတ်သူအားလုံး ယေဘုယျသဘောတူကြမှာပါ။ ဒါပေမယ့် “ငြိမ်းချမ်းရေးဆိုတာ ဘာလဲ”ဆိုတဲ့အပေါ် အမြင်တွေကွဲပြားခြားနားမှု အတော်လေး ရှိနေကြတာဟာလည်း အမှန်တရားပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပဲလားဆိုတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေများစွာ ရှိခဲ့တာတောင်မှ ဒီနေ့ကမ္ဘာမှာ လူသားအားလုံးရဲ့ လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးဟာ အားစိုက်ဖို့ လိုအပ်နေဆဲပါပဲ။ Institute of Economics and Peace (IEP)ရဲ့ သုတေသနအရ ၂၀၁၆ မှာ ကမ္ဘာ့ပဋိပက္ခများရဲ့ ကုန်ကျစရိတ်ဟာ လူတယောက်အတွက် တရက်ကို စတာလင်ပေါင် လေးပေါင်ကျော် ဆုံးရှုံးမှုနဲ့ ညီမျှတယ်လို့ တွေ့ရပါတယ်။

မနှစ်က နိုင်ငံတကာအဖွဲ့တခုနဲ့ ပေါင်းလုပ်ဖြစ်တဲ့ သုတေသနအတွက် ရွာတရွာမှာ အစုဖွဲ့လိုက် ဆွေးနွေးတာလေး လုပ်ဖြစ်ပါတယ်။ အဲ့သည်မှာ အန်တီကြီးတစ်ယောက်က ငယ်ငယ်က အကြောင်းတွေ ပြောရင်း ချွေးစေးတွေ ပြန်လာလို့ ခဏနားရပါတယ်။ ပြီးတော့မှ သူငယ်ငယ်က သူ့ဦးလေးကို သူ့အနောက်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတာမို့ စိတ်ဒဏ်ရာရှိတာ သိရတယ်။

နှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေ၊ ပြဿနာတွေနဲ့ အသားကျခဲ့တဲ့ နိုင်ငံတွေဟာ ပဋိပက္ခသံသရာမှာ လည်နေတတ်ပါတယ်။ ၂၀၁၈ က အနောက် အာဖရိကနိုင်ငံတွေကို အခြေပြုပြီးလုပ်ခဲ့တဲ့ သုတေသနတခုက နိုင်ငံတော်ရဲ့ အာဏာပိုင်အစုဖွဲ့တွေဟာ အာဏာကို မမျှမတ သုံးစွဲပြီး ရပိုင်ခွင့်တွေကို ချိုးဖောက်တယ်ဆိုတဲ့ ခံစားချက်၊ ဒါမှမဟုတ် အမြင်တွေရှိခြင်းဟာ လူငယ်တွေ အစွန်းရောက်အဖွဲ့တွေထဲကို ဝင်ရောက်စေဖို့ စဉ်းစားမှုရဲ့ ပထမနေရာမှာ ရှိတယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုဆိုတာ သမမျှတမှုများကို ဖျက်ဆီးခြင်းလို့ ယျေဘုယျ ဆိုလိုပါတယ်။ အကြမ်းဖက်မှုဟာ ဘက်စုံလှိုက်စားသွားတတ်တဲ့ သဘောလည်းရှိပါတယ်။ နမူနာပြောရရင် အကြမ်းဖက်မှုများဟာ လူတွေ ဒဏ်ရာရ၊ သေကျေ အနာတရ ဖြစ်ရုံတင်မကဘဲ ကူးစက်ရောဂါတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေအထိ ဖြစ်စေပြီး ဒီကနေ ကျန်းမာရေးစနစ်ရဲ့ မျှခြေကို တိုက်ရိုက်ထိခိုက်စေတတ်ပါတယ်။ တခြားစီးပွားရေးနဲ့ လူမှုရေးမျှခြေများကိုလည်း ထိခိုက်စေပါတယ်။

အကြမ်းဖက်မှုများဟာ ပဋိပက္ခများကြောင့် ဖြစ်ရပေမယ့် ပဋိပက္ခဖြစ်တိုင်း အကြမ်းဖက်မှုတွေ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးဆိုင်ရာ ပဋိပက္ခများဟာ ရှောင်လွှဲမရတဲ့ သဘာဝဖြစ်ကြောင်း ငြိမ်းချမ်းရေးတည်ဆောက်သူများက မကြာခဏပြောတတ်ပါတယ်။ အကြမ်းဖက်လာတယ်၊ အကြမ်းဖက်ပြီးဖြေရှင်းလာတယ်ဆိုရင်တော့ ဒါဟာမျှခြေကို ပျက်စီးစေတာမို့ မငြိမ်းချမ်းမှုတွေ ဖြစ်လာပါတော့တယ်။

မငြိမ်းချမ်းမှုတွေကို လေ့လာပြီး အဖြေရှာတဲ့အခါ အကြမ်းဖက်မှုတွေအကြောင်းကို ပိုမိုနားလည်ဖို့လိုအပ်ပါတယ်။ အကြမ်းဖက်မှုဆိုတာမှာ လူကို ဖြစ်စေ၊ ပိုင်ဆိုင်မှုတခုကို ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စနစ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ သိမ်ငယ်မှု၊ ပျက်စီးမှု ဖြစ်စေဖို့ ရည်ရွယ်လို့ ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။ သဘောမတူမှုတွေကနေ အကြမ်းဖက်မှုတွေ ပေါ်ပေါက်တတ်ပါတယ်။ ရံဖန်ရံခါမှာတော့ ဘာဖြစ်လို့ မငြိမ်းချမ်းဖြစ်နေရသလဲ၊ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အခြေခံအကြောင်းတရားများကိုတောင်မှ အချင်းချင်းသဘောတူညီမှု မရကြတာမျိုး ဖြစ်တတ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခများကို ဘာသာရပ်တခုအနေနဲ့ လေ့လာဖို့ ဖြစ်လာစေခဲ့တဲ့ ပဓာနဦးဆောင်သူတဦးဖြစ်တဲ့ Prof. Johan Galtung က အကြမ်းဖက်မှုများကို လေ့လာတဲ့အခါ သုံးမျိုးခွဲခြမ်းစိတ်ဖြာပြီး နားလည်နိုင်တယ်လို့ ဆိုပါတယ်။

ပထမဆုံးအမျိုးအစားဖြစ်တဲ့ တိုက်ရိုက်အကြမ်းဖက်မှုဟာ သိသာပြီး လူတွေအနေနဲ့ မြင်လွယ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လက်နက်နဲ့ပဋိပက္ခ ဖြစ်လာခဲ့တာဖြစ်တဲ့အတွက် တိုက်ရိုက်ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်ခံရမှုတွေ အနည်းနဲ့အများ သက်ရောက်ခြင်း ခံခဲ့ရသူတွေ များလွန်းလှပါတယ်။ တိုက်ပွဲတွေကို တိုက်ရိုက်ခံစားရတဲ့သူတွေရှိသလို တိမ်းရှောင်ရခြင်းများကြောင့် ဖြစ်ပေါ်တဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်း များပြားပါတယ်။ ဒီထက် ပိုပြီးသေးငယ်တဲ့ပုံစံနဲ့ တိုက်ရိုက်အကြမ်းဖက်မှုများကိုတော့ ရန်ပွဲများ၊ အိမ်တွင်းအကြမ်းဖက်မှုများအနေနဲ့ တွေ့ရမှာပါ။

ဒုတိယတမျိုးဖြစ်တဲ့ ဖွဲ့စည်းလည်ပတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်ဆင်ရခက်ခဲပါတယ်။ ဥပဒေမှာ ပါဝင်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ကျားမနဲ့ ဂျန်ဒါဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ၊ အသားရောင် လူမျိုးစုများကို ခွဲခြားဆက်ဆံမှုတွေ၊ အသက်ရွယ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေဟာ လူ့အသိုင်း အဝိုင်းဖွဲ့စည်းလည်ပတ်မှုစနစ်ထိကို မြုပ်ဝင်နေတဲ့ ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြနိုင်ပါတယ်။ ဥပမာ တိုင်းရင်းသားဒေသများက ကျောင်းတွေမှာ ကလေးတွေဟာ သူတို့မပြောတဲ့ ဘာသာစကား အခြေပြုပြီး စာသင်ခံရလို့ နားမလည်ဘဲ စိတ်ညစ်ပြီး ကျောင်းထွက်သွားတာ တွေ့ရလေ့ရှိခြင်းမျိုးဟာ ဒီထဲမှာ ပါဝင်ပါတယ်။

တတိယပိုင်းအားဖြင့် ယဉ်ကျေးမှုထဲ နစ်ဝင်နေတဲ့ အကြမ်းဖက်မှုဟာ မြင်ရခက်ပြီး ပိုသိမ်မွေ့သလို၊ ရိုက်ခတ်မှုဒဏ်ကို ခံစားရသူတွေကိုယ်တိုင်ကတောင် သတိမပြုမိ ဖြစ်တတ်ပါတယ်။ ဘာသာစကားအရ အကြမ်းဖက်မှု (Violence) လို့ ဆိုသော်လည်း တကယ်သိသာခြင်းမျိုး မရှိလှဘဲ အပေါ်ပြောခဲ့တဲ့ အကြမ်းဖက်မှုနှစ်မျိုးကို ဘောင်ဝင်အောင် လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ပညာရေးနဲ့ လွတ်လပ်မှုအားနည်းတဲ့အခါ လူ့သဘာဝကြောင့်၊ ယဉ်ကျေးမှုအရ စသည်ဖြင့် လက်ညှိုးထိုးပြပြီး ယဉ်ကျေးမှုတွင်း အကြမ်းဖက်မှု ပြုလေ့ရှိတယ်လို့လည်း အချို့ပညာရှင်များက ဆိုကြပါတယ်။

Galtung ရဲ့ အယူအဆမှာတော့ ဖွဲ့စည်းလည်ပတ်ပုံနဲ့ ယဉ်ကျေးမှုအားဖြင့် မြုပ်နေတဲ့ အကြမ်းဖက်မှုများကနေ တိုက်ရိုက် ရုပ်ပိုင်းစိတ်ပိုင်းကို အကြမ်းဖက်မှုတွေ အဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီရှုထောင့်ကနေ ဘာလို့များငြိမ်းချမ်းရေးရဖို့ကြာနေသလဲဆိုတာမျိုး တွေးသင့်ပါတယ်။ ကျနော်တို့မှာ ရှိနေတဲ့ ချိုးဖောက်မှုတွေဟာ ဘယ်လို ဖွဲ့စည်းပုံတွေ၊ ယဉ်ကျေးမှုတွေမှာ မြုပ်နေတဲ့ မငြိမ်းချမ်းမှုလဲဆိုတာ အဖြေရှာရမှာပါ။

ငြိမ်းချမ်းတဲ့ လူ့အသိုင်းဝိုင်းကို တည်ဆောက်ရာမှာ တိုက်ရိုက်ထိခိုက်မှုတွေနောက်ကို ကျော်လွန်ပြီး ကြည့်ရမှာပါ။ တိုက်ရိုက်ထိခိုက်မှုတွေ ရပ်တန့်ရေးကို ကိုင်တွယ်တာဟာ လူတွေနဲ့ ပိုရင်းနှီးပါတယ်။ သူ့ကို Negative peace လို့ ပညာရပ်ပိုင်းက သုံးစွဲပါတယ်။ နောက်တခုအနေနဲ့ ဖွံ့ဖြိုးအောင်တည်ဆောက်ရတဲ့ ငြိမ်းချမ်းရေးကိုတော့ Positive peace လို့ပြောပါတယ်။ လွယ်အောင်ပြောရရင် တည်ဆောက်ခြင်းအားဖြင့် ဖန်တီးတဲ့ငြိမ်းချမ်းရေးနဲ့ ရပ်စဲတုန့်ဆိုင်းခြင်းအားဖြင့်ဖန်တီးရတဲ့ ငြိမ်းချမ်းရေးလို့လည်း ခွဲခြားသတ်မှတ်လို့ရပါတယ်။ နှစ်မျိုးလုံးကို လိုအပ်ပါတယ်။

တိုက်ရိုက်ထိခိုက်မှုတွေကို ရပ်တန့်ခြင်းအားဖြင့် ဖန်တီးယူတဲ့ ငြိမ်းချမ်းရေးအတွက် ဥပမာတွေကတော့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ကြိုးစားမှုတွေမှာ မြင်ရပါလိမ့်မယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လို ပုံစံမျိုးလို လူသားတွေအပေါ်မှာ တိုက်ရိုက်ဖြစ်ပေါ်နေတဲ့ ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်ခံရမှုတွေကို တားဆီးမှုဟာ ဒီသဘာဝမျိုးဖြစ်ပါတယ်။

တပြိုင်တည်းမှာ တည်ဆောက်ယူခြင်းအားဖြင့် ဖြစ်တည်လာမယ့် Positive peace ကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခများကို လေ့လာတဲ့ဘာသာရပ်မှာတော့ တိုက်ရိုက်ရုပ်ပိုင်းကိုထိခိုက်မှုတွေ ရပ်တန့်သွားရင်တောင်မှ ပဋိပက္ခပြန်ဖြစ်နိုင်ချေ ရှိနေတာမို့ Peacekeeping လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းကို တွဲဖက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ကမ္ဘာ့ဘဏ်နဲ့ IEP တို့က တိုင်းတာတဲ့ ထောက်တိုင် ၈ ခုကို အကျဉ်းသဘော ထည့်သွင်းဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်။

ပထမထောက်တိုင်ကတော့ ကောင်းမွန်စွာအသက်ဝင်နေတဲ့ အစိုးရ ဖြစ်ပါတယ်။ ဒီထောက်တိုင်မှာတော့ အစိုးရတရပ် ဘယ်လောက်အထိ ထိရောက်စွာ လည်ပတ်နိုင်တယ်ဆိုတာတွေ၊ ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လောက်အထိ ထိရောက်စွာ တုန့်ပြန်သလဲဆိုတာတွေ ပါဝင်ပါတယ်။ တရားဥပဒေစိုးမိုးမှုနဲ့ တာဝန်ခံမှုကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒုတိယထောက်တိုင်ကတော့ အရင်းမြစ်များကို မျှတမှုရှိစွာနဲ့ လိုအပ်မှုအခြေပြုပြီး ရရှိယူငင်နိုင်မှုပဲ ဖြစ်ပါတယ်။ ဒေသအလိုက်၊ လူမျိုးအလိုက်၊ အစုဖွဲ့အလိုက်မှာ မရတဲ့နေရာမရဖြစ်နေတဲ့ ရင်းမြစ်ခွဲဝေမှုများဟာ ပဋိပက္ခဖြစ်စေပါတယ်။ ရင်းမြစ်လို့ဆိုတဲ့အခါ မြေယာ၊ သယံဇာတကနေ ကျန်းမာရေးဆိုင်ရာရင်းမြစ်များနဲ့ တရားရေးဆိုင်ရာမျှတခြင်းများလည်း ပါဝင်ပါတယ်။ ရင်းမြစ်ခွဲဝေမျှတမှုအားနည်းခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးနောက်ကျများကိုယ်တိုင်က ငြိမ်းချမ်းရေးကို ထိခိုက်ပါတယ်။

တတိယထောက်တိုင်ကတော့ သတင်းအချက်လက်များရဲ့ လွတ်လပ်စွာစီးဆင်းနိုင်မှုပါ။ ဒီမှာတော့ မီဒီယာတွေရဲ့ လွတ်လပ်စွာတည်ရှိမှုတွေပါသလို၊ အင်တာနက်အပါဝင် မီဒီယာမျိုးစုံ ရနိုင်မှု၊ လွတ်လပ်စွာဖော်ထုတ်နိုင်မှုတွေ ပါဝင်ပါတယ်။ သတင်းအချက်လက်များ လွတ်လပ်စွာစီးဆင်းမှုဟာ ဒီမိုကရေစီအတွက်လည်း အရေးပါလှပါတယ်။

စတုတ္ထထောက်တိုင်ကတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ သမမျှတစွာ၊ ရင်းနှီးစွာပေါင်းသင်းနိုင်ခြင်း ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကစလို့ မြို့ချင်း၊ ပြည်နယ်ချင်း၊ ဒေသချင်း၊ နိုင်ငံချင်း ဘယ်လောက်ထိကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှုရှိလဲ ဆိုတာကို နှိုင်းယှဉ်နိုင်သလို တခြားနယ်ကလူတွေ၊ တခြားတိုင်းပြည်ကလူတွေကို ဘယ်လိုမြင်သလဲဆိုတာလည်း ငြိမ်းချမ်းမှုနဲ့ သက်ဆိုင်တဲ့အချက်ပါပဲ။

ပဉ္စမကတော့ လူသားများရဲ့စွမ်းရည်ဖွံ့ဖြိုးမှုပါပဲ။ အခြေခံပညာနဲ့ ခေတ်မီပညာရပ်များကို သင်ယူခွင့်တွေ ရှိရသလိုပဲ၊ ပညာပြန်လည်အသုံးချနိုင်ဖို့အတွက် တည်ရှိနေတဲ့စနစ်တွေရဲ့အင်အားဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပညာရေးကို ပိုမိုရင်းနှီးမြှုပ်နှံတဲ့အခါ လက်တွေ့အသုံးချနိုင်မယ့် သက်မွေးပညာများကိုပါ တိုးတက်စေဖို့ ရှေ့ရှုရမှာပါ။

ဆဋ္ဌမကတော့ သူတစ်ပါးရပိုင်ခွင့်များကို လေးစားသမှုရှိတာဖြစ်ပါတယ်။ လူတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးများကို ဘယ်လောက်ထိ လက်ခံပေးနိုင်သလဲဆိုတာ ငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်။ လွတ်လပ်စွာ သွားလာခွင့်၊ ပြောဆိုခွင့်တွေ မရှိပဲ ငြိမ်းချမ်းရေးမရှိသလို၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လှုပ်ရှားမှုတွေ အရှိန်ရမှာ မဟုတ်ပါဘူး။

သတ္တမကတော့ အဂတိတရားကင်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တချို့နေရာတွေမှာ တိုးတက်မှုရှိလာတာတွေရှိသလို ပိုကောင်းအောင် လုပ်လို့ရတာတွေအများကြီး ရှိပါသေးတယ်။ အဂတိတရားဟာ ပိုက်ဆံယူတာတင်မကဘဲ ရာထူးဌာနကို အလွဲသုံးစားလုပ်တာ၊ ကြောက်ရွံ့စေတဲ့ အကြောင်းကို အသုံးချတာ၊ မလိုဘဲ အချိန်ဆွဲတာ အားလုံးပါဝင်ပါတယ်။

အဋ္ဌမက လုပ်သာကိုင်သာတဲ့ စီးပွားရေးပတ်ဝန်းကျင် ရှိတာပါ။ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးဟာ အပြန်လှန်သက်ရောက်မှု ရှိကြပါတယ်။ စနစ်ကျပြီး အားလုံးပါဝင်နိုင်မယ့် စီးပွားရေးပတ်ဝန်းကျင်ကောင်းနဲ့ လက်ဝါးကြီးအုပ်မှုမရှိတဲ့ လွတ်လပ်သောဈေးကွက်များဟာ ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်စေပါတယ်။ ဒေသစုံမှာ ဒီလိုလုပ်သာကိုင်သာတဲ့ စီးပွားရေးဝန်းကျင်တွေ ဖန်တီးဖို့လိုပါတယ်။

အချုပ်အားဖြင့် ပြန်ပြောရမယ်ဆိုရင်တော့ “ငြိမ်းချမ်းရေးသမား”လို့ ပြောလိုက်တဲ့အခါမှာ တိုက်ရိုက်ဖြစ်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်တားဆီးဖို့ လုပ်ဆောင်နေသူများကော၊ တည်ဆောက်ယူရတဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူ အရပ်ရပ် ပါဝင်တယ်လို့ အသိမှတ်ပြုရမှာပါ။ အဆုံးသတ်ပြန်ကြည့်လိုက်ရင်တော့ ကျနော်တို့ရဲ့ အသိုက်မြုံများကို မျှတသင့်လျော်စွာ ဂုဏ်သိက္ခာနဲ့အညီ ဖွံ့ဖြိုးဖြစ်တည်စေဖို့ဟာ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်ပါလိမ့်မယ်လို့ ယူဆမိပါတယ်။

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာဟိန်းပိုင်ထူးချစ်သည် SEED for Myanmar ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မကွေး) မှဘွဲ့ရရှိခဲ့ပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်နှင့် Concord ဆေးရုံကြီး ဓာတ်မှန်ဌာနတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းသော ပထမဆုံး Student Exchange Scholarship လေ့လာရေး သွားရောက်ခဲ့သည်။ ၂၀၂၀ တွင် Quantic School of Business and Technology, Class of September 2020 မှ MBA စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရရှိပါသည်။ အရောက်ပေါက်နည်းသော အစွန်ဖျားဒေသများတွင် ဆေးကုခြင်းနှင့် အခြား ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ နှစ်ကုန်တွင် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျာမနီနိုင်ငံ Konrad Adenauer School of Young Politicians (၂၀၁၈) နိုင်ငံရေးသင်တန်းကျောင်းသားဟောင်းလည်း ဖြစ်သည်။

အမေရိကန်သံအမတ်လူငယ်ကောင်စီအဖွဲ့တွင် ၂၀၁၈-၂၀၁၉ ထိ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ National Enlightenment Institute ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ မွန်ပြည်နယ်ငြိမ်းချမ်းရေးမီဒီယာရပ်ဝန်းတွင်လည်း ကော်မတီအဖွဲ့ဝင်အဖြစ်သလို နိုင်ငံတကာအဖွဲ့စည်းများတွင် အလွတ်တန်းပညာရှင်အဖြစ်လည်းကောင်း သုတေသနများ၊ စီမံကိန်းများနှင့် ဟောပြောမှုများလည်း ပြုလုပ်ခဲ့ပါသည်။ လူငယ်များအား ခေါင်းဆောင်မှု၊ နိုင်ငံရေးနှင့် စီးပွားရေးသင်တန်းပေးခြင်းများကို ပြုလုပ်နိုင်ခဲ့ပါသည်။ ဩစတြေးလျ၊ အမေရိကန်၊ ဂျာမနီနိုင်ငံများ၊ အာရှနှင့် အာဆီယံနိုင်ငံများတွင် ပြုလုပ်သော လူငယ်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။

