Min Zin Archives - ISP Myanmar Peace Desk

၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက်
အနှစ်ချုပ်ဆွေးနွေးချက်

ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါပြီ။ တိုင်းပြည်မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ယိုယွင်းလာနေတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေအနေ၊ ပိုမိုပြင်းထန်လာနေတဲ့ တိုင်းရင်းသား ပဋိပက္ခ အခြေနေ၊ ပထဝီနိုင်ငံရေး အားပြိုင်မှုများနေတဲ့ အခြေအနေတွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလွန် နိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းတွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အင်စတီးကျူးတွေရဲ့ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းကို အကြီးအကျယ် စမ်းသပ်ဖွယ်ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးကို နိုင်သူတက်အုပ်ချုပ် ပြဿနာတွေ ပြေလည်မှာပါ တိုင်းပြည်လမ်းကြောင်းမှန် တိုးတက်ကောင်းမွန်သွားမှာပါဆိုတဲ့ by default option ရွေးချယ်မှုနဲ့တင် စဉ်းစားရင် လုံလောက်ဖွယ်မရှိပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲလွန် နိုင်ငံရေး အပေးအယူ ညှိနှိုင်းမှုတွေကို ဆောင်ရွက်ပြီး တိုင်းပြည် အနာဂတ်ဘယ်လို သွားမယ်ဆိုတဲ့ by design option ကိုပါ အထူးတလည် ထည့်သွင်းစဉ်းစားသင့်ပါတယ်လို့ ဒီဆောင်းပါးက အဆိုပြုလိုပါတယ်။

အခြေခံဥပဒေပြင်ဆင်သင့်တဲ့ အရေးပေါ်အကြောင်းရင်း

၂၀၀၈ အခြေခံဥပဒေဟာ စပ်ကြားအုပ်ချုပ်ရေး (hybrid regime) ဖြစ်တဲ့ ဗီတိုအာဏာကိုင်ထားတဲ့ တပ်မတော်နဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအတူတွဲနေထိုင်အုပ်ချုပ်ခြင်း၊ ပြည်မဗဟိုအစိုးရနဲ့ ပြည်နယ်များအကြားဆက်ဆံရေး ထိန်းညှိခြင်းတို့မှာ ဗဟိုချုပ်ကိုင်မှုနဲ့ တပါတီကြီးစိုးမှုတို့ပေါ် အဓိက အားပြုထားတာပါ။ ဒီအားပြုမှုကလည်း ချည့်နဲ့သွားမယ်၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကလည်း ပဋိပက္ခ သိပ်ပြင်းထန်လာမယ်ဆိုရင် အုပ်ချုပ်ရခက်ခဲတဲ့အခြေနေ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအလားအလာကိုပါ ထိခိုက်နိုင်တဲ့အခြေအနေမျိုး ဆိုက်သွားနိုင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အရေးပေါ်လိုအပ်ချက်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အမြဲတောင်းဆိုနေကျအကြောင်းတွေကြောင့်အပြင် လက်ရှိနိုင်ငံရေးစနစ် လည်ပတ်လို့မရတော့တဲ့အထိ၊ အလုပ်လုပ်ဖို့ မဖြစ်တော့အထိ၊ အတောမသတ်တော့မယ့် အကျပ်အတည်းအဆိုးသံသရာကနေ ထွက်စရာမရှိတော့မယ့်အခြေနေ (dysfunction of polity and perpetuation of deadlocks) ဆိုတဲ့ အရေးတကြီးအကြောင်းကြောင့်ပါ ပြင်သင့်နေတာဖြစ်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီ၊ ဖက်ဒရယ်စတဲ့ နှုန်းစံကောင်းတွေ ထွန်းကားမယ့် နိုင်ငံသစ်ကို ချီတက်ဖို့ဆိုတဲ့အကြောင်းထက် ၂၀၀၈ အခြေခံဥပဒေကိုမပြင်ရင် ဒီအခြေခံဥပဒေနဲ့တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ် အုပ်ချုပ်ရခက်ခဲ၊ ရှေ့တိုးဖို့မဖြစ်မယ့် အခြေမျိုး ဆိုက်သွားမယ်လို့ ဆိုလိုတာပါ။ ဥပမာ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ (ဒီမိုကရေစီနဲ့ ဖက်ဒရယ် နှုန်းစံတွေ မပါတဲ့) ဒီအခြေခံဥပဒေအောက်မှာပဲ အုပ်ချုပ်ရေးစနစ်နဲ့ ပြုပြင်ပြောင်းလဲရေး တွေကို လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကလည်း ပထမဆုံး အရပ်သားအများဆုံး လွှမ်းမိုးတဲ့အစိုးရအဖြစ် အုပ်ချုပ်ရေးအာဏာစက်ကို အခြေခံအားဖြင့် မပျက်မယွင်း ဆက်ထိန်းနိုင်ပြီး ငြိမ်းချမ်းရေးကနေ ထွေအုပ် အပြောင်းအလဲအလယ် စီးပွားရေးစီမံကိန်းတွေအဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးရော၊ NLD ပါ အစိုးရဖြစ်ချိန်မှာ ၂၀၀၈အခြေခံဥပဒေရဲ့ ပေးထားချက်အရ တပါတီတည်းက အားကောင်းမောင်းသန်ကြီးစိုးထားနိုင်တာ၊ ဗဟိုအစိုးရနဲ့ ပြည်နယ်တွေအကြားဆက်ဆံရေးမှာ ချုပ်ကိုင်မှုရှိတာ၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ (ပြည်ခိုင်ဖြိုး အစိုးရနဲ့တော့ ယေဘုယျပြေလည်ပြီး) NLD အစိုးရခေတ်မှာတော့ အစပိုင်း တဖက်နဲ့ တဖက် လွန်လွန်ကျူးကျူးထမင်းရည်ပူစည်း မနင်းမိအောင် သတိထားနိုင်ခဲ့တာတွေကြောင့်ပဲ ဖြစ်ပါ တယ်။

NLD အစိုးရ ငါးနှစ်တာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

ဒါပေမယ့် ပြီးခဲ့တဲ့ငါးနှစ်တာ ဖြတ်ခဲ့တဲ့သက်တမ်းအတွင်းမှာတော့ အခြေနေတွေဟာ ထူးထူးခြားခြား ပြောင်းလဲလာတာလည်း ရှိပါတယ်။ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်တွေဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘ၀တိုးတက်မြင့်မားရေးဆိုတဲ့အချက် သုံးရပ်မှာ ထူးထူးခြားခြားအောင်မြင်ခဲ့တာ မတွေ့ရပါဘူး။ မြန်မာ့အရေးသုတေသီအများစုကသာမက ဩဇာကြီး The Economist မဂ္ဂဇင်းကြီးတောင် နိုဝင်ဘာ ၇ ရက်ထုတ်စာစောင်မှာ “စကတည်းကလွဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာဒီမိုကရေစီကို လွတ်လပ်ခွင့်ပေးရမယ့်အစား၊ လွတ်လွတ်လပ်လပ် မပျံနိုင်အောင် ဌက်အတောင်ကို ကလစ်နဲ့ညှပ်သလို ဒီမိုကရေစီကို အချုပ်အချယ်ပြုခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

NLD ဟာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေကို ၂၀၁၉ ကစလို့ လွှတ်တော်တွင်းမှာ ကြိုးပမ်းခဲ့ပါတယ်။ ဗီတိုအာဏာရှိထားတဲ့ တပ်မတော်နဲ့ တင်ကြိုညှိနှိုင်းထားမှုတွေ မရှိဘဲ လွှတ်တော်တွင်း အခြေခံဥပဒေပြောင်းလဲဖို့ ကြိုးပမ်းမှုတွေဟာ မအောင်မြင်နိုင်မှန်းသိရက်နဲ့ လုပ်တာဖြစ်လို့ တပ်ကို ဗီလိန်အဖြစ် လူထုအမြင်မှာပုံပေါ်စေအောင် နိုင်ငံရေးရည်ရွယ်ချက်အရ တမင်လုပ်တယ်ဆိုတဲ့ အမြင်မျိုးကို အားကောင်းစေခဲ့ပါတယ်။ တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ အလားအလာတွေ ပိုများလာခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၂ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မမှားသင့်တဲ့အမှားတွေမှားတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် “ရွေးကောက်ပွဲများ၌ လွတ်လပ်၍ တရားမျှတမှုရှိ/မရှိ အပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ခြင်းထက် အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်။” ဒါကြောင့် “ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်းမှု အားလုံးကို အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည် ဖြစ်ပါသည်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာလည်း “၂၀၁၅ ခုနှစ် မဲပေးတဲ့အချိန်မှာ မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ကျွန်တော့်ကို မေးခဲ့တယ်။ ဘယ်လို လုပ်မလဲ ဆိုပြီးတော့။ ခင်များဗျာ ကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ အဲ့သဘောပေါ့လေ ရွေးကောက်ပွဲမှာ result ကို ကြေညာတဲ့အတွက် ကျွန်တော်တို့ လက်ခံနိုင်တယ်လို့ပြောခဲ့တာရှိတယ်။ အခုဆိုရင် တော်တော်လေးသတိထားရတဲ့ အခြေအနေ ဖြစ်လာတယ်။ အခုလိုမျိုးတွေ ကျွန်တော် မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့သဘော ပြောတာပါ” လို့ဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုက တပ်မတော်အနေနဲ့ ရွေးကောက်ရလဒ်ကို အသိမှတ်ပြုမှပြုပါ့မလား။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရပုံစံ အာဏာရယူဖို့ လမ်းကြောင်းနေသလားဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်စေပါတယ်။ ဒါဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပျက်ယွင်းလာတဲ့သဘောကို မြင်သာရုံ တင်ပြချက်သာဖြစ်ပါတယ်။

NLD အစိုးရ ငါးနှစ်တာ ငြိမ်းချမ်းရေး

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ငြိမ်းချမ်းရေးဘက်မှာ အနှစ်သာရရှိတဲ့တိုးတက်မှုတွေ မဖြစ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ (ဗိုလ်ချုပ်အောင်ဆန်းကလွဲရင်) ဘယ်အရင့်အရင် ခေါင်းဆောင်မှ မရခဲ့ဖူးတဲ့ တိုင်းရင်းသားများရဲ့ လိုလားထောက်ခံမှုကိုရခဲ့တယ်။ ဒါဟာ နိုင်ငံရေးအရင်းတပွေ့ တပိုက်နဲ့ အာဏာယူခွင့်ရခဲ့တာဖြစ်ပါတယ်။ အင်စတီကျူးရှင်းပိုင်းအရကြည့်ရင်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ အားနည်းချက်တချို့ရှိစေကာမူ မြန်မာ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းမှာ အတိတ်ကာလကလို နှစ်ပွင့်ဆိုင်အပစ်ရပ်ရေးမျိုးမဟုတ်ဘဲ ပထမဆုံး အင်အားစုအားလုံးပါဝင်နိုင်တဲ့စာချုပ်ဖြစ်ပါတယ်၊ အပစ်အခတ်ရပ်ရေးသာမက နိုင်ငံရေး အဖြေရှာဖို့ လမ်းပြမြေပုံပါ တွဲပါဝင်တဲ့စာချုပ်ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ တပ်မတော်ကို ဖက်ဒရယ်စနစ်ကို မူအားဖြင့်လက်ခံလာအောင် ကတိကဝတ်ပြုစေခဲ့တဲ့စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ် ပေါ်ထွန်းရေး ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs များနဲ့ ညှိနှိုင်းခဲ့တာဖြစ်ပြီး NLD အစိုးရက အမွေဆက်ခံခဲ့ရတာပါ။ တချို့အဖွဲ့ကြီးတွေဆို NLD လက်ထက်မှာမှ လက်မှတ်ထိုးမယ်ဆိုပြီး စောင့်ဆိုင်းခဲ့တာမျိုးတောင်ရှိခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အဖွဲ့နှစ်ဖွဲ့ လက်မှတ်ထိုးခဲ့ပေမယ့် ကျန်အဖွဲ့ ကြီးတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) အပါအဝင် အဖွဲ့အများစုတို့ဟာ လက်မှတ်မထိုးခဲ့ကြပါဘူး။ အစိုးရဟာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို လေးကြိမ်ကျင်းပခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စု သဘောတူညီချက် အခြေခံမူ ၇၁ ချက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူအများစုတို့က ဒီအခြေခံမူတွေဟာ ယေဘုယျဆန်လွန်ပြီး၊ အခြေခံဥပဒေမှာ ဌာပနာထားတဲ့ ဗမာနဲ့ တိုင်းရင်းသားလူနည်းစုတွေ အကြား၊ တပ်မတော်နဲ့ အရပ်ဘက် အကြား အာဏာခွဲဝေမှု တဖက်စောင်းနင်းဖြစ်နေတာကို ပြင်ဆင်နိုင်လောက်ဖို့ မလုံလောက်ဘူးလို့ ဝေဖန်ထောက်ပြကြပါတယ်။ တိုင်းရင်းသား EAOs တွေကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ NCA မှာပါတဲ့ ကြားကာလအစီအစဉ်များဖြစ်တဲ့ ဒေသတွင်း ဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီမံကိန်းကြီးကြီးတွေကို ဆောင်ရွက်ရာမှာ ညှိနှိုင်းပူးပေါင်းရေးဆိုတဲ့ကိစ္စရပ်တွေမှာ ပျက်ကွက်တယ်လို့ ထောက် ပြ ဝေဖန်ပါတယ်။

တပ်မတော်နဲ့ ညှိနှိုင်းမှုတွေဖြစ်တဲ့ ခွဲမထွက်ရေး၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး (ပြည်နယ်အခြေခံဥပဒေရေးဆွဲရေး) စတဲ့ကိစ္စတွေမှာ ရှေ့မတိုးနိုင်တဲ့အကျပ်ဆိုက်ခဲ့ ရတာကို EAOs တွေဘက်က ဝေဖန်သလို NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဗဟို ချုပ်ကိုင်မှု ပိုများလာတယ်။ တိုင်းရင်းသား EAOs တွေနဲ့အကြားမှာ ယုံကြည်မှုပိုနည်းလာတယ်လို့ ထောက်ပြကြပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအဓိကအကျဆုံးဖြစ်တဲ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ငန်းစဉ် အီလာတာနဲ့အမျှ အာရုံစိုက်မှုနည်းလာတယ်။ UPDJC အစည်းဝေးတွေကို အနည်းဆုံး ငါးကြိမ် မတက်ရောက်ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုင်ရာအစည်းဝေးတွေ၊ ညီလာခံတက်ရင်လည်း အဖွင့်မိန့်ခွန်း ပြောရုံ တက်ရောက်သလိုပဲဖြစ်နေပြီး တိုင်းရင်းသားတွေကို လေးလေးစားစား နားထောင် ဆွေးနွေးတာ မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ကျယ်လောင်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ဗမာခေါင်းဆောင်တွေအကြား နှစ်ပေါင်းများစွာ ပြန်လည်တည်ဆောက်ဖို့လိုနေတဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ဒီကြားထဲမှာမှ ၂၀၁၆ နောက်ပိုင်းက စလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အထူးသဖြင့် ရက္ခိုင်တပ်တော် (AA)၊ တအန်းပလောင် လွတ်မြောက်ရေးတပ်ဦး (TNLA) တို့နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ၂၀၁၉ တနှစ်တည်းမှာပဲ တိုက်ပွဲပေါင်း ထောင်ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်နဲ့ အရပ်သားပေါင်း ထောင်ကျော်သေဆုံးခဲ့ရသလို ဒုက္ခသည် သောင်းဂဏန်း ဖြစ်ခဲ့ပါတယ်။

တိုင်းရင်းသားပဋိပက္ခဟာ လက်နက်ကိုင်တိုက်ပွဲများအဖြစ်နဲ့သာမက မြို့ပေါ်တွေမှာလည်း ဆန္ဒပြပွဲ၊ ကန့်ကွက်ပွဲစတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပေါ်ပေါက်ခဲ့ပါတယ်။ ဗမာအများစုနေထိုင်တဲ့ တိုင်းဒေသကြီးတွေမှာ (လူထုရွေးကောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်နိုင်စွမ်း နဲ့ ဩဇာကို မထိခိုက်စေလိုတဲ့အတွက် ဝါ စိန်ခေါ်နိုင်စွမ်းမရှိတဲ့အတွက်) နိုင်ငံရေး လူထုလှုပ်ရှားမှုတွေ (ဗစ်တိုးရီးယားအရေးလို ဆန္ဒပြပွဲများကလွဲလို့) မရှိသလောက်ဖြစ်ခဲ့ရပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ပိုမိုစနစ်ကျ ပိုမိုအားကောင်းခဲ့တာ သတိပြုစရာဖြစ်ပါတယ်။ ၂၀၁၇ မွန်ပြည်နယ် ချောင်းဆုံ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲကစလို့ ၂၀၁၈ ရခိုင်ပြည်နယ် မြောက်ဦးဆန္ဒပြပွဲတွေ၊ ၂၀၁၉ ကယား ကချင် ချင်းစတဲ့ပြည်နယ်တွေက ဗိုလ်ချုပ် ကြေးရုပ်စိုက်ထူမှု ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ၂၀၂၀ ရှမ်းပြည် ကျောက်မဲနဲ့ ကရင်ပြည်နယ် ဖာပွန်ဒေသတွေမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှု တပ်မတော်ကို ကန့်ကွက်ဆန္ဒပြတာတွေ စသဖြင့် ဆက်တိုက် ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ NLD အစိုးရကိုရော၊ တပ်မတော်ကိုပါ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ဦးတည်ဆန့်ကျင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ နိုင်ငံရေးမှာ ပိုပါဝင်လာမယ့် တိုင်းရင်းသား လူငယ်မျိုးဆက်သစ်တွေကို မွေးဖွားစေပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ နောင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကယား၊ မွန်၊ ကချင်စတဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ ပါတီပေါင်းစည်းရေးတွေအတွက် အဓိကတွန်းအားဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတချို့မှာ ဗမာကိုလိုနီ စနစ်ဆန့်ကျင်ရေး၊ ကိုလိုနီပါတီတွေကို မဲမပေးရေးဆိုတဲ့ ကြွေးကြော်ပြောဆိုမှုမျိုးတွေအထိ ပြင်းထန်ခဲ့တာလည်း သတိပြုစရာပါ။ အောက်တိုဘာ ၁၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၁၅ မြို့နယ်နဲ့ ကျေးရွာအုပ်စုအမြောက်အများကို လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာလိုက်တဲ့အခါ ဒီခံပြင်းမှုတွေ ပိုခါးသီးခဲ့ပုံရပါတယ်။ ပေါင်းစည်းတိုင်းရင်းသားပါတီ ၅ ပါတီရဲ့ ကြေညာချက်မှာ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယခုထုတ်ပြန်ချက်သည် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာရောက်သည်ဟု ရှုမြင်ပါသည်” လို့ အတိအလင်း ရေးသားခဲ့တာ တွေ့နိုင်ပါတယ်။ ဒီရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs တချို့ကလည်း အရင်တုန်းကထက် ပိုစိတ်ဝင်စားခဲ့ပြီး တိုင်းရင်းသားအချင်းချင်းကိုသာ မဲပေးကြ ဖို့ တိုက်တွန်းတာမျိုးတောင်ရှိခဲ့ပါတယ်။

NLD အစိုးရ ငါးနှစ်တာ လူမှုစီးပွားဖွံဖြိုးရေး

အခုလို ဆိုးရွားလာတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ဗမာနဲ့ တိုင်းရင်းသားများအကြား ဆက်ဆံရေးတွေဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်လာမယ့် စီးပွားရေးအကျပ်အတည်းတွေကြောင့် ပိုသက်သာရာရဖွယ် မရှိပါဘူး။ Economist Intelligence Unit (EIU) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၀မှာ မြန်မာနိုင်ငံရဲ့ GDP ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းမယ် (အခြား ဒီ့ထက်ဆိုးတဲ့ခန့်မှန်းချက်တွေလည်းရှိပါတယ်)၊ ၂၀၁၇ ကမ္ဘာဘဏ်စစ်တမ်းအရ မြန်မာနိုင်ငံသား လေးဦးမှာ တဦးဟာ ဆင်းရဲမှု သတ်မှတ်ချက်မှာ အကျုံးဝင်ပါတယ်။ ဒီအရေအတွက်ဟာ ကိုဗစ်ကြောင့် ပိုတိုးဖို့သာရှိပါတယ်။ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ အခြေနေဟာ တရားဝင်ကို ၈ ဒသမ ၂ ကျော် ထိုးတက်ဖွယ်ရှိတယ်ဆိုပေမယ့် မြန်မာ့စီးပွားရေးမှာ စည်းလွတ်နယ်ပယ် informal economy က ပိုကြီးနေတာမို့ အလုပ်လက်မဲ့နှုန်းဟာ ဒီ့ထက်ပိုများစရာ ရှိပါတယ်။ တကယ်တော့ ကိုဗစ်-၁၉ ကြောင့်သာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၁၆ NLD အာဏာယူပြီးနောက်ပိုင်းကစလို့ အရင်အစိုးရခေတ်ထက်စာရင် ကျဆင်းခဲ့တယ် လို့ The Economist မဂ္ဂဇင်းက ထောက်ပြပါတယ် (ပုံကားချပ်ကို ကြည့်ပါ)။ လူမှု စီးပွားအခြေနေ အားရစရာ တိုးတက်တယ်လို့ ပြည်သူအများစုက မခံစားရဘူးဆိုတာ Asia Barometer စတဲ့ စစ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ မကြာခင်ကမှထုတ်ပြန်တဲ့ PACE အဖွဲ့ရဲ့ ဩဂုတ် ၂၀၂၀ စစ်တမ်း အရလည်း တိုင်းပြည်အတွက် အရေးကြီးဆုံးပြဿနာအဖြစ် အစိုးရဝန်ဆောင်မှုနဲ့ အခြေခံ အဆောက်အအုံပြဿနာ (၅၃ ရာခိုင်နှုန်း) နဲ့ စီးပွားရေး (၁၅ ရာခိုင်နှုန်း) အဖြစ် ဦးစားပေးဖော်ပြကြတာ တွေ့နိုင်ပါတယ်။ ဒီအခြေနေတွေဟာ ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာနိုင်ခြေနဲ့ တရုတ်ရဲ့ ဩဇာ ပိုလွှမ်းလာနိုင်ခြေတွေကြောင့် ဘူးလေးရာဖရုံဆင့်ဖြစ်နိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလွန် အခင်းအကျင်း

ဒီအခြေနေတွေဟာ ရွေးကောက်ပွဲအပြီးမှာ သက်သာလာဖို့ထက် နဂိုအတိုင်းဆက် တပူပူဖြစ်ရင် ဖြစ်၊ ပိုဆိုးရင်ဆိုးသာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီလို ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်တွေ ထင်သလောက် မပေါက်မြောက်၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ တိုင်းရင်းသားရေးနဲ့ နိုင်ငံတကာဆက်ဆံရေး တွေမှာ ပိုဆိုးလာပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှု (အထူးသဖြင့် ဗမာအများစု နေထိုင်တဲ့ တိုင်းဒေသကြီးတွေမှာ) အင်နဲ့အားနဲ့ ရှိနေတုန်းပါပဲ။ ဒါကြောင့် NLD ပါတီဟာပြည်ထောင်စု အဆင့်မှာ ဆက်လက်အနိုင်ရဖွယ်ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ နိုင်ပေမယ့် ပြည်နယ် လွှတ်တော်တချို့ (နဂိုကတည်း မနိုင်ခဲ့တဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော်တွေအပြင် ကယား၊ မွန်၊ ကရင်၊ ကချင်စတဲ့ ပြည်နယ်လွှတ်တော်တွေကိုပါ) လက်လွှတ်ရမယ်ဆိုရင်၊ NLD ဘက်က ပြည်နယ် ဝန်ကြီးချုပ် ရွေးချယ်မှုဆိုင်ရာ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို မပြင်ပေးတာ (အနိမ့်ဆုံးအားဖြင့် အလျော့ အတင်းမလုပ်ဘူးဆိုရင်) ပြည်နယ်တချို့မှာ အုပ်ချုပ်ရခက်ခဲတဲ့ အခြေနေဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ကာလက NLD ကြီးစိုးတဲ့ ပြည်နယ်လွှတ်တော်မှာတောင် (ဥပမာ ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး) တွေမှာတောင် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ပြီး ကယားမှာ ဖြုတ်ချနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အာဏာခွဲဝေမှုနဲ့ အုပ်ချုပ်မှု အလွဲအမှားလို့ ယူဆစရာတွေဖြစ်ခဲ့ရင် ပြည်နယ်တွေမှာ ဝန်ကြီး ချုပ်တွေကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးစားမှုတွေက လွှတ်တော်ထဲမှာရော (မအောင်မြင်ရင် လမ်းပေါ်မှာပါ) ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ NLD ဟာ နိုင်တော့နိုင်မယ် အားနည်းသွားမယ့် မဲအရေအတွက်၊ လွှတ်တော်အမတ်အရေအတွက် weak legitimacy နဲ့ပဲ နိုင်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့လည်း လွှတ်တော်များတွင်းမှာ ယခင် ငါးနှစ်ကာလ ခံစစ်အသွင်ကနေ ကျန်အင် အားစုတွေနဲ့ ပိုမဟာမိတ်ဖွဲ့ပြီး ထိုးစစ်အသွင် လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်လာနိုင်ပါတယ်။ ဒီအခြေနေတွေက နိုင်ငံရေးတည်ငြိမ်မှုအပြင်၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အလားအလာတွေ ကို ထိခိုက် စေနိုင်ပါတယ်။

လက်ရှိနိုင်ငံရေးစနစ်ဟာ လူနည်းစုတွေရဲ့ ကိုယ်စားပြုခွင့်နဲ့ ထုတ်ဖော်အရေးဆိုခွင့် အသံတွေကို ကိုယ်စားမပြုနိုင်တော့ဘူးဆိုတဲ့သဘောထားမျိုးတွေ အရှိန်ရလာရင် လွှတ်တော်ပြင်ပနိုင်ငံရေးဟာ တည်ဆဲစနစ်ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် (anti-system sentiments and practices) များကို အားပေးလာနိုင်ပါတယ်။ တိုင်းရင်းသားလူငယ်မျိုးဆက်သစ်တွေဟာ အမျိုးသားရေးစိတ်တွေ ပြင်းထန် ပြီး ပိုရဲဝံလာကြတာလည်း သတိပြုသင့်ပါတယ်။ တပ်မတော်အနေနဲ့လည်း (တကယ်ပဲဖြစ်စေ၊ ရှုမြင်ပုံ perception အရဖြစ်စေ) မတည်မငြိမ်ဖြစ်မှုတွေကို အကြောင်းပြုပြီး နိုင်ငံရေးအရစွန့်စားမှုတွေကို ပိုလုပ်လာနိုင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလွန် ထွက်ပေါက် – by default လား by design လား

