ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

Post By Pan Su Wai, On January 28, 2020

ထုတ်ပြန်ကြေညာချက်များ(ဇန်နဝါရီ နောက်ဆုံးပတ်)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်မှ ဇန်နဝါရီ ၂၈ ရက်အထိ(ဇန်နဝါရီ နောက်ဆုံးပတ်)ကာလအတွင်း တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်းကိုးခုထက် မနည်းသောထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ ထုတ်ပြန်ခဲ့ကြပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)နှင့် ခူမီးလူငယ်များအသင်း(KYA)တို့က ထုတ်ပြန်ချက်တခုစီ ထုတ်ပြန်ခဲ့ကြပါသည်။

ဇန်နဝါရီနောက်ဆုံးပတ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များအနက် ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ AA အဖွဲ့က ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသား ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း” ထုတ်ပြန်ချက်နှင့် “ TNLA တပ်ဖွဲ့ဝင်တဦးမှ ကျောင်းဆရာမတဦးအား လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း” ထုတ်ပြန်ချက်တို့မှာ သတိပြုစရာဖြစ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသော ဖုန်ညို လိပ်တံတားအား AA အဖွဲ့က ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ပစ်ခတ်တိုက်ခိုက်စဉ် AA အဖွဲ့က ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကင်းတောင်ကျေး ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့၍ ကင်းတောင်ကျေးရွာသား နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။

AA အဖွဲ့ကလည်း ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်မှုမှာ ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး ယင်းဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ တပ်မတော်၏ဘူးသီးတောင်အခြေစိုက် ခမရ(၅၅၁)တပ်ရင်းမှ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကင်းတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားများ သေဆုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(ဆမ်ဝမ်)မှ ကျောင်းဆရာမတစ်ဦး ကျောင်းရှိ ဝန်ထမ်းအိမ်ရာ၌ ဇန်နဝါရီ ၂၄ ရက်ညပိုင်းက သတ်ဖြတ်ခံရခြင်းမှာ TNLA တပ်ဖွဲ့ဝင်တဦးက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ TNLA အဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဟွေခုတ်ကျေးရွာ မူလတန်းပြကျောင်းဆရာမကို သတ်ဖြတ်ခဲ့သူမှာ TNLA တပ်ဖွဲ့ဝင် တဦးဖြစ်ကြောင်း ၀န်ခံခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားကာ PSLF/TNLA ၏ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

နောက်ထပ် အာရုံစိုက်သင့်သည့်ထုတ်ပြန်ချက်တခုမှာ AA အဖွဲ့က ဇန်နဝါရီ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲမှ အသက်ကြီးပိုင်း (၂) ဦးအား လူသားချင်းစာနာ ထောက်ထား၍ ၂၀၂၀ ပြည့်နှစ်အတွင်း “ပထမအသုတ်” အနေဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ် ကြောင်း” ထုတ်ပြန်မှု ဖြစ်ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် “AA အဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ပလက်ဝမြို့နယ် ပလက်ဝရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် တိုက်ပွဲအတွင်း တပ်မတော်မှ အရာ ရှိတဦးအပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပြီး “၎င်းဖမ်းဆီးရမိသူ ၁၃ ဦးအနက် အသက်အရွယ်ကြီးရင့်သူ နှစ်ဦးကို လူသား ချင်းစာနာထောက်ထားသောအားဖြင့် ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတွင် ပြန် လည်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း”ဖော်ပြခဲ့ပါသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ နောက်ဆုံးအယူခံအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ အပြီးသတ်ပယ်ချခြင်းနှင့် ပတ် သက်၍ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏ ထုတ်ပြန်ချက်မှာလည်း သတိပြုစရာဖြစ်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်၌ “ရခိုင်တို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးတိုက်ပွဲမှာ ယခုအချိန်ထိ မပြီးဆုံးသေးကြောင်း ပြောဆိုသည်ကို NLD အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများအား ပြည်ထောင်စုစိတ်ဓာတ်အပြည့်အဝဖြင့် ညှိနှိုင်းအဖြေရှာရမည် ဖြစ်သော်လည်း ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုကြသူများအား မတရားဖမ်းဆီးထောင်ချခဲ့ခြင်းကို ကန့်ကွတ်ရှုတ်ချကြောင်း” ဦးစွာဖော်ပြခဲ့သည်။

ယင်းနောက် “ NLD အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြန်လည်ပြင် ဆင်၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြွေးကြော်သံများမှာလည်း ဗမာမဟုတ်သောတိုင်းရင်းသားအားလုံးအတွက် မေးခွန်းထုတ်စရာဖြစ်ကြောင်း” ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။

ဦးဝှေ့တင်း လွတ်မြောက်မှုနှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ခူမီးလူငယ်များအသင်းတို့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရာ “ ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်အသီးသီးအား အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း” ဖော်ပြခဲ့ပြီး ” ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အဓိကနေထိုင်ကြသည့်ခူမီးလူမျိုးများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံးနှုန်းခဲ့သည့် AA အဖွဲ့၏ ထုတ်ပြန်မှုကို ကန့်ကွက်ကြောင်း” သဘောထားများ ထုတ်ပြန်ခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။