The post ငြိမ်းချမ်းရေးတည်ဆောက်ထိန်းသိမ်းမှုနှင့် အတွေးစများ appeared first on ISP Myanmar Peace Desk.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်
■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ

၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့ Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု လွှတ်တော် စာတွဲ-၁၊ အစည်းအဝေး အမှတ် ၅”၊ ၁၉၄၇၊ စာ-၁၂၆)။ အဲဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကားလုံးဖြစ်တဲ့ ပြည်ထောင်စု နိုင်ငံတော် ဆိုတာကသာ အတည်ဖြစ်တယ်၊ ဒါကြောင့် ဒီစကားလုံးကို ပြင်စရာမလိုဘူး။ အင်္ဂလိပ်စကားလုံးဟာ နာမည်ခေါ်လို့ ကောင်းအောင် နာမည်ရွေးထားတာပဲ ဖြစ်တဲ့အတွက် “ပြည်ထောင်စု နိုင်ငံတော်”ဆိုတဲ့ စကားလုံးက ပြည့်စုံတဲ့ အဓိပ္ပာယ်ဆောင်တယ်” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် (“တိုင်းပြည်ပြုလွှတ်တော် စာတွဲ-၁၊ အစည်းအဝေးအမှတ် ၅”၊ ၁၉၄၇၊ စာ-၁၄၂)။

ဒီလိုနဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Union of Burma ဆိုတာ အတည်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဦးအောင်ဆန်းရဲ့ ဖြေရှင်းချက်ကို ပြန်ပြီး စဉ်းစားကြည့်ရင် “ပြည်ထောင်စု” ဆိုတဲ့ ဗမာစကားလုံးကို သုံးရာမှာ ဖက်ဒရယ်ဆိုတဲ့ သဘော ပါဝင်ပြီးသားဆိုတဲ့ အဓိပ္ပာယ်မျိုး ကောက်နိုင်ပါတယ်။

အဲဒီလိုပဲ၊ ဖက်ဒရယ် ဆိုတာကို မြန်မာဘာသာပြန်ရာမှာ ပဒေသရာဇ် ဆိုပြီးတော့လည်း ဝေါဟာရ ဖလှယ်တာရှိပါတယ်။ ဒါကတော့ အဓိပ္ပာယ် ပိုရှုပ်ထွေးပြီး နားလည်မှု လွဲမှားတာတွေ ဖြစ်စေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအုန်းဖေက သူ့ရဲ့ ပင်လုံစစ်တမ်း စာအုပ်မှာ “အင်္ဂလိပ်လို Federated Malay States ကို မလေးပြည်ထောင်စုဟု ပြန်ဆိုခဲ့သော်လည်း Federated Shan States ကိုမူ ပဒေသရာဇ် ရှမ်းပြည်လို့ မြန်မာပြန်ခဲ့သည်။ တက်တက်စင် လွဲမှားသည်။ ယင်းအမှားကိုပင် အစဉ်အဆက် သုံးခဲ့ကြသည်။ နှုတ်ကျိုးခဲ့သည်။ တဆက်တည်း Federal Council of Shan Chiefs ကိုလည်း ရှမ်းပြည် ပဒေသရာဇ်ကောင်စီဟု အလွယ်တကူ ဘာသာပြန်လိုက်သောအခါ အဓိပ္ပာယ်တွေ ထွေးလုံးရစ်ပတ် ဖြစ်ကုန်သည်”လို့ ရေးသားခဲ့ပါတယ် (ဦးအုန်းဖေ၊ ၁၉၈၄၊ စာ – ၁၆၉)။

ဒါကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှုးချုပ် အောင်ကြီးက စစ်အာဏာ သိမ်းရတဲ့အကြောင်းကို ရှင်းလင်းပြောကြားရာမှာ ဖက်ဒရယ် ဆိုတာကို ပဒေသရာဇ်တွေနဲ့ တွဲဆက်ပြီး “ဖက်ဒရယ်ဆိုတာ အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒကို အရေခြုံထားတာပဲ။ အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖောက်ပြန်မှုလို့ဘဲ ယူဆတယ်။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ် လွှမ်းမိုးဖို့ လုပ်တာပဲ” လို့ ဝေဖန်ခဲ့ပါတယ် (ဟံသာဝတီသတင်းစာ၊ ၁၀ မတ်၊ ၁၉၆၂)။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ မတ် ၁ ရက်တွေမှာ ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အသံလွှင့်ရုံသစ်ကြီးမှာ “ဖက်ဒရယ်ဆွေးနွေးပွဲ” ကို ကျင်းပခဲ့ပါတယ် (၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ)၊ ၁၉၉၁၊ စာ – ၁၃၄)။ အဲ့ဒီဆွေးနွေးပွဲမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ စဝ်ခွန်ချိုက “ပြည်ထောင်စုစစ်စစ်မူ (ဖက်ဒရယ်မူ)” ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုကြီးကို ဖက်ဒရယ်မူအတိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုကို တိုင်းရင်းသား ခေါင်းဆောင်တွေကလဲ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ၂ ဒါပေမဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တင်သွင်းခဲ့တဲ့ ဖက်ဒရယ်မူဟာ ပြည်ထောင်စုကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲလိုက်နိုင်တဲ့ အ္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတယ်။ ၃

အဲဒီအချိန်ကစလို့ တပ်မတော်ရဲ့ အမြင်မှာ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ကြံစည်မှုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါတယ်။ ဒီအမြင်ဟာ အချိန်ကြာလာတာနဲ့အမျှ တပ်မတော်ထဲမှာ ခိုင်ခိုင်မာမာကို အမြစ်တွယ်လာပါတယ်။ ဖက်ဒရယ်လို့ ဆိုလိုက်တာနဲ့ ခွဲထွက်ရေးကို ပြောတာဆိုတဲ့ အဆင့်အထိကို ကျဉ်းမြောင်းစွာ ဖွင့်ဆိုလာကြပါတယ်။ အဲဒီကမှတစ်ဆင့် မြန်မာ့နိုင်ငံရေးလောကမှာ ဖက်ဒရယ်ဆိုတဲ့စ ကားလုံးဟာ နိုင်ငံရေး အာပတ်သင့်တဲ့ ဝေါဟာရ၊ မသုံးသင့်တဲ့ စကားလုံးဆိုတာမျိုးအထိ ဖြစ်လာပါတယ်။

ဒီနေရာမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ၁၉၆၂ အာဏာသိမ်း တပ်မတော်အစိုးရရဲ့ သဘောထားပုံ အဖြစ်အပျက်တစ်ခုကို ဥပမာအနေနဲ့ ရေးပြချင်ပါတယ်။ အရင်က တောင်ကြီးမြို့ရဲ့ အထင်ကရ လမ်းမတော် လူစည်ကားလှတဲ့ ရပ်ကွက်မှာ စတိုးဆိုင်ကြီး တစ်ဆိုင် ရှိပါတယ်။ စတိုးဆိုင်ရဲ့ နာမည်ကတော့ “ဖက်ဒရယ်စတိုး”ပါ။ ၁၉၆၂ တပ်မတော်က အာဏာသိမ်းပြီးတော့ အဲဒီ စတိုးဆိုင်ပိုင်ရှင်ကို ဖက်ဒရယ်ဆိုတဲ့ အမည်ကြောင့် ရဲဌာနမှာ ခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ် (ဦးအုန်းဖေ၊ ၁၉၈၄၊ စာ-၁၆၉)။ ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီလောက်အထိကို အကဲဆတ်ခဲ့ကြတာပါ။ နောက်ပိုင်း ဖက်ဒရယ်ဆိုတဲ့ အမည်ဟာ အဲဒီစတိုးဆိုင်ရဲ့ ဆိုင်းဘုတ်ပေါ်က ပျောက်ကွယ်သွားခဲ့သလို မြန်မာ့နိုင်ငံရေး လောကထဲကလည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ရပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကတော့ အတူထူထောင်ခဲ့ကြတဲ့ ပြည်ထောင်စုရဲ့ သဘောသဘာဝမှာ ဦးအောင်ဆန်း မိန့်ကြားခဲ့သလို ဖက်ဒရယ်သဘော မပါဝင်တာကို သိလာတဲ့အတွက် ဖက်ဒရယ် အနှစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ဖို့ကို ရည်မှန်းပြီး ဖက်ဒရယ်မူကို ပြည်ထောင်စုစစ်စစ်မူလို့ ဝိသေသပြုပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ် (“ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးဆွဲရေးအတွက် ရေးဆွဲတင်ပြသော ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း”)။ ဒီတော့ ဖက်ဒရယ်ဆိုတာက သူတို့အတွက်ကျတော့ ပြည်ထောင်စုစစ်စစ်ဆိုတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်ထောင်စုစုစစ်စစ် ဆိုတာကို ဆွေးနွေးနေကြတုန်းမှာပဲ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ့နိုင်ငံရေးကို အုပ်မိုးလိုက်ချိန်မှာတော့ မြန်မာ့နိုင်ငံရေးလောကမှာ ဖက်ဒရယ်ဆိုတဲ့ အသံဟာ ဆိတ်သုဉ်းခဲ့ရပါတယ်။ ၄

ဒါပေမဲ့ နယ်စပ်ဒေသ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုတွေမှာတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်ချက်ကို ဆက်လက်ကိုင်စွဲပြီး တိုက်ပွဲဝင်နေခဲ့ကြပါတယ်။ ၅ ပြည်တွင်းနိုင်ငံရေးလောကမှာလည်း ဖက်ဒရယ်အသံတွေ ဆိတ်သုဉ်းသွားတယ် ဆိုပေမယ့်လည်း ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းမှာတော့ စစ်အစိုးရကို အံတုတဲ့အနေနဲ့ ဖက်ဒရယ် သဘောတရားကို ထုတ်ပြတာမျိုးတွေတော့ တွေ့ရပါတယ်။ အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ မတ် ၂၉ ရက်က အမျိုးသားညီလာခံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးခင်မောင် (ပင်လုံ)က အဖွဲ့ချုပ်ရဲ့ အကြံပြုချက် စာတန်းကို ဖတ်ကြားရာမှာ “ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုစနစ် (Federal System) ဖြင့် ဖွဲ့စည်းပြီး အာဏာသုံးရပ်ကို အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့များကို ခွဲဝေခွဲခြား အပ်နှင်းရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား ဖြစ်ပါသည်”လို့ ထည့်သွင်းပြောကြားခဲ့တာကို မှတ်မှတ်ထင်ထင် တွေ့ခဲ့ရပါတယ် (နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံနှင့် နိုင်ငံတော်သမ္မတ အခန်းများနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ၊ ၁၉၉၅၊ စာ-၅၁၈)။ စစ်အစိုးရဘက်က ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်လို့ အတော်လေးကို နားခါးနေချိန်မှာ အတိုက်အခံပါတီကြီး တစ်ရပ်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေး သဘောထားကို အတိအလင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရကို နိုင်ငံရေးအရ အံတုရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ်စနစ် ဆိုတာကို သုံးခဲ့ပေမယ့် ဖက်ဒရယ်လို့ ဆိုရာမှာတော့ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဖက်ဒရယ် သဘောထားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ထပ်တူညီတယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ခေါင်းဆောင်များနဲ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

UNLD ခေါင်းဆောင် နိုင်ငွေသိမ်းက ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီး “ဘယ်လိုကြောင့်လဲ မသိဘူး။ Federal ဆိုတာ ခွဲထွက်ရေးလို့ သူတို့ (စစ်တပ်)က အော်ကြတယ်။ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ ပေါင်းစပ်ရေးဘဲ ခေါ်ပါတယ်လို့ တိုင်းရင်းသားလူမျိုးများက Federal ကိုတောင်းတာ ခွဲထွက်ဖို့ တောင်းတယ်။ ဗမာတွေကို ဆန့်ကျင်ဖို့ လုပ်တယ်ဆိုတဲ့အဓိပ္ပာယ် ပေါက်ပါတယ်။ ခုလို ကြွေးကြော်တဲ့အတွက် အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက် ပေါ်လာတယ်”ဆိုပြီး ပြောခဲ့ပါတယ် (အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၄)။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က “Federal ဆိုတဲ့ကိစ္စ Federal ဆိုတာက အင်္ဂလိပ်စကားလုံး တစ်ခုပဲ ဖြစ်ပါတယ်။ Federal ဆိုတာ ခွဲရေး မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး သိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ UNLD ဘက်က ဖက်ဒရယ်နဲ့ ပတ်သက်လို့ ရှစ်ပြည်နယ်မူ၊ တိုင်းရင်းသား တန်းတူရေးတွေကို ဆွေးနွေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ “ Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ Central Government နဲ့ Local Government တို့ ကြားထဲမှာ ဘယ်လို အာဏာခွဲရမယ်။ ဒါဟာ Federal ရဲ့ အဓိကပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမယ်။ နောက်ပြီး ပြည်ထောင်စုအစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ပြည်နယ်အစိုးရက ဘယ်လောက် အာဏာယူပြီး ဘယ်လို အာဏာတွေကို အသုံးပြုမလဲ။ ဒီဟာကို ခွဲရမယ်။ နောက်ဆုံး Federal ပြဿနာဟာ ဒါပဲ။ ဖက်ဒရယ်လို့ပဲ ခေါ်ခေါ်၊ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် ဘာမှမခေါ်ချင်လည်း ရတယ်။ ကျွန်မတို့ဟာ ဘယ်လိုပဲခေါ်ခေါ် အရေးကြီးတာက ကျွန်မတို့ကြားမှာ အားလုံးသဘောတူညီတဲ့ ပုံစံရှိတဲ့ နိုင်ငံတစ်ခုကို ဖော်ထုတ်ဖို့ပဲ”လို့ အစချီပြီး အဲဒီလိုနိုင်ငံသစ် တစ်ခုကို ဖော်ထုတ်ရာမှာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေကို ဆန့်ကျင်ပြီး တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့ သဘောထားကို ပြောကြားခဲ့ပါတယ် (အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၆)။

အခြေခံအားဖြင့်တော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး ဆိုတာကို သဘောတူကြပေမယ့် ဖက်ဒရယ်နဲ့ ပတ်သက်လို့ အဓိက အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ သဘောချင်း တထပ်တည်းကျတယ်လို့တော့ ပြောဖို့ခက်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်ကို မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ကွဲပြားခြားနားမှု၊ ထွေပြားမှုတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖက်ဒရယ်ဘဲ ခေါ်ခေါ်၊ ပြည်ထောင်စုပဲ ခေါ်ခေါ်၊ ဘာမှမခေါ်ချင်လည်း ရတယ်ဆိုပြီး ဒီပြဿနာကို ကျော်လွှားကြည့်ဖို့ ကြိုးစားတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကားဟာ ၁၉၄၇ ခုနှစ်က တိုင်းပြည်ပြုလွှတ်တော်မှာ စောဝီရီကျော်ရဲ့အဆိုပြုချက်ကို သူ့ဖခင် ဦးအောင်ဆန်း ပြန်ဖြေခဲ့တဲ့ Union/Federal Union အခေါ်အဝေါ်ကိစ္စကို သွားသတိရမိစေပါတယ်။ ဖက်ဒရယ်ဆိုတာ သာမန် နိုင်ငံရေးဝေါဟာရတစ်ခုဆိုပေမယ့် မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်မှာတော့ သာမန် ဝေါဟာရ စကားလုံးတစ်လုံးဆိုတာထက် အများကြီး ပိုပါတယ်။ ဒီစကားလုံးကို ကျော်လွှားလိုက်ပြီး မြန်မာ့ပြဿနာတွေကို ဖြေရှင်းလို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အတော်လေး ဂရုဓမ္မပြုစဉ်းစားရမယ့် ကိစ္စတစ်ခုပါပဲ။ ဒီစကားလုံးဟာ စစ်အစိုးရတွေ လက်အောက်မှာ နိုင်ငံရေး အာပတ်သင့်တဲ့ စကားလုံးတစ်လုံးအဖြစ် ခဏတာ ဆိတ်ငြိမ်သွားခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေး အသွင်ကူးပြောင်းမှုနောက်ပိုင်းမှာတော့ ဒီ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရဟာ ပြန်လည် ခေတ်ဆန်းလာပြန်ပါတော့တယ်။

■ ၂။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ပြန်လည် ခေါင်းထောင်လာသော ဖက်ဒရယ် ဝေါဟာရ

မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အဓိကအကျဆုံး အသွင်အပြင်တစ်ရပ်ဟာ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားပဋိပက္ခ ပြဿနာဆိုတာ မြန်မာ့နိုင်ငံရေးကို လေ့လာသူတွေအားလုံး သဘောတူ လက်ခံကြပါတယ်။ ဒီတော့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ချိန်မှာ အဲဒီ အဓိကပြဿနာကို မဖြစ်မနေ ဖြေရှင်းရပါတယ်။ အဲဒီလိုဖြေရှင်းတဲ့ အခါမှာလည်း ပြဿနာရဲ့ဆုံချက်ဖြစ်တဲ့ ဖက်ဒရယ်ဆိုတဲ့ ကိစ္စကလဲ ပြန်လည် ခေါင်းထောင်ထလာပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာကနေ အစပြုပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အစိုးရသစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လာခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတာနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ဖက်ဒရယ်ကိစ္စကို ပြန်လည်ရှေ့တန်းတင်လာကြပါတယ်။ အဲဒီအရွေ့မှာ အရင်က ဖက်ဒရယ်ဆိုတဲ့ အသံကိုတောင် မကြားချင်ဘူးလို့ဆိုကြတဲ့ အရပ်သားအသွင်ပြောင်း တပ်မတော်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ပြန်လည် လက်ခံသုံးစွဲလာကြတာကို တွေ့ရပါတယ်။ စစ်အစိုးရ လက်ထက်မှာ နံပါတ်သုံး ခေါင်းဆောင်လို့ ဆိုကြတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာဆိုရင် အသွင်ကူးပြောင်းမှု အစောပိုင်းကာလမှာလည်း မြန်မာနိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ဖို့ လိုတယ်လို့ ထုတ်ပြောလာခဲ့ပါတယ် ( Min Zin, 13 September, 2013 )။

အဲဒီလိုပါပဲ။ နောက်ထပ် စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ် အယူအဆကို လက်ခံမယ်လို့ ပြောလာခဲ့သလို ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကလည်း တပ်မတော်အနေနဲ့ ဖက်ဒရယ် သဘောတရားဟာ စိုးရိမ်ပူပန်စရာ မဟုတ်တော့ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် (Steinberg, 26 February, 2015)။

ဦးအောင်မင်း ပြောခဲ့တဲ့စကားဟာ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖက်ဒရယ်ကြောင့် တိုင်းပြည်ပြိုကွဲမယ့် အ္တရာယ်ရှိလို့ အာဏာသိမ်းပြီး ကယ်တင်ခဲ့ရတာပါလို့ တလျှောက်လုံးပြောပြီး သူ့ရဲ့နိုင်ငံရေးအာဏာမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ခဲ့တဲ့ တပ်မတော်အနေနဲ့ အခု နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာတော့ ဖက်ဒရယ်ကို မစိုးရိမ်တော့ဘူး၊ လက်ခံလာနိုင်ခြေ ရှိတယ်ဆိုတာဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အရွေ့ပါပဲ။ ဖက်ဒရယ်ကို မစိုးရိမ်တော့တဲ့ တပ်မတော်ဟာ ဖက်ဒရယ် သဘောတရားတွေကိုပါ အကျအန လေ့လာလာတာကို တွေ့ရပါတယ် (Aung Naing Oo, 21 August, 2014)။ ၆

နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ကို လက်ခံလာတယ် ဆိုပေမယ့် ချက်ချင်းကြီး လက်ခံလာတာမျိုးတော့ မဟုတ်ပါဘူး။ အင်စတီကျူးရှင်း တစ်ခုအနေနဲ့ ဖက်ဒရယ်ဆိုတဲ့ သဘောတရားကို ဘယ်လိုမျိုးလက်ခံလာလဲဆိုတဲ့ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာကြည့်သင့်ပါတယ်။ အစောပိုင်းက ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးနဲ့ ညီမျှခြင်းချထားတဲ့ တပ်မတော်ဟာ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို စပြီး သုံးစွဲလာခဲ့ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ကို အပြည့်အ၀ လက်ခံတာမျိုးတော့ မဟုတ်သေးပါဘူး။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ဗွီအိုအေ သတင်းဌာနက ကိုသန်းလွင်ထွန်းနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အင်း၊ ပြဿနာကတော့ ဖက်ဒရယ်ရဲ့ Definition ပေါ့။ အဲဒီတော့ အရင် ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတာ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ပြောတာ စကားရှုပ်ပါတယ်ကွာတဲ့။ Wording ကတော့ ကျွန်တော်အတိအကျ မဟုတ်ဘူးပေါ့နော်။ အဲဒီသဘောပေါ့။ ရှုပ်တယ်။ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ် ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကလေး သူ စခဲ့တာပါ။ ဒီစကားလုံးကလေး ကျွန်တော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာက ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့်အစား တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ”လို့ ပြောကြားခဲ့ပါတယ် (သန်းလွင်ထွန်း၊ ၂၀၁၄၊ စာ – ၄၈-၄၉။)။