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန်နိုင်ငံရေးဟာ နိုင်သူတက်အုပ်ချုပ်ဆိုတဲ့ by default option နဲ့ မလုံလောက်တော့ဘူး၊ ဒီအခြေနေဆိုးတွေကို ရှောင်ကွင်းနိုင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ သေချာပြင်ဆင်တဲ့ by design option နဲ့မှ ဖြစ်တော့မယ်လို့ ဆိုခဲ့တာပါ။ ဒီရွေးကောက်ပွဲလွန် အခြေနေဟာ မြန်မာနိုင်ငံရဲ့ နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်၊ ပြည်နယ်အစိုးရဖွဲ့တဲ့စနစ်တွေကစလို့ ၂၀၀၈ အခြေခံဥပဒေနဲ့ NCA ပေါ်အခြေခံပြုထားတဲ့ ငြိမ်းချမ်းရေးအင်စတီကျူးရှင်းတွေကို အကြီး အကျယ် စမ်းသပ်စိန်ခေါ်တော့မယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဒီနေရာမှာ ဦးတည်ချက်ကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအဖြစ် ထားသင့်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး အရေးပေါ် လိုအပ်ချက်ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အမြဲပြောနေကျအကြောင်းတွေကြောင့်အပြင် လက်ရှိ နိုင်ငံရေးစနစ် လည်ပတ်လို့မရတော့တဲ့အထိ၊ အလုပ်လုပ်ဖို့ မဖြစ်တော့အထိ၊ အတောမသတ်တော့မယ့် အကျပ်အတည်းအဆိုးသံသရာကနေ ထွက်စရာမရှိတော့မယ့်အခြေနေတွေကြောင့် ပြင်သင့်နေတာဖြစ်ပါတယ်။ ဘယ်အကြောင်းကြောင့်ပဲပြင်ပြင် တတ်နိုင်သမျှ အဓိကအင်အားစုအားလုံး ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ရှေးရှုတဲ့ ပြင်ဆင်မှုပဲဖြစ်ရမှာပါ။

ရွေးကောက်ပွဲလွန် ဒီဇိုင်းရဲ့ ဦးတည်ချက်အဖြစ် အခြေခံဥပဒေကို အဆင့်လိုက်ပြင်ဆင်ရာမှာ အဓိက အင်အားစုတွေအကြား နိုင်ငံရေးပဋိညာဉ် (political pact) တရပ်လိုအပ်ပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး အဲ့ဒီနိုင်ငံရေးပဋိညာဉ်တရပ်ပေါ်ပေါက်ရေး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကြိုးစားသင့်ပါတယ်။ အရင်ဆုံး တိုင်းရင်းသားပါတီတွေ၊ ပြီးတော့ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပဋိဉာဉ်ရဲ့ ပထမခြေလှမ်းအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ (Government of National Unity) ဆိုတာမျိုးကို ဖွဲ့စည်းသင့်ပါတယ်။ စာရေးသူအနေနဲ့ ဒီလိုဖွဲ့စည်းဖို့ကို ၂၀၁၉ အောက်တိုဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ယောမင်းကြီးစကားဝိုင်းမှာ NLD အစိုးရကို အသေအချာအကြံပြု မေတ္တာရပ်ခံခဲ့ဖူးပါတယ် (ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်)။ ဒီလို ရွေးကောက်ပွဲအခြေခံ အမျိုးသားညီညွတ်ရေးအစိုးရကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်လာနိုင်စေမယ့် အကြံပေးအဖွဲ့မျိုး၊ ပညာရှင်တွေပါ ပါဝင်လာနိုင်စေမယ့် အကြံပေးအဖွဲ့မျိုးကို တိုးချဲ့ဖွဲ့စည်းသွားသင့်ပါတယ်။ ဒီလို ဒီဇိုင်းမျိုးတွေနဲ့ပဲ အခြေခံဥပဒေထဲ ညှိနှိုင်းပြင်ဆင်နိုင်တာတွေ (ဥပမာ – ပုဒ်မ၂၆၁၊ ရွေးကောက်ပွဲစနစ်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ပါဝင် မှု၊ ကာလုံဖွဲ့စည်းပုံအချိုးအစားစတာ) တွေကို ပြင်ဆင်ပြီး၊ ပြည်နယ်အခြေခံ ဥပဒေရေးဆွဲရေးကို ပိုမိုလက်တွေ့ကျအောင် အကောင်အထည်ဖော်ရင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရော၊ မြန်မာ့စီးပွား ဖွံဖြိုးတိုးတက်ရေးမဟာဗျူဟာကိုပါ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ ရှေ့ဆက်သင့်ပါတယ်။

နိဂုံး

နိုဝင်ဘာ ၄ ရက်နေ့ကတော့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၂၀ အလွန်ပေါ် လာမယ့်အစိုးရဟာ National Unity Government (အမျိုးသား ညီညွတ်ရေးအစိုးရ) လိုမျိုး၊ အမျိုးသားညီညွတ်ရေးဆောင်ရွက်ချက်တွေ ဆက်လက်ထွက်ပေါ်လာမယ့်လို့ ပြောဆိုခဲ့ပါတယ်။ ဦးဇော်ဌေးအနေနဲ့ ဒီကိစ္စကို အသေးစိတ် ဖြည့်စွက်ရှင်းလင်းခဲ့တာမရှိသလို၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ NLD ပါတီခေါင်းဆောင်ပိုင်းကပဲဖြစ်ဖြစ် မူအရ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပြောဆိုချက်ဟာ ကြိုဆိုရမှာဖြစ်ပါတယ်။ အကျပ်အတည်းကို ရှောင်ကွင်းနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရမျိုးကိုဖွဲ့ကြတယ်ဆိုပေမယ့် ဒါဟာ တိုင်းပြည် အကျပ်အတည်းဖြစ်နိုင်ခြေကို သိမြင်လက်ခံကျော်လွှားဖို့ ဖွဲ့တာမျိုးသာ ဖြစ်ကောင်းပါတယ်။ တဖွဲ့ တသင်း တပါတီ တဦးတယောက်ရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား ထွက်ပေါက်၊ ရေတိုယာယီထွက်ပေါက်အနေနဲ့တော့ မဖြစ်ကောင်းပါဘူး။ ဒါဆိုရင် နိုင်ငံတကာအတွေ့အကြုံတွေအရ ဆေးကြောင့်လေး ဖြစ်တတ်တယ်လို့ ထောက်ပြခဲ့ချင်ပါတယ်။ တိုင်းပြည်အကျိုးကျေးဇူးကို ဦးတည်ပြီး ဂိုဏ်းဂဏစိတ်နဲ့ ဘက်ဖွဲ့အင်အားပြမှုတွေကို နောက်ချန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရလမ်းကြောင်းကို အားလုံး ဝိုင်းတွန်းသင့်တဲ့အပြောင်းအလဲဖြစ် ခံယူ ကြိုးပမ်းသင့်လှပါတယ်။

မင်းဇင်

နိုဝင်ဘာလ ၈၊ ၂၀၂၀

မင်းဇင်သည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု့ (ISP-Myanmar) ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

The post ၂၀၂၀ ရွေးကောက်ပွဲအလွန် ထွက်ပေါက် appeared first on ISP Myanmar Peace Desk.

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ
၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။

အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် စသဖြင့် ဆုံချက်သဘော ဖြစ်စေ၊ အပြိုင်သဘောဖြစ်စေ ရှိနေကြတာပါပဲ။ ဒီလို ဘက်စုံ ဆွေးနွေးမှုတွေဟာ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ ဖြစ်တန်ရာအဖြေ စုပေါင်းရှာဖွေရေးကို အထောက်အကူ ပြုနိုင်ပါတယ်။ ဒါပေမဲ့ အဖြေဟာ အတ္တဘာ၀ အသီးသီးအသက ကိုယ်ဖြစ်ချင်သလို ဖြစ်မှာမဟုတ်သလို၊ အပြီးသတ် အ္တိမအဖြေလည်း မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ရဲ့ သမိုင်းအဆင့်၊ နိုင်ငံရေး အကန့်အသတ်နဲ့ လူမှုအဆောက်အအုံ ဖွံ့ဖြိုးမှု ပကတိဘာဝနဲ့ လျော်တဲ့အဖြေပဲ ဖြစ်မှာပါ။ ဒါကြောင့် သမိုင်းအမြင်၊ နိုင်ငံရေးအမြင်နဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးစတဲ့ လူမှုအဆောက်အုံ ပကတိ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါမှသာ တရားမျှတမှုနဲ့ လက်တွေ့ကျမှုကို ပေါင်းစပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး “မျှခြေ”ကို ရနိုင်မှာ ဖြစ်ပါတယ်။

ဒီလို မျှခြေမျိုး ရရှိနိုင်ဖို့ အကြောင်းအချက် လေးရပ်ကို အာရုံစိုက်သင့်ကြောင်းနဲ့ အဲဒီ အကြောင်းအချက်တွေနဲ့ ပတ်သက်လို့ ကနဦး အဆိုပြုချက်တွေကို ဒီဆောင်းပါးမှာ တင်ပြပါမယ်။ ဒီ အကြောင်းအချက်တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်အမြင် (Vision)၊ လူမှုအဆောက်အအုံ အပြောင်းအလဲ (Structural Shifts)၊ အင်စတီ ကျူးရှင်းဒီဇိုင်း (Institution Designs) လို့ ခေါ်နိုင်မယ့် ဥပဒေ၊ သင်းပင်းဖွဲ့စည်းရေး၊ ကျင့်ထုံးချမှတ်ရေးနဲ့ ခေါင်းဆောင်များရဲ့ အကျိုးစီးပွား (Leaders Incentives) ဖြစ်ပါတယ်။ ရှေ့လာမယ့် အခန်းတွေမှာ ဒီအကြောင်းအချက် တစ်ခုစီနဲ့ ပတ်သက်ပြီး ကာလအပိုင်းအခြား ဘောင်နှစ်ခုကနေ ဆွေးနွေး သုံးသပ်ချက်တွေ ပြုလုပ်ပါမယ်။ ပထမကာလကတော့ ၁၉၄၇-၁၉၆၂ ခုနှစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အားထုတ်တဲ့ကာလနဲ့ ၂၀၁၁-၂၀၁၇ ခုနှစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဒုတိယအကြိမ် တဖန်ပြန်အားထုတ်တဲ့ ကာလပဲ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဒီအကြောင်းအချက် လေးရပ်နဲ့ ပတ်သက်လို့ ကနဦး အဆိုပြုချက်တွေကို တင်ပြပါမယ်။ အဆုံးမှာတော့ သတိပြုစရာ သုံးချက်ကို တင်ပြပြီး နိဂုံးချုပ်ပါမယ်။

■ အပိုင်း(၁) မျှော်မှန်းချက်အမြင်

၁၉၄၇-၆၂ ခုနှစ် ပထမအကြိမ် ဖက်ဒရယ် ထူထောင်ရေး အားထုတ်မှုကာလ

ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မယ်ဆိုတဲ့ မျှော်မှန်းချက်အမြင်ဆိုင်ရာ ဝိဝါဒကွဲမှုဟာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် ဘယ်လိုရှုမြင်ကြသလဲဆိုတဲ့ အခြေခံက စပါတယ်။ ဒီဝိဝါဒဟာ မြန်မာ့အရေး သုတေသီတွေကြားမှာလည်း ဆွေးနွေးလို့ မပြတ်သေးတဲ့ကိစ္စ ဖြစ်နေပါတယ်။ Matthew Walton (2008) က ပင်လုံယုံတမ်း သုံးရပ်ရှိတယ်လို့ ဆိုပါတယ်။ ပထမတစ်ခုက ဗမာလူမျိုးတွေကို အဓိက ကိုယ်စားပြုတဲ့ အစိုးရ (အဲဒီစာတမ်းရေးစဉ် ကာလက စစ်အစိုးရ) ထူထောင်တဲ့ ယုံတမ်းဖြစ်ပြီး နယ်ချဲ့တွေရဲ့ သွေးခွဲမှုကို အန်တုပြီး ဂျပန်ဆန့်ကျင်ရေးနဲ့ အင်္ဂလိပ်ဆန့်ကျင်ရေး တိုက်ပွဲဝင်ရင်း လွတ်လပ်ရေးအတွက် ညီညွတ်မှုကို ပြသခဲ့တဲ့ သမိုင်းဝင်စာချုပ်ဆိုတဲ့ ယုံတမ်းဖြစ်ပါတယ်။ ဒီယုံတမ်းဟာ ပင်လုံမှာ လူမစုံဘဲ ကရင်က လေ့လာသူ၊ မွန်၊ ရခိုင်၊ ၀ စတဲ့ ကျန်တိုင်းရင်းသားတွေရဲ့အမြင် မပါဝင်တာ၊ ပါတဲ့ အထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကို အလေးထားတာ မရှိပါဘူးလို့ Walton က ထောက်ပြပါတယ်။ ဒုတိယ ယုံတမ်းကတော့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီ အတိုက်အခံတွေ သဘောထားပါတဲ့။ ဒါကလည်း ပထမ ယုံတမ်းနဲ့ အခြေခံအားဖြင့် တူပါတယ်။ အရေးပါတဲ့ ကွဲလွဲချက်ကတော့ ပင်လုံနောက်ပိုင်း စစ်အစိုးရ အဆက်ဆက်က ပင်လုံစိတ်ဓာတ်ကို သစ္စာဖျက်ခဲ့လို့ခုလို အဖြစ်ဆိုးခဲ့ရတာ၊ ဒါကြောင့် အစိုးရမူဝါဒပြောင်း နောက်တကြိမ် ပင်လုံကဲ့သို့ ညီလာခံခေါ်ပြီး ပင်လုံစိတ်ဓာတ်ကို ပြန်တည်ဆောက်ရင် ညီညွတ်ငြိမ်းချမ်း သာယာဝပြောမှု ရမှာပါဆိုတဲ့ အမြင်ပါ။ ဒီအမြင်မှာ အစိုးရနဲ့ တပ်မတော်မူဝါဒတွေကို ဝေဖန်တာဟာ အရေးပါပေမယ့် တိုင်းရင်းသားတွေနဲ့ဖဆပလ အစိုးရအကြား တင်းမာမှုရှိခဲ့တာ၊ တိုင်းရင်းသား အင်အားစု အချင်းချင်းအကြား တင်းမာမှုတွေ ရှိခဲ့တာကို မျက်ကွယ်ပြုထားတယ်လို့ Walton က ဆိုပါတယ်။ တတိယ ယုံတမ်းကတော့ တိုင်းရင်းသားအများစု လက်ခံတဲ့အမြင်ပါ။ အစိုးရ သစ္စာမတည်ခဲ့လို့ ပင်လုံ ကတိကဝတ်တွေ ပျက်ခဲ့ရတယ် ဆိုတာကို အသိအမှတ်ပြုပေမယ့် နဂို ကနဦးကတည်း ပင်လုံ ကတိကဝတ်ဟာ အကန့်အသတ်တွေ ရှိခဲ့တယ်။ မပြည့်စုံခဲ့ဘူးလို့ ရှုမြင်တာပါ။ ဒီ ပင်လုံ ယုံတမ်းဟာလည်း အမျိုးမျိုးသော တိုင်းရင်းသား လူနည်းစု အချင်းချင်း၊ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားမှာ ရှေ့နောက်မညီတဲ့၊ ကွဲလွဲတဲ့ အမြင်အမယ်စုံ ရှိနေတာကို အသိအမှတ်မပြုဘဲ တိုင်းရင်းသားအားလုံး တစိတ်တဝမ်းတည်း ရှိသယောင် ဖော်ပြနေတဲ့ ယုံတမ်းပဲလို့ Walton က ဝေဖန်ပါတယ်။

Robert Taylor (2015) ကတော့ ပင်လုံစာချုပ်ရဲ့ ရည်ရွယ်ချက် အရင်းခံဟာ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေအရ သီးခြားအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသတွေကို ဘုရင်ခံ အမှုဆောင်ကောင်စီရဲ့ ဥပဒေ အာဏာစက်အောက်ကို လွတ်လပ်ရေး မတိုင်ခင် ဆွဲသွင်း ပေါင်းစည်းယူတာပဲ ဖြစ်တယ်။ ဒါကြောင့် ပင်လုံစာချုပ် လက်မှတ်ထိုးပြီးချိန် လပိုင်းအတွင်း တောင်တန်းနဲ့ပြည်မ ပေါင်းစည်းပြီးတာမို့ စာချုပ်ဟာ (နိုင်ငံရေးအရ ဆက်ရှိနေစေဦးတော့) ဥပဒေကြောင်း အရတော့ ပျက်ပြယ်သွားပြီလို့ ကောက်ယူပါတယ်။

ဒီရေးသားချက်နဲ့ စာမျက်နှာ အကန့်အသတ်အရ မဖော်ပြခဲ့တဲ့ လေ့လာချက် အတော်များများကို ကြည့်ရင် သုတေသီတွေက ပင်လုံစာချုပ်ဟာ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မပြည့်စုံဘူး (ဝါ) ဥပဒေကြောင်းအရ လိုအပ်လို့ အဲဒီ ခေတ်ပြောင်း ခေတ်လွှဲကာလမှာ ချုပ်ခဲ့တဲ့ စာချုပ်ပဲဖြစ်တယ်ဆိုတဲ့ သဘောထားမျိုး သုံးသပ်ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီရေးသားချက်တွေမှာ ထည့်သွင်းသုံးသပ်ဖို့ ပျက်ကွက်ခဲ့တဲ့ အကြောင်းအချက်တချို့ကို အကျဉ်း ဆွေးနွေးချင်ပါတယ်။ ပင်လုံစာချုပ် ချုပ်တယ်ဆိုတာ အောင်ဆန်း-အက်တလီ စာချုပ်အရ အင်္ဂလိပ်က တောင်တန်းဒေသသားတွေရဲ့ သဘောထားဆန္ဒပါတဲ့ ပေါင်းစည်းရေးဖြစ်ဖို့ လိုတယ်၊ ဒီလိုသိနိုင်ဖို့ ပင်လုံညီလာခံ ကျင်းပဖို့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ဆိုတာတွေ ပါဝင်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံကို ရောက်လာပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီ ၆ နဲ့ ၇ ရက်တွေမှာ ရှမ်း၊ ကချင်၊ ချင်း ပူးတွဲကော်မတီ ဆုံးဖြတ်ချက် ငါးချက် (ချင်းက ဖြည့်တဲ့ သုံးချက်)အပေါ် အဓိက မူတည်ပြီး ဗိုလ်ချုပ်က ဆွေးနွေး ညှိနှိုင်းတာပါ။ ဆွေးနွေးပွဲမှာ တောင်တန်းသား ကိုယ်စားလှယ်တွေ ဘာကိုတင်ပြသလဲဆိုတာ ကွဲလွဲချက်တချို့ရှိတယ် (မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့ ၁၉၉၀) ဆိုပေမယ့် အဓိက ကတော့ (၁) အောင်ဆန်း-အက်တလီ (ဝါ) ဗမာ-အင်္ဂလိပ် စာချုပ်ဟာ တောင်တန်းဒေသများနဲ့ အကျုံးမဝင်စေရ၊ (၂) ပြည်မနဲ့ တောင်တန်းဒေသ တန်းတူအခွင့်ရေး ရှိရမယ်၊ (၃) ကချင်ပြည်နယ် ထူထောင်ရေးနဲ့ (၄) ဘုရင်ခံ အမှုဆောင်ကောင်စီမှာ ပါမယ့် ရှမ်း၊ ကချင် ကိုယ်စားလှယ်တွေဟာ မိမိတို့နယ်အရေး အပြည့်အ၀ တာဝန်ယူပြီး ကျန် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်ဌာန လုပ်ငန်းတွေမှာ ပူးတွဲ တာဝန်ယူရမယ်၊ (၅) လွတ်လပ်ရေး ရပြီးနောက် ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ဗိုလ်ချုပ်က တစ်ချက်စီ ပြန်ဆွေးနွေးပြီး အထွေအထူး မှတ်ချက်ပြုစရာမရှိ အာမခံချက် ပေးတယ်၊ မူအားဖြင့် သဘောတူတယ် စသဖြင့် ပြန်ဖြေပြီး ခွဲထွက်ခွင့်ကိစ္စကိုတော့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။ ဒီညှိနှိုင်းဆွေးနွေး သဘောတူမှုတွေပေါ် အခြေခံပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတာပါ။

အဲဒီနောက် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ရဲ့ ၁၉၄၇ ခုနှစ် ဧပြီ ၂၄ ရက် အစီရင်ခံစာဟာလည်း တဆက်တည်း ထည့်သွင်း စဉ်းစားရတဲ့ အဓိက အထောက်အပံ့အကြောင်း ဖြစ်ပါတယ်။ ဒီအစီရင်ခံစာရဲ့ အရေးပါဆုံး အပိုင်းကတော့ အပိုင်း ၁၊ အခန်း ၃ ပါ။ (မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ၊ ၁၉၉၀)။ အဲဒီအခန်းမှာ တိုင်းပြုပြည်ပြု လွှတ်တော်ကို ကိုယ်စားလှယ် စေလွှတ်ရမည့် အရေအတွက်၊ ကိုယ်စားလှယ်ရွေးနည်းနဲ့ လွှတ်တော်လုပ်ငန်း ဆောင်ရွက်ပုံတွေကို ဖော်ပြထားပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်လုပ်ငန်းတွေမှာ တောင်တန်းဒေသအနှံ့က ကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်တာဟာ မြန်မာနိုင်ငံနှင့် ပူးပေါင်းခြင်း၊ ပြည်ထောင်စုနှင့် ပူးပေါင်းခြင်းလို့ မယူဆရန် သတိပေးပါတယ်။ အရေးကြီးတဲ့ အကြံပြုချက်တွေကတော့ ပြည်မနဲ့ တောင်တန်းဒေသတွေကို နှိုင်းယှဉ်ရင်ပဲ ဖြစ်ဖြစ်၊ တောင်တန်းဒေသ အချင်းချင်းကို နှိုင်းယှဉ်ရင်ဖြစ်စေ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်မှုချင်း ကွာခြားတာကြောင့် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဆုံးဖြတ်ထားပေမယ့် တင်းပြည့်ကျပ်ပြည့် ပြည်ထောင်စုကြီး၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုးကို တိုင်းပြုပြည်ပြု လွှတ်တော်မှာ ရေးဆွဲဖို့ ခက်မယ်၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုးသာ ရေးဖို့ သင့်လျော်မယ်လို့ အကြံပြုပါတယ်။ ပြည်နယ်တွေက ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်၀ ဆုံးရရန် အားသန်နေတာဟာ ပြည်ထောင်စုအစိုးရကို အလွန်အင်အားနည်းတဲ့ အခြေအနေမျိုး ရောက်သွားစေနိုင်တယ်လို့ စုံစမ်းရေးအဖွဲ့က သတိပေးပါတယ်။ တဆက်တည်း ကမ္ဘာပေါ်က ဖွဲ့စည်းပုံတွေမှာ ခွဲထွက်ခွင့်ကို ထည့်သွင်းဖော်ပြတာ အလွန်နည်းကြောင်း၊ မြန်မာ့ အခြေခံဥပဒေမှာ ဒီအခွင့်အရေးမျိုး ထည့်မယ်ဆိုရင် စည်းကမ်းသတ်မှတ်ချက်များ သေချာစွာ ချမှတ်ရလိမ့်မယ်လို့ အကြံပြုပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ကို သူ့ချည်းသက်သက် ဥပဒေ ရှုထောင့်တစ်ခုတည်းက ကွက်ပြီး အကဲဖြတ်ရင် မပြည့်စုံနိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက် တိုင်းပြည်ပြုလွှတ်တော် ပထမအကြိမ်ညီလာခံ မိန့်ခွန်းပြောရာမှာ အခုလို တိတိပပ ရှင်းပါတယ်။ “ကျွန်တော် တည့်တည့်လင်းလင်း ရှင်းချင်တာကတော့ ဗမာပြည်ထောင်စု နိုင်ငံတော်လို့ ခေါ်တွင်ဘို့ ဆိုပြီးတော့ သည်အဆိုထဲမှာ တင်ပြထားပေမည့် သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ဘယ်နယ်တွေပါလို့ ဘယ်နယ်တွေ ပါရမည်လို့ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ သည်တော့ တောင်တန်းဒေသ ကနေပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှသည်ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ အလျဉ်းမရှိပါဘူး၊ သည်ပြည်ထောင်စု နိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ်ဆိုင်ရာမှ နေပြီးတော့ ပါချင်မှ ပါနိုင်တာဘဲ။ သည် တိုင်းပြုပြည်ပြုလွှတ်တော် မဖွဲ့စည်းမီအခါမှာ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှာ ကျွန်တော်တို့ သဘောတူညီချက်တွေ စာချုပ်အမျိုးမျိုး ချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဆိုလို့ရှိလျှင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို့ လက်ခံလာခဲ့သည့်အတိုင်း ဖြစ်စေ အဲသည်လို လက်ခံထားတဲ့ သည်စာသဘောတွင် မကဘဲ Not only the letter of Agreement သည်စာ သဘောကို ကျွန်တော်တို့ သဘောတူညီ လာခဲ့တာတွင်မကဘဲ၊ ကျွန်တော်တို့အဘို့မှာဆိုလို့ ရှိလျှင် The Spirit of Agreement သဘောတူညီလာခဲ့တဲ့ တကယ့်အရင်းခံ သဘောတရားကို လက်ခံပြီးတော့ သည်အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲ ဆိုတာ၊ တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ်များ တည့်တည့်လင်းလင်း နားလည်စေချင်ပါတယ်။ ကျွန်တော်တို့ ပေးပြီးသား ဂတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို နယ်ချဲ့သမားတွေလို ကျွန်တော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ အဲသည်လို ပေးပြီးသား ဂတိနှင့် နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မည်လားလို့ သံသယရှိတဲ့ လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရ ပြောရလျှင် ကျွန်တော်တို့ရဲ့ Sense of Honour, Sense of Self-respect, Sense of Pride တို့ကို စော်ကားတယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲသည်တော့ ကျွန်တော်တို့ ပေးပြီးသား ဂတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့အရ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျွန်တော်တို့ ဗမာလူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျွန်တော်တို့ ပြည်ထောင်စုထဲမှာ မသိမ်းသွင်းပါဘူး။ သဘောမတူဘဲ မနေနိုင်တဲ့ အခြေအနေမျိုးကို လက်တစ်လုံးကြား လိမ်တဲ့နည်းနှင့်လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတည့်အလင်း နားလည်စေချင်ပါတယ်။ (သြဘာသံများ)။” (မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော် ညီလာခံမှတ်တမ်းများ၊ စာ တွဲ ၁၊ ၁၉၄၇)