ဖက်ဒရယ်ရဲ့ ဖွင့်ဆိုချက်ကို ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး အခေါ်အဝေါ်ထက် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နေဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောမျိုးကို ပြောခဲ့ပါတယ်။ ဒီနေရာမှာ ၁၉၉၅ ခုနှစ်က UNLD ခေါင်းဆောင်များနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပဲ ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် တိုင်းရင်းသားလူမျိုး သွေးစည်းညီညွတ်ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆိုပြီး ပြောခဲ့တာကို ပြန်အမှတ်ရမိစေပါတယ်။ ထပ်ပြီး စဉ်းစားစရာကောင်းတာ တစ်ချက်က တိုင်းရင်းသား ခေါင်းဆောင်တွေက ဖက်ဒရယ်ဆိုတာနဲ့ တိုင်းရင်းသား တန်းတူရေးကို အလေးပေး ပြောလေ့ရှိကြပြီး မြန်မာခေါင်းဆောင်တွေကတော့ နာမည်အခေါ်အဝေါ်ကို အလေးမပေးဖို့ရယ်၊ ပြည်ထောင်စု ဆိုတာရယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သဘောရယ်ကို ပိုပြီး အလေးပေး ပြောတတ်ကြတာကို သတိပြုမိပါတယ်။

တကယ်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ အဓိကကျတဲ့ နိုင်ငံရေး ရည်မှန်းချက်တစ်ရပ်အဖြစ် ချမှတ်ခဲ့ပါတယ်။ ပြည်ထောင်စု ပြိုကွဲမယ့်အန္တရာယ်ကနေ ကယ်တင်လိုက်တဲ့ ကယ်တင်ရှင်အဖြစ် မိမိကိုယ်ကို နိုင်ငံရေး ဈာန်းတင်ထားတဲ့ စစ်အစိုးရအနေနဲ့ ပြည်ထောင်စု မပြိုကွဲဖို့အတွက် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရမယ် ဆိုတဲ့အချက်ကို နိုင်ငံရေး ရည်မှန်းချက်အနေနဲ့ ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အဖွဲ့အစည်းထဲမှာ အတွေးအခေါ် သွတ်သွင်းခဲ့ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ စစ်အစိုးရခေတ်ရဲ့ ပင်မဆောင်ပုဒ် တစ်ခုဖြစ်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံရေး အခြေခံမူတွေထဲမှာကို ထည့်သွင်းပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ တိုင်းရင်းသား တန်းတူညီမျှမှုမရှိဘဲ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ မလွယ်ဘူးဆိုတဲ့ အတွေးအခေါ်ဘက်ကနေ ရပ်ခံပြီး ပြောဆိုကြတာကို တွေ့ရပါတယ် (ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ၂၀၁၅၊ စာ – ၁၃၄)။ ဒါကလည်း ဖက်ဒရယ်နဲ့အတူ ဖြစ်ပေါ်နေတဲ့ ကွဲလွဲချက် ဖြစ်ပါတယ်။ ဒီလို ကွဲလွဲချက်တွေ ရှိနေပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုအရွေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြင့်တာနဲ့အမျှ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို ပုံသဏ္ဍန်အားဖြင့်၊ စကားလုံးအားဖြင့် တရွေ့ရွေ့ လက်ခံလာတာကို တွေ့လာရပါတယ်။

၂၀၁၄ ခုနှစ် အင်တာဗျူးမှာ “ဖက်ဒရယ်”ဆိုတဲ့ အသုံးအနှုန်းထက် ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းက ပိုကောင်းတယ်လို့ ဆိုခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Eleven မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ “ဖက်ဒရယ်နဲ့ ပတ်သက်ရင်တော့ အခုသွားနေတဲ့ လမ်းကြောင်းကလည်း ဖက်ဒရယ်ကို အခြေခံထားတဲ့၊ ဒီမိုကရေစီအဆင့် ကျင့်သုံးတဲ့ ပြည်ထောင်စုနိုင်ငံ တစ်ခု ဖြစ်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ် (Eleven Media, 2 July, 2015) ။ အဲဒီလိုပဲ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ အကြေအလည် ဆွေးနွေးရေးဆွဲခဲ့ကြတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ အခြေခံမူမှာလည်း “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”ဆိုတဲ့မူကို သဘောတူ ထည့်သွင်းခဲ့ပါတယ် (အခြေခံမူများ၊ ၁(က)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ ၂၀၁၅)။ အဲဒီ သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ရာမှာ တပ်မတော်ကလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် အာဏာလွှဲပြောင်းယူအပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အရေးကြီးတာကတော့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုကို အာမခံချက် ပေးနိုင်ဖို့ပါပဲ။ ဒါကလည်း အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပြီးသားပါ”လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ် (Senior General Min Aung Hlaing Facebook, 6 May, 2016) ။ အသွင်ကူးပြောင်းမှု ကာလရဲ့ အစောပိုင်း ကာလတွေမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို စကားလုံးအနေနဲ့ကို လက်ခံဖို့ ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လက်ခံလာခဲ့ပါတယ်။ အဲဒီလို လက်ခံရာမှာလည်း အစောပိုင်းက ဖက်ဒရယ်ဆိုတာထက် ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကို ပိုအသားပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို လက်ခံလာတဲ့ သဘောထားမျိုး ပြသလာပါတယ်။ ဒါပေမဲ့ လက်ခံတယ် ဆိုရာမှာလည်း တိုင်းရင်းသားတွေ ပြောနေကြတဲ့ ဖက်ဒရယ်ပုံစံမျိုးကို လက်ခံတာ မဟုတ်ဘဲ လက်ရှိသွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်းပဲ။ လက်ရှိ အခြေခံဥပဒေထဲမှာလည်း ဖက်ဒရယ် အသွင်လက္ခဏာတွေ ပါဝင်နေတယ်ဆိုပြီး ဖက်ဒရယ်ကို လုံးဝငြင်းတာမျိုး မလုပ်တော့ဘဲ ပါးနပ်စွာနဲ့ ဖက်ဒရယ်ကို သူ့ရဲ့ အခြေခံဥပဒေအထိုင်ထဲမှာ အထိုင်ချလာတာကို တွေ့လာရပါတယ်။ ဒီအထိုင်ချမှုဟာ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာတော့ အတော်လေးကို ထင်ထင်ရှားရှား ပေါ်ထွက်လာပါတော့တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက စာတန်းတွေ ဖတ်ကြားတင်သွင်းရာမှာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ ဝိသေသ လက္ခဏာရပ်များ”ဆိုတဲ့ စာတန်းကို အပိုင်းသုံးပိုင်းခွဲပြီး အလေးအနက်ထား တင်ပြလာတာကို တွေ့ရပါတယ်။

■ ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

မြန်မာ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ တပ်မတော်ဟာ “အခြေခံဥပဒေခံကတုတ် (Constitutional Bunker))”ထဲမှာ အခိုင်အမာ နေရာယူထားပြီး ၂၀၀၈ အခြေခံဥပဒေဟာ တပ်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ ကြေညာစာတန်း (Political Ideology Manifesto) သဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံတော် အခြေခံမူတွေထဲမှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”လို့ အတိအလင်း ရေးသားပြဌာန်းထားပါတယ် (အခန်း(၁)၊ အပိုဒ် (၆၊ စ) နိုင်ငံတော်အခြေခံမူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်)။ ဒီလို တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အာမခံချက်ပေးထားပြီး တပ်မတော်ရဲ့ နိုင်ငံရေး ပါဝင်မှုကိုပါ အသေးစိတ် ပြဌာန်းပေးထားတဲ့ ဒီအခြေခံဥပဒေဟာ တပ်မတော်အတွက်တော့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတွေကို ဖွင့်ဆိုပြထားတဲ့ ကြေညာစာတန်းလို့ ပြောရင် မမှားပါဘူး။

တကယ်တော့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဆိုတာ နေ့ချင်းညချင်း ပေါ်ထွန်းလာတာမျိုး မဟုတ်ပါဘူး။ သမိုင်းကြောင်းချီပြီး ဖြစ်ထွန်းလာတာမျိုးပါ။ စစ်တပ်တွေရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတွေကို လေ့လာတဲ့ ဗွန်ဒွန်းဆိုတဲ့ ပညာရှင်က စစ်တပ်တစ်ခုရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဆိုတာ စစ်တပ်ထဲက ပေါ်ထွက်လာတာမျိုး မဟုတ်ဘဲ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ခေါင်းဆောင်တွေဆီကနေ ပေါက်ဖွားလာတာမျိုး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ် (Doorn, 1971, p. XVIII))။ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့အတူ မွေးဖွားလာတဲ့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဟာ အဲဒီနိုင်ငံရေးလှုပ်ရှားမှုကြီးကနေ စတင်ပြီး တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းပြောခဲ့သလို တပ်မတော်ဟာ အမာခံ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး စတင် မွေးဖွားလာချိန်ကတည်းက နိုင်ငံရေး အခန်းကဏ္ဍက ကပ်ပါလာခဲ့ပါတယ် (Hnin Yi, 2014, p. 2014)။

အဲဒီ နိုင်ငံရေးအခန်းကဏ္ဍဟာ ပြည်တွင်းစစ်၊ ကူမင်တန် ကျူးကျော်စစ် တိုက်ပွဲတွေ တိုက်ခဲ့ရတာတွေ၊ နိုင်ငံတော် တည်ဆောက်ရေး (State Building) လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်ခဲ့ရတာတွေ၊ နိုင်ငံရေး အာဏာသိမ်းယူမှုတွေကြောင့် တဖြည်းဖြည်းနဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီအဖြစ် ဖွံ့ထွားလာခဲ့ပါတယ်။ စစ်တပ်တစ်ခုရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီမှာ နိုင်ငံရေးသဘောတရား (Political Doctrine) နဲ့ နိုင်ငံရေးအကျိုးစီးပွား (Political Interest) ဆိုတဲ့ မျက်နှာစာနှစ်ဖက် ရှိတာကို တွေ့ရပါတယ်။ မိမိသာ နိုင်ငံကို ကယ်တင်သူ၊ မိမိသာနိုင်ငံကို ပဲ့ကိုင်ပေးနိုင်သူ ဆိုတဲ့ Guardianship ဆိုတဲ့ အယူအဆဟာ တပ်ရဲ့နိုင်ငံရေးသဘောတရားပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကို ကာလကြာရှည် တိုက်ခဲ့ရသလို ကူမင်တန် ပြည်ပကျူးကျော်စစ်ကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တပ်မတော်ဟာ မိမိသာ မကယ်တင်ရင် တိုင်းပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးရမယ်ဆိုတဲ့ ကယ်တင်ရှင်အမြင် ဝင်လာတာ ဆန်းတော့ မဆန်းပါဘူး။ အဲဒီလိုပဲ နိုင်ငံရေးရဲ့ အားနည်းလှတဲ့ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်ကို စတင် ထူထောင်ကတည်းက နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ရသလို ၁၉၅၈ မှာဆိုရင် နိုင်ငံတော်ရဲ့အခြေအနေကြောင့် အရပ်သားအစိုးရအနေနဲ့ တပ်ကို အာဏာအပ်နှင်းခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တပ်မတော်ထဲမှာ သူတို့ဟာ နိုင်ငံတော်ရဲ့ ပဲ့ကိုင်သူတွေဖြစ်တယ်ဆိုတဲ့ အယူအဆ ထွန်းကားအောင် တွန်းပို့ပေးခဲ့ပါတယ်။ ဒါတွေနဲ့အတူ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ကာလရှည်ကြာ အုပ်စိုးခဲ့ပြီးတဲ့နောက်မှာ အကျိုးစီးပွားတွေပါ ယှဉ်တွဲဖြစ်ထွန်းလာပါတယ်။ အဲဒီလို သဘောတရားနဲ့ အကျိုးစီးပွားတို့ ဆုံစည်းမိတဲ့ အခါမှာတော့ တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဟာ ဖွံ့ဖွံ့ထွားထွား ပေါ်ထွက်လာပါတော့တယ်။

ခေတ်အဆက်ဆက် တပ်မတော် ခေါင်းဆောင်တွေဟာ တပ်မတော်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို တပ်မတော်အတွင်းမှာ စိမ့်ဝင်ပျံ့နှံ့စေဖို့အတွက် အစဉ်တစိုက် သဘောတရား သွတ်သွင်းခဲ့သလို တပ်မတော်ရဲ့ ပညာရပ် အဆောက်အအုံတွေ၊ တပ်မတော်အတွင်းက လူမှုဆက်ဆံရေး ဖြစ်စဉ်တွေကလည်း ယင်းသွတ်သွင်းမှု ဖြစ်စဉ်ကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါတယ်။ သိပ်မကြာသေးခင်ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ့တပ်မတော်ဟာ ခိုင်မာအားကောင်းတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ နက်နက်ရှိုင်းရှိုင်းကို ပါဝင်ဆောင်ရွက်ခဲ့ပါတယ်”လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါသေးတယ် (Myawaddy, 9 November, 2016)။ နောက်ဆုံးမှာတော့ အဲဒီနိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင်ကို ထည့်သွင်းပြဌာန်း လိုက်ပါတော့တယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ မရေရာ မသေချာမှုများ ကြီးစိုးနေတဲ့ အသွင်ကူပြောင်းမှု ကာလမှာ ကိစ္စရပ်တိုင်းကို သူ့ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ကနေပြီးတော့ပဲ ချဉ်းကပ် ဆောင်ရွက်တာကို အထင်အရှား တွေ့ရပါတယ်။ အဲဒီအပြင် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကို သွတ်သွင်းဖို့လည်း ဖိအားပေးတဲ့ နည်းနဲ့ရော၊ ဆွဲဆောင် စည်းရုံးတဲ့ နည်းနဲ့ပါ အစဉ်မပြတ် ကြိုးစားနေတာကို တွေ့ရပါတယ်။

ဒီအခင်းအကျင်းမှာ ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်း တစ်လျှောက်လုံး အငြင်းပွားစရာ ဖြစ်ခဲ့ရတဲ့ ဖက်ဒရယ် သဘောတရားကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်ထဲကို သွတ်သွင်းဖို့ ကြိုးစားတာကလည်း သိပ်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဒီလို သွတ်သွင်းရာမှာလည်း ပထမပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုသွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်း ဖြစ်ပြီး ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အခြေခံဥပဒေထဲမှာ ပြဌာန်းထားတယ်ဆိုတဲ့ သဘောတရားကို တွေ့ဆုံမေးမြန်းခန်းတွေမှာ စတင်ပြောဆိုခဲ့တာ အစောပိုင်းမှာ တင်ပြခဲ့ပြီးပါပြီ။ အဲဒီကတစ်ဆင့် ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဖက်ဒရယ်အသွင် လက္ခဏာတွေအကြောင်းကို တခမ်းတနား ဖွင့်ဆိုပြကြပါတယ်။ ၂၁ရာ စုပင်လုံညီလာခံ မကျင်းပမီ သြဂုတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ တပ်မတော်ပိုင် မြဝတီသတင်းစာမှာ လေ့လာသူတစ်ဦး ဆိုတဲ့အမည်နဲ့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ”ဆိုတဲ့ ဆောင်းပါးရှည်ကြီး တစ်ပုဒ် ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရပါတယ် (လေ့လာသူတစ်ဦး၊ ၁၀ သြဂုတ်၊၂၀၁၆ မှ ၁၄ သြဂုတ်၊ ၂၀၁၆ )။ သြဂုတ် ၃၁ ရက်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာတော့ အဲဒီဆောင်းပါးကို စာအုပ်အဖြစ် ပုံနှိပ်ပြီး တပ်မတော်က ဝေငှခဲ့ပါတယ်။ နောက်ပြီး တပ်မတော်သားတွေ တင်သွင်းခဲ့တဲ့ ဖက်ဒရယ် စာတန်းဟာလည်း အဲဒီဆောင်းပါးကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အကျအနပြင်ဆင်ပြီး သူတို့ရဲ့ သဘောတရားရေးရာ ခင်းကျင်းပြခဲ့တာကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။

တပ်မတော် တင်သွင်းခဲ့တဲ့ စာတန်းတွေကို အကြမ်းဖျင်း လေ့လာကြည့်မယ်ဆိုရင်

■ (က) ဖက်ဒရယ်ပညာရှင် တစ်ဦးဖြစ်တဲ့ ရော်နယ်ဝတ်စ် (Ronald Watts) ရဲ့ ဖက်ဒရယ် ဝိသေသလက္ခဏာတွေကို အခြေခံပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ် ဆိုတာကို သက်သေပြဖို့ ကြိုးစားတာဖြစ်ပါတယ်။ ရော်နယ်ဝတ်စ်က သူ့ရဲ့ “Comparing Federal System” ဆိုတဲ့ စာအုပ်မှာ ဖက်ဒရယ်ရဲ့ အဓိက ဝိသေသလက္ခဏာရပ် ခြောက်ချက်ကို အောက်ပါအတိုင်း ထုတ်နုတ်ပြခဲ့ပါတယ်။

■ အနည်းဆုံး အစိုးရအဆင့် နှစ်ဆင့် ရှိရမှာဖြစ်ပြီး တစ်ဆင့်က ဖက်ဒရေးရှင်းကြီး တစ်ခုလုံးအတွက် ဆောင်ရွက်နေတဲ့ ဗဟိုအစိုးရဖြစ်ပြီး အခြားတစ်ဆင့်ကတော့ ဒေသဆိုင်ရာ ယူနစ်တွေအတွက် ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာအစိုးရ ဖြစ်ပါတယ်။ အစိုးရ နှစ်ရပ်စလုံးဟာ နိုင်ငံသားတွေအတွက် စီမံဆောင်ရွက်ပေးကြပါတယ်။

■ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင် သီးခြားသတ်မှတ် ပိုင်းခြားပေးထားသလို အစိုးရအဆင့် နှစ်ဆင့်ကြားမှာ ဘဏ္ဍာရေးအရင်းအမြစ် စီမံခန့်ခွဲမှုကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပိုင်းခြားသတ်မှတ် ပေးထားပါတယ်။ အဲဒီလို ပိုင်းခြား သတ်မှတ်ရာမှာလည်း အစိုးရ အဆင့်တစ်ဆင့်စီရဲ့ စစ်မှန်တဲ့ လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်ကို အာမခံချက် ပေးထားပါတယ်။

■ ဖက်ဒရယ်အစိုးရရဲ့ မူဝါဒချမှတ်တဲ့ အင်စတီကျူးရှင်းတွေထဲမှာ ဒေသဆိုင်ရာ အမြင်တွေကို ကိုယ်စားပြုခွင့် ရဖို့အတွက် သတ်မှတ် ပြဌာန်းပေးထားပါတယ်။ ပုံမှန်အားဖြင့်ကတော့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဖက်ဒရယ် ဒုတိယလွှတ်တော် (ဒေသတွေကို ကိုယ်စားပြုပေးနိုင်တဲ့ လွှတ်တော်တစ်ရပ်) ထားရှိလေ့ ရှိပါတယ်။

■ စာဖြင့် ရေးသားပြဌာန်းထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံးအခြေခံဥပဒေ ရှိပြီး အဲဒီအခြေခံဥပဒေကို ဖက်ဒရယ်အဆင့် တစ်ဆင့်ထဲက တစ်ဖက်သတ် ပြင်ဆင်လို့ မရနိုင်ဘဲ ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာ ယူနစ်တွေရဲ့ သတ်မှတ်ထားတဲ့ အချိုးအစားက သဘောတူညီမှသာ ပြင်ဆင်နိုင်ပါတယ်။

■ (အစိုးရ အဆင့်နှစ်ဆင့်ကြား အငြင်းပွားမှုကို) အပြီးသတ် အတည်ပြု ဆုံးဖြတ်ပေးနိုင်တဲ့ (ခုံရုံး၊ သို့မဟုတ် ဒီလိုကိစ္စမျိုး ဖြေရှင်းဖို့အတွက် အထူးအခွင့်အာဏာ အပ်နှင်းထားတဲ့ အထက်လွှတ်တော်၊ သို့မဟုတ် ဆန္ဒခံယူပွဲ လုပ်ပြီး ဖြေရှင်းဖို့ သတ်မှတ်ပြဌာန်းချက် စတဲ့) အာဏာပိုင် လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းတစ်ရပ် ရှိပါတယ်။

■ အစိုးရရဲ့ တာဝန်တွေကို အစိုးရအဆင့် နှစ်ဆင့်အကြား မျှဝေဆောင်ရွက်ရာမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မလွှဲမရှောင်သာလို့ ထပ်နေတဲ့ တာဝန်တွေကို အစိုးရအဆင့်နှစ်ဆင့်အကြား ပူးပေါင်း ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် ကူညီပံ့ပိုးပေးနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ အင်စတီကျူးရှင်းတွေ ရှိကြပါတယ် (Watts, 2008)။

အဲဒီ အချက် ခြောက်ချက်ကို မူတည်ပြီး ပြည်ထောင်စု (ဖက်ဒရယ်) စစ်၊ မစစ် ဆိုတာကို ဆန်းစစ်ဖို့ အခြေခံ ငါးချက်ကို ထပ်မံ ထုတ်ပြထားပါတယ်။ အဲဒီ အခြေခံ ငါးချက်ကတော့ –

(က) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေပုံ

(ခ) ရေးဆွဲ ပြဌာန်းထားသော အခြေခံဥပဒေ written constitution ရှိ၊ မရှိ

(ဂ) အုပ်ချုပ်ရေးအစိုးရနှစ်မျိုး ရှိ၊ မရှိ

(ဃ) တရားရုံးချုပ်စနစ်နှစ်မျိုး (ပြည်ထောင်စု တရားရုံးချုပ်။ ပြည်နယ်တရားရုံးချုပ်) ရှိ၊ မရှိ