ဒါကြောင့် အောင်ဆန်း-အက်တလီ စာချုပ်၊ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် ငါးရပ်၊ ဗိုလ်ချုပ်ရဲ့ ပြန်လည် ဆွေးနွေး အာမခံချက်၊ စုံစမ်းရေးအဖွဲ့ရဲ့ တိုင်းရင်းသားများနဲ့ ပိုမို ကျယ်ပြန့်စွာ တွေ့ဆုံပြီး သဘောထား မေးမြန်းမှု အစီရင်ခံစာ၊ စာချုပ်ပါ ဥပဒေကြောင်း အချက်သာမက The Spirit of Agreement သဘောတူညီလာခဲ့တဲ့ တကယ့်အရင်းခံ သဘောတရားကိုပါ လက်ခံတယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ ရှင်းလင်းတဲ့ မိန့်ခွန်း စတာတွေကို ပေါင်းရုံးကြည့်မှသာ ပြည်ထောင်စု တည်ဆောက်ရေးကို ပုံကားချပ် တစ်ခုအဖြစ် စေ့စေ့ငုငု မြင်နိုင်ပါမယ်။ ဒီလို ဆက်စပ်ကြည့်ရင် ပင်လုံစာချုပ်ဟာ ဥပဒေကြောင်းသက်သက် စာချုပ်သာဖြစ်တယ်၊ ပင်လုံစာချုပ်ဆိုတာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေး (ကိုယ်လိုချင်တဲ့ ပန်းတိုင်) ကို မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး ကျန်အချက်တွေ အားလုံးဟာ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာမယ် ဆိုတာပဲဖြစ်တယ်၊ ဒီလို တိုင်ပင်ဆွေးနွေး အဖြေရှာမယ်ဆိုတာကပဲ ပင်လုံရဲ့ အဓိက ကတိကဝတ်ဖြစ်တယ် (ဒေါ်အောင်ဆန်းစုကြည်၊ “ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း” ၂၀၁၇) စတာတွေဟာ အချက်အလက်အရ မှားယွင်းတဲ့ အကဲဖြတ်ချက်တွေဆိုတာ ထင်ရှားပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ဒုတိယက္ဘာစစ် ပြီးနောက် အင်္ဂလိပ်အစိုးရ၊ ပြည်မနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြည်ထောင်စု တည်ဆောက်ရေး မြော်မြင် ကြိုးပမ်းချက်တွေဟာ ဖက်ဒရယ် သဘောတရားတွေမှာ ပြောဆိုနေကြတဲ့ ပေါင်းစည်းရေး ချဉ်းကပ်ပုံ (Integrationist approach by Horowitz, 1985)၊ အတူတကွ လက်တွဲ ပေါင်းစည်းမယ် (Coming together federation formation by Stepan, 2001) ဆိုတဲ့ သမိုင်းအရင်းခံနဲ့ နိုင်ငံရေး ယုတ္တိ အခြေခံတွေနဲ့ ကိုက်ညီပါတယ်။ ပြည်ထောင်စု စုဖွဲ့မှုဖြစ်စဉ်မှာ ပညာရှင်တွေပြောတဲ့ ကာလတို ဖိအားနဲ့ ရုတ်ချည်း ပေါင်းစုဖွဲ့စည်း (Abrupt Agreegative Type and Mode by Friedrich, 1963; Broschek, 2016) တဲ့ သဘောလည်းဖြစ်ပါတယ်။ အလားတူ ဗိုလ်ချုပ်ရဲ့ အခြေခံဥပဒေ လမ်းညွှန်ချက် ၇ ရပ်မှ အမှတ် ၂ နှင့် ၃ ကိုကြည့်ရင် (မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော် ညီလာခံ မှတ်တမ်းများ၊ စာတွဲ ၁၊ ၁၉၄၇) အခြေခံဥပဒေအရ အပ်နှင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ (powers of constituent units derived from the constitution by Watts, 2008; Wheare, 1963) နဲ့ ပြည်သူထံမှ ဆင်းသက်သော အခွင့်အာဏာဆိုတဲ့ ဒီမိုကရေစီမူ (Dahl 1986; Stepan, 2001) တွေဟာ ဖက်ဒရယ် အခြေခံသဘောနဲ့ ကိုက်ညီပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပူးတွဲအုပ်ချုပ်ရေးကို တွဲစပ်ဖို့ တောင်းဆိုတဲ့ ဥပမာ- ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်ဌာန လုပ်ငန်းတွေမှာ ပူးတွဲတာဝန်ယူပြီး ကျန်အရေးတွေမှာ ကိုယ်ပိုင်တာဝန်ယူခွင့် တောင်းတဲ့ တိုင်းရင်းသားတွေရဲ့တောင်းချက် (အထူးသဖြင့် စုံစမ်းရေးအဖွဲ့ထံ လာရောက်ထွက်ဆိုတဲ့ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ စဝ်ရွှေသိုက်ရဲ့ထွက်ဆိုချက်) တွေဟာ (self-rule plus shared rule. Elazar, 1987) ဖက်ဒရယ် စဉ်းစားချက်တွေနဲ့ ဘောင်ဝင်ပါတယ်။

ဒါပေမဲ့ မြော်မြင်မှုနဲ့ ပတ်သက်လို့ အားနည်းချက်တချို့ ရှိခဲ့တာလည်း ထင်ရှားပါတယ်။ ပထမဆုံး ဗိုလ်ချုပ်ကစလို့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုပင် အသုံးမပြုဘဲ ရှောင်လိုကြတာပါ (ကိုရဲ စာ-၆၇ ရှု)။ တကယ်တော့ ဒီကိစ္စမှာ အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ လူများစု ဗမာတွေနဲ့ တိုင်းရင်းသား လူငယ်ပိုင်းတွေအနေနဲ့ နယ်ချဲ့ အစိုးရက တောင်တန်းနဲ့ပြည်မ သွေးခွဲနေတယ်လို့ ယုံကြည်ကြတာပါ။ ဒါဟာ မြန်မာ နိုင်ငံမှာမှ မဟုတ်ပါဘူး။ အိန္ဒိယမှာလည်း အင်္ဂလိပ်က မူဆလင်အဖွဲ့ချုပ် Muslim League ကို မျက်နှာသာပေးပြီး အိန္ဒိယ အမျိုးသားရေး စိတ်ဓာတ်ကို အားနည်းအောင် လုပ်နေတယ်၊ လွတ်လပ်ပြီး ဗဟိုအစိုးရကို အားနည်းအောင် ဖန်တီးတယ်လို့ ကွန်ဂရက်ပါတီက ယူဆပါတယ်။ ဒါကြောင့် အိန္ဒိယ အခြေခံဥပဒေမှာ ဖက်ဒရယ်ဆိုတဲ့ စကားမသုံးဘဲ ပြည်ထောင်စု ဆိုတာကိုသာ သုံးနှုန်းတာ တွေ့ရပါတယ် (Narang, 2003; Mitra, 2007)။ သီရိလင်္ကာမှာလည်း အင်္ဂလိပ်က တမီးလ် လူနည်းစုတွေကို နေရာပိုပေးပြီး ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြားနှိမ်ထားတယ် ဆိုတဲ့အမြင် အားကောင်းပြီး နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုးသားလက္ခဏာ တည်ဆောက်ရေးမှာ ဆင်ဟာလီ-ဗုဒ္ဓ ဘာသာ အမျိုးသားရေးဝါဒကို ဇောင်းပေးလာတာပါ (Allison-Reumann & Baogang, 2016)။

ဒုတိယက္ဘာစစ်အပြီး မြန်မာ့လွတ်လပ်ရေးနဲ့ အမျိုးသားရေး လှုပ်ရှားမှုမှာလည်း နယ်ချဲ့ အင်္ဂလိပ်ရဲ့သွေးခွဲမှုကို မယုံတာနဲ့ လွတ်လပ်ရေးကို တစ်စုတည်း အမြန်ဆုံး ရယူလိုတာ တွေ့ရပြီး ပြည်နယ်တွေရဲ့ တန်းတူရေးနဲ့ ပတ်သက်ရင် ဗမာခေါင်းဆောင်တွေဟာ မကြိုက်တာပဲ ဖြစ်ဖြစ်၊ အမြင်မရှင်းတာပဲ ဖြစ်ဖြစ် ရှိခဲ့ကြပုံရပါတယ်။ ဦးနုဟာ ကရင်၊ ကယား၊ ကချင်၊ ရှမ်းတွေကို ပြည်နယ်ပေးခဲ့ရတာနဲ့ ပတ်သက်လို့ ၁၉၅၈ ခုနှစ် မွန်ရေးရာ ညီလာခံမှာ ပြောတဲ့အခါ “ဤသို့ ပေးရခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလုဆဲဆဲအချိန်တွင် နယ်ချဲ့တို့က ခြေထိုးထားခြင်းကြောင့် ပြည်နယ်မပေးလျှင် အင်္ဂလိပ်လက်အောက်မှာပင် နေမည် ပြည်မနှင့် မပေါင်းဟု အကျပ်ကိုင်ခဲ့ခြင်းကြောင့်သာ ပေးလိုက်ရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်ဆိုသည်မှာ လုံး၀ အဓိပ္ပာယ်မရှိကြောင်း” ဆိုပါတယ် (မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုနိုင်ငံရေး တတိယတွဲ၊ ၁၉၉၁)။ ဒါကြောင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးထွန်းမြင့်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို အဓိက ရေးဆွဲခဲ့သူ တစ်ဦးဖြစ်တဲ့ ဦးချန်ထွန်း ပြောဆိုတာတွေကို ထောက်ပြပြီး ဗမာခေါင်းဆောင်တွေဟာ အခြေခံဥပဒေ ရေးဆွဲရာမှာ “နယ်စပ်ဒေသမှ လူမျိုးစုများ ဆန္ဒပြင်းပြ၍ လည်းကောင်း၊ မလွှဲမရှောင်သာ၍ လည်းကောင်း၊ တနည်းအားဖြင့် နယ်စပ်ဒေသမှ လူမျိုးစုများ သံသယ ကင်းစေရန် ရသေ့စိတ်ဖြေပြုနိုင်ရန်အတွက် ပြည်ထောင်စုပုံစံကို ထည့်သွင်းထားပေးခြင်း ဖြစ်သည်။ သို့သော် ဗမာခေါင်းဆောင်များ၏ လိုအင်ဆန္ဒအတိုင်း တစ်ပြည်ထောင်သဘော ရောက်နိုင်သမျှ ရောက်စေရန် ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်” (ဦးထွန်းမြင့် ၁၉၆၄) လို့ ရေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ နွှယ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ချော့တစ်မျိုး ခြောက်တစ်ဖုံ ပြောခဲ့တာတွေ ရှိတယ်လို့ ကိုယ်တွေ့ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ၁၉၄၇ ခုနှစ် ဧပြီ ၁၉ ရက် မေမြို့ ညစာစားပွဲမှာ “ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များအား ပင်လုံတွင် ပေးခဲ့သော ကတိအတိုင်း ဆက်လက် ဆောင်ရွက်မည်ကို ယုံကြည်စေလိုကြောင်း၊ ၁၀ နှစ် အချိန်ပေးစေလိုကြောင်း၊ ထို ၁၀ နှစ်အတွင်း တောင်တန်းသားများ ကျေနပ်မှုရှိလာအောင် ဆောင်ရွက်ပြမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျှင် ရှမ်းခေါင်းဆောင်အား သမ္မတတင်မြှောက်၍ ကရင်အမျိုးသားအား စစ်သေနာပတိ ခန့်ထားမည် ဖြစ်ကြောင်း၊ ခွဲထွက်ခွင့်နှင့် ပြည်နယ် တောင်းဆိုရေးကိစ္စကို တိုင်းပြည်ပြုလွှတ်တော်တွင်သာ ညှိနှိုင်း ဆောင်ရွက်စေလိုကြောင်း၊ ရှမ်းပြည်က မြန်မာနှင့် မပူးပေါင်းဟုဆိုလျှင် ၁၀ နှစ်ကြာသည့်အခါ တိုက်ခိုက် သိမ်းသွင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်” (မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ၊ ၁၉၉၀)။

ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ယုံကြည်အစစ်အမှန် ရှိ မရှိ၊ တန်းတူရေး မြော်မြင်ချက် ရှိ မရှိ အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်ပိုင်းမှာ အမြင်မသဲကွဲတာမျိုးကိုလည်း တွေ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ပြည်ထောင်စနစ်ကိုတော့ လက်မခံဘူးဆိုတာ အတိအလင်း အခုလို ပြောခဲ့ပါတယ်။ “ကျွန်တော့်အမြင်အရ ဆိုရင်တော့ အထက်က လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်ရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးတော့ (Unitary) လူမျိုးကြီး တစ်မျိုးထဲဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲ ဖြစ်ရမှာဘဲ” (မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ၁၉၉၀)။

ဗိုလ်ချုပ်အနေနဲ့ တစ်ပြည်ထောင် မဟုတ် ပြည်ထောင်စု တည်ထောင်မယ်လို့ ယတိပြတ်ဆိုပေမယ့် ပြဿနာက (၁) လူမျိုး၊ လူမျိုးရေး လူနည်းစုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို နားလည်ပုံ၊ (၂) ပြည်ထောင်စုကို ဘယ်လိုစုဖွဲ့တည်ဆောက်မလဲ စဉ်းစားပုံနဲ့ (၃) ပြည်ထောင်စု တည်ဆောက်တဲ့ ဖြစ်စဉ်ကို တဖြည်းဖြည်း အဆင့်ဆင့်သွားမှာလား ချက်ချင်းလားဆိုတဲ့ sequence (အစဉ်)မှာ အခက်အခဲ တွေ့ခဲ့ပုံရပါတယ်။

■ (၁) လူမျိုး၊ လူမျိုးရေး လူနည်းစုနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို နားလည်ပုံ

၁၉၄၇ ခုနှစ် မေ ၂၀ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုများရဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အကြောင်းပြောရာမှာ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် စတာလင်ကို ကိုးကားပြီး “လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းသင်းနေရင် (Regional Autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ခွဲထွက်ခွင့်ပါ ရထိုက်သတဲ့။ ကိုယ်ပိုင်ပြဌာန်းခွင့် လုံးဝရထိုက်သတဲ့”လို့ ဆိုပါတယ် (မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ၁၉၉၀)။ ဆရာကျော်ဝင်း ကတော့ ဒါဟာ မြန်မာပြည်ထောင်စု တည်ဆောက်ရေးမှာ လွှမ်းမိုးခဲ့တဲ့ ရုရှား တရားသေဝါဒ အကောက်အယူလို့သုံးသပ်ပါတယ် (ကျော်ဝင်း ၂၀၁၆ နှင့် ကျော်ဝင်း စာ-၁၁၃ ရှု)။

Taylor (2015) ကလည်း အစကနဦးကတည်းက ဆိုရှယ်လစ်နှင့် ကွန်မြူနစ် သဘောတရားများ၊ ဗြိတိသျှ လစ်ဘရယ်ဝါဒတို့ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတဲ့ မြန်မာအမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်တွေ (အဓိကအားဖြင့် လက်ဝဲသမားတွေ) ဟာ စတာလင်ရဲ့ လူမျိုးစုဆိုင်ရာ သဘောတရားနဲ့ လူမျိုးစုံ ဖွဲ့စည်းထားတဲ့ ယူဂိုဆလားဗီးယားနိုင်ငံရဲ့ ဥပမာကို နှစ်ခြိုက်ခဲ့ကြတယ်လို့ သုံးသပ်ပါတယ်။ တောင်တန်းဒေသတွေဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ပြည်မ နိုင်ငံရေးနဲ့ ဆက်စပ်လာခဲ့ပြီး ဗြိတိသျှ ကိုလိုနီ မနုဿဗေဒ (အနောက်တိုင်းသားများနဲ့ မတူတဲ့ အခြားတစ်ပါးသူများရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာပြီး ကိုလိုနီအုပ်ချုပ်ရေးကို အလုပ်အကျွေးပြုတဲ့၊ ကိုလိုနီသခင်တွေရဲ့အမြင်မှာ စောင့်ရှောက်ရမယ့် ယဉ်ကျေးမှု ရေချိန်နိမ့်သူများအကြောင်း လေ့လာတဲ့ ဘာသာရပ်)ရဲ့ အမွေအနှစ်ဟာ ကိုလိုနီခေတ်လွန် နိုင်ငံရေးကိုပါ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ဒီ ကိုလိုနီ မနုဿဗေဒကို စတာလင်ရဲ့ လူမျိုးရေးအမြင်နဲ့ အားပေး ဖြည့်စွက်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီဆန်းစစ်မှုအရဆိုရင် အင်္ဂလိပ်ကလည်း တောင်တန်းသားတွေရဲ့ အခွင့်အရေး စောင့်ရှောက်ရမယ့် ကယ်တင်ရှင်အဖြစ် ကိုယ့် ကိုယ်ကိုယ်မြင်နေသလို၊ ဗမာနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဆိုဗီယက် စတာလင်စာအုပ်နဲ့ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်အမြင်မှာ ခွဲထွက်ရေး ရေလိုက်လွဲသွားသလို ဖြစ်ခဲ့ရပုံပါ။ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ကတော့ ကမ္ဘာပေါ်က ပြည်ထောင်စု ဖွဲ့စည်းပုံဥပဒေတွေမှာ ခွဲထွက်ရေး ထည့်သွင်းတာ အလွန်နည်းပါးကြောင်း ထည့်မယ်ဆိုရင် စည်းမျဉ်းသတ်မှတ်ချက်တွေကို သေသေချာချာ ချမှတ်ဖို့အကြံပြုခဲ့ပါတယ်။

■ (၂) ပြည်ထောင်စုကို ဘယ်လို စုဖွဲ့ တည်ဆောက်မလဲ စဉ်းစားပုံ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်လို့သာမက တန်းတူရေးနဲ့ ပတ်သက်ရင်လည်း မြော်မြင်ပုံ မရှင်းလင်းတာတွေ တွေ့ရပါတယ်။ ဒါဟာ ပြည်ထောင်စုကို ဘယ်လို စုဖွဲ့ တည်ဆောက်မလဲဆိုတဲ့ စဉ်းစားပုံနဲ့လည်း ဆက်စပ်ပါတယ်။ ဗိုလ်ချုပ်အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပြည်ထောင်စုဝင် ပြည်နယ်တွေအကြား တန်းတူရေးကို လိုလားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်တွေ့ အခြေအနေအရ ကြည့်တဲ့အခါ ပြည်နယ်တွေအကြား ဖွံ့ဖြိုးမှုအဆင့် ကွာခြားနေတာ တွေ့နေရပါတယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် ဇွန် ၂၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်များ ဆပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့သုံးသပ်ချက်ကို အင်္ဂလိပ်ဘာသာနဲ့ တင်ပြရာမှာ “ Now in our country we have different regions with varying types of civilization, so to speak, and when we come to think of this factor, it is to be considered whether it is possible for us to adopt the same kind of principles which might hold good in the case of equally advanced units of the same country. Now certain parts of our country are not as advanced as other parts. So in such circumstances, we should consider whether we can adopt the principle that all units are equal, so to speak. ” (မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ၁၉၉၀)။ ဆိုလိုချင်တာကတော့ တိုင်းပြည်မှာ ယဉ်ကျေးမှု အမျိုးအမယ်စုံတယ်၊ ဒေသတစ်ခုနဲ့ တစ်ခု ဖွံ့ဖြိုးမှု တပြေးညီမရှိဘူး။ ဒါကြောင့် ပြည်ထောင်စုအဖွဲ့ဝင်တွေ အားလုံးကို တန်းတူသတ်မှတ်တဲ့ မူဝါဒကို လက်ခံသင့် မခံသင့် စဉ်းစားသင့်တယ်လို့ပြောခဲ့တာပါ။

ဒီနေ့ခေတ်မှာ ဆိုရင်တော့ ဒါဟာ (လူဦးရေနဲ့ နယ်မြေအရွယ်အစား၊ စီးပွားရေး ရေခံ မြေခံ၊ ယဉ်ကျေးမှုနဲ့ လူမှုကွဲပြားမှုတွေပေါ် မူတည်ပြီး) ပြည်ထောင်စုဝင် ယူနစ်ဒေသ တစ်ခုနဲ့တစ်ခု အကြား၊ အဲဒီယူနစ်တွေနဲ့ ဖက်ဒရယ်စနစ် တစ်ခုလုံးကြားမှာ မတူညီတဲ့ အခြေအနေတွေ ဖြစ်နေတဲ့အတွက်အချိုးမညီတဲ့ ဖက်ဒရယ်စနစ်အရ ဖြေရှင်းရမယ့် သဘောဖြစ်ပါတယ် (Burgess, 2006)။ “မူ” principle အားဖြင့် တန်းတူရေးကို ဆုပ်ကိုင်ထားပြီး အခြေခံဥပဒေအရ တိတိပပ ထည့်သွင်းပြီး မညီမျှတဲ့ ဒေသတွေကို ဆီလျော်တဲ့ အခွင့်ထူးပေးတာ (ဝါ) ဖက်ဒရယ်အစိုးရက သက်ဆိုင်ရာ ဒေသရဲ့ သီးသန့်လိုအပ်တဲ့ ကိစ္စရပ်တွေမှာ ဝင်ဖြည့်ဆောင်ရွက်ပေးတဲ့ de jure arrangement or constitutional asymmetry ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အခြေခံဥပဒေအရ သတ်မှတ် မထားပေမယ့် အမျိုးသားစီမံကိန်းမူဝါဒအရ (ဝါ) အခြား သီးသန့်အစီအမံမျိုးတွေနဲ့ ဆောင်ရွက်တဲ့ de facto arrangement or political asymmetry (Watts, 2006) ဖြေရှင်းနည်းမျိုးနဲ့ ဖြေရှင်းရတာပါပဲ။ တနည်းအားဖြင့် ဒါဟာ အင်စတီကျူးရှင်း ဥပဒေ၊ ကျင့်ထုံးနဲ့ စုဖွဲ့မှုဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ တပြေးညီ မဟုတ်တဲ့ အခြေနေတွေကြောင့် အင်စတီကျူးရှင်းတွေကို ဆီလျော် အောင် ဒီဇိုင်းဆွဲပြီး ဖြေရှင်းတဲ့ အချိုးမညီ ဖက်ဒရယ်ဟာ မတူကွဲပြားမှုတွေကို ထိန်းညှိပေးပြီး ဖက်ဒရယ်စနစ်ရဲ့တည်ငြိမ်မှုကို အထောက်အကူပြုပါတယ်။ “မူ”အားဖြင့် တန်းတူရေးကို မထိခိုက်ပါဘူး။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာလည်း ဒီအချိုးမညီတဲ့ အာဏာခွဲဝေမှုတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ စဉ်းစားပုံမှာ “မူ” နဲ့ အင်စတီကျူးရှင်းဒီဇိုင်း မရှင်းဖြစ်ခဲ့တဲ့ သဘောပါပဲ။

ဒီလို “မူ” နဲ့အင်စတီကျူးရှင်းဒီဇိုင်း ခွဲမြင်ဖို့ခက်ခဲခဲ့တဲ့အတွက်လည်း အပြစ်မဆိုသာပါဘူး။ ၁၉၆၅ ခုနှစ်က တပြေးတည်း အချိုးမညီတဲ့ အယူအဆကို စတင်ခေါ်ဝေါ် သုံးစွဲခဲ့တဲ့ Charles Tarlton (1965) ပင်လျှင် ဖက်ဒရယ်နဲ့ ဒီအချိုးမညီအခြေအနေဟာ သပ္ပါယမဖြစ်ဘူးလို့ ဆိုခဲ့တာပါ။ နောက် နှစ်ပေါင်း ၃၀ ကျော်ကြာတော့မှ သုတေသီတွေက အချိုးမညီ ဖက်ဒရယ်စနစ်ကို အပြုသဘော အကဲဖြတ်လာကြတာ ဖြစ်ပါတယ် (Agranoff, 1999: Burgess, 2006)။

■ (၃) ပြည်ထောင်စု တည်ဆောက်တဲ့ဖြစ်စဉ် တစ်ဆင့်ချင်းလား၊ ရုတ်ခြည်းလား

ဒုတိယက္ဘာစစ်ကြီးအပြီး မြန်မာပြည်အတွက် “စက္ကူဖြူစာတမ်း” ထုတ်ပြန်ပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေအရ သုံးနှစ်ဆက် အုပ်ချုပ်မယ်၊ ပြီးရင် ဗြိတိသျှ ဓနသဟာယထဲ ပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြန်မာနိုင်ငံအဖြစ် ထူထောင်ပေးသွားမယ်လို့ ပါပါတယ်။ ဒါပေမဲ့ ဖဆပလက လက်မခံဘဲ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးဖို့ ကတိကိုသာ တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း လန်ဒန်ရောက်ပြီး ပထမနေ့ အဖွင့်မိန့်ခွန်းမှာ တစ်နှစ်အတွင်း လွတ်လပ်ရေး ရယူလိုကြောင်းပဲ တင်ပြခဲ့ပါတယ်။ ဦးရွှေအုန်း(၂၀၁၄) ကတော့ ဒီကန့်သတ်ချက်ဟာ ကိုယ့် ကိုယ်ကိုယ် ချုပ်နှောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒီလို တစ်နှစ်အတွင်း လွတ်လပ်ရေး ကြေညာနိုင်ဖို့အတွက် မြန်မာနိုင်ငံ တိုင်းပြည်ပြု လွှတ်တော်က အခြေခံဥပဒေ ရေးဆွဲပြီး အတည်ပြုချက်ယူဖို့ ဗြိတိသျှပါလီမန်ကို တင်ပြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ပြု လွှတ်တော် ပထမအကြိမ်ကျင်းပတဲ့ ဇွန်လကစပြီး ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ သုံးလခွဲအကြာ စက်တင်ဘာ ၂၄ ရက်မှာ လွှတ်တော်က ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ပါတယ်။ တရားဝင် အချိန်ကာလအရ သုံးလခွဲ ဆိုပေမယ့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးနဲ့လည်း ရင်ဆိုင်ခဲ့ရတာမို့ တကယ် အလုပ်လုပ်ချိန်ဟာ ရက်အနည်းငယ်သာ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အခြေခံဥပဒေ ရေးဆွဲရေးအတွက် သုံးနှစ် အချိန်ယူခဲ့တာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံ ရယူခဲ့တဲ့အချိန်ဟာ ကာလတိုဖိအားနဲ့ ဖုတ်ပူမီးတိုက်နိုင်ခဲ့တဲ့အဖြစ်ကို တွေ့နိုင်ပါတယ်။ အထက် တစ်နေရာမှာဆိုခဲ့တဲ့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့က အကြံပြုတဲ့ ကြားကာလ အခြေခံဥပဒေရေးဆွဲရေး အကြံကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်လည်း ဒီလောက် အလျင်စလို ဖြစ်ဖွယ် မရှိပါဘူး။

တစ်ခါ အင်္ဂလိပ် ကိုလိုနီအောက်က လွတ်မြောက်တဲ့ နိုင်ငံတွေအနက် မြန်မာနဲ့ အစ္စရေး နှစ်နိုင်ငံပဲ ဗြိတိသျှဓနသဟာယနယ်အတွင်း မပါဝင်ဘဲ သီးခြားခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အာရှဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မလေးရှား၊ ဘရူနိုင်း၊ ပါကစ္စတန်၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေအားလုံး ဓနသဟာယထဲ ပါဝင်ခဲ့ကြပါတယ်။ အဲဒီကာလက အမျိုးသားရေးစိတ်၊ လုံး၀ လွတ်လပ်ပြီး သမ္မတနိုင်ငံ ထူထောင်လိုစိတ်နဲ့ ဓနသဟာယက ခွဲထွက်ရေး ထောက်ခံခဲ့ကြသူ ခေါင်းဆောင်တချို့ကတောင် ဓနသဟာယထဲ ဆက်နေပြီး အခြေခံဥပဒေ အချိန်ယူဆွဲခဲ့ရင်၊ တည်ငြိမ်ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးကို လုပ်နိုင်ခဲ့ရင် ယနေ့ ခံစားနေကြရတဲ့ အဖြစ်ဆိုးမှ ကင်းလွတ်နိုင်ကောင်းရဲ့လို့ စဉ်းစားမှုတွေလည်း ရှိပါတယ် (ဦးရွှေအုံး ၂၀၁၄)။ ခြုံငုံပြောရရင်တော့ မြန်မာပြည်ထောင်စု တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ကာလတို ဖိအားနဲ့ ဖုတ်ပူမီးတိုက် ပေါင်းစုဖွဲ့စည်းမှု သဘောဆန်တာ တွေ့ရပါတယ်။

ဒါကြောင့် ပြည်ထောင်စု တည်ဆောက်ရေး မြော်မြင်ချက်မှာ (၁) လူမျိုး၊ လူမျိုးရေး လူနည်းစုနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို နားလည်ပုံ အမြင်မရှင်းလင်းမှု (၂) ပြည်ထောင်စုကို စုဖွဲ့တည်ဆောက်ဖို့ စဉ်းစားရာမှာ “မူ” နဲ့ အင်စတီကျူးရှင်းဒီဇိုင်း မကွဲပြားမှုနဲ့ (၃) ပြည်ထောင်စု တည်ဆောက်တဲ့ဖြစ်စဉ်ကို တဖြည်းဖြည်း အဆင့်ဆင့်မသွားဘဲ ချက်ချင်း ပြင်ဆင်စုဖွဲ့ဆိုတဲ့ sequence ဆိုင်ရာ အားနည်းချက်တွေရှိခဲ့တာ တွေ့ရပါတယ်။