(င) ပြည်ထောင်စု အခြေခံဥပဒေနှင့် ပြည်နယ် အခြေခံဥပဒေ၊ သို့မဟုတ် ပြည်ထောင်စု အခြေခံဥပဒေတွင် ပြည်နယ်များအတွက် ပြဌာန်းချက်များ အကျုံးဝင်သည့် အခြေခံ ဥပဒေမျိုး ရှိ၊ မရှိ (တပ်မတော်ကိုယ်စားလှယ်၊ အဖွဲ့ (၁)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ၊ စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂)။

■ (ခ) တပ်မတော်ရဲ့စာတန်းမှာ အထက်ဖော်ပြပါ အချက်တွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ (၁) နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ (၂) တိုင်းရင်းသားများရဲ့ တန်းတူအခွင့်အရေး၊ (၃) ဥပဒေပြုရေး၊ (၄) အုပ်ချုပ်ရေး၊ (၅) တရားစီရင်ရေး (၆) နိုင်ငံသားရဲ့ အခွင့်အရေး၊ (၇) အာဏာခွဲဝေကျင့်သုံးပုံ စတဲ့ကဏ္ဍ ခုနစ်ရပ်ကို ချိန်ထိုး လေ့လာကြည့်ပါတယ် (တပ်မတော်ကိုယ်စားလှယ် ဖတ်ကြားသော စာတမ်း၊ အဖွဲ့ (၁)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂-၃)။ အဲဒီလို လေ့လာကြည့်ပြီးတော့ “၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်”ဆိုတာကို သက်သေ ပြထားပါတယ်။

အဓိက အချက်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အောက်ဖော်ပြပါ အချက်တွေရှိတဲ့အတွက် ဖက်ဒရယ် ဝိသေသတွေ ရှိတယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။

(၁) ရေးသားထားတဲ့ ဖွဲ့စည်းပုံတစ်ရပ် ရှိတယ်။

(၂) နိုင်ငံတော် နယ်နမိတ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ရဲ့ အမည်၊ နယ်နမိတ်ကို ပြည်ထောင်စု အစိုးရရဲ့ သဘောဆန္ဒ သက်သက်နဲ့ ပြောင်းလဲလို့ မရဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေရဲ့ နယ်နိမိတ် တည်တံ့ခိုင်မြဲမှုကို အာမခံချက် ပေးထားတယ်။

(၃) တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတယ်။

(၄) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံပြဌာန်းချက်နဲ့ အဲဒီ လွှတ်တော်အဆင့်ဆင့်ကို ဥပဒေပြုရေးအာဏာ ခွဲဝေအပ်နှင်းထားတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း လူမျိုးစုလွှတ်တော်လို့ ခေါ်ဆိုနိုင်တဲ့ အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ တန်းတူအခွင့်အရေး ပေးထားတယ်။

(၅) ပြည်ထောင်စုလွှတ်တော် ဥပဒေပြုနိုင်ခွင့် အာဏာကို ဇယား(၁)၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေပြုနိုင်ခွင့် အာဏာကို ဇယား(၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုခွင့် အာဏာကို ဇယား (၃) နဲ့ သတ်မှတ်ပေးထားတယ်။

(၆) ဇယား (၁)၊ (၂)၊ (၃) မှာ ဖော်ပြမထားတဲ့ အခြားကိစ္စရပ်တွေအတွက် ကြွင်းကျန်တဲ့ ဥပဒေပြုခွင့် အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်နဲ့ အပ်နှင်းထားပါတယ်။

(၇) ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ အစိုးရနှစ်ရပ် ရှိတယ်။ အဲဒီ အစိုးရနှစ်ရပ်ကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပိုင်းခြားသတ်မှတ် ပေးထားတယ်။

(၈) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးများအကြား ဘဏ္ဍာရေးနဲ့ သဘာဝသယံဇာတများ ခွဲဝေသုံးစွဲမှုကို ပိုင်းခြား သတ်မှတ်ပေးထားပါတယ်။

(၉) သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့ လူဦးရေအချိုးအစား ကိုက်ညီရင် ရွေးကောက်ခံပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခွင့် ပေးထားပါတယ်။

(၁၀) တရားစီရင်ရေး အာဏာကို ပြည်ထောင်စုရဲ့ အစိတ်အပိုင်း အသီးသီးကို ခွဲဝေအပ်နှင်းထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်တွေဟာ တရားစီရင်ရေး အဆင့်ဆင့်မှာရှိတဲ့ တရားရုံးတွေကို ကြီးကြပ်ပိုင်ခွင့် ရှိတယ်။ ဥပဒေမူဘောင်အနေနဲ့ ပြည်နယ်တိုင်းဒေသကြီး အားလုံးက ပြည်ထောင်စုရဲ့တစ်ခုတည်းသော တရားစီရင်ရေးစနစ်အတိုင်းပဲ ဆောင်ရွက်ရပါတယ်။

(၁၁) ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား၏ အငြင်းပွားမှုကို ဖြေရှင်းပေဖို့အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ထားရှိပေးထားပါတယ်။ ၇

■ (ဂ) ဒီအချက်တွေအပြင် တပ်မတော်ရဲ့ စာတန်းတွေမှာ သူတို့ရဲ့ ရည်တည်ချက်တွေကိုလည်း ဆွေးနွေးထားတာ တွေ့ရပါတယ်၊ တပ်မတော်အနေနဲ့ တိုင်းရင်းသား လူမျိုးစုများအကြား တန်းတူညီမျှရှိတဲ့ ပြည်ထောင်စု တစ်ခုဖြစ်ရေး မူကို ကန့်ကွက်စရာ မရှိလို့ ဆိုပါတယ် (တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံးတင်ပြခြင်း”၊ စက်တင်ဘာ ၂၀၁၆၊ စာ-၄)။ ပြောရမယ်ဆိုရင် အရင် က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပဲ အဓိကပြောခဲ့ပေမယ့် အခုတော့ တိုင်းရင်းသား လူမျိုးစုများအကြား တန်းတူညီမျှမှုဆိုတာကို ပြောလာပါတယ်။ ဒါပေမဲ့ အဲဒီလို တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူဘောင်တွေထဲကနေပဲ ထူထောင်ရမယ် ဆိုတာကို ပြောပါတယ်။ လက်ရှိ အခြေခံဥပဒေမှာလည်း ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ဖက်ဒရယ် မဆန်ဘူးလို့ ပြောနေမယ့်အစား ဘယ်အချက်တွေဟာ ဖက်ဒရယ်ဆန်ပြီး ဘယ်အချက်တွေက ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီဘူး ဆိုတာကို အသေးစိတ် အတိအကျထောက်ပြပြီး ပြင်ဆင်သွားဖို့ လိုတယ်လို့ ဆိုပါတယ် (တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံး တင်ပြခြင်း”၊ စက်တင်ဘာ ၂၀၁၆၊ စာ-၄)။ ဒါပေမဲ့ ပြင်ဆင်တဲ့ နေရာမှာလည်း အခြေခံဥပဒေရဲ့ အခန်း ၁၂ ပြင်ဆင်ခြင်း အခန်းမှာ ပါရှိတဲ့ အချက်တွေအတိုင်း ပြင်ဆင်သွားရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ပြင်ဆင်ဖို့ကလည်း ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက် သက်သက်နဲ့ မဖြစ်နိုင်ဘဲ တပ်မတော်ရဲ့ သဘောတူညီမှုပါမှပဲ ပြင်ဆင်လို့ရမှာ ဖြစ်နိုင်ပါတယ်။

နောက်ပြီး တိုင်းရင်းသား လူမျိုးတွေအနေနဲ့လည်း အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးချပြီး ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရင်း အခြေခံဥပဒေ ပြင်တာတွေ၊ မိမိဒေသ၊ မိမိလူမျိုး တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့တွေကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ် (တပ်မတော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ၊ စက်တင်ဘာ ၂၀၁၆၊ စာ – ၃)။ ဆိုရရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ ဖြစ်ထွန်းလာတဲ့ နိုင်ငံရေး ကစားကွင်းထဲကို ဝင်ဖို့ကိုပါ ဆက်ပြီး တွန်းတဲ့သဘောကို တွေ့ရပါတယ်။

■ ၄။ နိဂုံး

Rohan Edrisinha က ရော်နယ်ဝတ်စ်ရဲ့ ဖက်ဒရယ် ဝိသေသ လက္ခဏာတွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာခဲ့ရာမှာ တစ်ပိုင်းဖက်ဒရယ် (quasi-federal) အသွင်အပြင် လက္ခဏာအချို့ ပါရှိပေမယ့် တစ်ပြည်ထောင်စနစ်ကိုပဲ အခြေခံထားတယ်လို့ သုံးသပ်ခဲ့ပါတယ် (Edrisinha, 2014, p. 5) ။ Marcus Brand ကလည်း ရော်နယ်ဝတ်စ်ရဲ့ ဖက်ဒရယ် ဝိသေသလက္ခဏာတွေကို ကိုင်စွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချဉ်းကပ်ခဲ့ရာမှာ ပိုပြီး အကောင်းမြင်တာကို တွေ့ရပြီး “၂၀၀၈ အခြေခံဥပဒေ အဆောက်အအုံကို “တစ်ပိုင်းဖက်ဒရယ်” လို့ ခေါ်နိုင်တယ်။ အဲဒီ အခြေခံဥပဒေထဲမှာ ထင်ရှားတဲ့ ဖက်ဒရယ်အသွင်အပြင် လက္ခဏာတချို့ ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ် (Brand, 2012)။ သူတို့နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် အသွင်အပြင်လက္ခဏာအချို့ ပါဝင်တယ် ဆိုတာကိုတော့ သဘောတူတာ တွေ့ရပါတယ်။ အမှန်ပါပဲ။ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် အသွင်အပြင်လက္ခဏာတွေ ပါဝင်ပါတယ်။ ပြောရရင် တစ်ပိုင်းဖက်ဒရယ် သဘောဆောင်တဲ့ အခြေခံဥပဒေလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်အသွင်အပြင် လက္ခဏာတွေပဲ ဆောင်ဆောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဿနာတစ်ခုက ပြည်သူလူထုနဲ့ အစိုးရအကြား၊ တိုင်းရင်းသား လူမျိုးစုတွေအကြား ဆွေးနွေးတိုင်ပင်ပြီး သဘောတူရေးဆွဲထားတဲ့ ပဋိဉာဉ် (Contract) တစ်ရပ် မဟုတ်ဘဲ စစ်အာဏာရှင် အစိုးရကနေ အတင်းအကျပ် အတည်ပြုပြဌာန်းလိုက်တဲ့ ဖိနှိပ်မှု (Coercion) ဖြစ်နေလို့ပါပဲ။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ် ဝိသေသ လက္ခဏာတွေ ပါနေတယ်လို့ ဘယ်လောက်ပဲဆိုဆို လူထုအနေနဲ့ရော၊ တိုင်းရင်းသားတွေ အနေနဲ့ပါ ဒီဖွဲ့စည်းပုံကို ဝိရောဓိဖြစ်စရာ၊ အငြင်းပွားစရာ ဖွဲ့စည်းပုံအဖြစ် ရှုမြင်နေကြဦးမှာ ဖြစ်ပါတယ်။

အဲဒီလို ဝိရောဓိ ဖြစ်စရာ၊ အငြင်းပွားစရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ရှုမြင်ဖို့အတွက် လုံလောက်တဲ့ အခြားအကြောင်းအချက်တွေကလည်း ရှိနေပါသေးတယ်။ အဓိကအကျဆုံး အချက်တစ်ချက်ကတော့ အင်မတန်မှကို ကြီးစိုးလွှမ်းမိုးထားတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ် အသွင်သဏ္ဍာန်တွေ ပါဝင်တယ်လို့ အကောင်းမြင်ခဲ့တဲ့ Marcus ကတောင် “၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ သီးခြားအခွင့်အာဏာ အတော်များများကို စစ်တပ်လက်ထဲကို ထည့်ပေးထားပြီး အဲဒီအချက်ကြောင့်ပဲ ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံဆိုပြီး အရည်အသွေး ကျသွားသလို ဖက်ဒရယ်မဆန်တဲ့ ဖွဲ့စည်းပုံလည်း ဖြစ်သွားပါတယ်”လို့ ရေးသားခဲ့ပါတယ် (Brand, 2012, p. 4))။ ဘာလို့လဲဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍဟာ ပြည်ထောင်စုအဆင့်မှာရော၊ တိုင်းဒေသကြီး၊ ဖက်ဒရယ်အဆင့်မှာပါ စနစ်တကျကို ပါဝင်နေလို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုတာကိုလည်း အနည်းငယ် ဆွေးနွေးဖို့ လိုပါတယ်။ သမိုင်းတလျှောက်ကို ပြန်လေ့လာကြည့်ရင် ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ထွန်းကားခဲ့တာ တွေ့ရပါတယ်။ ဥပမာပြရရင် ဆိုဗီယက်ယူနီယံ၊ ချက်ကို စလိုဗက်ကီးယားနဲ့ ယူဂိုစလားဗီးယားတို့ပါ။ အဲဒီတော့ ဒီမိုကရေစီဖြစ်မှ ဖက်ဒရယ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ဖက်ဒရယ်ဟာ ရေရှည် မခံခဲ့တာကို သတိပြုစရာ ကောင်း သလို နောက်ဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် ဖြစ်ပေါ်လာချိန်မှာတော့ အဲ့နိုင်ငံတွေဟာ တစ်စစီ ပြိုကွဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်က ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ် ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီလိုပါပဲ။ လစ်ဘရယ် ဒီမိုကရေစီစနစ်ကလည်း နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်အာဏာကို အခြေခံဥပဒေတွေ၊ အခြား ဥပဒေမူဘောင်တွေနဲ့ တင်းတင်းကြပ်ကြပ် ကန့်သတ်ပြီး အပြန်အလှန် ထိန်းကျောင်းမှုစနစ်တွေ၊ အခွင့်အရေး ကာကွယ်ပေးမှုတွေ၊ အာဏာခွဲေ၀ ကျင့်သုံးတာတွေကို ဆောင်ရွက်ပါတယ်။ Marcus Brand ကပဲ ပါကစ္စတန်မှာ စစ်တပ်က ဒီမိုကရေစီမဆန်တဲ့ အခွင့်အာဏာတွေ ယူခဲ့တဲ့အတွက် ဖက်ဒရယ် အရည်အသွေး ကျဆင်းသွားရတဲ့ အကြောင်းကို သူ့ရဲ့ စာတန်းထဲမှာ ထောက်ပြခဲ့ပါတယ် (Brand, 2012)။

တပ်မတော်ရဲ့ စာတန်းတွေမှာ ကြိမ်ဖန်များစွာ ကိုးကားခဲ့တဲ့ ရော်နယ်ဝတ်စ် ထောက်ပြခဲ့တဲ့ အချက်တစ်ချက်ကိုလည်း သတိပြုသင့်ပါတယ်။ အခြေခံဥပဒေ တစ်ရပ်ဟာ ဖက်ဒရယ် ဖြစ် မဖြစ်ဆိုတာကို လေ့လာဖို့ အခြေခံဥပဒေပုံစံ (Constitutional Form) ကို လေ့လာဖို့ လိုအပ်သလို အဲဒီအခြေခံဥပဒေဟာ လက်တွေ့မှာ ဘယ်လို လည်ပတ် ဆောင်ရွက်နေလဲဆိုတဲ့ အရှိတရားကိုလည်း လေ့လာဖို့ လိုပါတယ် (Watts, 2008) ။ အခြေခံဥပဒေပုံစံကိုပဲ ကြည့်ပြီး အခြေခံဥပဒေထဲမှာ ဖက်ဒရယ် ဝိသေသလက္ခဏာ တွေပါတယ်လို့ တရားသေပြောနေရင် ဒါဟာ ပုံသဏ္ဍာန်ဝါဒီ (Formalist) အရမ်းဆန်လွန်းပါတယ်။ တကယ်လက်တွေ့မှာ အခြေခံဥပဒေကို အသက်သွင်းပြီး လည်ပတ်တဲ့နေရာမှာ ဖက်ဒရယ် စံနှုန်းတွေနဲ့ မညီဘူးဆိုရင်လည်း ဖက်ဒရယ်ဖြစ်တယ်လို့ ပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါကိုလည်း အထူး သတိပြုသင့်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောခဲ့သလို ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်မဆန်တဲ့ ဝိသေသ လက္ခဏာတွေ ပါဝင်နေတယ် ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်ရာထူးကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က မရွေးချယ်နိုင်ဘဲ သမ္မတက တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကနေ ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်ထားနိုင်တာမျိုးတွေ၊ ဝန်ကြီးချုပ်တွေကို ဖယ်ရှားနိုင်တဲ့ အာဏာကိုလည်း သမ္မတဆီမှာ အပ်နှင်းထားတာမျိုးတွေ၊ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတွေကို မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိနိုင်တဲ့ အစိုးရ အင်စတီကျူးရှင်းပုံစံမျိုး မဟုတ်ဘဲ ဒေသအစိုးရ အားလုံးကို ပုံစံတူ အင်စတီကျူးရှင်းတွေအဖြစ် တင်းကြပ်စွာ ဖွဲ့စည်းထားတာမျိုးတွေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ မဟုတ်ပါဘူး။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်တဲ့ နေရာမှာ ဖက်ဒရယ်ဆန်တဲ့ အချက်တွေကိုပဲ ပုံသဏ္ဍာန်ထုတ်နှုတ်ပြပြီး ဖက်ဒရယ်မဆန်တဲ့ အချက်တွေ၊ အတားအဆီးတွေကို ချန်လှပ်ထားမယ်ဆိုရင် ဘယ်လိုမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောရရင် တပ်မတော်အနေနဲ့ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတဲ့ ရပ်ခံမှုကနေပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေကိုအားလုံးကို ချဉ်းကပ် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာလည်း အခြေခံဥပဒေက ပြဿနာအစိတ်အပိုင်း တစ်ခုအနေနဲ့ကို ရှိနေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခဲ့သူ အခြေခံဥပဒေပညာရှင် ရက်စ်ဂိုင်း (Yash Ghai) က “မှားယွင်းနေတဲ့ မူဝါဒတွေ၊ အဆောက်အအုံတွေကနေ တဆင့် ပိုမို ဒီမိုကရေစီဆန်ပြီး တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာမှာ အခက်အခဲတွေ တွေ့အောင် အခြေခံ ဥပဒေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်း ပြဌာန်းထားချက်တွေ ရှိပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ် (Ghai, 2008)။ အဲဒီ အခြေခံဥပဒေကြီးကိုသာ တရားသေ ဆက်လက်ကိုင်စွဲထားပြီး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ဆက်လက် ပုံဖော်နေမယ် ဆိုရင်တော့ ရှေ့လျှောက် ဖြစ်ထွန်းတိုးတက်မှုတွေ ဆက်ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။ အဲဒီလိုပဲ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို တရားဝင် ပုံဖော်ပေးထားတဲ့ ကြေညာချက် ဖြစ်နေတဲ့အတွက် သူ့ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို မပြောင်းဘဲ အခြေခံဥပဒေကို ပြောင်းဖို့ စဉ်းစားတာဟာ လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကိုလည်း မေးခွန်းထုတ်စရာ ရှိနေပါတယ်။

Understanding the Military’s Concept of Federalism through the 2008 Constitution Framework

by Ko Ye

The conceptualization of the term “federalism” is varied in Myanmar. The word ‘Union’ is used to describe ‘Pyi-Daung-Su’, which may also mean ‘federal’ in Myanmar language. At the “Federal Conference” held in Yangon in 1962, ethnic leaders widely discussed the principle of a “genuine federal state”. However, the military viewed this as a step towards the disintegration of the Union, and staged a coup afterward. Under military rule, the discussion of federalism in Myanmar became silent. During the on-going peace process, the military began to accept the word-federalism and stated that the 2008 Constitution contains federal characteristics. The author argues that the fundamental flaw of the charter is not because of its form but because of the absence of a social contract made with ethnic minorities. Being a coercive contract enforced by the military, the public, including the ethnic minorities, continue to view the 2008 Constitution as non-federal.