■ ၂၀၁၁-၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ဖက်ဒရယ် မျှော်မှန်းချက်အမြင်ဟာ ပျက်သုန်းသွားခဲ့ရပါတယ်။ ဒီအခြေအနေဟာ Dahl ဖွင့်ဆိုသလို ဒီမိုကရေစီမှာပဲ ဖက်ဒရယ်စနစ် ဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ အချက်ကို သက်သေထူတဲ့ သဘောပါပဲ။ ဒီမိုကရေစီ မရှိတဲ့အခါ ခွဲထွက်ရေးတောင် အာမခံပါတယ်ဆိုတဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂိုဆလားဗီးယား ဖက်ဒရယ်စနစ်တွေဟာ ဘာမှအသက်မဝင် စာရွက်ပေါ်က ဟန်ပြသာ ဖြစ်ခဲ့ပါတယ်။ ကနဦးအစမှာ အိန္ဒိယဟာ တစ်ပြည်ထောင်စနစ်လို့ ပညာရှင်တွေက သတ်မှတ်ပေမယ့် ဒီမိုကရေစီ မူဝါဒတွေနဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေးအရ ထုတ်ဖော် စည်းရုံးလှုပ်ရှားခွင့်ရှိတဲ့ စနစ်အောက်မှာ အိန္ဒိယဟာ ဖက်ဒရယ်လက္ခဏာတွေကို တဖြည်းဖြည်း ပိုမိုကျင့်သုံးလာပါတယ်။ ပြည်နယ် (ပြန်လည်) ဖွဲ့စည်းမှုတွေကိုလည်း ၁၉၅၆ ကစလို့ ၂၀၁၄ ခုနှစ် Telangana ကို သီးခြား ပြည်နယ် သတ်မှတ်ပေးချိန်အထိ လိုက်လျောထိန်းညှိ ဆောင်ရွက်လာပါတယ်။ (အိန္ဒိယ ဖက်ဒရယ်စနစ်က နမူနာယူစရာတွေ ရှိတယ်ဆိုတဲ့အကြောင်း ဘာတေးလစ်တနာ ဆောင်းပါး၊ စာ-၁၀၀ ရှု)

၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စစ်အစိုးရ အဆက်ဆက်အောက်မှာတော့ အားလုံး လက်တွဲ ပေါင်းစည်းကြမယ်ဆိုတဲ့ ပြည်ထောင်စုဟာ အတင်း အာဏာစက်နဲ့ ဆွဲစုထားတဲ့ Putting together အခြေအနေ ဆိုက်သွားရပါတယ်။ ပြည်တွင်းစစ်ဟာ တစ်တိုင်းပြည်လုံး ကျယ်ပြန့် ဖြစ်ပွားခဲ့ပါတယ်။ ဒီသမိုင်းအချိုးအကွေ့ဟာ အင်စတီကျူးရှင်းနဲ့ ခေါင်းဆောင်တွေရဲ့ အာဏာချုပ်ကိုင်မှုဆိုင်ရာ အကျိုးစီးပွားတွေကို အပျက်သဘော သြဇာသက်ရောက်ခဲ့ရုံသာမက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုတဲ့ နိုင်ငံရေး တားမြစ်ချက်ဖြစ်သွားပြီး ပြည်ထောင်စုဝင် အချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှု လေးစားမှုဆိုတာကို ပျက်ပြားစေခဲ့ပါတယ်။ ဒါဟာ Livingston (1952) ထောက်ပြခဲ့တဲ့ လူမှုဖက် ဒရယ် ရေသောက်မြစ် ခြောက်ခန်းလာတဲ့ သဘောပါပဲ။

၂၀၁၀ နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ရှိလာပြီးနောက်ပိုင်း (အထူးသဖြင် သမ္မတဦးသိန်းစိန်ရဲ့ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့မှု နောက်ပိုင်း) တပ်မတော်က စလို့ အဓိက နိုင်ငံရေး ပလေယာတွေကြားမှာ ဖက်ဒရယ် တားမြစ်ချက် တစ်ရစ်ချင်း ဖြေလျော့လာပြီး တိုင်းပြည်ရဲ့ အနာဂတ်မြော်မြင်ချက်ကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် ဆွေးနွေးပြောဆိုမှု အားကောင်းလာပါတယ်။ ဒါပေမဲ့ ပြတ်ထင်တဲ့ မျှော်မှန်းချက် အမြင်မျိုး တော့ ပုံပေါ်လာခြင်း မရှိသေးပါဘူး။ တပ်မတော်အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဖက်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာတွေ ပါဝင်တယ်၊ ဒါကြောင့် ဒီအခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အောင်မြင်အောင် တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းနဲ့ အုပ်ချုပ်ရေး ယ္တရားတွေကို ဖော်ဆောင်ရမယ်ဆိုတဲ့ “အထိုင်”ကနေ ရပ်ခံနေဆဲ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ ဘက်ကတော့ အများအားဖြင့် ပင်လုံ သဘောတူညီချက်နဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ရေး၊ တစ်နည်းအားဖြင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးတွေကို အခိုင်အမာပြု ပြောဆိုကြပါတယ်။ လက်တွေ့အားဖြင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံဘဲ ပြည်ထောင်စုနယ်မြေများကို ၁၃ ပြည်နယ်အဖြစ်သော် လည်းကောင်း၊ ဗမာပြည်နယ် ဖွဲ့စည်းပြီး ရှစ်ပြည်နယ် ထူထောင်ရေး “မူ”ကိုသော် လည်းကောင်း အဆိုပြုကြပါတယ်။ ဒါကို သေချာအောင် အစကနဦးတည်းက အာမခံချက် ရယူပြီးမှ ပြည်ထောင်စုသစ် ထူထောင်လိုတဲ့ အင်အားစုများနဲ့ တဖြည်းဖြည်း အဆင့်လိုက် ပေးထားချက်ဘောင်ထဲက ညှိယူသွားချင်တဲ့ အင်အားစုဆိုပြီး sequence ပိုင်း အမြင်ကွဲလွဲမှုရှိတာ တွေ့ရပါတယ်။

NLD အစိုးရနဲ့ လွှတ်တော်မှာတော့ ရှင်းလင်းတဲ့ မျှော်မှန်းချက်အမြင်မျိုး မတွေ့ရပါဘူး (၂၁ ရာစု ပင်လုံညီလာခံ၊ သြဂုတ်-စက်တင်ဘာ ၂၀၁၆၊ တင်ပြချက်များရှု)။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံငြိမ်းချမ်းရေး စကားဝိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်ဆိုတာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေး (ကိုယ်လိုချင်တဲ့ ပန်းတိုင်) ကို မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး၊ ကျန်တဲ့ အချက်တွေ အားလုံးဟာ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာမယ် ဆိုတာပဲဖြစ်တယ်၊ ဒီလို တိုင်ပင်ဆွေးနွေး အဖြေရှာမယ်ဆိုတာကပဲ ပင်လုံရဲ့ အဓိက ကတိကဝတ်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ မျှော်မှန်းချက်အမြင် အားနည်းရုံသာမက အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ထိုး၊ တစ်ဆက်တည်း ကာလတို ဖိအားနဲ့ NCA စာချုပ်ဘောင်ထဲက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်လုပ်၊ ပြည်ထောင်စု တည်ဆောက်ရေးကို ရွေးကောက်ပွဲ သက်တမ်းတစ်ခုအတွင်း အမြန်လုပ်ဖို့ စီစဉ်နေတာ တွေ့ရပါတယ် (အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ (ဝါ) မူဝါဒ ခုနစ်ချက်ကို ရှု၊ မြန်မာ့ အလင်းသတင်းစာ၊ အောက်တိုဘာ ၁၅၊ ၂၀၁၆)။ NCA ဘောင်နဲ့ ကိုယ့်ဘာသာ ပြန်ပိတ်နေတာလား၊ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အတွက်အချက်လား ဆိုတာတော့ နောက်ပိုင်း ဆက်ဆွေးနွေးရမှာပါ။

■ မျှော်မှန်းချက်အမြင်နှင့် ပတ်သက်၍ ကနဦး အဆိုပြုချက်များ

အတင်း ဆွဲစုစည်း ခံထားရတဲ့ သမိုင်းသညာနဲ့ ပျက်ယွင်းခဲ့ရတဲ့ ယုံကြည်မှုတွေကြောင့် ဗဟိုက ဆွဲငင်ပြီး အားလုံးလိုက်ပါ စုဖွဲ့ပေါင်းစည်းရေး ချဉ်းကပ်ပုံ integrationist approach (Horowitz, 1985) ကို ပြောတာနဲ့ ဗမာတွေက လူမျိုးကြီးဝါဒ ကျင့်သုံးပြီး ကျန်လူမျိုးစုတွေကို လွှမ်းမိုးဝါးမျိုမယ့် အားထုတ်မှုဆိုပြီး အတိုက်အခံပြု ဆန့်ကျင်ခံရမှာ သေချာပါတယ်။ ဒါကြောင့် ကွဲပြားမှုတွေကို နိုင်ငံရေးအရ အသိမှတ်ပြုပြီး တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖက်ဒရယ်စနစ်နဲ့ အခြား အလိုက်အလျောပြုရေး ချဉ်းကပ်ပုံ accomodationist approach (Lijphart, 2004) ဟာ ပိုမို လက်ခံဖွယ်ရာ၊ ရင်ကြားစေ့နိုင်ဖွယ်ရာ မြော်မြင်ချက် ဖြစ်နိုင်ပါတယ်။

အလားတူပဲ အတင်းဆွဲစု ခံထားရလို့ ပြန်ပြင်ဆင်တဲ့ အနေနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အတ္တဘာ၀ ဆန္ဒအလျောက် ပေါင်းသင့် မပေါင်းသင့် ဆုံးဖြတ်ပြီးတော့ အတူလက်တွဲ တည်ဆောက်ကြစို့ Coming together formation ဆိုတဲ့ပုံစံမျိုးဟာလည်း ပကတိ ဘာဝပေးထားချက်၊ လက်ရှိအခြေအနေ အထွေထွေအရ မဖြစ်နိုင်ပါဘူး။ ပါဝင်တဲ့ ပလေယာတွေအကြား အာဏာချိန်ခွင်လျှာ မညီတဲ့အတွက် အဓိက ပလေယာဖြစ်တဲ့ တပ်မတော်အနေနဲ့ တစ်ကပြန်စဆိုတဲ့ အခင်းအကျင်းမျိုးကို လက်တလော လက်ခံနိုင်ဖွယ် မရှိသေးပါဘူး။ ဒါပေမဲ့ အဓိက ပလေယာတွေရော လူများစု ဗမာတွေအနေနဲ့ပါ ဒီလို အာဏာစက်နဲ့ ဆွဲစုထားတဲ့ အခြေအနေအတိုင်း ဆက်သွားရင် ပြိုကွဲခြင်း (ဝါ) စစ်မီးတောက်ခြင်း (ဝါ) အပြုတ်ရှင်းခြင်းက လွဲလို့ အခြားမရှိနိုင်ဘူးလို့ ခံယူထားတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်။ ဒီလိုဆိုရင်တော့ တိုင်းပြည် ပြိုကွဲမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ ထိန်းညှိရန် လိုအပ်ချက်၊ လက်ချင်း ချိတ်ထားရန် လိုအပ်ချက်နဲ့ Holding together formation ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အချိန်ကာလမှာလည်း အပစ်အခတ် ရပ်စဲတာကို အချိန်မဆိုင်း ချက်ချင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိုတော့ အချိန်ယူ ဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်ပါတယ်။ တစ်ချီတည်း ယတိပြတ် အဖြေထုတ်တာထက်စာရင် ဗဟိုကို ဆွဲယူ စုစည်းထားမှုကနေ ဖက်ဒရယ် ဖြည်ထုတ်မှုကို အဆင့်ဆင့်သော “မျှခြေ” တွေနဲ့ တည်ဆောက်ယူတာ Disaggregative (Friedrich, 1963; Broschek, 2016) လက်တွေ့အကျဆုံး ဖြစ်ပါတယ်။ KNU ကရင်အမျိုးသား အစည်းအရုံးက ဒီသဘောထားကို Progressive realization လို့ခေါ်ဝေါ်ပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွားတာ သတိပြုမိပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးမှာ ဦးတည်ချက် နှစ်ရပ် ရှိပါတယ်။ တစ်ခုကတော့ ပဋိပက္ခဖြေရှင်းရေး (လက်တွေ့ ဆက်စပ်ပြောရရင် အပစ်ခတ် ရပ်စဲရေးနဲ့ စစ်ရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး)နဲ့ အခြားတစ်ခုကတော့ ပြည်ထောင်စု တည်ဆောက်ရေး (အမျိုးသားအဆင့် ဆွေးနွေးမှုများနဲ့ပြည်ထောင်စု (ဝါ) ၂၁ ပင်လုံ ညီလာခံ) ဖြစ်ပါတယ်။ ဒီ ဦးတည်ချက် နှစ်ရပ်ကို ဖြေရှင်းရာမှာ ဖြစ်စဉ်အရလည်း မတူညီသလို၊ ဖြေရှင်း ရမယ့် ပလက်ဖောင်းခေါ် “စင်” ချင်းလည်း မတူညီနိုင်ပါဘူး။

ပဋိပက္ခဖြေရှင်းရေးမှာ (လက်နက်ကိုင်) ပဋိပက္ခမှာ ပါဝင်နေတဲ့ အဓိက ပလေယာတွေနဲ့ ညှိရမယ်။ စစ်ရပ်ရမယ်။ အဓိက ပလေယာနဲ့ သာမည (ဝါ) လက်ခွဲ လက်ပွား ပလေယာ အကျိုးစီးပွား စဉ်းစားပုံချင်း၊ မက်လုံးချင်း ကွာပါတယ်။ ပလေယာ အငယ်က ကားပါမစ်လောက်နဲ့ ကျေနပ်နိုင်ပေမယ့် အဓိက ပလေယာအတွက်တော့ စဉ်းစားစရာတွေ အများကြီး ရှိနိုင်ပါတယ်။ ပလေယာအငယ်တွေက သူတို့အခန်းကဏ္ဍအတွက် ကစားကွက်ထွင်လို့ ပလေယာအကြီးက ဒရွတ်ဆွဲလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ အဓိက ပလေယာထဲမှာတောင် နိုင်ငံရေး အမြော်အမြင်၊ သိက္ခာနဲ့ သြဇာရှိတဲ့ ပလေယာနဲ့ ပထဝီနိုင်ငံရေး နယ်ရုပ် (ဝါ) စစ်စီးပွားရေးနဲ့ အခြား စည်းလွတ် စီးပွားရေးသန်တဲ့ ပလေယာဆိုပြီး ကွာနိုင်ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြေရှင်းရေး မျက်နှာစာမှာ တပြေးညီတည်း သဘောတူညီချက် ရယူဖို့ ခက်ပါတယ်။ သူ့အိုးနဲ့ သူ့ဆန်ပဲ ဖြစ်မှာပါ။

ပြည်ထောင်စု တည်ဆောက်ရေးမှာတော့ အားလုံးပါဝင်ဖို့ တန်းတူ အလေးအမြတ်ပြုခံရဖို့ လိုပါတယ်။

လက်နက် ကိုင်ထားသူတွေပဲ အဓိကမဟုတ် အားလုံးပြောဆိုခွင့် ရဖို့လိုပါတယ်။ အားနည်း၊ ချို့ယွင်းချက်တွေ ရှိနိုင်တာမှန်ပေမယ့် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို အထူးတလည် အားပေး ပါဝင်စေသင့်ပါတယ်။ ဒါမှာ အရပ်ဘောင်ကျယ်ပြီး စစ်ဘောင် ကျုံ့ပါမယ်။ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့တွေအနေနဲ့ ပြည်ထောင်စု တည်ဆောက်ရေး မူဝါဒဆိုင်ရာ၊ ချိတ်ဆက်မှုဆိုင်ရာ၊ အပေးအယူ စေ့စပ်မှုဆိုင်ရာ အတွေ့အကြုံတွေ ပိုရမယ်။

နိုင်ငံရေး သန်ပြီး ထူးချွန်တဲ့ လူတွေအတွက် နိုင်ငံရေးနဲ့ အရပ်ဘက်ဘောင်ဟာ သူတို့နိုင်ငံရေး ရည်မှန်းချက်အတွက် တက်လမ်း ပွင့်စေတယ်ဆိုတဲ့ အမြင်တွေ ပိုအားကောင်းပါမယ်။ ပြည်ထောင်စု တည်ဆောက်ရေးဟာ အချိန်လည်းယူရမယ့် ကိစ္စဖြစ်ပါတယ်။ အထက်မှာဆိုခဲ့သလို တစ်ချီတည်း မပြတ်ဘဲ “မျှခြေ”အဆင့်ဆင့်နဲ့ သွားရမှာပါ။

ဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ပြည်ထောင်စု တည်ဆောက်ရေးနဲ့ပဲ တိုက်ရိုက် ချိတ်ဆက်တာ စီးပွားရေး ဖွံ့ဖြိုးအောင် အားထုတ်မှုတွေကိုလည်း ဒါနဲ့ပဲ တိုက်ရိုက် ချိတ်ဆက်တာတွေဟာ မလျော်တဲ့ sequence “အစဉ်”ထားသလို ဖြစ်နေပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မတူညီတဲ့ ဦးတည်ချက်နှစ်ခုကို NCA နဲ့ တစ်ဆက်တည်း စီစဉ်တဲ့ ငြိမ်းချမ်းရေး ညီလာခံနဲ့ အတင်းတွန်း ဖုတ်ပူမီးတိုက် သွားနေတာဟာ ကိုယ့်ဘာသာကိုယ် ပြန်ကန့်သတ်ပြီး ပိတ်မိအောင် လုပ်နေသလို ဖြစ်နေပါတယ်။

■ အပိုင်း (၂) လူမှု အဆောက်အုံ အပြောင်းအလဲ

■ ၁၉၄၇-၆၂ ခုနှစ် ပထမအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

လူမှု အဆောက်အုံဆိုင်ရာ အကြောင်းအချက် (structural factors) ဆိုရာမှာ တစ်စုံတစ်ရာ တည်မြဲမှုရှိပြီး အေးဂျင့်ခေါ်တဲ့ လူနဲ့ အင်စတီကျူးရှင်းတွေက ပြောင်းပစ်ချင်တိုင်း ကာလတစ်ခုအတွင်း ရလဒ် သိသာအောင် ပြောင်းလဲလို့ မရတဲ့ ပကတိ ဘာဝအခြေအနေတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက ပလေယာတွေရဲ့ ရွေးချယ်နိုင်စွမ်းကို အကန့်အသတ် ပြုတယ်လို့ ဒီဆောင်းပါးမှာ အဓိပ္ပာယ်ဖွင့်ဆို သုံးစွဲပါတယ်။ ဥပမာ- လူတန်းစား မညီမျှမှု၊ လူဦးရေ အချိုးအစား ပြောင်းလဲမှုဖိအား၊ ပထဝီနိုင်ငံရေး ဖိအား၊ နိုင်ငံရေးဓလေ့၊ နည်းပညာ (လူမှုကွန်ရက် စသဖြင့်) သြဇာသက်ရောက်မှု၊ သဘာ၀၀န်းကျင် ပျက်ယွင်းစိုးရိမ်ရမှု အခြေအနေ စတာတွေကို နိုင်ငံရေး ပလေယာတွေက ရွေးကောက်ပွဲကာလတစ်ခု (တချို့အခြေအနေတွေမှာ) မျိုးဆက်တစ်ခုတိုင်အောင် သိသာ ထင်ရှားပြောင်းလဲအောင် စွမ်းဖို့ခက်တဲ့အပြင် ဒီအခြေအနေတွေက ပလေယာတွေ ရဲ့ရွေးချယ်နိုင်စွမ်းကိုပါ ကန့်သတ်နိုင်တာ ဖြစ်ပါတယ်။

၁၉၄၇-၁၉၆၂ ခုနှစ် ပထမအကြိမ် ပြည်ထောင်စု တည်ဆောက်ရေး အားထုတ်တဲ့အခါမှာ လူမှုအဆောက်အုံဆိုင်ရာ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံးကတော့ ပြည်မနဲ့ တောင်တန်း ဒေသတွေအကြား နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစတဲ့ ဖွံဖြိုးမှု မညီမျှခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လုံး၀ လွတ်လပ်ရေးဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ် အထွတ်ရောက်နေချိန်လည်း ဖြစ်ပါတယ်။ ကမ္ဘာစစ်ရဲ့အရှိန်ကြောင့် လက်နက်တွေ ကြွင်းကျန်ရလွယ်နေတာ၊ နိုင်ငံရေးဓလေ့မှာလည်း တော်လှန်ရေးကျကျ ပြောင်းလဲလိုစိတ်တွေ အားကောင်းနေတာတွေဟာ ဝါဒရေးအရပဲ ဖြစ်ဖြစ်၊ လူမျိုးစုရေးအရပဲ ဖြစ်ဖြစ် ပြည်တွင်း စစ်ဆင်နွှဲဖို့ ရုပ်ဝတ္ထုနဲ့ အတွေးအခေါ် အရင်းအမြစ်တွေ အထောက်အပံ့ရှိခဲ့တဲ့ သဘောပါပဲ။

■ ၂၀၁၁-၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဖက်ဒရယ် ထူထောင်ရေး အားထုတ်မှုကာလ

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းစစ်ဟာ ပိုပြင်းထန်လာပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးမှု ထိုးကျဆင်းခဲ့တယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အသစ်တဖန် အားထုတ်မှုတွေ ရှိလာပေမယ့် တကျော့ပြန် ကချင်စစ်ပွဲ၊ ကိုးကန့်စစ်ပွဲ၊ မူဆယ်၊ မုန်းကိုး၊ ဂီဒွန်စတဲ့ စစ်ပွဲတွေမှာ စစ်စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေရဲ့ သက်ရောက်မှုကို တွေ့နိုင်ပါတယ်။ ၂၀၁၁ နောက်ပိုင်း ပြည်ထောင်စု ပြန်လည် တည်ဆောက်ရေး အားထုတ်မှုမှာ ပိုမိုနက်ရှိုင်းလာနေတဲ့ ပြည်မ-ပြည် နယ်ဖွံ့ဖြိုးမှု ကွာဟနေမှု၊ မကြုံဖူးလောက်အောင် ဗမာနဲ့ တိုင်းရင်းသား၊ တစ်ခါ တိုင်းရင်းသား အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြားလာမှု၊ လူဦးရေ ရွှေ့ပြောင်းမှုနဲ့ လူဦးရေ အချိုးအစား ပြောင်းလဲလာမှု (ပြည်နယ်တချို့မှာ သက်ဆိုင်ရာ လူမျိုးစုတွေက လူများစု မဖြစ်တော့တဲ့အထိ ပြောင်းလဲလာမှု။ ဒီအကြောင်း ကျယ်ပြန့်တဲ့ ဆွေးနွေးချက်ကို မင်းခင်မောင်ရင်၊ စာ-၂၂၇ ရှု)၊ ဗမာ-ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပြင်းထန် အားကောင်းလာမှု၊ နက်ရှိုင်းတဲ့ ဆင်းရဲမွဲတေမှု (ကမ္ဘာ့ကုလသမဂ္ဂ သုတေသနတွေအရ ကြည့်မယ်ဆိုရင်တောင် လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ဆင်းရဲမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတာဖြစ်ပြီး ဒေသတွင်းက က္ဘောဒီးယားမှာ ၁၃ ဒသမ ၅ နဲ့ လာအို ၂၃၊ ထိုင်းဆိုရင် ၁၀ ဒသမ ၉ ပဲ ရှိပါတယ်)၊ တစ်ဆက်တည်း ဆင်းရဲ-ချမ်းသာကွာဟမှု ကြီးထွားလာမှု၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ထင်ဟပ်တဲ့ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း HDI မှာ ဆိုရင်လည်း နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၄၈ ရောက်နေမှု၊ သဘာ၀၀န်းကျင်မှာဆိုရင်လည်း ကုလသမဂ္ဂရဲ့ အ္တရာယ်အရှိဆုံး နိုင်ငံစာရင်းအရ အာရှပစိဖိတ် ဒေသအတွင်း မြန်မာဟာ အစိုးရိမ်ရဆုံးနိုင်ငံ ဖြစ်နေမှု စတဲ့ ဒီလူမှု အဆောက်အအုံဆိုင်ရာ ပကတိ ဘာဝအခြေအနေတွေဟာ မတည်ငြိမ်မှုနဲ့ လူ့အဖွဲ့အစည်း အစည်းပြေလျော့မှုတွေကို ပိုဆိုးရွားစေပါတယ်။ ဒီဒဏ်တွေကြောင့် နင်းပြားတွေဘ၀ ပိုနိမ့်ကျပြီး အနိမ့်ကျဆုံး ခံစားရသူတွေကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါပဲ။

ခုထိ ဆွေးနွေးခဲ့တဲ့ လူမှုတရားမျှတမှု ကင်းမဲ့အခြေအနေနဲ့ သဘာ၀၀န်းကျင် အ္တရာယ်တွေကိုပြောရင် လုံခြုံရေးကဏ္ဍနဲ့ ဆက်စပ် စဉ်းစားရှုမြင်ရမယ်လို့ အဆိုပြုချင်ပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး အ္တရာယ်ကို သမားရိုးကျ ခြိမ်းခြောက်မှုတွေကိုသာ ကြည့်ရုံမက သမားရိုးကျ မဟုတ်တဲ့ အ္တရာယ်တွေဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် ရောဂါဘေး၊ သဘာဝဘေး၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှု စတာတွေကိုပါ ထည့်စဉ်းစားရပါမယ်။ ချုပ်ပြောရင်တော့ မြန်မာနိုင်ငံမှာ လူသားဘဝလုံခြုံရေး human security ပြဿနာရှိနေတယ်လို့ အသိမှတ်ပြုဖို့ပါပဲ။

တစ်ဖက်မှာလည်း အကောင်းအဆိုး ရောနေတဲ့ လူမှု အဆောက်အုံဆိုင်ရာ အပြောင်းအလဲတွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးစနစ်တွေ ကောင်းလာပြီး၊ လူမှုကွန်ရက်ရဲ့ သြဇာဟာ အလွန်ကြီးမားလာတာပါပဲ။ ဒါတွေဟာ ၁၉၄၇-၆၂ ပထမအကြိမ် ပြည်ထောင်စု တည်ဆောက်ရန် အားထုတ်မှုကာလနဲ့မတူ ပိုဆိုးရွားလာတာ (ဝါ) ပြောင်းလဲလာတဲ့ လူမှုပကတိဘာ၀ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါတွေကို ထည့်မစဉ်းစားဘဲ လက်ရှိပြဿနာတွေရဲ့ ဖြစ်တန်ချေအဖြေကို ရှာတွေ့ဖို့ မလွယ်ပါဘူး။

■ လူမှုပကတိ ဘာဝအခြေနေနှင့် ပတ်သက်၍ ကနဦး အဆိုပြုချက်များ

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ဖို့ဆိုရင် ပထဝီနိုင်ငံရေး ဖိအားကို အတတ်နိုင်ဆုံး လျော့ပါးအောင် ဆောင်ရွက်ရပါမယ်။ ဒီအတွက် မြန်မာ့အရှေ့မြောက်ဒေသ ပဋိပက္ခမှာ အခရာကျတဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်နေမှုကို အပြုသဘော ဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ ဆောင်ရွက်အပ်တဲ့ လုပ်ငန်းစဉ်တွေ အများအပြားရှိပေမယ့် ပထမဆုံး လုပ်ရမှာက နိုင်ငံတော် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တွေအနေနဲ့ တရုတ် ထိပ်ဆုံးခေါင်းဆောင်တွေကို တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လှေနံနှစ်ဖက်နင်း၊ နှစ်ခွပေါ်လစီ (dual-track policy) ကို ပြန်သုံးသပ်ဖို့၊ ရုတ်သိမ်းပေးဖို့ တည့်တိုက်ရိုက် ညှိနှိုင်းတောင်းဆိုရမှာ ဖြစ်ပါတယ်။ တစ်ခါ ပထဝီနိုင်ငံရေး သက်ရောက်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့ ခွဲထွက်ပိုင်ခွင့်ကိစ္စကို အခြေခံဥပဒေအရ တားမြစ်တာ (၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၀) ကို ဆက်လက် ထားရှိရမှာ ဖြစ်ပါတယ်။

လူနည်းစုတွေကို အကာအကွယ်ပေးနိုင်ဖို့ ဘာသာရေးကို အခြေမခံတဲ့ နိုင်ငံတော်ဆိုတဲ့ “မူ”ကို အခိုင်အမာ ဆုပ်ကိုင်ဖို့လိုပါတယ်။ ထို့အတူ တိုင်းရင်းသားတွေကို အခွင့်ထူးပေး အာဏာမျှဝေရေး အစီအစဉ်တွေ (Consociational power-sharing arrangements) ချမှတ်ဖို့လည်း လိုပါတယ်။ နည်းလမ်းအသွယ်သွယ် ရှိပါတယ်။ ဥပမာ- အုပ်ချုပ်ရေးအဖွဲ့ထဲမှာ တိုင်းရင်းသားတွေအတွက် နေရာ သတ်သတ်မှတ်မှတ် ဖယ်ထားပေးတာမျိုး ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရင် ရှမ်းကို သမ္မတမြှောက်ပြီး၊ ကရင်ကို ကာကွယ်ရေးဦးစီးချုပ် ခန့်ရမယ်လို့ အဆိုပြု စီစဉ်တာမျိုး ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားတွေအတွက် နေရာဌာန္တရ မြင့်မြင့်မားမား ပေးတာကို အစဉ်အလာတစ်ရပ်လို ဆောင်ရွက်တာပဲ ဖြစ်ဖြစ်၊ အခြေခံဥပဒေအရ သတ်မှတ်ပေးထားတာပဲ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလို အခွင့်ထူးပေးပြီး တန်းတူအခွင့်အရေးအတွက် မြှင့်တင်တာမျိုးကို နိုင်ငံရေးမှာသာမက အလုပ်အကိုင် အခွင့်ရေးနဲ့ ပညာရေးနယ်ပယ်တွေမှာပါ ဆောင်ရွက်သင့်ပါတယ်။

သယံဇာတ အုပ်ချုပ်ရေးနဲ ပတ်သက်လို့လည်း (Extractive Industries Transparency Initiative, EITI) အဖွဲ့ဝင်နိုင်ငံလောင်း အနေနဲ့ ဒါနဲ့ဆက်စပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြဌာန်းရမှာပါ။ တစ်ခါ ဗဟိုအစိုးရကပဲ အားလုံးကိုထုတ်ယူပြီးမှ အပေါ်ကနေ ပြည်နယ်တွေကို ပြန်လည် ခွဲဝေပေးဆိုတဲ့ အနေအထားမျိုးကနေ fiscal federalism ဘဏ္ဍာရေး ဖက်ဒရယ်အစီအမံလို့ခေါ်တဲ့ နိုင်ငံသားတွေကို ဝန်ဆောင်မှုပေးတာနဲ့ အခွန်ကောက်ခံနိုင်တဲ့ အာဏာကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်-တိုင်းဒေသကြီး အစိုးရတွေအကြား ခွဲဝေရမယ့် အခြေအနေကို မျှော်မှန်းသွားကြရမှာပါ။ အဲ့ဒီအခြေအနေ တန်းမသွားနိုင်ခင်မှာတော့ ငွေဘဏ္ဍာရေး စနစ်များအား ဗဟိုချုပ်ကိုင်မှု ဖြေလျော့ခြင်းကို ဆောင်ရွက်သင့်ပါတယ် (မော်ထွန်း ဆောင်းပါး၊ စာ-၂၁၃ ရှု)။ ဒီနေရာမှာ ဗဟိုချုပ်ကိုင်မှု ဖြေလျော့တာကို ဖက်ဒရယ်နဲ့ ထပ်တူမမြင်မိဖို့လည်း လိုပါတယ်။ ဖက်ဒရယ်နိုင်ငံဆိုတိုင်း အလိုအလျောက် ဗဟိုချုပ်ကိုင်မှု ဖြေလျော့တာ မဟုတ်ပါဘူး။ ဥပမာ- ဒေသ္တရအစိုးရ အသုံးစရိတ်တွေကို လေ့လာပြီး သုတေသီတွေက ဂျာမနီနဲ့ သြစတေးလျားနိုင်ငံတို့ကို ဗဟိုချုပ်ကိုင်မှုရှိတဲ့ ဖက်ဒရယ်နိုင်ငံများလို့ သတ်မှတ်ကြပါတယ်။ စကင် ဒီနေဗီးယားက တစ်ပြည်ထောင် နိုင်ငံတွေပင်လျှင် ဂျာမနီနဲ့ သြစတေးလျားထက် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို ပိုမိုကျင့်သုံးတယ်လို့ ထောက်ပြကြပါတယ် (Aliff, 2015)။ ဆင်းရဲမွဲတေမှုနဲ့ လူတန်းစား ကွာဟမှုတွေ သက်သာရာ ရစေဖို့ နွမ်းပါးသူများအား ဦးစားပေးတဲ့ ဖွံဖြိုးရေးအစီအမံတွေနဲ့ မြေယာပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို ရှင်းရှင်းလင်းလင်း ချမှတ် အကောင်အထည်ဖော်သင့်ပါတယ်။ အမျိုးသမီးနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေးကို သူတို့ကောင်းဖို့ လုပ်နေပါတယ်ဆိုတဲ့ ရလဒ် အသီးအပွင့်အတွက်သာမက သူတို့ကိုယ်တိုင် ပါဝင်ခွင့်ကို မူဝါဒချမှတ်တဲ့ဖြစ်စဉ် စ-ဆုံးမှာပါ ထည့်သွင်းစဉ်းစားဖို့ အလေးအနက် အဆိုပြုချင်ပါတယ်။

ဒါ့အပြင် လူသားဘ၀ လုံခြုံရေးပြဿနာကို ဖြေရှင်းဖို့အတွက် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform ကို ဆောင်ရွက်ရပါမယ်။ ပြောရရင် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး သက်သက်တင် မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးကိုပါ အကျုံးဝင်တဲ့ ဘက်စုံလွှမ်းခြုံတဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး comprehensive SSR ကို အဓိကထား ပြင်ဆင်ရမှာပါ။ သီးသန့် အကွက်လိုက် ဆန်စင်ရာ ကျည်ပွေ့လိုက်လို့ မရနိုင်ပါဘူး။ မူဝါဒ နယ်ပယ်မှာသာမက အဖွဲ့အစည်း နယ်ပယ်မှာလည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များ လုံခြုံရေးအရ ပြန်လည် ပေါင်းစည်းမှုကနေစလို့ ရဲတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများနဲ့ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးအဆုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာပါ။ ဒီလို တစ်စုံလုံး ခြုံငုံစဉ်းစား ပြင်ဆင်မှသာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး SSR ဟာ ပြည်ထောင်စုတွင်း တပ်မတော် အပါအဝင် လက်နက်ကိုင်အင်အားစု အားလုံးကို ဒီမိုကရေစီအတွက် တာဝန်ခံတဲ့ အရပ်သားအစိုးရ ဦးဆောင်မှုအောက် ထားရှိရေးဆိုတဲ့ ရည်မှန်းချက်သာမက အမျိုးသား လုံခြုံရေးအတွက် လက်နက်ကိုင်အင်အားစုများ အားလုံး ထိရောက်ရေးနဲ့ စွမ်းရည်ပြည့်၀ ထက်မြက်ရေး effectiveness and efficiency ဆိုတဲ့ ဖြည့်ဆည်းမှုတွေကို ဆောင်ရွက်နိုင်မှာပါ။

ဒီလို ဘက်စုံ လွှမ်းခြုံတဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒတွေကို (၁) ပြောင်းလဲလာတဲ့ နိုင်ငံတကာနဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေ (၂) ဒီမိုကရေစီ ဝိသေသလက္ခဏာတွေ (၃) စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လိုအပ်ချက်တွေ၊ (၄) လူသားဘ၀ လုံခြုံရေးကို လွှမ်းခြုံနိုင်တဲ့ စဉ်းစားချက်တွေနဲ့အညီ ပြန်လည်သုံးသပ်ပြီး ရေးဆွဲသွားဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။ အဲဒီလို စဉ်းစားသုံးသပ်တဲ့ နေရာတွေမှာလည်း လူအဖွဲ့အစည်း တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ လူသားဘ၀ လုံခြုံရေးအကြောင်းချင်းရာ ပါဝင်နေတဲ့အတွက် ဒါကို အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ် တချို့ကသာ စဉ်းစားသုံးသပ် ဆုံးဖြတ်ခြင်းမျိုး မလုပ်သင့်သလို မပြောအပ် မဆိုအပ်တဲ့ နိုင်ငံရေးတားမြစ်ချက် political taboo မဖြစ်သင့်ပါဘူး။ ဒီလို စဉ်းစားသုံးသပ် ဆုံးဖြတ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကိုလည်း ခွင့်ပြုပေးဖို့နဲ့ မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ အားလုံး ပါဝင်ဆွေးနွေး ဖလှယ်ခွင့်ရရင် ပါဝင်မှုနှင့် ဆင်ခြင်နှီးနှောမှုအပေါ် အခြေခံသော ဒီမိုကရေစီ participatory and deliberative democracy အားကောင်းပြီး ညှိနှိုင်း သဘောတူချက်တွေဟာ တဖြည်းဖြည်း နီးစပ်လာမှာပါ။ ချက်ချင်းကြီး အဖြေမထွက်ပေမယ့် အမြင်ဖလှယ်ခွင့် လမ်းစပွင့်လာတာဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ကောင်းမွန်စေရေးအတွက် အားထားရတဲ့ ဖြေရှင်းနည်း တစ်ရပ်ပါပဲ။

(ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့ (နိုင်ငံရေးပါတီများ) တင်ပြချက်စာတမ်း၊ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ၊ သြဂုတ်-စက်တင်ဘာ ၂၀၁၆)။

■ အပိုင်း (၃) အင်စတီကျူးရှင်း ဒီဇိုင်း

■ ၁၉၄၇-၆၂ ခုနှစ် ပထမအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

ဒီဆောင်းပါးမှာ အင်စတီကျူးရှင်းလို့ ဆိုတဲ့အခါ ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ထုံး၊ သင်းပင်း ဖွဲ့စည်းမှုတွေနဲ့ ဒါတွေကို လူတွေ လိုက်နာအောင် စည်းကြပ် အရေးယူနိုင်စွမ်းကို ရည်ညွှန်းပါတယ်။ ၁၉၄၇-၁၉၆၂ ခုနှစ် ဖက်ဒရယ် ထူထောင်ရေး ပထမအကြိမ် အားထုတ်မှုမှာ ဗဟိုအုပ်ချုပ်မှု အင်စတီကျူးရှင်းတွေကို အထူးအလေးပေးထားတာ တွေ့ရပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေရဲ့ အဓိက ပြဿနာဟာ ဦးချန်ထွန်းပြောတဲ့အတိုင်း သဘောတရားအားဖြင့် ဖက်ဒရယ်ဖြစ်ပေမယ့် လက်တွေ့အားဖြင့် တစ်ပြည်ထောင်စနစ်ပဲ ဖြစ်ပါတယ် (Tinker, 1957)။ ဗိုလ်ချုပ် အပါအဝင် ဗမာခေါင်းဆောင်အများစုက “မူ”အားဖြင့် ပြည်ထောင်စုကို သဘောတူတယ် ဆိုစေဦးတော့ ဘဏ္ဍာငွေအား၊ လူအား စတာတွေကို ငဲ့ပြီး အဲ့ဒီကာလက ကနေဒါ၊ အိန္ဒိယနဲ့ စကော့တလန် အခြေခံဥပဒေတွေလို တစ်ပြည်ထောင်စနစ် ဖြစ်ခဲ့ရပါတယ် (ဦးရွှေအုံး (ညောင်ရွှေ)၊ ၂၀၁၄)။ အထူးသဖြင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်တွေမှာ ပြည်နယ်အခြေခံဥပဒေ မရှိတာဟာ အင်စတီကျူးရှင်းပိုင်းမှာ အဓိက အားနည်းချက်ပါ။ ပြည်ထောင်စု အခြေခံဥပဒေမှာ နောက်ဆက်တွဲအဖြစ်နဲ့ပဲ ထည့်သွင်းထားပါတယ်။ ဒါကြောင့် ပြည်နယ်အရေးကို ပြည်နယ်အတွင်း လွတ်လပ်စွာ ဆုံးဖြတ်ပြဌာန်းပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုလွှတ်တော်က တစ်ဆင့် သွားခဲ့ရပါတယ် (ဆလိုင်းလျံမှုန်းဆာခေါင်း၊ ၂၀၁၀)။ တစ်ဆက်တည်း ပြည်နယ်တွေမှာ ပြည်နယ် ဥပဒေပြုလွှတ်တော် သီးသန့်မရှိတာဟာ ချို့ယွင်းချက်ကြီး တခုဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြပါတယ် (Zaceu Lian, 2012)။ ပြည်ထောင်စု ပါလီမန်မှာလည်း ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ပြည်နယ်များကောင်စီဟာ ငွေကြေးဥပဒေကြမ်းလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ လုံး၀ ပြောဆို နိုင်ခွင့် မရှိတဲ့အတွက် အာဏာမရှိတဲ့ ရေမြွေကောင်စီသာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ် (ဦးရွှေ အုံး (ညောင်ရွှေ)၊ ၂၀၁၄)။

■ ၂၀၁၁-၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ တစ်ပါတီ အာဏာရှင်စနစ် ဖြစ်သွားတဲ့အခါမှာ အင်စတီကျူးရှင်းတွေဟာ ဗဟိုချုပ်ကိုင်မှုကို အလွန်အမင်း အားပြုတဲ့ အခြေဆိုက်သွားပါတော့တယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာတဲ့ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လွှတ်တော်နဲ့ ဝန်ကြီးချုပ်တွေကို သီးသန့် ခွင့်ပြုထားပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေ ပေါ်ပေါက်လာပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကိုလည်း ဖွဲ့စည်းခွင့် ပြုထားပါတယ်။ Taylor (2016) ကတော့ ဒါဟာ တရုတ်နိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေကို ဖြေရှင်းပုံစံကို နမူနာယူထားတာလို့ ထောက်ပြပါတယ်။ Marcus Brand (2014) ကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဖက်ဒရယ်စကားလုံး သုံးမထားပေမယ့် quasifederalism ဖက်ဒရယ်စနစ်အဖြစ် လောက်လောက်လားလားကို ပုံပေါ်နေပြီလို့ ဆိုပါတယ်။ Watts ရဲ့ ဖက်ဒရယ် ဝိသေသလက္ခဏာ ခြောက်ချက်ကို ရှင်းပြပြီး သူက မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆက်စပ် လေ့လာကြည့်တဲ့အခါ ဖက်ဒရယ်စနစ်ရဲ့ အဓိက ဝိသေသလက္ခဏာတွေ အားလုံးမဟုတ်တောင် အများစုတွေ့ရတယ်လို့ အကဲဖြတ်ပါတယ်။ မြန်မာ့တပ်မတော်က ၂၁ ရာစု ပင်လုံညီလာခံမှာ တင်သွင်းတဲ့ စာတမ်းတွေမှာ Brand (2014) ရဲ့ အာဘော်တွေကို တွေ့မြင်ရပါတယ်။ Dulyapak Preecharush (2015) ကတော့ မြန်မာနိုင်ငံဟာ အလွန်အမင်း ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့ အခြေအနေကနေ ဖက်ဒရယ် လက္ခဏာတချို့ရှိပြီး ဗဟိုချုပ်ကိုင်မှု ဖြေလျော့တဲ့ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲလာတာ မှန်ပေမယ့် တိုင်းပြည်ရဲ့ ဖက်ဒရယ်နိုင်ငံရေးမှာ ဗဟိုအုပ်စိုးမှု ယ္တရားဟာ အဓိက အခန်းကဏ္ဍတွေက ဆက်ပါဝင်နေတုန်းပဲလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် အခြေခံဥပဒေမှာ ဒီမိုကရေစီနှုန်းစံတွေ ပြည့်ဝအောင် မပါဝင်တာကြောင့်လည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ဆက်စပ်ပါမှ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်မယ်လို့ အဆိုပြုတဲ့ ပညာရှင်တွေအတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ ဖက်ဒရယ် လက္ခဏာတချို့ရှိတယ် ဆိုဦးတော့ အရည်အသွေးညံ့တဲ့ ဖက်ဒရယ်ပဲ ဖြစ်မယ်လို့ စောဒနာကြပါတယ်။ (၂၀၀၈ ခုနှစ် အခြေခံဥပဒေနဲ့ လက်ရှိအုပ်စိုးမှုစနစ်ဟာ ဖက်ဒရယ် ဝိသေသတွေ ရှိ၊ မရှိ အကျယ်ဆွေးနွေးချက်ကို ကိုရဲ ဆောင်းပါး၊ စာ-၆၇ ရှုူ)။

အရေးအကြီးဆုံး အင်စတီကျူးရှင်းဖြစ်တဲ့ အခြေခံဥပဒေအပြင် ကျန် သင်းပင်း ဖွဲ့စည်းမှုတွေမှာလည်း မြန်မာနိုင်ငံရဲ့ ပြည်နယ်တွေမှာ ဖက်ဒရယ် ရှင်သန်ဖို့ ရေခံမြေခံ မရှိသလို ဖြစ်နေပါတယ်။ ဖက်ဒရယ်နိုင်ငံအဖြစ် ပုံပေါ် အောင်မြင်ဖို့ဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ အားတက်သရော လိုလားရုံနဲ့ မရပါဘူး။ ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေး၊ ဗြူရိုကရေစီစတဲ့ အင်စတီကျူးရှင်းတွေ အားကောင်းဖို့လည်း လိုပါတယ်။ လက်ရှိအခြေအနေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အများစုက အင်စတီကျူးရှင်းတွေဟာ အသက်မဝင်ဘဲ ထင်သလောက် ခရီးမရောက် ဖြစ်နေဆဲပါ။ ပြည်ထောင်စုအစိုးရက ခန့်အပ်ထားတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဆိုတာလည်း ယခုနှစ် ဘက်ဂျက် လျာထားမှုအရကြည့်ရင် အစိုးရအသုံးစရိတ်ရဲ့ ၀ ဒသမ ၀၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်ဝန်ကြီးဌာန အသုံးစရိတ်တွေနဲ့ယှဉ်ရင် အနိမ့်ဆုံး ဖြစ်ပါတယ်။ ကာကွယ်ရေးကတော့ ၁၃ ဒသမ ၉၅ ရာနှုန်းဖြစ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနဲ့ လုပ်ငန်းသဘောသဘာ၀ နှိုင်းယှဉ်လို့ရမယ့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတောင်မှ ၀ ဒသမ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာထက် နည်းတာဆိုလို့ ဝ.၀၁ ရာနှုန်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး အသုံးစရိတ်ပဲရှိပါတယ်။ အတိုင်ပင်ခံရုံးကတော့ ရုံးစရိတ်စကအပြင် ဝန်ကြီးဌာနအနေနဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖော်ဆောင်ပေးဖို့ သုံးစွဲရမယ့် ပရောဂျက်အသုံးစရိတ် လိုအပ်တဲ့ ဝန်ကြီးဌာနမျိုး မဟုတ်ပါဘူး။ (ဖက်ဒရယ်စနစ်မှာ ပါဝင်မယ့် ဒေသယူနစ်တွေ (ပြည်နယ်တွေ) က အင်စတီကျူးရှင်းတွေ အားမကောင်းရင် ဖက်ဒရယ် မပေါ်ထွန်း မရှင်သန်နိုင်ကြောင်း ကမ်မီလာဘူဇီရဲ့ စာအုပ်သုံးသပ်ချက် ဆောင်းပါး၊ စာ-၃၂၅ ရှု)။

■ အင်စတီကျူးရှင်း ဒီဇိုင်းနှင့် ပတ်သက်၍ ကနဦး အဆိုပြုချက်များ

အင်စတီကျူးရှင်း ဒီဇိုင်းနဲ့ ပတ်သက်လို့ ပထမဆုံး စစဉ်းစားရတာက ဖက်ဒရယ်နယ်မြေ သတ်မှတ်မှုကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတာပါပဲ။ တိုင်းရင်း အားလုံးလိုလိုက ဗမာပြည်နယ် မဖွဲ့စည်းနိုင်ခဲ့တာဟာ ၁၉၄၇-၆၂ ခုနှစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အားထုတ်မှုရဲ့ အဓိကအကျဆုံး အားနည်းချက်လို့ ဝေဖန်ကြပါတယ်။ ဒါကြောင့် ကျန်ပြည်နယ် ခုနစ်ခုနဲ့ ဗမာပြည်နယ် ဖွဲ့စည်းရေးဆိုတဲ့ ရှစ်ပြည်နယ် “မူ” ဟာ အခုချိန်အထိ တိုင်းရင်းသားတွေ မကြာခဏ ထုတ်ဖော်ပြောဆိုနေတဲ့ လိုလားချက် ဖြစ်နေပါသေးတယ်။ ဝေဖန်သူတွေကတော့ ဖက်ဒရယ်စနစ်ဆိုတာ လူမျိုးစု စုဖွဲ့မှုနဲ့ မဆိုင်ဘူး၊ နယ်မြေ ပထဝီအခြေခံ အုပ်ချုပ်ရေးတွေကို ရည်ညွှန်းတာပဲ ဖြစ်တယ် (Taylor, 2016)၊ လူမျိုးအခြေပြု ဖက်ဒရယ် တည်ထောင်မှု ethnic-based federation ဟာ သဘောထား တင်းမာသူတွေကို အသာရစေမယ်၊ လူများစုထဲက အစွန်းရောက်တွေ၊ ပေါ်ပြူလစ်တွေ အားကောင်း လာမယ်၊ စေ့စပ်ရေး ဓလေ့ကို အားနည်းစေမယ်၊ လက်ဝါးကြီးအုပ်မှုနဲ့ အဂတိလိုက်စားမှု စတာတွေကို အားကောင်းစေနိုင်တဲ့အတွက် မြန်မာနိုင်ငံအတွက် မဆီလျော်ဘူး (Blazevic, 2016) လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ကို နယ်မြေခွဲခြားရာမှာ ပထဝီအခြေခံနဲ့ခွဲမလား၊ လူမျိုးအခြေခံနဲ့ခွဲမလားဆိုတာ အဓိက ဆွေးနွေးနေရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။

ဖက်ဒရယ်ဟာ လူမျိုးစုနဲ့ မဆိုင်ဘူးဆိုတာ မမှန်ပါဘူး။ ဖက်ဒရယ်စနစ်ကို သေချာ လေ့လာဖူးရင် ethnofederalism, ethnofederal system, ethnofederation, ethnofederal regime ဆိုတဲ့ အသုံးအနှုန်းတွေ၊ အယူအကောက်တွေကို လေးစားအပ်တဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ၊ စာအုပ်တွေမှာ အထင်အရှား ရှိပါတယ်။ ဖွင့်ဆိုချက်အားဖြင့်တော့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံဆိုတာ ဖက်ဒရယ်နိုင်ငံမှာ ပါဝင်တဲ့ အနိမ့်ဆုံး နယ်မြေအုပ်ချုပ်ရေးယူနစ် (ပြည်နယ်) တစ်ခုဟာ တမင်ရည်ရွယ်ပြီး လူမျိုးစု တစုစုနဲ့ ချိတ်ဆက် တည်ဆောက်ထားတာ၊ လူမျိုးစု တစ်စုစုပေါ် အခြေခံ စုဖွဲ့ထားတဲ့ သဘောပါပဲ (Hale, 2004) ။ ဒီ လူမျိုးအခြေပြု ဖက်ဒရယ်စနစ်နဲ့ သွားရင် အတောမသတ်တဲ့ အကွဲအပြဲတွေဖြစ်ပြီး တိုင်းပြည် ပြိုကွဲတတ်တယ် ဆိုပြီး ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနဲ့ ချက်ကို စလိုဗက်ကီးယားနိုင်ငံတွေကို ထောက်ပြပြီး ဝေဖန်မှုတွေ ရှိတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ ဒီပြိုကွဲမှုတွေဟာ လူမျိုးအခြေပြု ဖက်ဒရယ်ကြောင့် ဖြစ်တာလား၊ အဲ့ဒီနိုင်ငံတွေမှာ ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ် ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကြောင့် ဖြစ်တာလား၊ တစ်နည်းအားဖြင့် အတုအယောင် pseudo လူမျိုးအခြေပြု ဖက်ဒရယ်စနစ်နဲ့ နိုင်ငံကို ဖွဲ့စည်းထားခဲ့လို့လား ဆိုပြီး မေးခွန်းထုတ်ကြပါတယ် (အကျယ်ဆွေးနွေးချက်ကို မင်းခင်မောင်ရင် ဆောင်းပါး၊ စာ-၂၂၇ ရှု)။