■ စာညွှန်း

၁ ကိုရဲသည် တကောင်းအင်စတီကျု၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို အထူးပြု လေ့လာနေသူ ဖြစ်သည်။

၂ ပြည်ထောင်စုစစ်စစ် (ဖက်ဒရယ်) မူစာတမ်းကို ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးစဝ်ခွန်ချိုက တင်သွင်းခဲ့ပြီး ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန်မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)နှင့် ကယားဦးစိန်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည် (၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) (၁၉၉၁)၊ စာ -၁၃၉ မှ ၁၆၆)။

၃ ၁၉၆၃ခုနှစ် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်အာဏာသိမ်း ခေါင်ဆောင်၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက “ပြည်ထောင်စုအားနည်းရေး၊ ပြိုပျက်ရေးကို မနားမနေ ဆောင်ရွက်နေတဲ့ အတွင်းအပြင် အင်အားစုတို့ရဲ့ အခွင့်ရတိုင်း၊ အခွင့်မရရင်လဲ ရအောင်ကြံဖန်ပြီး ရေနွေးဖျောမှုတို့ကြောင့်၊ အညှောင့်အတက် ထွက်စ ပြည်ထောင်စု စည်းလုံးရေး သစ်ပင်ကလေးမှာ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက (ဖက်ဒရယ်ဆွေးနွေးပွဲကို ရည်ညွှန်း) လုံးလုံး ဇီဝိန်ချုပ်ရတော့မလို ဖြစ်ခဲ့ရပါတယ်။ ဒီစည်းလုံးမှု အပင်ကလေး ဇီဝိန်ချုပ်ရင် ပြည်ထောင်စုလည်း လုံး၀ ပြိုကွဲပျက်စီးတော့မှာ မြင်တဲ့အတွက် တော်လှန်ရေးကို ဆင်နွှဲပြီး တော်လှန်ရေးကောင်စီက အခြေအနေကို ဝင်ထိန်းခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်၊ ၁၉၆၄၊ စာ – ၁၄)။

၄ မြန်မာ့နိုင်ငံရေး လောကမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေအတွက် နိုင်ငံရေးအရ ဆွဲဆောင်မှုရှိတဲ့ စကားလုံးဖြစ်ပေမယ့် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၉၃ ပါတီ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၄၃ ပါတီ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၉၁ ပါတီမှာ ဖက်ဒရယ်၊ ဖက်ဒရယ်အမည်ခံယူခဲ့တဲ့ ပါတီ လုံးဝမရှိခဲ့တာကို တွေ့ရပါတယ်။

၅ ဥပမာ – ၁၉၉၁ ခုနှစ်၊ ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၏ အမျိုးသား စည်းလုံးညီညွတ်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်း၍ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်နှင့် ၁၉၉၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က အမျိုးသားညွန့်ပေါင်းအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုတို့ လက်မှတ်ရေးထိုးခဲ့သော “မာနယ်ပလောစာချုပ်၊ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်”တို့ကိုကြည့်ပါ (မာနယ်ပလောစာချုပ်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်၊ ၃၁၊ ဇူလိုင်၊ ၁၉၉၂)။

၆ စာရေးသူ၏ လေ့လာချက်အရ တပ်မတော် စစ်ဥပဒေချုပ်ရုံးမှ ဖက်ဒရယ်နှင့် ပတ်သက်သော သဘောတရားများ၊ စာတမ်းများကို စုဆောင်းပြုစု လေ့လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

၇ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံမှာ တပ်မတော်မှ စာတမ်း စုစုပေါင်း (၁၀) စောင် တင်ပြခဲ့ပြီး အထက်ဖော်ပြပါ အချက်တွေကိုတော့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကနေ ပြန်လည်ထုတ်နှုတ် တင်ပြထားတာ ဖြစ်ပါတယ်။

■ ကျမ်းကိုးစာရင်း

မြန်မာဘာသာ

၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) (၁၉၉၁)၊

တက္ကသိုလ်များ စာပုံနှိပ်တိုက်၊ စာ -၁၃၄ မှ ၁၆၆။။

ဆလိုင်းလျန်မှုန်းဆာခေါင်း၊ (၂၀၁၅)၊ ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များ၊

တိုင်းရင်းသားလူမျိုးများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု၊ စာ – ၁၃၄။

ပြည်ထောင်စု မြန်မာနိူင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးဆွဲရေးအတွက် ရေးဆွဲတင်ပြသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း၊ တပ်မတော်မော်ကွန်းတိုက်၊ စာတွဲအမှတ် DR-၂၉၃၅

မာနယ်ပလောစာချုပ်၊ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးသဘောတူညီချက် ( ၃၁၊ ဇူလိုင်၊ ၁၉၉၂)၊

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ် (၁၉၆၄)၊

တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ အမြင်နှင့် ခံယူချက်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ စာ – ၁၄။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ၊ ဖက်ဒရယ်စနစ်၏ သဘောသဘာဝများ၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများအပေါ် လေ့လာသုံးသပ် ဆွေးနွေးတင်ပြခြင်း” အဖွဲ့(၁)၊ စာ ၂ မှ ၃။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံး တင်ပြခြင်း၊ စာ – ၄။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများမှ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အာဏာခွဲေ၀ ကျင့်သုံးခြင်းတို့အား ဆွေးနွေးတင်ပြခြင်း၊ စာ – ၃။

တိုင်းပြည်ပြုလွှတ်တော် စာတွဲ ၁၊ အစည်းအဝေး အမှတ် ၅(၁၉၄၇)၊ မြန်မာနိုင်ငံတော်အစိုးရ စာပုံနှိပ်တိုက်၊ စာ ၁၂၆ – ၁၄၂။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံတော်သမ္မတ အခန်းများနှင့် စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ (၁၉၉၅)၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်မည့် နိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံတော်အကြီးအကဲ အခန်းများနှင့် စပ်လျဉ်း၍ အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံ ကိုယ်စားလှယ် အစုအဖွဲ့များက တင်သွင်းသော အကြံပြုချက် စာတမ်းများ၊ အမျိုးသားညီလာခံ စုံညီအစည်းအဝေး၊ စာ – ၅၁၈။

သန်းလွင်ထွန်း (၂၀၁၄)၊ ကြီးလေးကြီးနှင့် တွေ့ဆုံခြင်း၊ ဗွီအိုအေ၊ စာ – ၄၈ မှ ၄၉။

လေ့လာသူတစ်ဦး (၁၀ သြဂုတ်၊၂၀၁၆ မှ ၁၄ သြဂုတ်၊ ၂၀၁၆ )၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ၊ မြဝတီသတင်းစာ။

ဟံသာဝတီသတင်းစာ၊ ၁၀-မတ်-၁၉၆၂။

အခန်း(၁)၊ အပိုဒ်(၆၊ စ) နိုင်ငံတော် အခြေခံမူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။

အခြေခံမူများ၊ ၁(က)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၂၀၁၅)။

အောင်စောဦး (၁၉၉၈)၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲမှတ်တမ်း၊ လွတ်လပ်ရေးရွှေရတု၊ စာ – ၄၈၄ မှ ၄၈၆။

ဦးအုန်းဖေ (၁၉၈၄)၊ ပင်လုံစစ်တမ်း၊ စံပယ်ဦး စာပုံနှိပ်တိုက်၊ စာ – ၁၆၉။

အင်္ဂလိပ်ဘာသာ

Aung Naing Oo. (2014, 21 August). Peace, Compromise and Federalism, Mizzima Business Weekly, 34 (3).

Doorn, J. (1971), Ideology and the Military, On Military Ideology. Rotterdam: Rotterdam University Press. XVIII.

Brand, M. (2012). “A Bird in the hand&.The Federal Pattern of Myanmar’s 2008 Constitution”. Unpublished paper.

Edrisinha, R. (2014), Bingham Centre Myanmar Project: Federalism in Asia (Report). Bingham Centre for the Rule of Law.

Eleven Media. (2015, 2 July). Exxlusive Interview with Commander-in-Chief of Defence Services Min Aung Hlaing.SHOULD PREFERABLY BE UNDER THE NAME OF THE JOURNALIST IF THERE IS ONE.

Ghai, Y. (2008). The 2008 Myanmar Constitution: Analysis and Assessment.

Hnin Yi (2014), The Political Role of the Military in Myanmar, RCAPS Working paper series, RDP 13003, 8.

Min Aung Hlaing. (2016, 6 May). Excerpts from the meeting with local media that reflect the stance and actions of the Tatmadaw. Facebook post from Senior-General Min Aung Hlaings facebook page.

Min Zin. (13 September). Why Peace is still a Tough Sell, The Irrawaddy.

Myawaddy (2016, 9 November). Senior General Min Aung Hlaing holds discussion at European Union Committee Meeting.

Steinberg, D. (2015, 26 February). Myanmar Grapples with Federalism, Nikkei Asian Review.

Watts, R. (2008). Comparing Federal Systems, Third Edition. Montreal/Kingston: McGill-Queen’s University Press.

The post ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင် appeared first on ISP Myanmar Peace Desk.

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု
ဂျွန် ဗျူခန်နန် ၂

■ ၁။ နိဒါန်း

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များထက် ပို၍ ငြိမ်းချမ်းသာယာမှု ရှိပါသလားဟူသော မေးခွန်းတစ်ခုလည်း ပေါ်ပေါက်လာပြီး ယခုဆောင်းပါးမှာမူ ပြည်တွင်းစစ် ဖြစ်နိုင်ခြေရှိသည့် အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကို ရှင်းလင်းဖော်ပြရန် ရည်ရွယ်ပါသည်။ ပဋိပက္ခဆိုင်ရာ သုတေသီများ၏ လေ့လာ သုံးသပ်မှုများအရ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများမှာ အမိန့်ပေး အာဏာပြစနစ်ကို ကျင့်သုံးသည့်နိုင်ငံများထက် ပြည်တွင်းစစ်ပေါ်ပေါက်မှု နည်းပါးကြောင်း အခိုင်အမာ ပြောကြားခဲ့ကြပါသည်။ (Gleditsch, Hegre, & Strand, 2009; Zanger, 2000; Hegre, 2001; Muler & Tseede, 1990; Sambanis, 2001) ထို့အပြင် ကျင့်သုံးသည့် ဒီမိုကရေစီစနစ်ချင်း မတူညီကြသော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို လုပ်ဆောင်နေဆဲ တိုင်းပြည်များတွင် ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားတတ်ကြောင်း တွေ့ရသည်ဟုလည်း ထောက်ပြ ပြောဆိုခဲ့ကြပါသည်။ (Gleditsch, Hegre & Stand, 2009; Mansfiedl & Snyder, 2005) ထို့အပြင် အုပ်ချုပ်ရေးစနစ်ပုံစံများကို ဂရုပြု လေ့လာခြင်းမှာလည်း မြန်မာနိုင်ငံမှ လက်နက်ကိုင် ပုန်ကန်တပ်ဖွဲ့များ ပေါ်ပေါက်လာမှုနှင့် ပတ်သက် ဆက်နွယ်နေပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အမိန့်ပေးအာဏာပြစနစ် အလှည့်အပြောင်းတစ်ခုလည်း ပေါ်ပေါက်လာရာ ဒီမိုကရေစီစနစ် အဆုံးသတ်သွားပြီး အမိန့်ပေးအာဏာပြ စစ်အာဏာရှင်စနစ်၏ အစပြုမှုလည်းဖြစ်ကာ တစ်ခါတရံ လက်ရှိဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်များနှင့်လည်း ပတ်သက် ဆက်နွယ်နေသည်ဟု သုတေသီများက ရှုမြင်သုံးသပ်ခဲ့ကြပါသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပေါ် ယင်းကဲ့သို့ အကဲဖြတ်ခြင်းနှင့် အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုအပေါ် အကဲဖြတ်ခြင်းမှာ နားလည်မှုလွဲမှားခြင်းဟုပင် ဆိုချင်ပါသည်။ မြန်မာနိုင်ငံ၏ ကာလရှည်ကြာလှသော လက်နက်ကိုင်တော်လှန်မှုအချို့မှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမတိုင်မီနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟု ယူဆထားသည့် အချိန်ကာလ အပိုင်းအခြားကတည်းက ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ယင်းတို့အနက်အချို့မှာ ကရင်၊ ရှမ်း၊ ကချင်နှင့် ကယားပြည်နယ်တို့မှ တိုင်းရင်းသားများ၏ လက်နက်ကိုင်ပုန်ကန်မှုများပင် ဖြစ်ကြပါသည်။

ယခုဆောင်းပါးမှာ အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ် အခင်းအကျင်းတို့၏ ဆက်နွယ်မှုများကို ရှင်းလင်းသုံးသပ်ရန်၊ ဒီမိုကရေစီစနစ် စီမံဆောင်ရွက်မှု ရုပ်လုံးပေါ်လာစေရေး ရှင်းလင်းဆွေးနွေးရန်နှင့် အစိုးရတစ်ရပ်သည် ဒီမိုကရေစီ ပိုဆန်လာခြင်း၊ သို့မဟုတ် အာဏာရှင် ပိုဆန်လာခြင်း ရှိ၊ မရှိတို့ကို စူးစမ်းလေ့လာ သုံးသပ်ပြရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိခဲ့သည်ဟု ယူဆထားသော ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီ အချိန်ကာလ အပိုင်းအခြားမှ ပြည်တွင်းစစ် အခင်းအကျင်းအပေါ် လေ့လာသုံးသပ်ကြည့်ခြင်းလည်း ဖြစ်ပါသည်။ အဓိက အငြင်းပွားဖွယ်ရာ အချက်တစ်ချက်မှာ အုပ်ချုပ်ရေးစနစ်ပုံစံများကို ခွဲခြားသတ်မှတ်သည့် အချက်အလက်များပင် ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်ရာတွင်လည်း မပြည့်မစုံ ဖြစ်နေနိုင်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ် ဖြစ်ပွားနိုင်ချေတို့အကြားမှ အပြုသဘောဆောင်သည့် ဆက်နွယ်မှုမှာ ချဲ့ထွင်ဖော်ပြခြင်းမျိုးသာဖြစ်ကြောင်း ပြသရန်ဖြစ်ပြီး ပိုမိုတိကျသည့် အချက်အလက်များနှင့် အုပ်ချုပ်ရေးစနစ် ရုပ်လုံးပေါ်လာအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခအပေါ် လွှမ်းမိုးမှုများကို အကဲဖြတ်ရန် ပို၍အသုံးဝင်မည်ဟု အကြံပြုလိုပါသည်။

ဆောင်းပါး တစ်ပုဒ်တည်းဖြင့် မြန်မာနိုင်ငံမှ များမြောင်လှသည့် ပဋိပက္ခများ ဖြစ်ပွားစေသည့် ကျိုးကြောင်းရင်းမြစ်များကို ပြည့်စုံစွာ ဖော်ပြနိုင်မည် မဟုတ်ပါ။ ထိုအစား “ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားမှု နည်းပါးသည်”ဟူသော သုတေသီများ၏အဆိုကို ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ အခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် အကဲဖြတ်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ယခုဆောင်းပါးဖြင့် ဒီမိုကရေစီ ရုပ်လုံးပေါ်လာအောင် စီမံဆောင်ရွက်ရာ၌ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို သတိပြုမိစေရန်လည်း ရည်ရွယ်ပါသည်။

ယခုဆောင်းပါးတွင် အပိုင်းလေးပိုင်း ပါဝင်ပြီး အပိုင်းတစ်ခုမှာ မြန်မာနိုင်ငံမှ ပဋိပက္ခကို သုတေသီများ၏ အမြင်အရ အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ်တို့အကြောင်း ရေးသားထားသည့် စာအုပ်စာပေများအား ပြန်လည် ဆန်းစစ်ထားခြင်း ဖြစ်ပါသည်။ တတိယအပိုင်းတွင် လွတ်လပ်ရေးရပြီးခေတ် ဖြစ်သည့် ၁၉၄၈-၆၂ ကြားကာလ ရှမ်းပြည်နယ်မှ အတွေ့အကြုံကို ရုပ်လုံးဖော်ထားပြီး အုပ်ချုပ်ရေးစနစ်ပုံစံ၊ ပဋိပက္ခများ ပေါ်ပေါက်လာခြင်းနှင့် ဒီမိုကရေစီစနစ် ရုပ်လုံးပေါ်လာအောင် ဖော်ဆောင်ရာမှ ဂယက်ရိုက်ခတ်မှုများကို အကဲဖြတ်ထားပါသည်။ နောက်ဆုံးအပိုင်းမှာ အဓိက အငြင်းပွားမှုများနှင့် မြန်မာနိုင်ငံအပေါ် ယင်းတို့၏ ဂယက်ရိုက်ခတ်မှုများအား ဆန်းစစ် သုံးသပ်ထားခြင်း ဖြစ်ပါသည်။

■ ၂။ အုပ်ချုပ်ရေးစနစ် ပုံစံများနှင့် ပြည်တွင်းစစ် အခင်းအကျင်းများ

ပြည်တွင်းစစ် ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ များမြောင် ရှုပ်ထွေးလှပြီး ပြည်တွင်းစစ် ပုံစံများမှာလည်း အမျိုးမျိုးရှိပါသည်။ ပြည်တွင်းစစ် အမျိုးအစားများကို ပိုင်းခြားသတ်မှတ်ရန်မှာ အစိုးရအပေါ် စိန်ခေါ်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်များကို ကြည့်ရှုလေ့လာရမည် ဖြစ်ပြီး ဗဟိုအစိုးရကို ထိန်းချုပ်လိုသည့် ရည်မှန်းချက်ရှိသော လက်နက်ကိုင် အဖွဲ့များနှင့်လည်း ပတ်သက်နေပါသည်။ နောက်ထပ် ထူးခြားသည့် သွင်ပြင်လက္ခဏာ တစ်ခုမှာ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လက်နက်ကိုင်အဖွဲ့များပင် ဖြစ်ပါသည်။ ၄ ဖြစ်ပွားနေသည့် စစ်ပွဲများအားလုံး တူညီမှုမရှိကြဘဲ ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားမှုထံ ဦးတည်သွားစေသည့် လမ်းကြောင်းအချို့လည်း ရှိနေပြန်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၄၈ ခုနှစ် ကွန်မြူနစ်တို့၏ လက်နက်ကိုင် ပုန်ကုန်မှုမှာ ကွဲပြားခြားနားပြီး ထို့ကြောင့်ပင် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ပေါ်ပေါက်လာခဲ့သည့် တိုင်းရင်းသားများ၏ လက်နက်ကိုင် ပုန်ကန်မှုကို အရှိန်အဟုန် မြင့်မားစေခဲ့ပါသည်။ ထို့နည်းတူ ပြည်တွင်းစစ် အဆုံးသတ်စေမည့် နည်းလမ်းများမှာလည်း များမြောင်ထွေပြားပြီး ပါဝင်သည့် လုပ်ငန်းစဉ်များမှာလည်း ပြည်တွင်းစစ် ဖြစ်ပွားစေသည့် မူလ အကြောင်းရင်းခံများအလိုက် ကွဲပြားခြားနားနေပြန်ပါသည်။ ပြည်တွင်းစစ် သို့မဟုတ် တိုက်ခိုက်မှုများ အဆုံးသတ်သွားစေမည့် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများ အများအပြား ရှိပါသည်။ နည်းလမ်းတစ်ခုမှာ အစိုးရနှင့် ၎င်းကို စိန်ခေါ်နေသည့် လက်နက်ကိုင် အဖွဲ့များအကြား ကျေအေးပြေငြိမ်းမှု ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းခြင်း၊ သို့မဟုတ် အပစ်အခတ်ရပ်စဲခြင်း ပြုလုပ်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပြီး အခြားတစ်ခုမှာမူ စစ်ရေးနည်းလမ်းအရ တစ်ဖက်ဖက်မှ တစ်ဖက်ဖက်ကို အပြီးသတ်တိုက်ခိုက် အောင်ပွဲခံရန်ပင် ဖြစ်ပါသည်။

ဒီမိုကရေစီနှင့် ပြည်တွင်းစစ်အကြား ဆက်သွယ်မှုကို လေ့လာရာတွင် တိုင်းပြည်အချင်းချင်း ဖြစ်ပွားသည့် စစ်ပွဲများအပေါ် အစောပိုင်း လေ့လာ သုတေသနပြုမှုများမှ မြစ်ဖျားခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် တိုင်းပြည်အချင်းချင်း စစ်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိမှုကို ရှင်းပြရန် အားထုတ်ထားပါသည်။ သို့သော်လည်း သုတေသီများ၏ တစိတ်တဝမ်းတည်း သဘောတူညီမှုအရ မည်သည့်အုပ်ချုပ်မှု စနစ်မျိုးက ပြည်တွင်းစစ် ဖြစ်ပွားစေသည် ဟုလည်း တပ်အပ် မပြောနိုင်သေးပါ။ သို့သော်လည်း အမိန့်ပေး အာဏာပြစနစ်ကို ကျင့်သုံးသည့် အုပ်ချုပ်ရေးစနစ်မှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ထက် ပြည်တွင်းစစ်ကို ပိုမိုဖြစ်ပွားစေသည်ဟု သုတေသီများက အခိုင်အမာ ပြောဆိုခဲ့ကြပါသည်။ သာဓကအနေဖြင့် အားကောင်းသည့် ဒီမိုကရက်တစ် အင်စတီကျုးရှင်းများ မရှိခြင်းမှာလည်း နိုင်ငံရေးအရ အကြမ်းဖက်မှုအန္တရာယ်ကို တိုးပွားစေကြောင်း အာဖရိက ပြည်တွင်းစစ်ရေးရာ သုတေသီများက တွေ့ရှိခဲ့ကြပါသည်။ (Elbadawi & Sambanis, 2000)

ယင်းအဆိုနှင့် ပတ်သက်၍ ကွဲပြားသော ပုံသဏ္ဍာန်အမျိုးမျိုးလည်း ရှိပါသည်။ ၎င်းတို့အနက် ဒီမိုကရက်တစ် အင်စတီကျုးရှင်းများနှင့် လုပ်ငန်းစဉ်များမှာ ပေါ်ပေါက်လာရန် အလားအလာရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ နှစ်သိမ့်ချွေးသိပ်ခံရမည့် အကျိုးသက်ရောက်မှုများ ရှိနိုင်ပြီး အားလုံး ပိုမိုပါဝင်လာနိုင်စေရန်နှင့် အပြန်အလှန် ဟန်ချက်ညီ ထိန်းကျောင်းမှုများလည်း လိုအပ်ပါသည်။ (Fearon, 2004, 288; Gurr, 1968) ဒီမိုကရက်တစ်နှုန်းစံ တန်ဖိုးများ၏ အခန်းကဏ္ဍဆိုင်ရာ အခြားသော ကွဲပြားခြားနားသည့် အချက်များမှာလည်း ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသို့ ဦးတည်သွားစေခဲ့ပါသည်။ (Maoz, Zeev & Bruce M Gsusett,1993; Doyle, 1986)

■ အုပ်ချုပ်ရေးစနစ်များကို သုံးသပ် အကဲဖြတ်ခြင်း

ပြည်တွင်းစစ် ဖြစ်ပွားစေသည့် အုပ်ချုပ်ရေးစနစ်၏ လွှမ်းမိုးမှုကို အကဲဖြတ်ရာ၌ သုတေသီများအားလုံး သဘောချင်း ကိုက်ညီသည့် ချဉ်းကပ်မှုတစ်ခုမှာ ပြီးပြည့်စုံသည့် အသေးစိတ် အချက်အလက်များကို အသုံးချသည့် econometric ပုံစံများကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ထိုပုံစံများကို အသုံးပြုပြီး နောက်ကြောင်းပြန် ခွဲခြမ်းစိတ်ဖြာသည့် နည်းစနစ်များဖြင့် မည်သည့် အချက်အလက်များက ပြည်တွင်းစစ်နှင့် ဆက်စပ်နေသည် ဆိုခြင်းကို ခွဲခြား သတ်မှတ်ခြင်းလည်း ဖြစ်ပါသည်။