ဒီဆောင်းပါးမှာတော့ နိုင်ငံတော် ပျက်ပြားခြင်း (ပြိုကွဲတာပဲဖြစ်ဖြစ်၊ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်တာပဲ ဖြစ်ဖြစ်)ဟာ လူမျိုးအခြေပြု ဖက်ဒရယ်စနစ် ကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းနဲ့ မဆိုင်ဘူး၊ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတော်ကို ဘယ်လိုပုံစံမျိုးနဲ့ နယ်မြေခွဲခြား စုဖွဲ့တည်ဆောက်သလဲ ဆိုတဲ့ အင်စတီကျူးရှင်း ဒီဇိုင်းပေါ် မူတည်ပြီး နိုင်ငံတော် တည်တံ့ခြင်း၊ ပျက်ပြားခြင်း ဖြစ်ရတယ်လို့ ယူပါတယ်။ ဒီယူဆချက်ဟာ Henry E. Hale (2004) ရဲ့ သုတေသနပေါ် အခြေခံပါတယ်။ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံမှာ လူဦးရေအရ ကျန်လူမျိုးစုတွေထက် သာလွန်တဲ့ လူများစု လူမျိုးတစ်စုမှာ တစ်စုတစ်ဆက်တည်း လူမျိုးစုပြည်နယ် (ဝါ) ဒေသ (Core Ethnic Region) ရှိတယ်ဆိုရင် အဲ့ဒီ ဖက်ဒရယ်နိုင်ငံဟာ ပျက်ပြားနိုင်ခြေ ပိုရှိပါတယ်။ လူများစု လူမျိုးစုလို့ ဆိုရာမှာ လူဦးရေအရ ကျန်လူမျိုးစုများထက် သိသိသာသာ သာလွန်တာပဲ ဖြစ်ဖြစ်၊ ဒုတိယ လူဦးရေအများဆုံး လူမျိုးစုထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း ပိုများတဲ့ လူမျိုးစုကို လူများစု လူမျိုးစုအဖြစ် သတ်မှတ်ပါတယ်။ ဥပမာ- ယခင် ဆိုဗီယက် ပြည်ထောင်စုမှာဆိုရင် ရုရှလူမျိုးတွေဟာ လူများစု လူမျိုးစုဖြစ်ပါတယ်။ ရုရှတွေနဲ့အဓိက စုဖွဲ့ထားတဲ့ ရုရှရီပတ်ဘလစ် (Russian Republic RDFSR) ဟာ လူဦးရေသာလွန်တဲ့ တစ်စု တစ်ဆက်တည်း အင်အားကြီး လူမျိုးစုပြည်နယ် (ဝါ) ဒေသ (Core Ethnic Region) ဖြစ်ပါတယ်။ ယခင် ယူဂိုဆလားဗီးယား ပြည်ထောင်စုမှာဆိုရင် ဆာ့ဘ် (Serb) လူမျိုးတွေဟာ တိုင်းပြည်လူဦးရေရဲ့ ၄၂ ရာနှုန်းဖြစ်ပြီး ဒုတိယ လူဦးရေ အများဆုံး ခရိုအေးရှားလူမျိုးစု Croatia ဟာ ၂၀ ရာနှုန်းပဲ ရှိပါတယ်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုမှာ ပါဝင်တဲ့ ဆာ့ဘ်ရီပတ်ဘလစ် Serb Republic ဟာ လူဦးရေ သာလွန်တဲ့ တစ်စု တစ်ဆက်တည်း အင်အားကြီး လူမျိုးစုပြည်နယ် (ဝါ) ဒေသ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးနောက် တည်ရှိခဲ့တဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံ ၁၃ နိုင်ငံကို သုတေသန ပြုကြည့်ရာမှာ ဖက်ဒရယ်နိုင်ငံတွင်းက ပြည်နယ်တွေမှာ အင်အားကြီးလူမျိုးစု ပြည်နယ်မရှိတဲ့ နိုင်ငံတွေမှာ ပျက်ပြားမှု (ပြိုကွဲခြင်း ဝါ ပြည်တွင်းစစ်မီး တောက်လောင်ခြင်း) ဖြစ်ရပ်တစ်ခုမှ မတွေ့ရပါဘူး။ တစ်ဖက်မှာတော့ ပျက်ပြားခဲ့တဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတိုင်းမှာ အင်အားကြီး လူမျိုးစု ပြည်နယ်တွေ ပါဝင်တည်ရှိနေတာ တွေ့ရပါတယ်။ လေ့လာခဲ့တဲ့ နိုင်ငံတွေအနက် ပျက်ပြားခဲ့တဲ့ ခုနစ်နိုင်ငံ (လေးနိုင်ငံပြိုကွဲပြီး၊ သုံးနိုင်ငံမှာ တစ်တိုင်းပြည်လုံး ဟုန်းဟုန်းတောက်တဲ့ ပြည်တွင်းစစ် ဖြစ်ပွား) ဟာ အင်အားကြီး လူမျိုးစု ပြည်နယ်တည်ရှိတဲ့ နိုင်ငံတွေဖြစ်နေတာ တွေ့ရပါတယ်။ (ဇယား ၂ ကို ကြည့် ပါ။) အင်အားကြီး လူမျိုးစုပြည်နယ် မရှိတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတွေအနက် ဆွစ်ဇာလန်နဲ့ ကနေဒါတို့ဟာ ရာစုနှစ် တစ်ခုကျော် တည်တံ့နေခဲ့တာဖြစ်ပြီး အိန္ဒိယနဲ့ မလေးရှားတို့ကတော့ ဆယ်စုနှစ်ပေါင်းများစွာ တည်တံ့ ကြာမြင့်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ လူမျိုးစုဆိုင်ရာ တင်းမာမှုတွေ ရှိပေမယ့် ဒါတွေကို ဖြေရှင်းပြီး တည်တံ့ရှင်သန်နိုင်တဲ့ အင်စတီကျူးရှင်းတွေ ရှိပါတယ်။

အင်အားကြီး လူမျိုးစုပြည်နယ် ရှိစေကာမူ နိုင်ငံတော် မပြိုကွဲ မပျက်ပြားတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံ လေးခု ရှိပါတယ်။ ဘယ်လ်ဂျီယံ၊ ဘော့စနီးယား၊ တန်ဇေးနီးယား၊ ဆာဘီးယားနဲ့ မွန်တီနီဂရိုးတို့ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ အင်အားကြီး လူမျိုးစုပြည်နယ်တွေနဲ့ စုဖွဲ့ခဲ့တာဟာ ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာမှ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေဟာ အချိန်ရဲ့စမ်းသပ်မှု မခံရသေးဘူးလို့ ဆိုနိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေရဲ့အလိုအရ ဘယ်လဂျီယံနိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေဟာ ပျက်လွယ်ပြိုလွယ် အဖြစ်နိုင်ဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ ဥပမာ- ဘော့စနီးယားဆိုရင် နိုင်ငံအဖြစ်နဲ့ စတင်ကတည်းက နေတိုး NATO ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ တပ်တွေနဲ့ ကျားကန်ခဲ့ရတာပါ။ (၂၀၀၄ နောက်ပိုင်း EU ဥရောပသမဂ္ဂ တပ်ဖွဲ့တွေက တာဝန်လွှဲယူခဲ့ပါတယ်။) ချုပ်ပြောရရင်တော့ အင်အားကြီးတဲ့ လူမျိုးစုပြည်နယ်ရှိတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတွေကို ကြည့်ရင် အချိန်ကာလအားဖြင့် ဆယ်စုနှစ် အနည်းငယ်တောင် မရှိသေးပါဘူူး။ အင်အားကြီး လူမျိုးစုပြည်နယ် မရှိတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံ ခြောက်နိုင်ငံကို ကြည့်ရင် အားလုံးလိုလိုဟာ ဆယ်စုနှစ် သုံး လေးခုမက (ဥပမာ- ကနေဒါ၊ ဆွစ်ဇာလန်၊ အိန္ဒိယ၊ စပိန် စသဖြင့်) တည်တံ ရှင်သန်ရုံသာမက တစ်နိုင်ငံမှ ပျက်ပြားခြင်း မရှိသေးပါဘူး။

အင်အားကြီး လူမျိုးစုပြည်နယ်ရှိတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတွေ ပျက်ပြားရတာဟာ အဲ့ဒီ အင်အားကြီး တစ်စု တစ်ဆက်တည်း ပြည်နယ်တွေဟာ ပြည်ထောင်စု ဖက်ဒရယ် ဗဟိုအစိုးရနဲ့ အင်ပြိုင် အားပြိုင်ဖြစ်လာပြီး လူဦးရေ၊ နယ်မြေ၊ အရင်းအမြစ်အရ အားကြီးတဲ့အတွက် ကျန်ပြည်နယ်တွေအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်လာတတ်ပါတယ်။ အင်အားကြီး ပြည်နယ်ဟာ သူတို့အလိုနဲ့မတည့်ရင် အင်အားကြီး လူများစုတွေအကြားမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တွေ အားကောင်းလာတတ်ပါတယ်။ တစ်စုတစ်ဆက်တည်း နေထိုင်နေတဲ့ သာလွန် အင်အားကြီးလူမျိုးစုအနေနဲ့ ကိုယ်နဲ့ထိုက်တန်တာ မရဘဲ၊ တန်းတူရေးအောက်မှာ ကျန် လူနည်းစု ပြည်နယ်တွေနဲ့ တစ်ချိန်လုံး မျှဝေနေရတာကို လက်မခံလိုစိတ်တွေ ပြင်းထန်နေတတ်ပါတယ်။ အင်အားကြီး ပြည်နယ်အနေနဲ့ မိမိရဲ့အကျိုး ထိခိုက်မယ့်အရေးကို မလုပ်ဖို့ ဗဟိုအစိုးရကို တားမြစ်နိုင်တဲ့ အင်အားရှိရုံသာမက ပြည်နယ်ငယ်တွေကို အလိုက်အလျော မလုပ်ဖို့ဖိအားပေးနိုင်ပါတယ်။ တစ်ခါ တစ်စုတဝေးတည်း တဆက်တစပ်တည်း ဖြစ်နေတော့ တထီးတနန်းစိတ်မျိုးလည်း ဖြစ်တတ်ပါတယ်။ ပြည်နယ်ငယ်တွေ၊ အားနည်းတဲ့လူမျိုးစုတွေ မပါလည်း ဖြစ်တယ်၊ ပိုတောင် ကောင်းသေးတယ်ဆိုတဲ့ စိတ်မျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် သာလွန် လူဦးရေရှိတဲ့ တဆက်စပ် တစုတစည်းတည်း လူမျိုးစုပြည်နယ်ရှိတာဟာ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတွေ ပျက်ပြားဖို့ အဓိကအကြောင်း ဖြစ်တယ်လို့ Hale က ဆိုတာပါ။

တကယ်လို့ လူဦးရေကစလို့ သာလွန် အင်အားကြီးတဲ့ လူမျိုးစုကို တဆက်စပ်တည်း တစုတစည်းတည်း ပြည်နယ်အဖြစ် မသတ်မှတ်ဘဲ သူတို့ လူမျိုးစုနာမည်ကို တရားဝင် တတ်တတ် မတတ်တတ် သီးသန့်ပြည်နယ် (ဝါ) ဒေသတွေအဖြစ်နဲ့ ခွဲထုတ်လိုက်မယ်ဆိုရင် လူမျိုးအခြေပြု ဖက်ဒရယ်စနစ်အတွက် တည်ငြိမ်မှုကို ဖြစ်စေတယ်လို့ကို Horowitz ကိုးကားပြီး Hale က အဆိုပြုပါတယ်။Hale က “ရုတ်တရက် ကြည့်ရင် မဟုတ်သလိုလိုနဲ့ တကယ့် ဒက်ထိမှန်တာ တစ်ခုကတော့ သာလွန်လွှမ်းမိုးတဲ့ လူမျိုးအုပ်စုတွေကို အင်စတီကျူးရှင်းအရ မညီမညွတ်ဖြစ်အောင် ခွဲထားနိုင်ခြင်းအားဖြင့် သူတို့ကြီးစိုးတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်နိုင်ငံတွေရဲ ညီညွတ်ရေးကို မြှင့်တင်ပေးရာ ရောက်တယ်”လို့ ရေးသားပါတယ်။

ဒီ အရေးပါတဲ့ သုတေသနပြုချက်ကို အခြေခံပြီး ပြောရရင် ပထဝီပေါ်အခြေခံတဲ့ နယ်မြေသတ်မှတ်မှုသာ ကောင်းတယ်၊ တစ်ခုတည်းသော အဖြေဖြစ်တယ် ဆိုတာလည်း မမှန်ကန်နိုင်ပါဘူး။ တိုင်းရင်းသားတွေ လိုလားတဲ့ လူမျိုးအခြေပြု ဖက်ဒရယ်စနစ်မျိုး မြန်မာနိုင်ငံမှာ တည်ဆောက်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားတွေအတွက် လူမျိုးအခြေပြု ဖက်ဒရယ်စနစ်ဟာ လိုအပ်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗမာပြည်နယ်ကို တဆက်တည်း တစုတည်း သီးသန့်ဖော်ထုတ်ရေးဆိုတဲ့ ရှစ်ပြည်နယ် “မူ” ပေါ်မှာ တည်ဆောက်မယ့် လူမျိုးအခြေပြု ဖက်ဒရယ်စနစ်ကတော့ တိုင်းရင်းသားတွေအတွက် လက်တွေ့မှာ အကျိုးမများနိုင်ဘူးလို့ ဆိုရမယ် ထင်ပါတယ်။ ဗမာအမျိုးသား ဝိသေသကို ပိုအားကောင်းစေပြီး ဗဟိုအစိုးရချည့်နဲ့ကာ လူနည်းစုတွေအတွက် ခြိမ်းခြောက်မှုတွေ ရှိလာနိုင်ပါတယ်။ အခုလည်း ဘာထူးလဲလို့ တချို့က စောဒကတက်ကောင်း တက်နိုင်ပေမယ့် အခုအခြေအနေက ဖက်ဒရယ် စနစ်အခြေနေ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာ ဖက်ဒရယ်ဆိုတိုင်း ပြဿနာ အကုန်ကင်းရှင်းပြီး နိုင်ငံပျက်ပြားစရာ မရှိပါဘူးလို့လည်း ပြောလို့မရပါဘူး။ သုတေသနတွေမှာ တွေ့ရသလို ဖက်ဒရယ်ဖွဲ့လို့ ပျက်ပြားရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါကြောင့် သာလွန် လူဦးရေ ရှိရုံသာမက အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးတွေမှာပါ အုပ်စီးထားတဲ့ ဗမာလူမျိုးစုကို တစ်စုတည်း တစ်ဆက်တည်း ပြည်နယ် ထောင်ခိုင်းတာဟာ (အထက်မှာ ဖော်ပြခဲ့တဲ့ သုတေသန တွေ့ရှိချက်အရဆို) နိုင်ငံပျက်ပြားရေးကိုသာ ဦးတည်စေနိုင်ပါတယ်။ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အင်အားကြီးသူကို အင်စတီကျူးရှင်းအရ ခွဲထုတ် အားနည်းအောင် နယ်မြေ သတ်မှတ်တာကသာ မဟာဗျူဟာမြောက်တဲ့ လူနည်းစုတွေအတွက် အာမခံချက် ပိုရှိမယ့် အင်စတီကျူးရှင်းဒီဇိုင်း ဖြစ်ပါတယ်။

လက်တွေ့အားဖြင့် လူမျိုးအခြေပြုနဲ့ ပထဝီအခြေပြု ဖက်ဒရယ်စနစ်ကို ပေါင်းစပ် ကျင့်သုံးရမယ့် သဘောပါပဲ။ လက်ရှိ တိုင်းဒေသကြီးတွေကို ဒီအတိုင်း ဆက်ထားပြီး တစ်ခုနဲ့တစ်ခု အုပ်ချုပ်ရေး၊ စီးပွားရေးအရ ပိုအပြိုင်အဆိုင် ဖြစ်စေမယ့် အင်စတီကျူးရှင်းဒီဇိုင်းကို ဖန်တီးပြီး ပြည်နယ်တွေကိုလည်း အချိုးမညီ ဖက်ဒရယ် လုပ်ပိုင်ခွင့်တွေနဲ့ လူမျိုးစုဆိုင်ရာ အခွင့်ထူးတွေ ပိုအပ်နှင်းတဲ့ နည်းကိုလည်း သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ၂၀၁၆ ခုနှစ် ဇူလိုင်လက ကချင်ပြည်နယ်၊ မိုင်ဂျာယန်မှာ ညီလာခံ တက်ရောက်တဲ့ တိုင်းရင်းသားတွေ အားလုံး သဘောတူခဲ့ကြတဲ့ နယ်မြေ ခွဲခြားသတ်မှတ်ရေး “မူ” ကို ကျန်အင်အားစုတွေနဲ့ ညှိနှိုင်းပြီး ပြဌာန်းမယ်ဆိုလည်း ဖြစ်လောက်ပါတယ်။ အဲ့ဒီ “မူ” အရ လက်ရှိပြည်နယ် ခုနစ်ခုကို နဂိုအတိုင်း ထားပြီး၊ မ္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းဒေသကြီးတို့ကို ဗမာအမျိုးသား ပြည်နယ်တွေအဖြစ် သီးခြားသတ်မှတ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့ကို အမျိုးသားများပြည်နယ် သုံးခုအဖြစ် သတ်မှတ်၊ ရန်ကုန်တိုင်းဒေသကြီးကို ဖက်ဒရယ်ပြည်ထောင်စုပြည်နယ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု မြို့တော်အဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ဖြစ်ပါတယ်။ ဗမာ အမျိုးသားပြည်နယ်ကို တပေါင်းတည်း ထားမလား (ထားရင် လူဦးရေအရ ၁၅ သန်းဝန်းကျင် ဖြစ်မယ်)၊ သီးသန့်စီ ထားမလား၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ နေပြည်တော်ကို ဘယ်လို သတ်မှတ်မလဲ စတာတွေကိုတော့ ညှိနှိုင်းသင့်ပါတယ်။ သတိချပ်သင့်တာ တစ်ခုကတော့ ပြည်နယ် ဖွဲ့စည်းတာကို လူမျိုးဝိသေသအခြေပြုမှု တစ်ခုတည်းနဲ့ မဟုတ်ဘဲ ဖွဲ့စည်းလိုတဲ့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ ရပ်တည်နိုင်ချေ viability နဲ့ လူမျိုးဝိသေသကို တွဲဖက် စဉ်းစားသင့်ပါတယ်။ ရည်တည်နိုင်ချေကို ထည့်သွင်း မစဉ်းစားဘဲ ဝိသေသ တစ်ခုတည်းနဲ့ ဆုံးဖြတ်မယ်ဆိုရင် ဝိသေသထူး ရှိတယ်လို့ မိမိဘာသာ ခံယူထားတဲ့ လူမျိုးစုတိုင်းအတွက် ပြည်နယ်တစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်ခု ဖွဲ့စည်းရမယ့် အခြေအနေ ဆိုက်သွားနိုင်ပါတယ်။ အခြေခံ သဘောတရားကတော့ လူဦးရေ သာလွန်တဲ့ လူမျိုးစုကို တစ်ဆက်တည်း တစ်စုတည်း ပြည်နယ်တစ်ခုအဖြစ် မသတ်မှတ်ဘဲ ပထဝီ အခြေပြုနဲ့လူမျိုးအခြေပြု ဖက်ဒရယ်နယ်မြေ သတ်မှတ်ချက်ကို အများစု လက်ခံနိုင်အောင် စေ့စပ်ပြီး “မူ” ချမှတ်ရမှာ ဖြစ်ပါတယ်။

တခြား အင်စတီကျူးရှင်း ဒီဇိုင်းတွေမှာတော့ ပါလီမန်စနစ်နဲ့ ဝန်ကြီးချုပ်အစိုးရဟာ မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် ဆီလျော်မယ်လို့ အဆိုပြုချင်ပါတယ်။ သမ္မတ စနစ်မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ လူမျိုးစု တစ်မျိုးကပဲ ပုံမှန်တာဝန်ယူတဲ့ အခြေအနေရောက်ပြီး အာဏာဟာ မျှဝေစရာ မလိုတဲ့ ပိုင်ဆိုင်မှု ဖြစ်သွားတတ်ပါတယ်။ ပါလီမန် စနစ်မှာတော့ လူမျိုးတစ်မျိုး၊ တစ်ပါတီ၊ တစ်ဖွဲ့တည်းနဲ့ မပြီးဘဲ ကျန်လူမျိုးစုတွေပါ ပါဝင်တဲ့ ပါတီတွေနဲ့ စေ့စပ် မဟာ မိတ်ပြု၊ ညွန့်ပေါင်းဖွဲ့ရတဲ့ အခြေအနေတွေ လိုအပ်တတ်မြဲ ဖြစ်ပါတယ်။ တစ်ခါ မဟာမိတ်ပြုတယ် ဆိုတာလည်း ကိုယ်အာဏာမရခင် မဟာမိတ်ပြု၊ အာဏာရတော့ ချောင်ထိုးထား လုပ်လို့မရပါဘူး။ ပါလီမန်စနစ်မှာ မဟာမိတ် စုဖွဲ့မှု တည်မြဲ ခိုင်မာနေအောင် ထိန်းထားတတ်တဲ့ အရည်အသွေး လိုအပ်ပါတယ်။ ဒါကြောင့် ပါလီမန်ကို တာဝန်ခံရတဲ့ ဝန်ကြီးချုပ် ရာထူးဆိုတာလည်း မျှဝေရတဲ့ တစ်ခါတလေ ညွန့်ပေါင်းဖွဲ့စည်းမှုပေါ် အခြေခံရတဲ့ အာဏာမျိုးပဲ ဖြစ်တတ်ပါတယ် (Stepan, Linz, & Yadav, 2011)။ ဒါကြောင့် လူနည်းစုတွေအတွက် အပြန်အလှန် ထိန်းကျောင်းမှုအရ ပိုသင့်တော်ပါတယ်။ ပြည်နယ်တွေရဲ့အကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်) ကိုတော့ ပြည်နယ် လူထုကသော်လည်းကောင်း၊ ပြည်နယ်ပါလီမန်ကသော် လည်းကောင်း တိုက်ရိုက် ရွေးချယ်ခန့်အပ်တာမျိုးဟာ ကိုယ်စားပြုမှု ရှုထောင့်အရ လိုလားအပ်ပါတယ်။

တစ်ခါ ပြည်နယ်အခြေစိုက် ပါတီတွေပဲ အားကောင်းပြီး နိုင်ငံလွှမ်းခြုံ ပါတီတွေ အားမကောင်းရင်လည်း ခွဲထွက်ရေး လှုပ်ရှားမှုတွေ ခေါင်းထောင် လာတတ်ပါတယ်။ ဒါကြောင့် ပြည်နယ်အခြေစိုက် ပါတီတွေနဲ့ အပြန်အလှန် အမှီသဟဲပြုမယ့် နိုင်ငံလွှမ်းခြုံ ပါတီတွေ ပေါ်ထွန်းရှင်သန်ရေးကို အားပေးသင့်ပါတယ်။ ဒါမှ နိုင်ငံလွှမ်းခြုံပါတီတွေ ဗဟိုမှာ အစိုးရဖွဲ့နိုင်ဖို့ ပြည်နယ် ပါတီတွေရဲ့ အကူအညီ ပုံမှန်လိုပါမယ်။ တစ်ဖက်က ပြည်နယ် ပါတီတွေ အနေနဲ့လည်း နိုင်ငံလွှမ်းခြုံပါတီရဲ့ မိမိပြည်နယ်တွင်း အောင်မြင်မှုနဲ့ ချိတ်ဆက်ပြီး မဟာမိတ်ဖွဲ့ကာ ပြည်နယ်မှာ အများစု အစိုးရဖြစ်နိုင်ပါမယ် (Stepan, Linz, & Yadav, 2011)။ အိန္ဒိယ ဖက်ဒရယ်စနစ်ရဲ့ အောင်မြင်မှုကို ပြောပါဆိုရင် နိုင်ငံလွှမ်းခြုံ ပါတီနဲ့ ပြည်နယ်ပါတီတွေ မဟာမိတ်ပြု ညွန့်ပေါင်းဖွဲ့နိုင်ခြင်းဟာလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ် (Allison-Reumann and Baogang 2016)။ ဒါဟာလည်း မြန်မာ့ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ စဉ်းစားသင့်တဲ့ ပါတီစနစ်ဆိုင်ရာ အင်စတီကျူးရှင်း ဒီဇိုင်းပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စနစ်မှာလည်း နိုင်သူအကုန်ယူ စနစ်ဟာ (Fast-Past-The-Post FPTP) လူနည်းစုတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် အချိုးကျ ကိုယ်စားပြုစနစ် (Propotional Representation PR) ကိုပဲဖြစ်ဖြစ်၊ PR နဲ့ နိုင်သူ အကုန်ယူစနစ် FPTP ရောနှောထားတဲ့ စနစ်တစ်ရပ် ကိုပဲဖြစ်ဖြစ် ကျင့်သုံးသင့်ပါတယ် (Stepan, Zaw Oo & Levine, 2001; Diamond, 2012) ။

တရားရုံးချုပ်၊ အခြေခံဥပဒေ ခုံရုံး၊ ရွေးကောက်ပွဲ ကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ လူ့အခွင့်အရေးကော်မရှင် စတာတွေကို အာဏာရပါတီရဲ့ အသုံးချခံ မဖြစ်စေဘဲ သမာသမတ် ရှိစေဖို့ အထူးအရေးကြီးပါတယ်။ လူနည်းစု တိုင်းရင်းသားတွေအဖို့ ရပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဥပဒေရဲ့အကူအညီ ရယူရာမှာ အထက်ဖော်ပြပါ အင်စတီကျူးရှင်းတွေက လူများစုပဲ ချယ်လှယ်နေတာ မဟုတ်ဘူး၊ မဲအများစု နိုင်တဲ့သူက အနိုင် ကျင့်စရာ ခွင် မဟုတ်ဘူး၊ ဒီအင်စတီကျူးရှင်းတွေဟာ သမာသမတ် ကျတယ်လို့ ခံယူရင် ဥပဒေစိုးမိုးမှုနဲ့ အင်စတီကျူးရှင်းတွေအပေါ် ယုံကြည်မှု မြင့်လာမယ့် နိုင်ငံရေးယဉ်ကျေးမှုကို အားကောင်းစေပါတယ်။ စီးပွားရေးအရ competitive federalism ခေါ်တဲ့ ပြည်ထောင်စုအတွင်း ယူနစ် ပြည်နယ်အသီးသီးက သီးသန့် ကိုယ်ပိုင်စီးပွားရေး မူဝါဒကိုယ်စီနဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပြည်တွင်း ပြည်ပ ဓနအရင်း၊ လူအရင်းအမြစ်တွေကို အပြိုင်အဆိုင် ဆွဲဆောင်ကြတဲ့အခါမှာလည်း ဗဟိုဘဏ် အပါအဝင် စီးပွားရေး အင်စတီကျူးရှင်းတွေရဲ့ လွတ်လပ်မှန်ကန်မှုကလည်း အလွန်အရေး ပါပါတယ်။

■ အပိုင်း (၄) ခေါင်းဆောင်များ၏ အကျိုးစီးပွား

■ ၁၉၄၇-၆၂ ခုနှစ် ပထမအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

အင်စတီကျူးရှင်းတွေ အားမကောင်းတဲ့ (ဝါ) တည်ဆဲ အင်စတီကျူးရှင်းတွေကို တော်လှန်နေတဲ့ လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ သာမန် အခြေအနေထက် ပို အရေးပါ ပါတယ်။ သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ ခေါင်းကိုင် ဖခင်တွေလို စံနမူနာတွေပါ ဖြစ်တတ်ပါတယ်။ ကွဲပြားမှုတွေ များတဲ့ လူ့အဖွဲ့အစည်းမှာတောင် သြဇာထက်တဲ့ ခေါင်းဆောင်တွေ ပေါ်လာရင် ပုံမှန် အင်စီကျူးရှင်းသစ်တွေ အခြေမခိုင်ခင် စပ်ကြား သူတို့ ကိုယ်တိုင်က လူမှု အင်စတီကျူးရှင်း တစ်ရပ်လို အားလုံးကို ဆွဲငင်လွှမ်းခြုံ စုစည်း သိမ်းသွင်းထားနိုင်စွမ်း ရှိကြပါတယ်။

လွတ်လပ်ရေး တိုက်ပွဲကာလ တလျောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုဟာ ဒီလို ထူးခြားချက်မျိုးတွေ ရှိပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးဟာ ဗိုလ်ချုပ်ရဲ့ တစ်ကြောင်းတည်းသောစိတ် ဖြစ်နေတဲ့အတွက် တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အပေါ် ယုံကြည်ပြီး Levi (1997) ရဲ့စကားကို ယူသုံးရရင် အရဲကိုး သဘောတူညီမှု (contingent consent) ပေးခဲ့ကြတာပါ။ တစ်ဖက်မှာ လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်မှုတွေနဲ့အတူ ဗမာ့အမျိုးသားရေးဝါဒ အားကောင်းလာတာကြောင့် ဗမာခေါင်းဆောင် အတော်များများဟာ တိုင်းရင်းသား ခေါင်းဆောင်များကို ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ်တွေ၊ နယ်ချဲ့အစိုးရ သွေးခွဲတဲ့အတိုင်း အသုံးတော် ခံနေသူတွေအဖြစ် ရမြင်တာလည်း ရှိပါတယ်။

ယေဘုယျအားဖြင့် အဲ့ဒီခေတ်က နိုင်ငံရေးသမားတွေဟာလည်း (ကျန်ခေတ် အဆက်ဆက်က နိုင်ငံရေးသမားတွေလို) အာဏာလိုချင်တာ၊ အာဏာရပြီးရင် မြဲချင်တာ၊ အာဏာစွန့်ရရင် ကိုယ့်အမွေ ဆက်ခံချင်တဲ့ သူကိုသာ လွှဲခဲ့လိုတာတွေ ရှိတာပါပဲ။ အဲ့ဒီ အကျိုးစီးပွား အလိုအကြိုက်အတိုင်း ဆောင်ရွက်ကြတာ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဗမာနဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် အများစုဟာ ဒီမိုကရေစီ အခွင့်အရေးအပေါ် လေးနက်တဲ့ မြော်မြင်မှုတော့ ရှိပါတယ်။ ၁၉၆၀-၆၂ ခုနှစ် စစ်တပ် အာဏာမသိမ်းခင် ကာလအထိ ပါလီမန်ခေတ် ဝန်ကြီးချုပ်ဦးနုနဲ့ ဗမာခေါင်းဆောင်တွေဟာ တိုင်းရင်းသားတွေနဲ့ အမြင်အားဖြင့် သဘောမတူတာတွေ ရှိပေမယ့် တိုင်းရင်းသားတွေဘက်က သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသုံးပြုပြီး တင်ပြတာတွေကို တလေးတနက် နားထောင်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု ပြင်ဆင်ဖွဲ့စည်းရေးတွေအပေါ် နိုင်ငံရေးနည်း၊ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းဖို့ စိတ်သန် ပိုင်းဖြတ်ထားခဲ့ကြတာပါ။ တကယ်လို့သာ တပ်မတော်က ၁၉၆၂ ခုနှစ်မှာ အာဏာမသိမ်းဘဲ အခြေခံဥပဒေကို တစ်ဆင့်ချင်းပြုပြင်ပြီး ဖြေရှင်းကြမယ်ဆိုရင် ပြည်တွင်းစစ်မီး အခုလောက် မကျယ်ပြန့်ဘဲ၊ ဒီမိုကရေစီ မဆိတ်သုဉ်းဘဲ ဖွံ့ဖြိုးမှု ဒီလောက်နောက်မကျဘဲ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ အလားတူ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်လက္ခဏာတွေနဲ့ ပိုပြည့်စုံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် ပုံပေါ်လာနိုင်ဖွယ် ရှိပါတယ်။

■ ၂၀၁၁-၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုကာလ

စစ်အစိုးရ အဆက်ဆက် ခေတ်ကနေ ၂၀၁၀ ပြည့်နှစ် တပ်မတော်က ဦးဆောင်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီး နောက်ပိုင်းမှာတော့ ခေါင်းဆောင်တွေဟာ လူထုထောက်ခံမှုကို ပိုအလေးထားလာတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုး အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းပေးခဲ့တဲ့ဖြစ်စဉ် ချောမွေ့တာကလည်း ရွေးကောက်ပွဲ ဒီမိုကရေစီအတွက် နမူနာကောင်းအဖြစ် တစ်ဆင့် တိုးတက်လာတဲ့ သဘောပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီဟာ အင်စတီကျူးရှင်း (၂၀၀၈ ခုနှစ် အခြေခံဥပဒေနဲ့ တရားရေးစနစ် စတာတွေ)အရ ကျင့်ကြံမှု နိုင်ငံရေးဓလေ့အရ အားနည်းချို့ငဲ့နေဆဲပါပဲ။ ဗမာခေါင်းဆောင် တချို့မှာသာမက တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့မှာပါ အုပ်စုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတွေကို ရှေ့တန်းတင်တာလည်း တွေ့ရပါတယ်။ တပ်မတော် ခေါင်းဆောင်ပိုင်းအနေနဲ့လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက တစ်ဆင့် ဆုံလည်တံခါးလို နိုင်ငံရေးထဲ ထပ်ကျော့ပါဝင်ချင်တဲ့ ဆန္ဒတွေ ရှိနေတာ တွေ့ရပါတယ်။ ဒါတွေကြောင့်ပဲ ဗမာနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြားမှာ မျှော်မှန်းချက်တွေ တူအောင် ဆွေးနွေးညှိနှိုင်းဖို့ထက် ကိုယ်ဖြစ်စေချင်တဲ့ လုပ်ငန်းစဉ်ထဲကို တစ်ဖက်နဲ့တစ်ဖက် အတင်း သွတ်သွင်းလိုစိတ်တွေကို မြင်ရပါတယ်။

၁၉၄၇ ခုနှစ် ဖက်ဒရယ်ထူထောင်ရေး အားထုတ်မှုမှာတုန်းက လွတ်လပ်ရေး ရယူရေး အဓိကအောက်မှာ ပြည်ထောင်စု အင်စတီကျူးရှင်း (ဖွဲ့စည်းပုံ အခြေခံဥပဒေစသဖြင့်)ကို အလျင်အမြန် ဖုတ်ပူမီးတိုက် တည်ဆောက်ခဲ့ကြလို့ အခုလို အကျပ်ဆိုက်ခဲ့ကြပါလျက်နဲ့ (ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့) လက်ရှိ နိုင်ငံရေးခေါင်းဆောင် အတော်များများကလည်း သူတို့ နိုင်ငံရေးသက်တမ်း (ရွေးကောက်ပွဲချိန်ကိုက်မှုနဲ့ ယှဉ်ပြီး) အတွင်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မှတ်တိုင်ကို အပြီးသတ်ချင်ကြပုံ ရပါတယ်။ (ဦးသိန်းစိန် လက်ထက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် သြဂုတ်မှာ ဆွေးနွေးဖက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံး မပါဝင်ဘဲ ဖုတ်ပူမီးတိုက် ထိုးစေခဲ့တာ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန်နဝါရီမှာ ကျင်းပခဲ့တာ၊ အလားတူပဲ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေညာတဲ့ အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး မူဝါဒမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်းမှာပဲ ငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်အောင် ကျင်းပ၊ အခြေခံဥပဒေ ပြင်ဆင်၊ ရွေးကောက်ပွဲသစ် ကျင်းပ စတဲ့ ဦးတည်ချက်ထားတာ တွေ့ရပါတယ်) ဒါတွေက ခေါင်းဆောင်တွေရဲ့ Legacy သမိုင်းဝင်ချင်စိတ်နှင့် Icon ပုဂ္ဂိုလ်ရေးသြဇာ ထူထောင်ချင်စိတ်တွေနဲ့ ဆက်စပ်နေတဲ့သဘော ဖြစ်ပါတယ်။

■ ခေါင်းဆောင်များ၏ အကျိုးစီးပွားနှင့် ပတ်သက်၍ ကနဦး အဆိုပြုချက်များ

အင်စတီကျူးရှင်း အားနည်းတဲ့ (ဝါ) တည်ဆဲ အင်စတီကျူးရှင်းတွေပေါ်မှာ ယုံကြည်မှု အားနည်းတဲ့ လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေဆဲပါ။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသား အများစုရဲ့ ယုံကြည်မှုနဲ့ သူတို့ဆီက အရဲကိုး သဘောတူညီချက် (contingent consent) အရယူပြီး လုပ်ခဲ့ရတာပါ။ အခုလည်း တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက် ထောင့်စေ့တဲ့ အာမခံချက်တွေ ပေးပေး၊ စာနဲ့ချရေးတဲ့ စာချုပ်တွေ ချုပ်ချုပ်၊ အသက်မဝင် မကြုံဖူးသေး၊ မကျင့်သုံးရဖူးသေးဘူးဆိုရင် အင်စတီကျူးရှင်းရဲ့ အာနိသင်ဟာ တကယ့်လက်တွေ့မှာ ထင်တိုင်း ဖြစ်ချင်မှ ဖြစ်တာမျိုးပါ။ ဒါကြောင့် ခေါင်းဆောင်တွေ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုနဲ့ အရဲကိုး သဘောတူညီချက်ဆိုတာ လုပ်ကို လုပ်ကြရမှာပါပဲ။ ဒီလို အရဲကိုးရတဲ့အ္တရာယ် နည်းနိုင်ဖို့၊ ယုံကြည်စိတ်ချရဖို့ကတော့ ခေါင်းဆောင်တွေမှာ လုပ်ဖော်ကိုင်ဖက်ချင်း (တန်းတူလေးစားမှု) စိတ်၊ အားလုံးညှိနှိုင်း လက်တွဲခေါ်လိုစိတ်နဲ့ ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်မှု collegial, inclusive and democratic leadership (Lowenthal & Bitar, 2015) မျိုး ပြသဖို့ လိုပါတယ်။

အလားတူပဲ လက်နက်ကိုင် ပဋိက္ခတွေ ချုပ်ငြိမ်းရေးအတွက် ချက်ချင်း အချိန်မဆိုင်း အမြန်ဆုံး လုပ်သင့်တာ မှန်ပေမယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်ကိုတော့ ယတိပြတ် အဆုံးသတ်အဖြေကို တစ်ချီတည်းရှာဖို့ မလွယ်ပါဘူး။ တကယ်တော့ နိုင်ငံရေးသဘောတူညီချက်ဆိုတာ တစ်ကြိမ်တခါတည်းနဲ့ ဇာတ်ပေါင်းရော၊ အောင်မြင်ရောဆိုတဲ့ သဘောမျိုး မမျှော်လင့်နိုင်ပါဘူး။ နိုင်ငံတော်နဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ တတ်နိုင်သမျှ အားလုံး ညှိနှိုင်း ဖော်ဆောင်ရမှာဖြစ်သလို တစ်ချိန်တည်းမှာပဲ အတ္တဘာဝနဲ့ ထင်တိုင်းပေါက် စိတ်တိုင်းကျ တည်ဆောက်လို့ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သမိုင်းဖြစ်စဉ်ကြီးရဲ့ ကောင်းမွေဆိုးမွေတွေနဲ ဆက်စပ်ပြီး ဆင့်ကဲဖြစ်ထွန်းမှု evolution ဖြစ်လာတာကိုလည်း မျက်ကွယ် မပြုနိုင်ပါဘူး။ ဒါကြောင့် အချိန်ယူ ဆွေးနွေးပြီး နိုင်ငံရေးယုတ္တိ၊ စီးပွားရေးရေချိန်၊ လူမှုပကတိဘာ၀ အရှိတရားတွေနဲ့အညီ “မျှခြေ” အဆင့်ဆင့် ရှာလိုတဲ့ ခေါင်းဆောင်မှုမျိုးကို လိုအပ်နေတာ ဖြစ်ပါတယ်။

■ နိဂုံး

ဒီဆောင်းပါးမှာ အဓိက တင်ပြခဲ့တာကတော့ တရားမျှတမှုနဲ့ လက်တွေ့ကျမှုကို ပေါင်းစပ်မှသာ အားလုံး အဆင့်လိုက် လက်ခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး မျှခြေကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျှခြေမျိုး ရရှိနိုင်ဖို့ အာရုံစိုက်ရမယ့် အကြောင်းအချက် လေးရပ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်အမြင် (Vision)၊ လူမှုအဆောက်အုံ အပြောင်းအလဲ (Structural Shifts)၊ အင်စတီကျူးရှင်းဒီဇိုင်း (Institution Designs) လို့ခေါ်နိုင်မယ့် ဥပဒေ၊ သင်းပင်းဖွဲ့စည်းရေး၊ ကျင့်ထုံးချမှတ်ရေးနဲ့ ခေါင်းဆောင်များရဲ့ အကျိုးစီးပွား (Leaders Incentives) တွေကို တင်ပြခဲ့ ပြီးပါပြီ။

ဒီနောက်ဆုံး အပိုင်းမှာတော့ မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ သတိပြုသင့်တဲ့ အချက်သုံးခုကို အကျဉ်းတင်ပြရင်း နိဂုံးချုပ်ပါ့မယ်။

(၁) မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့အတွက် အားထုတ်ရာမှာ နမူနာ မိုဒယ်ကောင်းဆိုပြီး မိုဒယ် လိုက်ရှာတာမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် နိုင်ငံတကာက အကြံပေးတွေ အများအပြား မြန်မာ့အရေးကို စိတ်ဝင်စားလာတာ ကောင်းပေမယ့် မြန်မာပြည်အကြောင်း သေချာ ဂဃနဏ မသိဘဲ မိုဒယ်ထုတ် သင်တန်းပေး၊ သင်တန်းတက်နဲ့ ပြည်ထောင်စုတစ်ခု အောင်မြင်အောင် တည်ဆောက်လိုက်မဟဲ့လို့ မကြံစည်ကောင်းပါဘူး။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရှင်းလင်းတဲ့ မျှော်မှန်းချက်အမြင်တော့ ရှိရပါမယ်။ လေ့လာအပ်တဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို နှိုင်းယှဉ်လေ့လာတာ လုပ်ကို လုပ်ရပါမယ်။ ဒါပေမဲ့ အထက်မှာ အကြိမ်ကြိမ် ထောက်ပြခဲ့သလို အတ္တဘာဝနဲ့ မိုဒယ်ထုတ် (ဝါ) ပုံတူကူး မိုဒယ် ထုတ်၊ ပြီးတော့ ကိုယ်ထုတ်တဲ့ မိုဒယ်ကို အသေကိုင်စွဲပြီး လုပ်မယ်ဆိုရင် ပကတိဘဝနဲ့ တက်တက်စင် လွဲလို့ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ပါလိမ့်မယ်။ ပုံစံခွက်၊ တင်ကြိုပြဌာန်းထားတဲ့ မိုဒယ်တွေထက် ဖက်ဒရယ် ပြုခြင်းဖြစ်စဉ်နဲ့ မျှခြေ (process, sequence, and equilibrium) ကို ပိုအာရုံစိုက် သင့်ပါတယ်။ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုဟာ ဖက်ဒရယ်ပြုခြင်း တစ်ခုတည်း မဟုတ်ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၊ လူမှုတရားမျှတရေး (ဆင်းရဲမွဲတေမှုနဲ့ မညီမျှမှုများ ဖြေရှင်းရေး) စတာတွေပါ ပါဝင်ပါတယ်။ ဖက်ဒရယ်အရေး အားစိုက် ကြိုးပမ်းနေရင်း ကျန်အရေးတွေ ပျက်ပြားပြီး တိုင်းပြည်ပြိုလဲတာ၊ နောက်ကြောင်းပြန်တာမျိုးလည်း မဖြစ်အောင် ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တစ်ခါ ဖက်ဒရယ်အရေး ပြေလည်တိုင်းလည်း ကျန်အရေးသုံးပါး အလိုလို ပြေလည်မယ်လို့ မယူဆနိုင်ပါဘူး။ ဒါကြောင့် မိုဒယ် ရှာပုံတော်တွေထက် ဖြစ်စဉ်နဲ့မျှခြေကို ကိုယ့်အရှိတရားနဲ့ ချိန်စဉ်းစားတဲ့ မဟာဗျူဟာအမြင်ရှိဖို့ သတိပြုသင့်ပါတယ်။

(၂) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးမှာ ခေါင်းဆောင်တွေ (အီလစ်တွေ) ကို လွှဲထားရုံနဲ့တင် မပြီးဘူးလို့ သတိပြုရမှာပါ။ သမိုင်းအတွေ့အကြုံတွေအရ ခေါင်းဆောင်တွေ အချင်းချင်း အဆင်ပြေသွားတိုင်းလည်း တိုင်းပြည်အတွက် အကျိုးမများတာတွေ တွေ့ခဲ့ရပြီးပါပြီ။ တစ်ခါတလေ ခေါင်းဆောင် အီလိချင်း လက်ဝါးရိုက်ပြီး ဈေးတည့်သွားပေမယ့် လူထုဘဝကတော့ ဒုံရင်းထက် ဆိုးတာတွေလည်း ရှိတတ်ပါတယ်။ တကယ်လို့ ခေါင်းဆောင်ချင်း အဆင်မပြေရင်လည်း လူထုကို ဆွပြီး ရှေ့ကထွက် တိုက်ပွဲဝင်ခိုင်း တတ်တာလည်း ရှိသလို၊ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်လူထု အမုန်းပွား ထိပ်တိုက်တိုးရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ အပေါ်ကနေ အောက်ကို စုန်ဆင်းတဲ့ (နိုင်ငံတော်က ဦးစီးတဲ့) top-down ဖြစ်စဉ်မှာ သင့်လျော်သလို ပါဝင်ရမှာဖြစ်သလို အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနဲ့ မီဒီယာတွေရဲ့ နိုးကြားမှုရှိရင်ရှိသလောက် ပြည်သူလူထုအနေနဲ့ အောက်ခြေကနေ အပေါ်ကို ဆန်တက်တဲ့ bottom-up လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီလို အောက်ခြေ အဆင့်ဆင့်မှာ အပြန်အလှန် ချစ်ကြည်ရေး၊ သွေးစည်းရေး လှုပ်ရှားမှုတွေရှိပါမှ အကွဲအပြဲတွေကို ကိုင်ပြီး နိုင်ငံရေး ကစားလေ့ရှိတဲ့ အီလိတွေ အထက်ပိုင်းမှာ အချစ်အခင်ပျက်၊ ငြိမ်းချမ်းရေးပျက်လည်း အောက်ခြေမှာ အလွန်အကျူး ဟန်ချက်ပျက် လည်ထွက်သွားတာမျိုးကို မဖြစ်အောင် ကြိုးစားရှောင်နိုင်မှာပါ။ တစ်နည်းအားဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေဟာ ပင်မရေစီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မျက်ခြေမပြတ်ဘဲ ပါဝင်နိုင်တဲ့ နေရာက ပါဝင်သလို၊ နိုင်ငံတော်က တီးတဲ့ ဘင်သံအောက်မှာပဲ သူ့တေးသွားနဲ့ ကလိုက်၊ ခုန်လိုက် ပြီးမနေဘဲ ကိုယ့်လုပ်စရာရှိတဲ့၊ ကိုယ်မြင်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး စတာတွေကိုလည်း လုပ်နေကြရမှာပါ။ ဒီလို လူ့အဖွဲ့အစည်း မျိုးမှသာလျှင် တစ်ခုခု အကျပ်တည်းဆိုက်ရင် ခံနိုင်ရည်ရှိတဲ့ resilient လူ့အဖွဲ့အစည်း ဖြစ်မှာပါ။

(၃) အတွက်အချက် အကျိုးအမြတ် သက်သက် ကြည့်တတ်ရုံနဲ့ တည်တံ့ပျော်ရွှင်စရာ အိမ်ထောင်တစ်ခု တည်ဆောက်လို့ မရသလိုဘဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အားထုတ်မှုမှာ ရုပ်ဝထ္ထု အကျိုးစီးပွား၊ မက်လုံး၊ အင်စတီကျူးရှင်း ဒီဇိုင်းတွေနဲ့တင် မလုံလောက်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ အများကြီး လိုအပ်ပါတယ်။ Alexis de Tocqueville ပြောတဲ့ Habits of the heart စိတ်နှလုံးရဲ့ အလေ့အထတွေကို အများကြီး ပြုပြင် တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ရာမှာ အပြန်အလှန် အပေးအယူလုပ် စေ့စပ်မှုပေါင်းများစွာနဲ့ သည်းခံတဲ့၊ မျှတတဲ့၊ အမြင်ကျယ်တဲ့ စိတ်အလေ့အကျင့်တွေကို မွေးမြူယူရတာ ဖြစ်ပါတယ်။ တကယ်တော့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ချည်မျှင်ထောင်ပေါင်းများစွာနဲ့ အလားသ္ဌာန်တူတဲ့ အပြန်အလှန် အလျှော့အတင်းပြု စေ့စပ်မှုပေါင်းများစွာနဲ့ ချုပ်လုပ်ထားတဲ့ ရက်ထည်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Process, Sequence, and Equilibrium in Myanmar’s Federal Democratic State Formation: Tentative Proposals

by Min Zin

This article argues that Myanmar’s efforts to build a federal, democratic state require a negotiation process that involves the careful sequencing of steps along with mutual accommodation by actors, and their reaching an equilibrium in their demands, rather than a predetermined federal model. An overarching concern is that the former approach is open to variation, flexibility, and compromise. Federal state building efforts should not be delegated solely to the elites from the state and ethnic armed forces. This must be complemented as well as balanced by bottom-up, national reconciliation efforts that involve both political actors and civil societies. Moreover, utilitarian calculations that hinge on material incentives alone are not enough to buttress a sustainable federal union. Nation building requires that key players and constitutive units extend “contingent consent”, which comes from mutual trust, respect, and solidarity. The article analyzes four factors – competing visions of federalism; structural elements, such as socio-economic and demographic aspects; institutional designs, such as the conditions necessary for a successful ethno-federal state; and the incentives for leaders – to address challenges of Myanmar’s federal state building. This article examines each of these factors with analysis looking at the first attempt at a federal democratic formation (1947-1962), the ongoing second attempt (2011-present) and provides tentative proposals.

■ စာညွှန်း

၁ မင်းဇင်သည် Institute for Strategy and Policy: Myanmar မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။

■ ကျမ်းကိုးစာရင်း

■ မြန်မာဘာသာ

– ကျော်ဝင်း (၂၀၁၆)၊ ဖက်ဒရယ်မူ သဘောတရားနှင့် လက်တွေ့၊ (ဒုတိယအကြိမ်)၊ ရန်ကုန်၊ တကောင်းစာအုပ်တိုက်

– ခွန်းမတ်ရ်ကိုဘန် (၂၀၀၃)၊ ပင်လုံစိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေးမှ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးဆီသို့

– ဆလိုင်းလျန်မှုန်းဆာခေါင်း (၂၀၁၀)၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တိုက်ပွဲဝင် စာတမ်းများနှင့် မိန့်ခွန်းပေါင်းချုပ် (၁၉၈၈-၂၀၀၈)၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ၊ ဝါနီဒါ ပုံနှိပ်တိုက်

– ဦးရွှေအုန်း(ညောင်ရွှေ) (၂၀၁၄)၊ မပြိုကွဲနိုင်သော ပြည်ထောင်စုကြီး၊ ရန်ကုန်၊ နေရီရီစာအုပ်တိုက်

– ဦးထွန်းမြင့်(တောင်ကြီး) (၁၉၆၄)၊ ပြည်ထောင်စုတွင်းမှ တန်းတူသော ရှမ်းပြည်၊ ရန်ကုန်၊ မြန်မာ့ဗျူဟာ စာပုံနှိပ်တိုက်

– ဒေါ်အောင်ဆန်းစုကြည်(၂၀၁၇)၊ “ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း”၊ (ဖေဖေါ်ဝါရီ)၊ မြန်မာနိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာ၊ နောက်ဆုံး ဝင်ရောက်ကြည့်ရှုချိန်၊ မတ်လ ၁၁၊ https://www.facebook.com/myanmar-presidentoffice.gov.mm/videos/1228602933854107/?pnref=story

– မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့ (၁၉၉၀)၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ၊ ရန်ကုန်၊ တက္ကသိုလ်များ ပုံနှိပ်တိုက်

– မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့ (၁၉၉၀)၊ တိုင်းရင်းသား လူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ဒုတိယတွဲ၊ ရန်ကုန်၊ တက္ကသိုလ်များ ပုံနှိပ်တိုက်

– မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော် (၁၉၄၇)၊ မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော် ညီလာခံမှတ်တမ်းများ၊ စာတွဲ ၁၊ (သြဂုတ်)၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတော် အစိုးရစာပုံနှိပ်တိုက်

– မြန်မာ့အလင်းသတင်းစာ (အောက်တိုဘာ ၁၅၊ ၂၀၁၆)

– ၂၁ ပင်လုံညီလာခံ စာတမ်းများ (သြဂုတ်-စက်တင်ဘာ၊ ၂၀၁၆)၊ နေပြည်တော်

■ အင်္ဂလိပ်ဘာသာ

Agranoff, R. (1999). Accommodating Diversity: Asymmetry in Federal States. Baden-Baden: Nomos Verlagsgelsellschaft

Aliff, S. M. (2015). New Trends & Models in Federalism. IOSR Journal Of Humanities And Social Science (IOSR-JHSS), Vol 20, Issue 11, Ver. 1 (Nov). 71-79

Allison-Reumann, L. & Baogang, H. (2016). “Hybrid Federalization in India, Sri Lanka and Nepal.” In Hofmeister, W. & Tayao, E. (Eds.), Federalism and Decentralization: Perceptions for Political and Institutional Reform (pp. 67-96). Konrad Adenauer Stiftung and Local Government Development Foundation

Blazevic, I. (2016). Burma Votes for Change: The Challenges Ahead. Journal of Democracy, Vol 27, no. 2. (April). 101-15

Brand, M. (2014). Towards “genuine federalism”? – Myanmar’s inexorable path towards constitutional devolution and decentralized governance. Constitutionalism and Legal Change in Myanmar. Workshop, 13-14 Feb. Singapore.

Broschek, J. (2016). “Federalism in Europe, America and Africa: A Comparative Analysis.” In Hofmeister, W. & Tayao, E. (Eds.), Federalism and Decentralization: Perceptions for Political and Institutional Reform (pp. 23-50). Konrad Adenauer Stiftung and Local Government Development Foundation.

Burgess, M. (2006). Comparative Federalism: Theory and Practice. New York: Routledge

Dahl, R. (1986). Democracy, Liberty, and Equality. Oslo: Norwegian University Press

Diamond, L. (2012). The Opening in Burma: The Need for a Political Pact. Journal of Democracy, Vol 23, no. 4. (October). 138

Elazar, D. J. (1987). Exploring federalism. Tuscaloosa, AL: The University of Alabama Press

Friedrich, C. J. (1963). Federalism: National and International in Theory and Practice. New York: Friedrich A Pager Publisher.

Hale, H. E. (2004) Divided We Stand: Institutional Sources of Ethnofederal State Survival and Collapse. World Politics 56 (January). 165-93

Horowitz, D. (1985). Ethnic groups in conflict. Berkeley: University of California Press.

Levi, M. (1997). Consent, Dissent, and Patrioticism. New York: Cambridge University Press

Lian, Z. (2012). Institutional Design for Divided Socities: A Blue-print for a multi-ethnic Burma. The Burma Center for Ethnic Studies.

Lijphart, A. (2004) “Constitutional Design for Divided Societies.” Journal of Democracy, Vol 15, no.2 (April). 96-109

Livingston, W. S. (1952). A Note on the Nature of Federalism. Political Science Quarterly, Vol. 67. No. 1 (March). 81-95

Lowenthal. A. F. & Bitar, S. (2015). Democratic Transitions: Conversations with World Leaders. Baltimore, Johns Hopkins University Press.

Mitra, S. K. (2007). “Federalism’s Success”, In Ganguly, S. et al (Eds.), The State of India’s Democracy (pp. 89-106). Baltimore, Maryland: Johns Hopkins University Press

Narang, A.S. (2003). “India: Ethnic and Federalism’, In B. D. Dua & M. P. Singh (Eds.), Indian Federalism in the New Millennium. New Delhi: Manohar

Preecharush, D. (Unpublished). Democratization and Containing Ethnic Conflicts in Transitional Myanmar: A Study through Federalism Typologies and Models.

Stepan, A. (2001). “Toward a New Comparative Politics of Federalism, (Multi) Nationalism, and Democracy: Beyond Rikerian Federalism.” In Stepan, A. (Eds.), Arguing Comparative Politics (pp. 315-363). New York: Oxford University Press.

Stepan, A. (2002). Multi-Nationalism, Democracy and “Asymmetrical Federalism (With Some Tentative Comparative Reflections on Burma). Technical Advisory Network of Burma. Burma Fund.

Stepan, A. et al. (2011). Crafting State-Nations: India and Other Multinational Democracies. Baltimore: The Johns Hopkins University Press

Tarlton, C. D. (1965). “Symmetry and Asymmetry as Elements of Federalism: A Theoretical Speculation”. The Journal of Politics 27, no.4 (November). 861-874

Taylor, R. H. (2015). Ethnicity, Federalism, Citizenship and Politics in Myanmar. ISEAS Perspective, no. 31 (26 June), 3–9.