သုတေသီများသည် အုပ်ချုပ်ရေးစနစ် ပုံစံတစ်ခု၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန် တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်မှုပုံစံကို နှစ်စဉ်နှစ်တိုင်း ဆန်းစစ် အကဲဖြတ်ပေးသည့် အခြားသုတေသီများ၏ အချက်အလက်များကို အခြေခံပြီး ဇယားရေးဆွဲကြပါသည်။ ထို့ပြင် ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားနိုင်သည့် ဖြစ်တန်စွမ်းမှာ ဒီမိုကရေစီစနစ်၊ သို့မဟုတ် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ် မည်သည့် စနစ်အောက်တွင် ပိုများကြောင်းကိုလည်း ရေတွက်တိုင်းတာ ခွဲခြမ်း စိတ်ဖြာ အကဲဖြတ်ထားသည့် အချက်အလက်များအပေါ် အခြေခံရန် အရေးပါကြောင်း သတိပြုရပါမည်။ ထို့ကြောင့် econometric ပုံစံ၏ ခန့်မှန်းချက်များနှင့် ကွဲလွဲမှုများ ရှိသည့် ချွင်းချက် သို့မဟုတ် စီစဉ်လျာထားချက်များလည်း ရှိလာနိုင်ပါသည်။

ကိန်းဂဏန်း အချက်အလက်များမှာ တိုင်းပြည်အသီးသီးတွင် ကျင့်သုံးနေသည့် အုပ်ချုပ်ရေးစနစ် ပုံစံများပေါ် မူတည်၍ ကွဲပြားခြားနား နေနိုင်ပါသည်။ Polity IV ပရောဂျက်မှာ အပြည့်စုံဆုံးနှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အချက်အလက်များပင် ဖြစ်ပါသည်။ ၅ Polity IV ပရောဂျက်မှ ထုတ်ပြန်သည့် အချက်အလက်တစ်ခုမှာ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာနှင့် အသွင်ကူးပြောင်းရေး ကာလများအကြောင်းပင် ဖြစ်ပြီး ၁၈၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာများကို သုတေသီများက တပေါင်းတစည်းတည်း စာတန်းပြုစုထား ခြင်းဖြစ်ရာ နှိုင်းယှဉ်လေ့လာခြင်းနှင့် အရေအတွက်အရ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရန် ရည်ရွယ်ပါသည်။ အုပ်ချုပ်မှုစနစ် ပုံစံတစ်ရပ်ကို အကဲဖြတ်မှုမှာ အောက်ပါ အချက်လေးချက်အပေါ် အခြေခံပါသည်။ ယင်းတို့မှာ-

(၁) နိုင်ငံရေးအရ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းကို နှိုင်းယှဉ်မှု

(၂) ဆက်ခံမည့် ခေါင်းဆောင်သစ် မွေးထုတ်နိုင်ခြင်းကို နှိုင်းယှဉ်မှု

(၃) ဆက်ခံမည့် ခေါင်းဆောင်သစ် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု

(၄) ခေါင်းဆောင် အကြီးအကဲအတွက် ကန့်သတ်ပိတ်ပင် တားဆီးမှုများ စသည်တို့ ဖြစ်ကြပါသည်။

ထိုအချက်များကို အသုံးပြု၍ တစ်ခုတည်းသော သက်ဦးဆံပိုင် စနစ်မှသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများအထိ အဆင့်ရွေးချယ် သတ်မှတ်ထားပြီး အနှုတ် -၁၀ (အစဉ်အဆက် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးသောနိုင်ငံများ) မှသည် အပေါင်း +၁၀ (ဒီမိုကရေစီစနစ် ခိုင်မာအမြစ်တွယ်ပြီးသော နိုင်ငံများ)အထိ အမှတ်ပေး အကဲဖြတ်သွားပါသည်။ (Marshal & Jagers, 2007)

■ ဇယား(၁) Polity IV ၆

Polity IV ပရောဂျက်၏ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာနှင့် အသွင်ကူးပြောင်းရေးကာလများ ဇယားတွင် (-၁၀ မှ +၁၀) အထိ သတ်မှတ်ထားသည့် သက်ဦးဆံပိုင်-ဒီမိုကရေစီ အတိုင်းအတာ စကေး၌ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းရှိ မြန်မာနိုင်ငံ၏အဆင့်မှာ လွန်စွာမြင့်မားခဲ့ပြီး +၈ အထိပင် ရရှိခဲ့ပါသည်။ (ဇယား ၁ တွင်ကြည့်ပါ) ၁၉၆၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အဆင့်လျော့ကျသွားပြီး -၆ နှင့် -၈ ကြားထဲတွင်သာ ရှိနေခဲ့ပါသည်။ ထိုဇယားအရ အဆင့် စတင်လျော့ကျလာသည့်အချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု အပြီးတွင်ဖြစ်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လာချိန်တွင် အဆင့် ပြန်လည် မြင့်တက်လာခဲ့ပါသည်။

အုပ်ချုပ်ရေးစနစ် ပုံစံများကို အကဲဖြတ်ရာ၌ ကျိုးကြောင်းညီညွတ် ခိုင်လုံပြီး တရားနည်းလမ်း မကျမှုများ ပေါ်ပေါက်လာနိုင်သည် ဟူသော သုတေသီတချို့၏ ယူဆချက်များလည်း ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၎င်းတို့၏ ယူဆချက်မှာ အုပ်ချုပ်ရေးစနစ် ပုံစံတစ်ခု၏ ဒိုင်းနမစ် အယူအဆများကို ဘက်တစ်ဖက်တည်းမှ ချဉ်းကပ်အကဲဖြတ် သတ်မှတ်ခြင်းအားဖြင့် အုပ်ချုပ်ရေးစနစ် တစ်ခု၏ အရေးပါသည့် ထူးခြားသော ကြန်အင်လက္ခဏာများ ပျောက်ဆုံးသွားနိုင်သည့် အန္တရာယ်လည်း ရှိနေနိုင်သည်ဟူသောအချက် ဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင် (Carothers, 1999) က “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် မည်သည့် တိုင်းပြည်တွင်မဆို အသေးငယ်ဆုံး အစိတ်အပိုင်းများအထိ သေသပ်တိကျစွာ ကျဆုံး ရပ်ဆိုင်းသွားရန် မဖြစ်နိုင်ပါ။ ဤကဲ့သို့ သတင်းအချက်အလက် အနည်းငယ်ကိုသာ ဆုံးဖြတ်ရမည့် စံနှုန်းမှတ်ကျောက်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးအရ အဆက်အစပ်များကို ကျေကျေညက်ညက် နားလည် သဘောပေါက်မှု၊ နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံခြင်းမရှိပါက အပရိက အပေါ်ယံမျှသာ ဖြစ်လာနိုင်ပြီး အန္တရာယ်များလှသည့် ရလဒ်များသာ ထွက်ပေါ်လာနိုင်ပေမည်”ဟု အခိုင်အမာ ဆိုခဲ့ပါသည်။ (Carothers, p. 291)

သာဓက အနေဖြင့် Polity IV ၏ အချက်အလက်များ (Marshal & Jagers, 2007) တွင် “ဗဟိုအစိုးရ အာဏာပိုင်မှုအရ နယ်မြေဒေသဆိုင်ရာ လွှမ်းခြုံနိုင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ” မပါဝင်ပါ။ (p. 2) တစ်နည်းပြောရမည်ဆိုပါက အစိုးရ အာဏာပိုင်များက နယ်မြေဒေသအလိုက် ချမှတ် ကျင့်သုံးနေသည့် မူဝါဒ အပြောင်းအလဲများကို လုံလောက်စွာ အာရုံစူးစိုက်ထားခြင်း မရှိပါ။ သုတေသီများ အားထုတ် ကြိုးပမ်းထားသည့် အခြားအယူအဆ တစ်ခုမှာလည်း Polity IVအနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များ၏ အစိတ်အပိုင်းတစ်ရပ်ဟု ယူဆထားသော တိုင်းသူပြည်သားများ၏ လွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးစနစ်တစ်ရပ်က မည်ကဲ့သို့ အထောက်အပံ့ ပေးနိုင်သည်ဟု တိတိကျကျ အကဲဖြတ် သုံးသပ်နိုင်ခဲ့ခြင်း မရှိပါ။ (Marshal and Jagers, 2007, p. 13)

မြန်မာနိုင်ငံ၏ နိုင်ငံရေး ရာဇဝင်ကို အချိန်ကာလ ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှာ အုပ်ချုပ်ရေးစနစ်ပုံစံ တစ်မျိုးပြောင်းလဲခြင်း ဖြစ်သည်ဟူသည့် အလားတူအမြင်မျိုး ရရှိနိုင်ပါသည်။ ၇ ၁၉၆၂ ခုနှစ်၊ မတ် ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးကောက် တင်မြှောက်ထားသည့် ဝန်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ကို ဖယ်ရှားလိုက်ပြီး တော်လှန်ရေးကောင်စီဟု ခေါ်သည့် စစ်တပ်မှ အရာရှိများပါဝင်သော အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာသိမ်း စစ်အစိုးရအနေဖြင့် အရေးပါ အရာရောက်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့ရာ ဒီမိုကရက်တစ် အင်စတီကျုးရှင်းများကိုလည်း တစတစ စနစ်တကျ ဖျက်သိမ်းခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံသည်လည်း အထီးကျန်မှုနှင့် စီးပွားရေးကျဆင်းမှုများ တိုးပွားလာခဲ့ရပါသည်။ သုတေသီများက ထိုဖြစ်ရပ်ကို အကွဲအအက် လမ်းခွဲတစ်ခုအဖြစ် မကြာခဏ ဖော်ပြကြပြီး ပါလီမန် ဒီမိုကရေစီစနစ် အဆုံးသတ်သွားကာ စစ်တပ်လက်အောက်၌ အမိန့်ပေး အာဏာပြအုပ်ချုပ်မှု စတင်လာခြင်းလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးခေတ် နိုင်ငံရေးရာဇဝင်အရ ကွဲပြားခြားနားသည့် အချိန်ကာလ အပိုင်းအခြားများလည်း ရှိသည့်အတွက် ပဋိပက္ခများ ပျံ့နှံ့ဖြစ်ပွားစေသည့် အုပ်ချုပ်ရေးစနစ် တစ်ခု၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန် မရည်ရွယ်ထားပါ။ သို့သော်လည်း ၁၉၆၂ ခုနှစ်မှ ဗဟိုအစိုးရ ဖွဲ့စည်းပုံများကို အာရုံစူးစိုက် လေ့လာခြင်းအားဖြင့် ထင်ရှားသော အပြောင်းအလဲများအား အလေးအနက် သုံးသပ်ထားခြင်းမျိုးကို Polity IV တွင် တွေ့ မြင်ရပါသည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပေါ် အာရုံစူးစိုက် လေ့လာခြင်းမှာလည်း ရှုပ်ထွေးလှသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးရာဇဝင်ကို ခွဲခြမ်းစိပ်ဖြာ သုံးသပ်ရာ၌ အသုံးဝင်လှပါသည်။ သို့သော်လည်း ထိုသို့ ချဉ်းကပ်ခြင်းမျိုးမှာ မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ဖြစ်ပွားနေသော နိုင်ငံရေးအပြောင်းအလဲ အမျိုးမျိုးအပေါ် အမြင်မှုန်ဝါးသွားစေနိုင်ပြီး ပြည်တွင်းစစ်များ မည်သည့်အချိန်၊ မည်သည့်နေရာမှ စတင်ပေါ်ပေါက်လာသည် ဆိုခြင်းကို အကဲဖြတ်ရာတွင် ယေဘုယျကျသည့် မူဘောင်တစ်ခု ရရှိစေနိုင်ပါသည်။ နောက်ဆက်တွဲ အနေဖြင့် ပြောရမည်ဆိုပါက မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်များကို ပဲ့ကိုင်နေသူများမှာ ၁၉၆၂ နောက်ပိုင်း စစ်အာဏာရှင်စနစ်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်ပုန်ကန်တပ်ဖွဲ့များမှာ ၁၉၆၂ ခုနှစ် မတိုင်မီကတည်းက ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ဒီမိုကရေစီခေတ်ဟု ယူဆထားသည့် အချိန်ကတည်းက ဖြစ်ပွားနေခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ၈ ယင်းတို့အနက် ကရင်လက်နက်ကိုင် အဖွဲ့များ၏ ပုန်ကန်မှုမှာ ၁၉၄၈ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) မှာ ၁၉၆၁ ခုနှစ်နှင့် ရှမ်းတို့၏ လက်နက်ကိုင်ပုန်ကန်မှုမှာ ၁၉၅၉ ခုနှစ်ကတည်းက အသီးသီး စတင်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

■ ၃။ အုပ်ချုပ်ရေး ပုံစံများနှင့် ပဋိပက္ခများ၏ ဆက်စပ်မှုကို သမာသမတ်ကျစွာ ချဉ်းကပ်ကြည့်ခြင်း

■ ရှမ်းပြည်နယ်(၁၉၄၈-၁၉၆၂)

လွတ်လပ်ရေးရပြီး အစောပိုင်းကာလမှ ရှမ်းပြည်နယ်ကို လေ့လာရာတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ပြည်တွင်းစစ် ဖြစ်ပွားမှုများ ပို၍ လျော့နည်းသွားသလား ဆိုခြင်းကို အကဲဖြတ် သုံးသပ်ရန်နှင့် တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်ရေးစနစ်ကို အကဲဖြတ်ရာတွင် ယေဘုယျအားဖြင့် အသုံးပြုနေသည့် နှုန်းစံတန်ဖိုးများမှာ သင့်တော်မှု ရှိ၊ မရှိ ဆိုသည်ကို ဆန်းစစ်ရန် ကြိုးပမ်းထားပါသည်။ ယခုဆောင်းပါး၏ အာဘော်ကို ရန်ကုန်ဗဟိုအစိုးရ ကွက်ကွက်ကလေးထက် ကျော်လွန် သုံးသပ်ထားပြီး နိုင်ငံဗဟိုပြု ခွဲခြမ်းစိတ်ဖြာမှုများတွင် တွေ့ရတတ်သည့် ဗဟိုအစိုးရ အဖွဲ့အစည်းများ၏ အပြောင်းအလဲများကို အလေးအနက် ထားပါသည်။ ထို့ကြောင့် ယခုဆောင်းပါး၌ သမာသမတ်ကျသည့် ချဉ်းကပ်မှုမျိုးကို အသုံးပြုထားပြီး ပြည်တွင်း အခြေအနေများ၊ ပြည်တွင်းမှ အစိုးရအုပ်ချုပ်မှုများ၏ အပြောင်းအလဲအပေါ် အကဲဖြတ်မှုများကိုလည်း အသားပေး ရေးသားထားပါသည်။

၁၉၅၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တန့်ယန်းမြို့ကို တိုက်ခိုက်မှုမှာ ရှမ်းတိုင်းရင်းသားတို့၏ ခုခံတော်လှန်ရေး လှုပ်ရှားမှု စတင်ခြင်းပင်ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပွားနေသည့် တိုင်းရင်းသားရေးရာ ပဋိပက္ခလည်း ဖြစ်ပါသည်။ ၉ ထိုတိုက်ပွဲအပြီးတွင် အမျိုးမျိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြိုင်းအရိုင်း ပေါ်ထွက်လာကာ အစိုးရကို ဆန့်ကျင်တော်လှန်ကြပြီးနောက် ရှမ်းတိုင်းရင်းသားများ ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် တဖြည်းဖြည်း ပေါင်းစည်းဆက်စပ် သွားခဲ့ကြပါသည်။ ထိုအထဲတွင် နွံစစ်ဟန်၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (SIA)၊ ရှမ်းအမျိုးသားတပ်မတော် (SNA) နှင့် ညီညွတ်သော ရှမ်းအမျိုးသားများတပ်ဦး (SNFU) တို့လည်း ပါဝင်ခဲ့ကြပါသည်။ ၁၀ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် အစောပိုင်းမှစ၍ ရှမ်းပြည်နယ်၌ တိုက်ခိုက်မှုများ စတင်ပေါ်ပေါက်လာရာ ဗမာ့တပ်မတော် အနေဖြင့် ပြည်တွင်းသာမက ပြည်ပ လက်နက်ကိုင်အဖွဲ့များနှင့်ပါ ထိတွေ့မှုများ ရှိလာခဲ့ပါသည်။ ၁၉၅၈ ခုနှစ်၌ ရှမ်းပြည်နယ်မှ ပဋိပက္ခအများစု တည်ငြိမ်သွားရာ အစောပိုင်း လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုများလည်း အားနည်းသွားရာ ယင်းမှာလည်း ဝန်ကြီးချုပ်ဦးနု၏ “Arms for Democracy” အစီအစဉ်အရ လက်နက်ကိုင် ပုန်ကန်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်အတွက် လက်နက်ကိုင် ပုန်ကန်တပ်ဖွဲ့ဝင်များ လက်နက်စွန့်ပြီး သာမာန်အရပ်သားများ ဖြစ်သွားခဲ့ ကြသည့် အကျိုးရလဒ်ပင် ဖြစ်ပါသည်။ (Smith, 1999, p. 167-169)

တန့်ယန်းတိုက်ပွဲမှာ ခုခံတော်လှန်မှု အဆင့်သစ်တစ်ဆင့် စတင်မှုအဖြစ် ထင်ရှားပြီး လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း “တိုင်းရင်းသားရေးသည်သာ အမျိုးသားရေး”ဟူသော ရည်မှန်းချက် လမ်းကြောင်းများအတိုင်း လိုက်ပါ ဆောင်ရွက်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်အနေဖြင့် ၁၉၅၉ မတိုင်မီ ကတည်းက အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ရှမ်းတိုင်းရင်းသားများအပေါ် အပြင်းအထန် ရိုက်ခတ်မှုများရှိခဲ့ရာ ရှမ်းလူမျိုးများအကြားတွင်လည်း နစ်နာမှုများ ပေါ်ပေါက်လာခဲ့ပါသည်။ နစ်နာမှုတစ်ခုမှာ ရှမ်းပြည်နယ်တွင် စစ်ဝါဒလွှမ်းမိုးမှု တိုးမြင့်လာခြင်းပင်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များသည်လည်း ရှမ်းပြည်နယ်ရှိ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်သည့် အခန်းကဏ္ဍများ တိုးပွားလာခဲ့ပါသည်။

၁၉၄၈ ခုနှစ် နှောင်းပိုင်းတွင် မြန်မာတစ်ပြည်လုံးအနှံ့ လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ရှမ်းပြည်နယ်တွင်လည်း တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာပြီး ပြည်တွင်းမှာသာမက ပြည်ပလက်နက်ကိုင် အဖွဲ့များပင် ပါဝင်လာခဲ့ပါသည်။ ပြည်တွင်းမှ လက်နက်ကိုင်အဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့၊ လက်ဝဲဝါဒီများ၏ ရည်မှန်းချက်များအတိုင်း လိုက်နာကျင့်သုံးသည့် သက်တမ်း မရှည်ကြာလိုက်သော ရှမ်းပြည်ကွန်မြူနစ်ပါတီတို့ပင် ဖြစ်ကြပါသည်။ ကရင်အမျိုးသားကာကွယ်ရေးအစည်းအရုံး (KNDO)၊ ကချင်တို့၏ ပန်ကွမ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNFD)နှင့် ပအိုဝ်းသမဂ္ဂ (POU) တို့သည်လည်း ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့များဖြစ်ကြပြီး “တိုင်းရင်းသားရေးသည်သာ အမျိုးသားရေး”ဟူသော နိုင်ငံရေးသံန္နိဋ္ဌာန်များကို ရှေ့တန်းတင်ပြီး လှုပ်ရှားခဲ့ကြပါသည်။ ထို့အပြင် ၁၉၄၉ ခုနှစ်၌ ချန်ကေရှိတ်၏ စစ်ရှုံး ကူမင်တန်တပ်များသည်လည်း တရုတ်ပြည်ကို ဖြတ်ကျော်၍ ရှမ်းပြည်နယ်ထဲသို့ ဝင်ရောက် လာခဲ့ကြပြန်ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ ကူမင်တန်တပ်များ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့ရာ ၁၉၅၀ ပြည့်နှစ် အလယ်ပိုင်း၌ ရှမ်းပြည်နယ်ရှိ ကူမင်တန်တပ်ဖွဲ့ဝင် အင်အားမှာ ၁၂၀၀၀ ခန့်အထိ ရှိလာခဲ့ပါသည်။

ဤသို့ဖြင့် နိုင်ငံတော်လုံခြုံရေးကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာရသောအခါ တပ်မတော်မှ တပ်မှူးကြီးများသည် ရှမ်းပြည်နယ်သို့ လက်နက်ကိုင်တပ်ဖွဲ့များ စေလွှတ်ဖြန့်ကျက် ချထားခဲ့လေသည်။ ထို့အပြင် ရှမ်းပြည်နယ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ဥပဒေကဲ့သို့ အာဏာတည်သော လုပ်ပိုင်ခွင့်များကိုလည်း တိုးမြှင့် ရရှိလာခဲ့ကြလေသည်။ ထို့နောက် ၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အတွင်း အစိုးရက ရှမ်းပြည်နယ်ရှိ ခရိုင်ပေါင်း ၃၃ ခုအနက် ၂၂ ခုကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တိုက်ပွဲများနှင့် ပတ်သက်၍ စွဲချက်တင်နိုင်ရန် ဥပဒေကဲ့သို့ အာဏာတည်သော လုပ်ပိုင်ခွင့်များကိုလည်း အပ်နှင်းခဲ့ပြန်ပါသည်။ ယင်းမှာ အရပ်ဘက် တရားရုံးများ၏ တရားစီရင်ခွင့်ကို ဆိုင်းငံ့ထားပြီး တပ်မတော်မှ အရာရှိများ၏ အုပ်ချုပ်မှုနှင့် မိတ်ဆက်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။၁၁ မာရှယ်လော သက်တမ်း ကုန်ဆုံးသည့်အခါတွင်လည်း တပ်မတော်မှ အရာရှိများမှာ ပုန်ကန်သူများကို ထောက်ပံ့ကူညီပေးသည်ဟု သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းပိုင်ခွင့်များကိုလည်း ရရှိခဲ့ပါသည်။ ၁၂