Taylor, R. H. (2016). Can Myanmar’s NLD Government Undo the Gordian Knot of Federalism and Ethnicity. ISEAS, Trends in Southeast Asia, 0219-3213; TRS 3/16, (April).

Walton, M. J. (2008). Ethnicity, Conflict, and History in Burma: The Myths of Panglong. Asian Survey, Vol. 48, No. 6 (November/December), 889–910.

Watts, R. (2008). Comparing Federal Systems. Kingston: McGill-Queen’s University Press

Wheare, K. C. (1963). Federal Government (4th ed.), London: Oxford University Press

The post ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ appeared first on ISP Myanmar Peace Desk.

ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး
ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် သူက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုင်းပြည်၏ တိုင်းရင်းသား ပဋိပက္ခများအတွက် အဖြေရှာဖွေရာတွင် ယခင်အစိုးရထက် ပို၍ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့သေးပါ။ ခန့်မှန်းချက်တချို့အရ တိုင်းရင်းသား လက်နက်ကိုင်များ၏ ၈၀ ရာခိုင်နှုန်း (လူအင်အား ၁၀၀၀၀ ကျော်ရှိသည့် KIA အပါအဝင်) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အ၀ ပါဝင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများသာ ပိုမိုပြင်းထန်နေသည်။

နောက်ဆုံး ကျင်းပခဲ့သည့် ညီလာခံမတိုင်မီက ဆွေးနွေးပွဲတခုတွင် အစိုးရက မြန်မာနိုင်ငံ၏ ဖက်ဒရယ် စနစ်တွင် ဆက်လက်ရှိနေမည့် ပြည်နယ်များကို သူတို့၏ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးဆွဲခွင့် ပြုမည့် အယူအဆတရပ်ကို ထုတ်ဖော်လာခဲ့သည်။ သမိုင်းမှာ မကြုံဘူးသေးသော ညှိနှိုင်းလိုက်လျောမှုတခုအဖြစ် ဘန်းတင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပြုချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးညီလာခံအတွင်း ညှိနှိုင်းဆွေးနွေးမှုများက ရှေ့မတက်နိုင်ခဲ့ပါ။ ၂၁ ပင်လုံ ညီလာခံ၊ ဒုတိယ အစည်းဝေးက သဘောတူခဲ့သည့် နောက်ဆုံး အဆင့် အခြေခံမူများ တွင်လည်း ပြည်နယ်အခြေခံဥပဒေဆိုင်ရာ အခြေခံမူ မပါဝင်ခဲ့ပါ။

ထိုသို့မှန်းတိုင်းမပေါက်ခဲ့ခြင်းက ယခင်အစိုးရ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) တွင်လက်မှတ်ရေးထိုးခဲ့သည့် အဓိက တိုင်းရင်းသားအဖွဲ့များကို စိတ်ပျက်စေ ခဲ့သည်သာမက NCA လက်မှတ် မ ထိုးရေသေးသည့် အဖွဲ့တချို့ အတွက်လည်း လက်မှတ်ထိုးရေးကို အားလျော့စေခဲ့သည်။ NCA လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးညီလာခံတွေ တင်းပြည့်ကျပ်ပြည့် ပါဝင်ဆွေးနွေးခွင့် ရရေးအတွက် တင်ကြိုလိုအပ်ချက်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေရခြင်း၏ အကြောင်းရင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်( ငြိမ်းချမ်းရေးသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်သော ခြေလှမ်းတရပ်ဖြစ်သည်ဆိုသော အမြင်)က မြန်မာ့တပ်မတော်၏ အမြင်နှင့် အခြေ ခံအရ ကွာခြားနေသာ ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင် ခဲ့ပြီး နောက်ပိုင်းမှာလျှင်ပင် မြန်မာ့တပ်မတော်က မြန်မာ့နိုင်ငံရေး ၏ မရှိမဖြစ် ပလေယာအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ပြည်တွင်းတိုင်းရင်းသား ပဋိပက္ခနှင့် ပတ်သက်သည့်အရေးကိစ္စလောက် တပ်မတော်၏ အခန်းကဏ္ဍ ပေါ်လွင်သည့် နယ်ပယ် မရှိပါ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ ပြီးခဲ့သည့် နှစ်အတွင်းက ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီး များမကြာမီမှာပင် သူက ယခင်အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ဆက်လက်တာဝန်ယူလိုက်ပြီး “၂၁ ရာစု ပင်လုံ” ဟု အမည်သစ်ပေးလိုက်သည်။ ၁၉၄၇ ခုနှစ်က သူ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပင်လုံစာချုပ်ကို အစွဲပြု သည့် အမည် ဖြစ်သည်။ ဗြိတိသျှတို့ထံမှ တနိုင်ငံလုံး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ရာတွင် တိုင်းရင်းသား ခေါင်းဆောင်တို့၏ ထောက်ခံမှုအတွက် အပြန် အလှန် အနေဖြင့် သူတို့ကို နောက်ဆုံးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် (ကာလတခုအတွင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ပင်) ပေးရန် ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သည်။

ယနေ့ခေတ်တွင် ပင်လုံဆိုသည့် စကားလုံးကို အသုံးပြုခြင်းက ခွဲထွက်ရေးဝါဒကို ထပ်မံအားပေးသလို ဖြစ်နိုင်သည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ပင်လုံဟူသော အသုံးအနှုန်းကို မသုံးစွဲဖို့ ကန့်ကွက် ခဲ့ပါသေးသည်။ မေလအတွင်းက နောက်ဆုံး ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပထမပင်လုံသည် ခေတ်သစ်မြန်မာနိုင်ငံ မွေးဖွားရန် အထောက်အကူ ဖြစ်စေ ခဲ့ပြီး ယခု ၂၁ ရာစုပင်လုံက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို နောက်ဆုံးတွင် ဆောင်ကျဉ်းပေးလိမ့်မည်ဟု ပြော ကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တပ်မတော် အတွက်လည်း အရေးကြီးပါသည်။ သို့သော်လည်း အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးရန် နည်းလမ်းတခု အနေဖြင့်သာ ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံတော်သစ် တည်ထောင်ရေး (ဝါ) ပြည်ထောင်စု ဝိသေသ လက္ခဏာ ဖော်ဆောင်ရေး state- or nation-building နှင့် မသက်ဆိုင်ကြောင်း မကြာသေးမီက ရန်ကုန်နှင့် နေပြည်တော် တို့တွင် ကျနော် တွေ့ဆုံခဲ့သော တပ်မတော် အရာရှိကြီးများက ပြောကြသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတော်နှင့် ပြည်ထောင်စုကို တည်ထောင်ပြီးသား ဖြစ်သောကြာင့် ဖြစ်သည်။

တပ်မတော်က တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည့် ကျိုးကြောင်း ဆီလျှော်သော တောင်းဆိုမှုများကို ထည့်သွင်းစဉ်းစားပေးရန် အသင့် ဖြစ်သည်ဟုလည်း အဆိုပါ အရာရှိကြီးများက ပြောကြသည်။ ဥပမာပြရလျှင် အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများက လာမည့် နှစ်ကာလများအတွင်း လက်နက်များ ဖြုတ်သိမ်းခြင်း၊ တပ်ဖွဲ့များ ဖျက်သိမ်းခြင်း နှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ ဆောင်ရွက်ရန် သဘောတူခဲ့လျှင် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေးပါတီများ ထူထောင်၍ ရွေးကောက်ပွဲများတွင် ဝင်ယှဉ်ပြိုင်ခွင့် ပြုရန် သူတို့က သဘောတူမည် ဖြစ်သည်။

သို့သော်လည်း တပ်မတော်အတွက် အခြေခံကျသော အချက်တခုမှာ လိုက်လျော သဘောတူခွင့်ပြုမှုမှန်သမျှကို ယခင်စစ်အစိုးရက ရေးဆွဲခဲ့ သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်အတွင်းကသာ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။ ထို့အတူ နိုင်ငံတော်၏ အုပ်ချုပ်ရေးရာများကို ခိုင်မာ အားကောင်းမှုရှိဖို့ ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် လုံခြုံရေးကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကိုလည်း တပ်မတော်က ငြင်းပယ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုနေကြသလို ဖက်ဒရယ်တပ်မတော်သစ်တခု တည်ထောင်ရေးမှာလည်း မလိုအပ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏ ကွဲပြားသော တိုင်းရင်းလူမျိုးများကို ကိုယ်စားပြုပြီး ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ သဘောတူသည့် အချက်တခုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားက ဆန့်ကျင်ခဲ့ကြသည်။ ယခင်က ဘဝင်မကျကြောင်း ပြောလေ့ရှိခဲ့သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် ကျယ်ပြန့်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ မဝင်ရောက်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် NCA လက်မှတ်ထိုးရမည်ဟု ပြောလာသည်။ အရှေ့မြောက်ပိုင်းမှ လူအင်အား ၃၀၀၀၀ ခန့်ရှိသော ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် အဓိက တိုင်းရင်းသားအဖွဲ့အများ အပြားက NCA လက်မှတ်ထိုးရေးကို ငြင်း ပယ်ခဲ့ကြသည်။

အမှန်တကယ်တွင် ဒေါ်အောင်ဆန်းစုကြည် ကရော တပ်မတော် ခေါင်းဆောင်များကပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အကြောင်းပြု၍ တဖက်နှင့်တဖက် ထိပ်တိုက်ဆန့်ကျင်ရန် စိတ်အားထက်သန်နေကြပုံ မရပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အားသာချက်မရှိသည့် အခြေ အနေတွင် ရှိနေသည်ကို သတိထားမိသည့် အသွင်ရှိပါသည်။ တပ်မတော်က လုံခြုံရေးနှင့် ဆိုင်သော ဝန်ကြီးဌာန ၃ ခုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက် ခဲ့သည့် အ တွက် လက်တွေ့မြေပြင်များ သတင်းများလည်း သူတို့ထံတွင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ်ကောင်းများ ရှိမနေပါ။ တပ်မတော် ခေါင်းဆောင်များဘက်ကမူ မည်သို့ ပင်ဖြစ်စေ အမှန်တကယ် ထိပ်တိုက်တွေ့ရမည့် တိုက်ပွဲမှာ ၂၀၂၀ ခုနှစ်တွင် ကျင်းပရန်ရှိသော နောက်လာမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု မြင်လာခဲ့ပုံရသည်။

မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန်စောင့်ထိန်းလိုစိတ်များကို အခြေခံလုပ်ဆောင်သွားဖို့လိုအပ်ကြောင်း” ပြောကြားသွားခဲ့သည်။ ထူးခြားမှတ်သားထားစရာ ကြေညာချက်တခုလည်း ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ ဒီမိုကရေစီကို တပ်မတော်၏ အသုံးအနှုံးဖြစ်သော “ပြည်ထောင်စု မပြိုကွဲရေး”၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” နှင့် “အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး” စသည့် “တို့တာဝန် အရေးသုံးပါး” နှင့် အခြေခံတူထား၍ ရာသက်ပန်စောင့်ထိန်းရမည်ဟု ပထမဆုံး ပြောကြားခဲ့ခြင်းဟု ကျနော် ထင်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲနိုင်ငံရေး စနစ်တည်းဟူသော ကစားကွင်းတွင် ပါဝင်နိုင်ရန် လေ့လာရမည်ဖြစ်ကြောင်း တပ်မတော်က သိသိသာသာ ယုံကြည်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက တပ်မတော်၏ အကျိုးစီးပွားကို ဆက်လက် ထောက်ခံမည်ဟု ယူဆနိုင်ပါသည်။ သို့သော် အဆိုပါ အဖွဲ့များ၏ မဲများက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မလုံလောက်ခဲ့ပါ။ ထို့ကြောင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပါတီများ၏ အင်အားကို သိမ်းသွင်းစည်းရုံးရမည်ဖြစ်သည်။ သို့မှသာ အားလုံးပေါင်း ဖွဲ့စည်းနိုင်မည့် ညွှန့်ပေါင်း အစိုးရပုံစံမျိုးကို မျှော်မှန်းနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော နိုင်ငံရေး ကစားကွင်း ကစားကွက်အခြေအနေနှင့် ယခုအချိန်အထိ စွမ်းဆောင်ရည်အရ (အထူးသဖြင့် စီးပွားရေး မူဝါဒများတွင်) အပြစ်အနာအဆာများစွာ ရှိနေသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ လုပ်ရည်ကိုင်ရည် မှတ်တမ်းများကို နောက်ခံထား၍ သုံးသပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ပင်လုံ၊ ကျယ်ပြန့်သော ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး စသည့် ပြောဆိုချက်များသည် မီးနှင့် ကစားသလို (လွဲမှားသော နိုင်ငံရေး စွန့်စားချက်များ) ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များအတွက် သူဖန်တီးခဲ့သော မျှော်လင့်ချက်များ အားလျော့သွားပြီး စိတ်ပျက်မှုမှ မယုံကြည်မှုသို့ ပြောင်းလဲမသွားမီ အချိန်မည်မျှ ကျန်သေးသနည်းဟူသော မေးခွန်းကလည်း အရေးပါသည် မဟုတ်ပါလော။

(မင်းဇင်သည် ရန်ကုန် အခြေစိုက် သုတေသီအဖွဲ့တခု ဖြစ်သည့် Institute for Strategy and Policy – Myanmar ၏ အမှု ဆောင် ဒါရိုက်တာ ဖြစ်ပါသည်။ ၎င်း၏ New York Times သတင်းစာပါ Aung San Suu Kyi’s wishful peace ကို ဘာသာပြန်သည်။)

ဧရာဝတီသတင်းဌာန မြန်မာပိုင်းဝက်ဘ်ဆိုက် စာမျက်နှာတွင် ဘာသာပြန် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် သူက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော တိုင်းပြည်၏ တိုင်းရင်းသား ပဋိပက္ခများအတွက် အဖြေရှာဖွေရာတွင် ယခင်အစိုးရထက် ပို၍ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့သေးပါ။ ခန့်မှန်းချက်တချို့အရ တိုင်းရင်းသား လက်နက်ကိုင်များ၏ ၈၀ ရာခိုင်နှုန်း (လူအင်အား ၁၀၀၀၀ ကျော်ရှိသည့် KIA အပါအဝင်) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အပြည့်အ၀ ပါဝင်ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများသာ ပိုမိုပြင်းထန်နေသည်။

နောက်ဆုံး ကျင်းပခဲ့သည့် ညီလာခံမတိုင်မီက ဆွေးနွေးပွဲတခုတွင် အစိုးရက မြန်မာနိုင်ငံ၏ ဖက်ဒရယ် စနစ်တွင် ဆက်လက်ရှိနေမည့် ပြည်နယ်များကို သူတို့၏ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးဆွဲခွင့် ပြုမည့် အယူအဆတရပ်ကို ထုတ်ဖော်လာခဲ့သည်။ သမိုင်းမှာ မကြုံဘူးသေးသော ညှိနှိုင်းလိုက်လျောမှုတခုအဖြစ် ဘန်းတင်ခဲ့ကြသည်။ သို့သော်လည်း အဆိုပြုချက်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးညီလာခံအတွင်း ညှိနှိုင်းဆွေးနွေးမှုများက ရှေ့မတက်နိုင်ခဲ့ပါ။ ၂၁ ပင်လုံ ညီလာခံ၊ ဒုတိယ အစည်းဝေးက သဘောတူခဲ့သည့် နောက်ဆုံး အဆင့် အခြေခံမူများ တွင်လည်း ပြည်နယ်အခြေခံဥပဒေဆိုင်ရာ အခြေခံမူ မပါဝင်ခဲ့ပါ။

ထိုသို့မှန်းတိုင်းမပေါက်ခဲ့ခြင်းက ယခင်အစိုးရ၏ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) တွင်လက်မှတ်ရေးထိုးခဲ့သည့် အဓိက တိုင်းရင်းသားအဖွဲ့များကို စိတ်ပျက်စေ ခဲ့သည်သာမက NCA လက်မှတ် မ ထိုးရေသေးသည့် အဖွဲ့တချို့ အတွက်လည်း လက်မှတ်ထိုးရေးကို အားလျော့စေခဲ့သည်။ NCA လက်မှတ်ရေးထိုးခြင်းသည် ငြိမ်းချမ်းရေးညီလာခံတွေ တင်းပြည့်ကျပ်ပြည့် ပါဝင်ဆွေးနွေးခွင့် ရရေးအတွက် တင်ကြိုလိုအပ်ချက်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေရခြင်း၏ အကြောင်းရင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်( ငြိမ်းချမ်းရေးသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်သော ခြေလှမ်းတရပ်ဖြစ်သည်ဆိုသော အမြင်)က မြန်မာ့တပ်မတော်၏ အမြင်နှင့် အခြေ ခံအရ ကွာခြားနေသာ ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင် ခဲ့ပြီး နောက်ပိုင်းမှာလျှင်ပင် မြန်မာ့တပ်မတော်က မြန်မာ့နိုင်ငံရေး ၏ မရှိမဖြစ် ပလေယာအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ပြည်တွင်းတိုင်းရင်းသား ပဋိပက္ခနှင့် ပတ်သက်သည့်အရေးကိစ္စလောက် တပ်မတော်၏ အခန်းကဏ္ဍ ပေါ်လွင်သည့် နယ်ပယ် မရှိပါ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူ၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ ပြီးခဲ့သည့် နှစ်အတွင်းက ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီး များမကြာမီမှာပင် သူက ယခင်အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို ဆက်လက်တာဝန်ယူလိုက်ပြီး “၂၁ ရာစု ပင်လုံ” ဟု အမည်သစ်ပေးလိုက်သည်။ ၁၉၄၇ ခုနှစ်က သူ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပင်လုံစာချုပ်ကို အစွဲပြု သည့် အမည် ဖြစ်သည်။ ဗြိတိသျှတို့ထံမှ တနိုင်ငံလုံး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ရာတွင် တိုင်းရင်းသား ခေါင်းဆောင်တို့၏ ထောက်ခံမှုအတွက် အပြန် အလှန် အနေဖြင့် သူတို့ကို နောက်ဆုံးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် (ကာလတခုအတွင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ပင်) ပေးရန် ဗိုလ်ချုပ်အောင်ဆန်းက ကတိပြုခဲ့သည်။

ယနေ့ခေတ်တွင် ပင်လုံဆိုသည့် စကားလုံးကို အသုံးပြုခြင်းက ခွဲထွက်ရေးဝါဒကို ထပ်မံအားပေးသလို ဖြစ်နိုင်သည်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်က ပင်လုံဟူသော အသုံးအနှုန်းကို မသုံးစွဲဖို့ ကန့်ကွက် ခဲ့ပါသေးသည်။ မေလအတွင်းက နောက်ဆုံး ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပထမပင်လုံသည် ခေတ်သစ်မြန်မာနိုင်ငံ မွေးဖွားရန် အထောက်အကူ ဖြစ်စေ ခဲ့ပြီး ယခု ၂၁ ရာစုပင်လုံက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို နောက်ဆုံးတွင် ဆောင်ကျဉ်းပေးလိမ့်မည်ဟု ပြော ကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က တပ်မတော် အတွက်လည်း အရေးကြီးပါသည်။ သို့သော်လည်း အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးရန် နည်းလမ်းတခု အနေဖြင့်သာ ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံတော်သစ် တည်ထောင်ရေး (ဝါ) ပြည်ထောင်စု ဝိသေသ လက္ခဏာ ဖော်ဆောင်ရေး state- or nation-building နှင့် မသက်ဆိုင်ကြောင်း မကြာသေးမီက ရန်ကုန်နှင့် နေပြည်တော် တို့တွင် ကျနော် တွေ့ဆုံခဲ့သော တပ်မတော် အရာရှိကြီးများက ပြောကြသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတော်နှင့် ပြည်ထောင်စုကို တည်ထောင်ပြီးသား ဖြစ်သောကြာင့် ဖြစ်သည်။

တပ်မတော်က တိုင်းပြည်တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေမည့် ကျိုးကြောင်း ဆီလျှော်သော တောင်းဆိုမှုများကို ထည့်သွင်းစဉ်းစားပေးရန် အသင့် ဖြစ်သည်ဟုလည်း အဆိုပါ အရာရှိကြီးများက ပြောကြသည်။ ဥပမာပြရလျှင် အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများက လာမည့် နှစ်ကာလများအတွင်း လက်နက်များ ဖြုတ်သိမ်းခြင်း၊ တပ်ဖွဲ့များ ဖျက်သိမ်းခြင်း နှင့် ပြန်လည်ပေါင်းစည်းရေး အစီအစဉ်များ ဆောင်ရွက်ရန် သဘောတူခဲ့လျှင် NCA လက်မှတ် ထိုးထားသော တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေးပါတီများ ထူထောင်၍ ရွေးကောက်ပွဲများတွင် ဝင်ယှဉ်ပြိုင်ခွင့် ပြုရန် သူတို့က သဘောတူမည် ဖြစ်သည်။

သို့သော်လည်း တပ်မတော်အတွက် အခြေခံကျသော အချက်တခုမှာ လိုက်လျော သဘောတူခွင့်ပြုမှုမှန်သမျှကို ယခင်စစ်အစိုးရက ရေးဆွဲခဲ့ သော ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်အတွင်းကသာ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။ ထို့အတူ နိုင်ငံတော်၏ အုပ်ချုပ်ရေးရာများကို ခိုင်မာ အားကောင်းမှုရှိဖို့ ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် လုံခြုံရေးကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကိုလည်း တပ်မတော်က ငြင်းပယ်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုနေကြသလို ဖက်ဒရယ်တပ်မတော်သစ်တခု တည်ထောင်ရေးမှာလည်း မလိုအပ်ကြောင်း၊ တပ်မတော်သည် တိုင်းပြည်၏ ကွဲပြားသော တိုင်းရင်းလူမျိုးများကို ကိုယ်စားပြုပြီး ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ သဘောတူသည့် အချက်တခုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားက ဆန့်ကျင်ခဲ့ကြသည်။ ယခင်က ဘဝင်မကျကြောင်း ပြောလေ့ရှိခဲ့သော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် ကျယ်ပြန့်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ မဝင်ရောက်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ အနေဖြင့် NCA လက်မှတ်ထိုးရမည်ဟု ပြောလာသည်။ အရှေ့မြောက်ပိုင်းမှ လူအင်အား ၃၀၀၀၀ ခန့်ရှိသော ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် အဓိက တိုင်းရင်းသားအဖွဲ့အများ အပြားက NCA လက်မှတ်ထိုးရေးကို ငြင်း ပယ်ခဲ့ကြသည်။

အမှန်တကယ်တွင် ဒေါ်အောင်ဆန်းစုကြည် ကရော တပ်မတော် ခေါင်းဆောင်များကပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အကြောင်းပြု၍ တဖက်နှင့်တဖက် ထိပ်တိုက်ဆန့်ကျင်ရန် စိတ်အားထက်သန်နေကြပုံ မရပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အားသာချက်မရှိသည့် အခြေ အနေတွင် ရှိနေသည်ကို သတိထားမိသည့် အသွင်ရှိပါသည်။ တပ်မတော်က လုံခြုံရေးနှင့် ဆိုင်သော ဝန်ကြီးဌာန ၃ ခုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက် ခဲ့သည့် အ တွက် လက်တွေ့မြေပြင်များ သတင်းများလည်း သူတို့ထံတွင် ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ်ကောင်းများ ရှိမနေပါ။ တပ်မတော် ခေါင်းဆောင်များဘက်ကမူ မည်သို့ ပင်ဖြစ်စေ အမှန်တကယ် ထိပ်တိုက်တွေ့ရမည့် တိုက်ပွဲမှာ ၂၀၂၀ ခုနှစ်တွင် ကျင်းပရန်ရှိသော နောက်လာမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု မြင်လာခဲ့ပုံရသည်။

မေလက ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် ပကတိလိုအပ်ချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ရာသက်ပန်စောင့်ထိန်းလိုစိတ်၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မြဲမြဲနဲ့ ရာသက်ပန်စောင့်ထိန်းလိုစိတ်များကို အခြေခံလုပ်ဆောင်သွားဖို့လိုအပ်ကြောင်း” ပြောကြားသွားခဲ့သည်။ ထူးခြားမှတ်သားထားစရာ ကြေညာချက်တခုလည်း ဖြစ်သည်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲ ဒီမိုကရေစီကို တပ်မတော်၏ အသုံးအနှုံးဖြစ်သော “ပြည်ထောင်စု မပြိုကွဲရေး”၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” နှင့် “အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး” စသည့် “တို့တာဝန် အရေးသုံးပါး” နှင့် အခြေခံတူထား၍ ရာသက်ပန်စောင့်ထိန်းရမည်ဟု ပထမဆုံး ပြောကြားခဲ့ခြင်းဟု ကျနော် ထင်ပါသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တပ်မတော်က ကျောထောက်နောက်ခံပေးထားသည့် အာဏာရ ပြည်ခိုင်ဖြိုး ပါတီ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပြီးနောက် ရွေးကောက်ပွဲနိုင်ငံရေး စနစ်တည်းဟူသော ကစားကွင်းတွင် ပါဝင်နိုင်ရန် လေ့လာရမည်ဖြစ်ကြောင်း တပ်မတော်က သိသိသာသာ ယုံကြည်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ နှင့် ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက တပ်မတော်၏ အကျိုးစီးပွားကို ဆက်လက် ထောက်ခံမည်ဟု ယူဆနိုင်ပါသည်။ သို့သော် အဆိုပါ အဖွဲ့များ၏ မဲများက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မလုံလောက်ခဲ့ပါ။ ထို့ကြောင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပါတီများ၏ အင်အားကို သိမ်းသွင်းစည်းရုံးရမည်ဖြစ်သည်။ သို့မှသာ အားလုံးပေါင်း ဖွဲ့စည်းနိုင်မည့် ညွှန့်ပေါင်း အစိုးရပုံစံမျိုးကို မျှော်မှန်းနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော နိုင်ငံရေး ကစားကွင်း ကစားကွက်အခြေအနေနှင့် ယခုအချိန်အထိ စွမ်းဆောင်ရည်အရ (အထူးသဖြင့် စီးပွားရေး မူဝါဒများတွင်) အပြစ်အနာအဆာများစွာ ရှိနေသော ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ လုပ်ရည်ကိုင်ရည် မှတ်တမ်းများကို နောက်ခံထား၍ သုံးသပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ပင်လုံ၊ ကျယ်ပြန့်သော ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး စသည့် ပြောဆိုချက်များသည် မီးနှင့် ကစားသလို (လွဲမှားသော နိုင်ငံရေး စွန့်စားချက်များ) ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များအတွက် သူဖန်တီးခဲ့သော မျှော်လင့်ချက်များ အားလျော့သွားပြီး စိတ်ပျက်မှုမှ မယုံကြည်မှုသို့ ပြောင်းလဲမသွားမီ အချိန်မည်မျှ ကျန်သေးသနည်းဟူသော မေးခွန်းကလည်း အရေးပါသည် မဟုတ်ပါလော။

(မင်းဇင်သည် ရန်ကုန် အခြေစိုက် သုတေသီအဖွဲ့တခု ဖြစ်သည့် Institute for Strategy and Policy – Myanmar ၏ အမှု ဆောင် ဒါရိုက်တာ ဖြစ်ပါသည်။ ၎င်း၏ New York Times သတင်းစာပါ Aung San Suu Kyi’s wishful peace ကို ဘာသာပြန်သည်။)

ဧရာဝတီသတင်းဌာန မြန်မာပိုင်းဝက်ဘ်ဆိုက် စာမျက်နှာတွင် ဘာသာပြန် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။

The post ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး appeared first on ISP Myanmar Peace Desk.