အခြားသော အရေးပါ အရာရောက်သည့် အပြောင်းအလဲများမှာလည်း ထိုအချိန်ကာလ အပိုင်းအခြားအတွင်း ဖြစ်ပွားခဲ့ပါသည်။ ယင်းတို့အနက် တစ်ခုမှာ ဗဟိုအစိုးရအဆင့် နိုင်ငံရေးစနစ်တွင်လည်း ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဟုတ်ဘဲ တရားဥပဒေနှင့် မညီသည့် စစ်အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၅၈ ခုနှစ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ကြိုးကိုင် ချယ်လှယ်ပြီး ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့ရာ အိမ်စောင့်အစိုးရအဖြစ် လူသိများခဲ့ပါသည်။ နှစ်နှစ်ခန့် ကြာပြီးနောက် အိမ်စောင့်အစိုးရမှ ရွေးကောက်ပွဲများ ကျင်းပပေးခဲ့ရာ ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရအဖွဲ့မှ အာဏာပြန်လည် ရယူနိုင်ခဲ့ပါသည်။ နောက်ထပ် အပြောင်းအလဲတစ်ခုမှာ ပြည်တွင်းရှိ အထွေထွေအုပ်ချုပ် စီမံခန့်ခွဲရေးစနစ်အတွက် အဓိက အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ရှမ်းပြည်နယ်ရှိ အစဉ်အလာအရ ပဒေသရာဇ် ခေါင်းဆောင်များဟု ဆိုနိုင်သည့် ရှမ်းစော်ဘွားများပိုင်နယ်မြေ ၃၃ နယ်မှာ ယခင်က ရှမ်းစော်ဘွားများ ကိုယ်ပိုင်စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့်ရှိသော နယ်မြေများ ဖြစ်ကြပါသည်။ ၁၉၅၉ ခုနှစ် အစောပိုင်းတွင်မူ စော်ဘွားများ အာဏာ စွန့်လွှတ်လိုက်ရပြီး ရှမ်းပြည်နယ်အတွင်းမှ စော်ဘွားပိုင်နယ်များ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကိုလည်း အစိုးရထံ လွှဲပြောင်းပေးခဲ့ရပါသည်။ သို့ရာတွင် စော်ဘွားများ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကို အစားထိုးရန် ထိရောက်သော အထွေထွေအုပ်ချုပ် စီမံခန့်ခွဲမှုစနစ် တစ်ရပ်ဖြင့် အောင်အောင်မြင်မြင် ပြန်လည် အစားထိုးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ရှမ်းလူမျိုးအတွက် နစ်နာမှုများ ပေါ်ပေါက်လာစေသည့် ရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပြန်ပါသည်။

၁၉၆၂ ခုနှစ် မတိုင်မီ အချိန်ကာလအတွင်းကလည်း ကူမင်တန် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုဒေသများတွင် မှီတင်း နေထိုင်နေသူများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်မှုများ တိုးပွားလာခဲ့ပါသည်။ ဒေသခံများ၏ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်း၊ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများလည်း ပေါ်ပေါက်လာခဲ့ပြီး ကူမင်တန် တပ်သားများက အရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်းများ ရှိသည်ဟု အချို့စာအုပ်များထဲတွင် ညွှန်းဆို ဖော်ပြခဲ့ကြပါသည်။ (Government of Burma, 1953; Maung Maung, 1953) သို့သော်လည်း တပ်မတော်မှ အချို့တပ်ဖွဲ့များကလည်း အရပ်သားများကို ညှင်းပန်း နှိပ်စက်ခဲ့သည်ဟု စာအုပ်အချို့က ဆိုပါသည်။ (Ba Tsin Thann, n.d., p. 175; Yawnghwe, 2010, p. 105)

နိုင်ငံရေးနှင့် ပတ်သက်သည့် အခြားအကြောင်းချင်းရာ တစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပင် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၀) တွင် ရှမ်းနှင့်ကယား နှစ်ပြည်နယ်လုံးသည် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ခွဲထွက်ပိုင်ခွင့် ရှိသည်ဟူသောအချက် ပါဝင်ပါသည်။ အဆိုပါ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်မှာ အချို့သော အစိုးရအဖွဲ့ဝင်များကြောင့် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟူသော အမြင်များ တိုးပွားလာခြင်းကြောင့် တပ်မတော်၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု ပြုလုပ်ခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်သော အချက်တစ်ချက် ဖြစ်လာခဲ့ပါသည်။ (Taylor, 2015: p. 255-6)

၁၉၅၉ ခုနှစ် ရှမ်းပြည်နယ်၌ ခုခံတော်လှန်မှုများ ပျံ့နှံ့ဖြစ်ပွားစေခဲ့သည့် အကြောင်းအရာများမှာ ရှုပ်ထွေးလှသည်ဖြစ်ရာ ယခုဆောင်းပါး တစ်ပုဒ်တည်းဖြင့် ပြည့်စုံအောင် ဖော်ပြနိုင်မည် မဟုတ်ပါ။ ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံရေးစနစ်မှာလည်း တိုင်းရင်းသားများ၏ နစ်နာမှုများနှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသားရေးရာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့ပါ။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ နစ်နာမှုများအနက် ထင်ရှားသော အကြောင်းအချက်များအနက် တစ်ခုမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ နိုင်ငံရေးအရ စီစဉ်မှုပင် ဖြစ်ပါသည်။ ယင်းမှာ နိုင်ငံရေးစနစ်သစ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လုံလောက်စွာ မရရှိဟု ရှမ်းပြည်နယ်သားများက ခံစားနေခဲ့ရပါသည်။ ထို့အပြင် တပ်မတော်က ဒေသခံများကို ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကလည်း အစိုးရအပေါ် ဆန့်ကျင်စေရန် မကျေနပ်မှုများကို ဖန်တီးပေးခဲ့ပါသည်။ သာဓက အနေဖြင့် ၁၉၅၅ ခုနှစ် ကူမင်တန်များကို တိုက်ခိုက်ခဲ့သည့် ရန်ကြီးအောင် စစ်ဆင်ရေးအတွင်းက အရပ်သားများကို လူသစ် စုဆောင်းခဲ့ခြင်းကလည်း ရှမ်းပြည်နယ်မှ လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ပေါက်စေခဲ့သည့် အချက်တစ်ချက် ဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးဟောင်း စဝ်၀ဏ္ဏက မှတ်ချက်ပြု ပြောဆိုခဲ့ဖူးပါသည်။ ၁၃

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြားဒေသများတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တို့မှာ အကြောင်းချင်းရာများ ကွဲပြားခြားနားပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ် သက်ရောက်မှု ရှိပါသလား။ ထို့ပြင် အဆိုပါ ကိစ္စများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားမှု နည်းပါးသည်ဟူသော အဆိုပြုချက်အတွက် ချွင်းချက်ဖြစ်သည့် သာဓကများ ဖြစ်ပါသလား။ သို့မဟုတ် ထိုအချက်အလက်များမှာ ဒီမိုကရေစီစနစ် မပြည့်မစုံ ဖြစ်နေသေးခြင်း၊ (ဝါ) အခြားသော သုတေသီများက အကြံပြုထားသည့်အတိုင်း အတိအကျ ဖြစ်ပေါ်မလာခြင်းမျိုး ဖြစ်ပါသလား။ ကြားဝင် ဖြန်ဖြေပေးနိုင်သည့် အခြားအချက်များ၊ သို့မဟုတ် တင်းမာမှု လျော့ကျသွားစေနိုင်မည့် အခြေအနေများ ရှိပါသေးသလား။

အထက်ပါ မေးခွန်းများ၏ အဖြေများမှာ အုပ်ချုပ်ရေးစနစ် ပုံစံများကို အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခြင်းနှင့်လည်း သက်ဆိုင်နေပါသည်။ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အုပ်ချုပ်ရေးစနစ် ပုံစံများအတွက် သင့်တော်သည့် စီမံဆောင်ရွက်မှု များမှာလည်း ပညာရှင်၊ သုတေသီများအကြားတွင်ပင် အငြင်းပွားမှုများ ရှိနေခဲ့ပါသည်။ (Hösgtröm, 2013; Cheibub, Przeworski, Limongi, & Alvarez, 1996)

ဒီမိုကရေစီစနစ်တွင် ပြည်တွင်းစစ်များ လျော့နည်းသွားသည်ဟု သုတေသီများက Polity IV တွင် ဖော်ပြထားသည့်အတိုင်း ဆိုလျှင် ဒီမိုကရေစီခေတ်ဟု သတ်မှတ်ထားသည့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ချွင်းချက်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ၁၉၅၈ ခုနှစ် မတိုင်မီက ဦးနုအစိုးရ ကမ်းလှမ်းခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအရ အဖြေရှာရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ မျှော်လင့်ချက်များမှာလည်း အပြောင်းအလဲမရှိဘဲ တသမတ်တည်းသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုကာလ အတောအတွင်း အစိုးရ၏ အင်စတီကျုးရှင်းများမှာလည်း လက်ခံနိုင်ဖွယ် မရှိသည့် အငြင်းပွားဖွယ် နိုင်ငံရေးကိစ္စရပ်များကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ပါ။ ထို့အပြင် အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် လက်တွေ့ကျကျ ထိတွေ့အဖြေရှာရန် ကြိုးပမ်းခဲ့ပြန်သော်လည်း မတည်ငြိမ်မှုများသာ ဖြစ်ပေါ်လာပြီး တိုင်းရင်းသား လူမျိုးတချို့အတွက် နစ်နာမှုများ ဖြစ်ခဲ့ရပါသည်။ ရှမ်းပြည်နယ်တွင်လည်း တပ်မတော်၏ ပုန်ကန်မှုနှိမ်နင်းရေးဆိုင်ရာ စွဲချက်တင် အရေးယူမှုများနှင့် ကူမင်တန်များကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက်လည်း အစိုးရဆန့်ကျင်ရေး မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားတို့၏ နစ်နာချက်များကို ဖြေရှင်းရန် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများ ရှိသည်ဟု ထင်မြင်ရသော်လည်း ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အခြားဒေသများ၌ ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ခဲ့ပါ။ ထိုကဲ့သို့သာ ဆိုပါက ဒီမိုကရေစီစနစ်သည် နစ်နာမှုများ ပေါ်ပေါက်စေသည်သာမက လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားစေကြောင်း မြန်မာနိုင်ငံက သက်သေ သာဓကဖြစ်သည်ဟု ဆိုရပါမည်။

၁၉၅၀ ပြည့်လွန်နှစ်များက ဒီမိုကရေစီစနစ်မှာ ယခင်က ချမှတ်ကျင့်သုံးခဲ့သည့် လမ်းစဉ်၏ အစောပိုင်း သရုပ်သကန်ကို ကိုယ်စားပြု ဖော်ပြနေပြီး အမြင်ကျဉ်းမြောင်း၍ သည်းခံလိုက်လျောလိုခြင်း မရှိသည့် ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာခြင်းဟု နိုင်ငံရေးသိပ္ပံပညာရှင် ဖာရိဒ်ဇာကာရီးယား က ဆိုပါသည်။ (Zakaria, 2007) နှင့် အခြားသူများ (Doyle, 1997) တို့က ယင်းမှာ ဒီမိုကရေစီစနစ်၏ အတွင်းအဇ္ဈတ္တ အစစ်အမှန် မဟုတ်ဘဲ ပြည်တွင်းစစ် မဖြစ်ပွားစေရန် ကာကွယ်သည့်အနေဖြင့် နှစ်သိမ့်ချွေးသိပ်ထားခြင်း၏ အကျိုးသက်ရောက်မှုများသာ ဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ သို့ရာတွင် ယင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့် အရည်အချင်း ရှိသော ပြီးပြည့်စုံသည့် တိုင်းပြည်များတွင် ကျင့်သုံးသည့် ဒီမိုကရေစီစနစ် တခု၏ လစ်ဘရယ်မူဝါဒများ ဖြစ်သည်ဟုလည်း ဆိုပါသည်။ ဇာကာရီးယားက လစ်ဘရယ် ဒီမိုကရေစီစနစ်ဆိုသည်မှာ “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရုံသာမက တရားဥပဒေစိုးမိုးမှု၊ အာဏာခွဲဝေမှုများ၊ လွတ်လပ်စွာပြောဆိုခွင့်၊ စုရုံးခွင့်၊ ဘာသာရေးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးနိုင်သည့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်ပေးနိုင်သည့် နိုင်ငံရေးစနစ် တစ်ခုဖြစ်သည်”ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ (Zakaria, 2007, p. 14-22) က လက်ရှိ တဟုန်ထိုး တိုးပွားများပြားလာသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံများအနက် ထက်ဝက်ခန့်မှာ အမြင်ကျဉ်းမြောင်း၍ သည်းခံလိုက်လျောလိုခြင်း မရှိသည့် ဒီမိုကရေစီစနစ် ဖြစ်သည်ဟု မိမိထင်မြင် ယူဆမိကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။

“နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” ဆိုသည်မှာ တည်ငြိမ်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟူသော ဇာကာရီးယား ရှင်းလင်းထုတ်ဖော် ပြောဆိုသည့် ယူဆချက်ကို အစောပိုင်းကာလ ဒီမိုကရေစီအကြောင်း အကျယ်တဝင့် ရေးသားချက်များတွင်လည်း ဖော်ပြခဲ့ဖူးပါသည်။ (Mill, John Stuart. 1913)နှင့် (De Tocqueville, A. 2003) တို့ကလည်း “ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” မရှိသည့် ဒီမိုကရေစီစနစ်များမှာ “လူများစုက နိုင်လိုမင်းထက် အဓမ္မအုပ်စိုးခြင်း”သို့ ဦးတည်သွားစေနိုင်သည် ဟူသော ယူဆချက်များကို ဖော်ပြခဲ့ကြပါသည်။ ယင်းမှာ မဲဆန္ဒရှင် လူများစု၏ ရွေးကောက်တင်မြှောက်မှုကို ကျင့်သုံးသည့် ဒီမိုကရေစီစနစ် တခုတွင် ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ဂရုစိုက်ပြီး လူနည်းစု၏ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ သို့မဟုတ် အခွင့်အရေးကို အလေးမထားတော့သည့် အခြေအနေမျိုးကို ညွှန်းဆိုလိုခြင်း ဖြစ်ပါသည်။

အခြားယူဆချက် တစ်ခုမှာလည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အားလုံးမှာ မတူညီကြဘဲ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အချို့ “ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များ” မှာ ပြည်တွင်းစစ် ဖြစ်ပေါ်လာရန် ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် ပို၍ရှိနိုင်သည် ဟူသော ယူဆချက်ဖြစ်ပါသည်။ သုတေသီများက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ ကနဦးအဆင့်ဖြစ်သည့် ငယ်ရွယ်နုပျိုသေးသော ဒီမိုကရေစီနိုင်ငံများ အနေဖြင့် ရင့်ကျက် အတွေ့အကြုံရပြီး စုစည်းညီညွတ်သော နိုင်ငံများထက် ပြည်တွင်းစစ်ကို ရင်ဆိုင်ရမည့်အ္တရာယ် ပိုများသည်ဟု အကြံပြုထောက်ပြ ပြောဆိုခဲ့ကြပါသည်။ (Hegre, 2001) ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ အစောပိုင်းအဆင့်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အကျိုးစီးပွားများအကြား အလွန်ကြီးမားသည့် ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာနိုင်သည်သာမက အမျိုးသားရေးဝါဒ သည်လည်း တဖန်ပြန်လည် ခေါင်းထောင်လာနိုင်ပါသည်။ (Mansfiedl & Snyder, 2005, p. 7 ; Esty et al, 1998; Fearon & Laitin, 2003, p. 84-85) မန်းစ်ဖီးလ်နှင့် စနိုင်ဒါတို့က “အမျိုးသားရေးဝါဒသည် ပြည်သူလူထု တစ်ရပ်လုံးက ၎င်းတို့၏ အခြေခံ စိတ်ခံစားချက်ဖြင့် အီလိများကို စုရုံး ထောက်ခံလာစေရန် ကူညီနိုင်သည်။ ထို့ပြင် အီလိများ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးမည့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခြင်းဖြင့် ၎င်းတို့အပေါ် သစ္စာခံလာစေရန်လည်း ဆောင်ရွက်လာနိုင်သည်”ဟု အခိုင်အမာ ရေးသားဖော်ပြခဲ့ပါသည်။ (p. 10) ယင်းကိစ္စမှာ သက်သေ သာဓက ပြစရာအချို့ရှိပြီး ချွင်းချက်များလည်း ရှိပါသည်။ ၁၄

အုပ်ချုပ်ရေးစနစ်များနှင့် ပတ်သက်သည့် စီမံဆောင်ရွက်မှုများတွင် ဒီမိုကရေစီ မပီသသော သွင်ပြင်လက္ခဏာများ ရှိကြောင်း လုံလောက်တိကျစွာ အကဲမဖြတ်နိုင်ဟူသည့် အခြားအမြင် တစ်မျိုးလည်း ရှိပါသေးသည်။ သာဓက အနေဖြင့် “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို ဆိုင်းငံ့ ရပ်ဆိုင်းလိုက်ခြင်းမှာ အချို့သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု သုတေသီတချို့က ရှုမြင် သုံးသပ်ကြပါသည်။ ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို အမျိုးအစားခွဲခြား သတ်မှတ်ရမည်ဆိုပါက ထိုစဉ်က အစိုးရမှ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းမှာ တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်းဟု ဆိုရမည် ဖြစ်ပါသည်။ ၁၅ “အိမ်စောင့်အစိုးရ” ခေတ်၊ တပ်မတော်မှ နိုင်ငံတော်အာဏာကို ခေတ္တ ရယူထားစဉ်ကလည်း Polity IV ၏ မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးစနစ်အပေါ် အမျိုးအစား ခွဲခြားမှုအပေါ် မည်သို့မျှ ထိခိုက်စေခဲ့ခြင်း မရှိဘဲ “ဒီမိုကရေစီ” နိုင်ငံအဖြစ်သာ ဆက်ရှိနေခဲ့ပါသည်။ ၁၆ သုတေသီများက Polity IV ၏ စံနှုန်း သတ်မှတ်ချက်များကို အသုံးပြုပြီး မည်သည့် အုပ်ချုပ်ရေးစနစ်က တိုင်းပြည်တစ်ပြည်ကို ပြည်တွင်းစစ် ပိုဖြစ်ပွားစေကြောင်း အကဲဖြတ် သုံးသပ်ရာတွင် တိုင်းရင်းသားတို့၏ အစောပိုင်း နစ်နာချက်များကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများ၊ ပဋိပက္ခများကို လျော့ပါး သက်သာစေသည့် နှုန်းစံ တန်ဖိုးများနှင့် အင်စတီကျုးရှင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြပါသည်။ ယင်းကဲ့သို့ ချန်လှပ်ထားခြင်းကြောင့် အုပ်ချုပ်ရေးစနစ်နှင့် ပဋိပက္ခတို့၏ အခင်းအကျင်းများအကြားမှ ဆက်နွယ်မှုကို နားလည်မှု လွဲမှားသွားစေနိုင်ပါသည်။

၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များမှ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိသည်မှာ လက်ရှိ အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ဒီမိုကရေစီစနစ်အကြား ချိန်ဆညှိနှိုင်း အပေးအယူလုပ်နိုင်မှုနှင့် သက်ဆိုင်နေပါသည်။ သာဓက အနေဖြင့် လက်ရှိ အငြင်းပွားနေသော ၉/၁၁ အပြီး အမေရိကန်ပြည်ထောင်စုမှ အခြေအနေပင်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းခြောက်လာမှုများကြောင့် အမေရိကန်အစိုးရက “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို ပိတ်ပင်တားမြစ်မှုများ ပြုလုပ်လာသည့်အပေါ် အခြေခံအကျဆုံး လူ့အဖွဲ့အစည်းများကပင် အကဲဖြတ် ဝေဖန်မှုများ ပြုလုပ်လာခြင်းပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံသည် ပြည်တွင်းမှ လက်နက်ကိုင် ပုန်ကန်မှုများ၏ ခြိမ်းခြောက်မှုကိုသာမက ပြည်ပမှ ကူမင်တန်တို့၏ ခြိမ်းခြောက်မှုကိုပါ ခံခဲ့ရပါသည်။ အရေးပါသည့် ဝေဖန်စရာတစ်ခုမှာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်သည့် အနေဖြင့် “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်များ”ကို တားမြစ်ကန့်သတ် ပိတ်ပင်ထားသည့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မျိုးမှာ ဒီမိုကရေစီနည်းလမ်း ကျလှပါပေသည်ဟု ခေါ်ဆိုနိုင်ပါသလား။

■ နိဂုံး

ယခု ဆောင်းပါးသည် အုပ်ချုပ်ရေးစနစ်များကို အမျိုးအစားခွဲခြား သတ်မှတ်ရာတွင် အသုံးပြုသည့် အချက်အလက်များမှာ ကျိုးကြောင်း ညီညွတ်မှု ရှိ၊ မရှိ ဆိုသည့်အပေါ် မေးခွန်းထုတ်ထားခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် ပဋိပက္ခများနှင့် ပြည်တွင်းစစ် ဖြစ်ပွားမှု လျော့နည်းသည်ဟူသော အချက်ကို ပိုမိုရှင်းလင်းစွာ နားလည် သဘောပေါက်စေရန်အတွက် သမာသမတ်ကျသည့် အသုံးဝင်သော ချဉ်းကပ်မှုမျိုး လိုအပ်ပြီး ဗဟိုအစိုးရအပြင် တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေသည့် (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အရွေ့များနှင့် အပြောင်းအလဲများကိုလည်း ဂရုပြုရန် လိုအပ်ပါသည်။ ထိုချဉ်းကပ်မှုသည် ပြည်တွင်းစစ် ဖြစ်ပွားနေသော နောက်ခံ သမိုင်းကြောင်းရှိသည့် အုပ်ချုပ်ရေးစနစ်၏ ရိုက်ခတ်မှုကို ပိုမိုရှင်းလင်း လွယ်ကူစွာ အကဲဖြတ်နိုင်ရန်လည်း ကူညီနိုင်ရပါမည်။ ထို့အပြင် တိုင်းပြည် တစ်ပြည်၌ ကျင့်သုံးနေသည့် စနစ်နှင့် အုပ်ချုပ်မှုပုံစံကို အကဲဖြတ်ရန် အသုံးဝင်သည့် နည်းလမ်း၊ အချက်အလက်များကို ဂရုတစိုက် ညွှန်ပြနိုင်ရပါမည်။ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”အပေါ် ပိုမိုတိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အချက်အလက်များ ပါဝင်မှုနှင့် ပြည်တွင်းမှ အခြေအနေများကို ဂရုပြုနေမှုတို့မှာလည်း မှန်ကန်ရှင်းလင်းသည့် အချက်အလက်များ ရရှိနိုင်ရန် အသုံးဝင်လှသည့် အဆင့်များပင် ဖြစ်ပါသည်။

ဆောင်းပါးတွင် ပါဝင်သည့် ဆွေးနွေးမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်အကြောင်း အကျယ်တဝင့် ရေးသားချက်များမှ ဂယက် ရိုက်ခတ်မှုအချို့ ပါဝင်ပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံရေးဆိုင်ရာ အင်စတီကျုးရှင်းများ ဖန်တီးနိုင်ခဲ့ပြီး လူပေါင်းများစွာ ပိုမို ပါဝင်လာနိုင်အောင် ချဲ့ထွင် ဆောင်ရွက်လာနိုင်သော်လည်း မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မပါဝင်သည့်အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တစ်ရပ်သို့ ရောက်ရှိစေရန် မုချဧကန် ရှေ့ဆက် ဆောင်ရွက်ရပါဦးမည်။ သို့သော်လည်း အကြမ်းဖက်မှုများ အမှန်တကယ် လျော့ကျသွားစေနိုင်မည့် အခြေအနေမျိုး ဖန်တီးနိုင်မည်လား ဆိုသည်မှာတော့ မသေချာ မရေရာပါ။ အခြားတိုင်းပြည်များ၏ အတွေ့အကြုံအရ ပြုပြင်ပြောင်းလဲ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေဆဲ နိုင်ငံများအနေဖြင့် ထိရှလွယ်သော အနေအထားမျိုး ဖြစ်ပြီး ပဋိပက္ခများလည်း တိုးပွားလာနိုင်ပါသည်။ ၂၀၁၁ ခုနှစ်ကတည်းက စတင်သည့် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီတစ်ပိုင်း အနေအထားမျိုးတွင်လည်း တဖြည်းဖြည်း မြင့်တက် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း အကြမ်းဖက်မှုများမှာ ဒီမိုကရေစီခေတ်ဟု သတ်မှတ်နိုင်သည့် အစောပိုင်းကာလများကပင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစပိုင်း အခြေအနေများတွင် ပြည်တွင်းစစ်များ ပို၍ ဖြစ်ပွားတတ်သည်ဟု သုတေသီများမှ မကြာမြင့်မီက တွေ့ရှိခဲ့ကြပါသည်။ ထို့ပြင် အင်စတီကျုးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရုံမျှဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားရေးရာ ပဋိပက္ခများကို “ဥုံဖွ” မန်းမှုတ်သကဲ့သို့ ပြေလည်သွားနိုင်မည် မဟုတ်ကြောင်းလည်း အကြံပြုလိုပါသည်။ ထို့ကြောင့် ယေဘုယျကျသည့် အစိုးရ၏ မူဝါဒများနှင့် နိုင်ငံရေးနည်းလမ်းများ လိုအပ်ပြီး တရားဝင်သဘော သက်ရောက်သည် ဖြစ်စေ၊ မသက်ရောက်သည် ဖြစ်စေ အားလုံး ပါဝင်နိုင်ရန် လိုအပ်သည့်အပြင် မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံးမှ ကျယ်ပြန့်သော အစိတ်အပိုင်း အားလုံး၏ အကျိုးစီးပွားများကို ကိုယ်စားပြုခြင်း၊ ကာကွယ်ပေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်လှပါသည်။

ဂျွန်ဗျူခန်နန်၏ ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုပါသည်။

Beyond Rangoon

by John Buchanan

Are democratic states more peaceful than non-democratic ones? Several academic studies argued that democratic states are less likely to experience the emergence of civil wars than authoritarian ones (Gleditsch, Hegre, & Strand, 2009; Zanger, 2000; Hegre, 2001; Sambanis, 2001). Scholars have also noted that not all democracies are the same and, when states are undergoing democratic transitions, they are prone to the outbreak of civil war (Gleditsch, Hegre & Stand, 2009; Mansfield & Snyder, 2005). Changes in Myanmar’s regime type is sometimes linked to the emergence of its civil wars. The 1962 coup and the subsequent authoritarian turn is an event, which many scholars view as marking an end to democratic rule and the beginning of authoritarian military dictatorship. Understanding the origins of Myanmar’s civil wars requires a more close examination of the period before 1962. In this period, often considered democratic by many scholars, several ethnic rebellions in Karen, Shan, Kachin and Kayah states broke out. A comparison of national-level measures of Burma’s regime type (produced by the scholars of the Polity IV Project) and the practices by state agents in Shan State, the article questions the validity of measures commonly used for classifying regime type. To more clearly understand whether democratic regimes are less likely to experience civil war, it is useful to take a decentered approach that pays attention to local dynamics and variations in both central state and local state practices across territory. This approach helps more clearly to assess the impact of regime type on the origins of civil war. The article also points to the utility for more carefully specified measures to assess both the practices of state officials and determine regime type. In conclusion, the article considers whether the inclusion of civil liberties is a key element for the success of “democracies” in preventing the onset of civil war and whether states that suspend civil liberties in an effort to better address security threats can be considered democratic.

■ စာညွှန်း

၁ ယခုဆောင်းပါး၏ စာမူကြမ်းကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်ထိ မြောက်အီလီနွိုက် တက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် International Burma Studies Conference တွင် တင်သွင်းခဲ့ဖူး ပါသည်။

၂ ဂျွန် ဗျူခန်နန်သည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar ၏ ဆက်သွယ်ရေး ဒါရိုက်တာတစ်ဦး ဖြစ်ပါသည်။

၃ (၁၉၄၈-၁၉၉၉) အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများ ပါဝင်ပတ်သက်သည့် ဒါဇင်နှင့်ချီသော လက်နက်ကိုင်အဖွဲ့များ အကြောင်းကို ဘာတဲလ်လစ်တနာ၏ Burma in revolt(1999) စာအုပ် နောက်ဆက်တွဲ အပိုင်း (၃) တွင် လေ့လာနိုင်ပါသည်။

၄ ပြည်တွင်းစစ် အမျိုးမျိုးအကြောင်းကို Fearon & Laitin (2007) and Sambanis (2001) တို့တွင် ဖော်ပြထားပါသည်။

၅ Polity IV ပရောဂျက်၏ အချက်အလက်များမှာ အုပ်ချုပ်ရေးစနစ်များကို အကဲဖြတ် သုံးသပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော အချက်အလက်များ ဖြစ်ပါသည်။ မတူညီသော စံနှုန်းများကို အသုံးပြုထားသည့် အခြား အချက်အလက်များ ရှိသော်လည်း ၎င်းတို့ကို အသုံးပြုမှု နည်းပါးပါသည်။ သာဓကအနေဖြင့် ၁၉၇၂ ခုနှစ်မှ စတင် ထုတ်ပြန်ခဲ့သည့် Freedom House ၏ အချက်အလက်များနှင့် Freedom in the Tsordl Gseport တို့တွင်လည်း အုပ်ချုပ်ရေး စနစ်များအကြောင်း စုစည်းဖော်ပြထားပါသည်။

၆ Polity IV ၏ အုပ်ချုပ်ရေးစနစ် လမ်းကြောင်းများ မြန်မာ (ဘားမား) နှင့် Marshal, M. and Jagers, K. (2014), Myanmar (Burma), 1948 2013. Polity IV Project: Political Gsegime Cjaracteristics and Transitions, 1800-2008. Version p4v2015. Center for Systemic Peace and Colorado State University. Gsetrieved from http:/www.systemicpeace.org/polity/mya2.html တွင် ကြည့်ပါ။

၇ ၁၉၆၂ ခုနှစ် ဖြစ်ရပ်များကို အထူးပြုထားသည့် Taylor, Gs. H. (2009). The State in Myanmar. Singapore: National University of Singapore Pres နှင့် Aung-Thwin, M. (1948). Burma’s Myth of Independence. In J. Silverstein (Ed.), Independent Burma at Forty Years (pp. 19-34), Ithaca: Cornel University Pres တို့ကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။

၈ တိုင်းရင်းသားများနှင့် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်များအကြောင်းကို ဘာတဲလ် လစ်တနာ (၁၉၉၉) နှင့် မာတင်စမစ် (၁၉၉၉) တို့၏ စာအုပ်များတွင် ပြည့်စုံစွာ ဖော်ပြထားပါသည်။

၉ တန့်ယန်းတိုက်ပွဲအကြောင်းကို Shan Herald Agency for News (၁၉၉၉၊ နိုဝင်ဘာ)နှင့် ဘာတဲလ်လစ်တနာ၏ Burma in revolt (၁၉၉၉၊ စာမျက်နှာ ၁၉၅ မှ ၁၉၈)တို့တွင် ဖော်ပြထားပါသည်။

၁၀ ၁၉၆၄ ခုနှစ်၌ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ရှမ်းပြည်တပ်မတော် SA ကို ဖွဲ့စည်းခဲ့ပါသည်။

၁၁ ရှမ်းပြည်နယ်တွင် အစိုးရက စစ်အုပ်ချုပ်ရေးကို အစောပိုင်းကပင် ကြေညာခဲ့ဖူးပါသည်။ ယင်းတို့မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီတောင်ကြား (၂၄.၆.၁၉၅၀ မှ ၁၉၅၁ ဇွန်လအထိ)နှင့် ကျိုင်းတုံ(၇.၈.၁၉၅၀ မှ ၁.၈.၁၉၅၁ အထိ) ဖြစ်သော်လည်း ယာယီမျှသာ ဖြစ်ပြီး နောက်ပိုင်းတွင် စော်ဘွားများ၏ အာဏာပိုင်စိုးမှု ပြန်လည် စတင်လာခဲ့ပါသည်။ ထိုအကြောင်းကို ဘသန်းဝင်း (စာမျက်နှာ ၇၁၊ ၁၄၉)၊ ဟုချ် တင်ကာ (၁၉၆၇၊ စာမျက်နှာ ၄၉)နှင့် မယ်ရီ ကယ်လယ်ဟန် (၂၀၀၃၊ စာမျက်နှာ ၁၅၆) တို့တွင် ဖော်ပြထားပါသည်။

၁၂ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ကြေညာချက် (၂.၁၁.၁၉၅၇) နှင့်အရေးပေါ် (ယာယီ) နောက်ဆက်တွဲ ပြဋ္ဌာန်းချက် အက်ဥပဒေတို့ ဖြစ်ပြီး ၂၆.၇.၁၉၆၁ နေ့ထုတ် နေးရှင်းသတင်းစာတွင် ဖော်ပြခဲ့ပါသည်။

၁၃ ထိုအကြောင်းကို ၂၀.၅.၁၉၆၁ ထုတ် ဂါဒီယန် သတင်းစာနှင့် ၃.၅.၁၉၆၁ထုတ် နေးရှင်း (ရန်ကုန်) သတင်းစာတို့တွင် ဖော်ပြထားပါသည်။ ထိုစဉ်က “ရန်ကြီးအောင် စစ်ဆင်ရေးမှာ ဗမာ့တပ်မတော်သမိုင်းတွင် ပြုလုပ်ခဲ့သမျှ စစ်ဆင်ရေးများအနက် အကြီးမားဆုံး ပူးပေါင်းစစ်ဆင်ရေးပင် ဖြစ်သည်”ဟု ဒေါက်တာမောင်မောင်က ရေးသားဖော်ပြခဲ့ပါသည်။ (ဒေါက်တာမောင်မောင်-သားမောင်စစ်သည်သို့၊ ၁၉၇၄ စာမျက်နှာ ၁၀၀)

၁၄ သာဓက အနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ရှေ့ဆက် ဆောင်ရွက်ခဲ့သည့် တောင်အမေရိက တောင်ဖက်ပိုင်း ဒေသများ၊ ဥရောပ အရှေ့မြောက်ပိုင်းနှင့် အာရှတိုက် အရှေ့ပိုင်းတို့တွင် ပြည်တွင်း အကြမ်းဖက်မှုများ အနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။

၁၅ အခြားအချက်အလက်များကို သာဓကအဖြစ် ကြည့်ပါက Freedom House အနေဖြင့် အုပ်ချုပ်ရေး စနစ်များကို အမျိုးအစား ခွဲခြား သတ်မှတ်ရာ၌ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” မှာ အရေးပါကြောင်း အလေးအနက် ဂရုပြုမိခဲ့ပါသည်။ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို တိုင်းတာရာတွင် ကဏ္ဍ (၄) ရပ်အပေါ် အခြေခံပြီး ၎င်းတို့မှာ (၁) လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ယုံကြည်ကိုးကွယ်ခွင့် (၂) အစုအဖွဲ့၊ အသင်းအပင်းဆိုင်ရာ အခွင့်အရေးများ (၃) တရားဥပဒေ စိုးမိုးမှု (၄) လူတစ်ဦးချင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် တစ်သီးပုဂ္ဂလ အခွင့်အရေးများ စသည်တို့ဖြစ်ကြပါသည်။ သို့သော်လည်း Freedom House ၏ ညွှန်းကိန်းများမှာ ၁၉၇၂ မှ စတင်ခဲ့သည့်အတွက် Polity IV ၏ ၁၉၆၂ မတိုင်မီက ဗမာပြည်ကို အဆင့် သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ရာ၌ အသုံးဝင်သည့် အချက်အလက်များ မရရှိနိုင်တော့ပါ။ အုပ်ချုပ်ရေးစနစ်များ အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကို Hösgtröm \ Does the Choice of Democracy Measure Matter?: Comparisons between the Two Leading Democracy Indices, Freedom House and Polity IV. Government and Opposition, 48(2), 201-221 တွင် လေ့လာနိုင်ပါသည်။

၁၆ ၁၉၆၂ မတိုင်မီက ဒီမိုကရေစီ မပီသသည့် သွင်ပြင်လက္ခဏာများအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းများအတွက် မယ်ရီကယ်လယ်ဟန်၏ Democracy in Burma: The lesons of history. In Political Legacies and Prospects for Democratic Development in Southeast Asia: Burma and Indonesia (pp. 5-26), NBGs Analysis 9 တွင် ဖော်ပြထားပါသည်။

■ References

Aung-Thwin, M. (1948). Burma’s Myth of Independence. In J. Silverstein (Ed.), Independent Burma at Forty Years (pp. 19-34), Ithaca: Cornell University Press.

Ba Thann Win. (n.d.). “Administration of Shan States from the Panglong Conference to the Cessation of the Powers of the Saophas 1947-1959.” M.A. thesis. Rangoon Arts and Sciences University.

Callahan, M. P. (2004). Making Enemies: War and State Building in Burma. NUS Press.

Callahan, M. P. (1998). Democracy in Burma: The lessons of history. In Political Legacies and Prospects for Democratic Development in Southeast Asia: Burma and Indonesia (pp. 5-26), NBR Analysis 9.

Carothers, T. (1999). Aiding Democracy Abroad: The Learning Curve, Washington D.C.: Carnegie Endowment for International Peace.

Cheibub, J., Przeworski, A., Limongi Neto, F., & Alvarez, M. (1996). What Makes Democracies Endure? Journal of Democracy, 7(1), 39-55.

De Tocqueville, A. (2003). Democracy in America (Vol. 10). Regnery Publishing.

Doyle, M. (1997). Ways of War and Peace: Realism, Liberalism, and Socialism (1st ed.). New York: Norton.

Doyle, Michael W (19Ä6) Liberalism and world politics. American Political Science Review 80(4): 11511169.

Elbadawi, E., & Sambanis, N. (2000). Why are There so Many Civil Wars in Africa? Understanding and Preventing Violent Conflict. Journal of African Economies, 9(3), 244-269.

Esty, Daniel C., Jack A. Goldstone, Ted Robert Gurr, Barbara Harff, Marc Levy, Geoffrey D. Dabelko, Pamela T. Surko, & Alan N. Unger. (1999). “State Failure Task Force Report: Phase II Findings.” Environmental Change and Security Report 5, 49-72.

Fearon, J. & Laitin, D. (2007). “Civil war termination”. In Conference paper.

Retrieved from https://www.stanford.edu/group/fearon-research/cgi-bin/wordpress/wp-content/uploads/2013/10/civil-war-termination.pdf

Fearon, J. (2004) Why do some civil wars last so much longer than others? Journal of Peace Research 41(3): 275301

Fearon, J., & Laitinç D. (2003). Ethnicity, Insurgency, and Civil War. American Political Science Review, 97(1), 75-90.

Freedom House. Freedom in the World Reports. Retrieved from https://freedomhouse.org/report-types/freedom-world

Gleditsch, N. P., Hegre, H., & Strand, H. (2009). Democracy and Civil War. In Manus I. Midlarsky (Ed.), Handbook of War Studies III: The Intrastate Dimension (pp. 155-192), Ann Arbor: University of Michigan Press.

Government of Burma. Information Broadcasting Department. (1953). Kuomintang Aggression against Burma. Rangoon.

Guardian. (1961, May 30). “Acting Head of Shan State Tours Troubled Areas.”

Gurr, Ted R (1968) A causal model of civil strife. American Political Science Review 62(4): 11041124.

Hegre, H. (2001). Toward a Democratic Civil Peace? Democracy, Political Change, and Civil War, 18161992, American Political Science Review, 95(1), 3348.

Högström, J. (2013). Does the Choice of Democracy Measure Matter?: Comparisons between the Two Leading Democracy Indices, Freedom House and Polity IV. Government and Opposition, 48(2), 201-221.

Lintner, B. (1999). Burma in Revolt: Opium and Insurgency since 1948. Chiang Mai, Thailand: Silkworm Books.

Mansfield, E., & Snyder, Jack L. (2005). Electing to Fight: Why Emerging Democracies Go to War (BCSIA studies in international security). Cambridge, Mass.: MIT Press.

Maoz, Zeev & Bruce M Russett (1993) Normative and structural causes of democratic peace, 19461986. American Political Science Review 87(3): 624638.

Marshall, M. and Jaggers, K. (2014). Myanmar (Burma), 1948 2013. Polity IV Project: Political Regime Characteristics and Transitions, 1800-2008. Version p4v2015. Center for Systemic Peace and Colorado State University. Retrieved from http://www.systemicpeace.org/polity/mya2.htm

Marshall, M. and Jaggers, K. (2007). “Dataset Users Manual.” College Park: University of Maryland. Retrieved from http://home.bi.no/a0110709/PolityIV_manual.pdf

Maung Maung. (2013). Grim War Against KMT. Yangon, Myanmar: Seikku Cho Cho Publishing House.

Maung Maung. (1974). To a Soldier Son. Rangoon: U Htin Gyi.

Mill, John Stuart. (1913). On Liberty. New York: Longmans, Green & Co.

Muller, Edward N., and Erich Weede. (1990). Cross-National Variations in Political Violence: A Rational Action Approach. Journal of Conflict Resolution 34(4), 624651.

Nation (Rangoon). (1961, July 26). “Army Can Summon or Detain Anyone Without A Warrant.”

Nation (Rangoon). (1961ç May 30). “Army Also to Blame for Shan Rebellions.”

Sambanis, N. (2001). Do ethnic and nonethnic civil wars have the same causes? The Journal of Conflict Resolution, 45(3), 259-282.

Shan Herald Agency for News. (1999, November). “The Battle of Tangyan,” Vol. 16, No. 6.

Smith, M. J. (1999). Burma: Insurgency and the Politics of Ethnicity. London: Zed Books.

Taylor, R. H. (2015). General Ne Win: A Political Biography. Singapore: Institute of Southeast Asian Studies.

Taylor, R. H. (2009). The State in Myanmar. Singapore: National University of Singapore Press.

Tinker, H. (1967). The Union of Burma: A Study of the First Years of Independence. London: Oxford University Press.

Tzang Yawngwhe. (2010). The Shan of Burma: Memoirs of a Shan exile. Singapore: Institute of Southeast Asian Studies.

Zakaria, F. (2007). The Future of Freedom: Illiberal Democracy at Home and Abroad. London: WW Norton & company.

Zanger, S. C. (2001). A Global Analysis of the Effect of Political Regime Changes on Life Integrity Violations, 1977-93. Peace Research Abstracts, 38(3), 213-33.

The post ၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု appeared first on ISP Myanmar Peace Desk.